← Chapters

မြွေပျံ

Vol. 14 Ch. 192

မြွေပျံ

Vol. 14 Ch. 192

အတော်အတန်ကြာ လျှောက်လာပြီးနောက် ဟန်လိသည် နောက်ဆုံး၌ ဗဟိုဧရိယာ အပြင်ပိုင်းကို ရောက်လာခဲ့ပေပြီ။

သူက တခုခု မူမမှန်သလို ခံစားမိနေသည်။ သူလာခဲ့သော တစ်လမ်းလုံးတွင် ထူးထူးထွေထွေ ဘာမျှ ဖြစ်ပျက်ခဲ့တာ မရှိခဲ့။ သူ့ထံလည်း အဝေးကနေ ပြေးဝင်၍ လာတိုက်ခိုက်သူများလည်း တစ်ယောက်မျှ မရှိခဲ့ချေ။

တကယ်တော့ သူက ဒီတူညီသောလမ်းအတိုင်း လာခဲ့သောသူများမှာ ထိပ်တန်းကျင့်ကြံသူများ၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရပြီး ဖြစ်တာကို မသိပေ။

ထိပ်တန်းကျင့်ကြံသူများ၏ လက်ထဲမှ လွတ်မြောက်သွားသူ အချို့ ရှိကြသော်လည်း သူတို့အားလုံးက ခုချိန်၌ တခြားသူများထံမှ ရတနာပစ္စည်းများကို လုယူခြင်းသည် မဖြစ်နိုင်မှန်း သိသည်။ သို့ဖြစ်၍ သူတို့က ခြေရာဖျောက်ကာ ပုန်းကွယ်ဖို့ နေရာရှာကြ၏။ ခေါင်းပင် ပြူမထွက်လာကြတော့ပါ။ ဤသည်မှာ ဒီစမ်းသပ်ကွင်း၌ သူတို့အသက်ကိုယ်သူတို့ ထိန်းသိမ်းနိုင်မည့် အားနည်းသော ကျင့်ကြံသူများ သိကြသော နည်းလမ်းပင်။

ဟန်လိက သူ၏ အခြေခံတည်ဆောက်ခြင်းဆေးလုံးအတွက် အဓိကဆေးအမယ်များကို ရချင်ပါက ထိုသူများ၏ ခြေရာအတိုင်း လိုက်လုပ်၍မရတာ သိသာသည်။ ထို့ကြောင့်လည်း ခုလက်ရှိ၌ သူက မီတာအနည်းငယ်မြင့်သော ကျောက်တုံးတစ်တုံးပေါ်၌ မတ်တပ်ရပ်ကာ သူ့ရှေ့ရှိ နံရံတစ်ခုကို ကြည့်နေ၏။ သူ့မျက်နှာထက်တွင် ထူးခြားသောဟန်ပန်အမူအရာ ပေါ်လွင်နေသည်။

သည်ကျောက်နံရံ၏ တခြားတစ်ဖက် မနီးမဝေးနေရာမှာ စိတ်ဝင်စားဖို့ ကောင်းသော ကြေးညိုရောင်တံခါးချပ်ကြီးတစ်ခု အထင်းသား ပေါ်လွင်နေသည်။ သည်တံခါးပေါ်၌ ဟန်လိ နားမလည်သော အမှတ်သင်္ကေတများစွာ ရှိနေ၏။ ရှေးဟောင်းဘာသာစကားဖြင့် ရေးသားထားတာ ဖြစ်လိမ့်မည်။

သည်ကြေးတံခါးချပ်က ယနေ့တွင် ပွင့်ဟနေပြီ ဖြစ်၍ အထဲသို့ ဖြတ်သန်းဝင်ရောက်နှင့်သူများ ရှိနေလေပြီ။

ဟန်လိ သိထားသည့်အတိုင်းဆို သည်လို တံခါးချပ်လေးခု ရှိ၏။ တစ်ခုစီက အရပ်လေးမျက်နှာ၌ ရှိ၏။ ယင်းတို့မှာ ဗဟိုဧရိယာသို့ ဝင်ပေါက်များပင်။ သည်တံခါးချပ်များကို ဝန်းရံထားသော ကျောက်နံရံက သိပ်မြင့်မားခြင်း မရှိပေ။

လူတစ်ယောက်က တံခါးချပ်အတွင်း မဝင်ရောက်ဘဲ ထိုအစား ဗဟိုဧရိယာသို့ ဝင်ရောက်ကာ အခွင့်အရေးများ တတ်နိုင်သမျှ ရှာဖွေချင်၍ သည်ကျောက်နံရံကို ခုန်ကျော်ဝင်ပါက ထိုသူများသည် ကျိန်းသေပေါက် ကံဆိုးသူများ ဖြစ်သွားလိမ့်မည်သာ။ သူတို့ကို နံရံ၏ လေအတားအဆီးမန္တာန်က ဖြတ်ပိုင်းပစ်လိမ့်မည် ဖြစ်၏။

ဟန်လိလည်း သည်အချက်ကို သိထားသူပင်။ သူက ဉာဏ်နည်းစွာ နံရံပေါ်ကနေ ခုန်တက်၍ အတွင်းဘက်ရှိ ဗဟိုဧရိယာထံ သွားလိမ့်မည် မဟုတ်ပါ။ သူ ဒီနံရံ၏ အစိတ်အပိုင်းတစ်ခုကို ကြည့်ရှုနေခြင်းက အကြောင်းရှိ၍ပင်။ ၎င်း၏ မျက်နှာပြင်ထက်၌ တခြားနံရံများတွင် မရှိလေသော အခြင်းအရာတစ်ခု ရှိနေ၏။ သည်နံရံ၏ အပေါ်တွင် မတူညီသော ဝတ်စုံများနှင့်လူသုံးယောက် ရပ်နေ၏။ သူတို့၏ ခြေနှစ်ဖက်၊လက်နှစ်ဖက်ကို ထူထဲသော ရေခဲစူးဖြင့် ထိုးစိုက်ထား၏။ သူတို့မှာ နံရံပေါ်တွင် ခြေကားယား၊လက်ကားယားပုံစံ ဖြစ်နေတာပင်။ ထိုသူတို့က အသက်ကင်းမဲ့တာ ကြာနေခဲ့ပေပြီ။

သူတို့၏ ဒဏ်ရာများမှ စိမ့်ထွက်ခဲ့သော သွေးတို့မှာ အနက်ရောင်ဖြစ်ကာ ခဲ၍ပင် နေသည်။ နံရံ၏ ထိပ်ပိုင်းနှင့် အနီးအနားထိ သည်အနက်ရောင်သွေးခဲတို့ ရှိနေသည်။ ဟန်လိ၏ ခန့်မှန်းချက်အရ သည်လူများ နံရံတွင် ကပ်၍ စို့ဖြင့် ရိုက်ခံရသကဲသို့ ရေခဲစူးဖြင့် ထိုးစိုက်ခံခဲ့ရသည့်အချိန်၌ ချက်ခြင်း မသေခဲ့ပုံ ပေါ်သည်။ သို့ပေမည့် အချိန်ကြာလာသည့်အခါ သူတို့က သွေးထွက်လွန်ကာ အသက်ကင်းမဲ့သွားခဲ့ပုံ ပေါ်သည်။

သည်အလောင်းသုံးလောင်း၏ အနီးအနား၌ ဘာသဲလွန်စ၊ ဘာခြေရာလက်ရာမှ မကျန်ခဲ့ပေ။ သို့ပေမည့် လူတစ်ယောက်က ဒီမြင်ကွင်းနှင့် ပတ်သတ်ပြီး သေချာ စဉ်းစားကြည့်ပါက သည်လူများမှာ ဥပမာတစ်ခုအနေဖြင့် အသက်ခံခဲ့ရမှန်း သဘောပေါက်လိမ့်မည်။ ထိုသို့ သတ်ခဲ့သောသူ၏ ရည်ရွယ်ချက်က တံခါးကနေ ဖြတ်၍ နောက်ထပ် ဝင်လာမည့်သူများကို ခြောက်လန့်ဖို့အတွက် ဖြစ်နိုင်သည်။

ဟန်လိသည် ထိုအလောင်းသုံးလောင်း၏ နာကျင်နေသောအမူဟန်ပန်များကို သေချာ စူးစမ်းကြည့်နေ၏။ ထို့နောက် သူက သူ၏ ခြောက်ကပ်နေသော နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ကြေးတံခါးချပ်ထံ မတုန်မလှုပ်ဟန်ဖြင့် လှမ်းလာ၏။ သည်သုံးယောက်၏ ဆိုးရွားလှသော သေဆုံးခဲ့ပုံ စံနမူနာက သူ့အပေါ် များများစားစား မသက်ရောက်လေသည့်အလား။

သို့ပေမည့် အမှန်တကယ်တွင်မူ ဟန်လိက သူ့ခံစားချက်အကြောင်း သူကိုယ်တိုင် ကောင်းကောင်းသိပါသည်။ သည်မြင်ကွင်းက သူ့အပေါ် တကယ်တော့ သက်ရောက်မှု ရှိခဲ့၏။ ထိုသုံးယောက်ကို သတ်ခဲ့သော လူ၏ စိတ်နှလုံးက အင်မတန် ကြမ်းကြုတ်မှာ သိသာသည် မဟုတ်လား။ အကယ်၍ သူသာ အနှီသူ၏ လက်ထဲ ကျရောက်သွားခဲ့ပါက သူ့ကိုယ်သူ ခပ်မြန်မြန် အရင်သတ်သေတာကမှ သာ၍ ကောင်းလိမ့်အုံးမည်။

သို့သော် ဟန်လိက ဒီကို ရောက်လာခဲ့ပြီး ဖြစ်သည်။ သူ့စိတ်ထဲက အကြောက်တရား အနည်းငယ်လောက်ကြောင့် ထွက်ပြေးမှာ မဟုတ်ပေ။ ယနေ့၌ သူ၏ရှေ့တွင် အစစ်အမှန အန္တရာယ်များစွာ ရှိလို့နေသည်။ သူက သတ္တိမွေးကာ ရင်ဆိုင်ရမည်သာ။

ထိုသို့ဖြင့် ဟန်လိက ကြေးတံခါးထံ စိတ်တထင့်ထင့်ဖြင့် လျှောက်လာ၏။ သို့ပေမည့် အပြင်ပိုင်းတွင်မူ သူက သူ့အိမ်၏ နောက်ဖွေးမှာ အပျင်းပြေ လမ်းလျှောက်နေသလိုမျိုး အမူဟန်ပန်ကို ထိန်းသိမ်းထားသည်။

သူ ဝင်လာသည်နှင့် မွှေးရနံ့သင်းသော ပန်းပင်များ၊ ကျေးငှက်တို့၏ မြည်တွန်တီးသံများ ပြည့်နေသော သာယာလှပသည့် မြင်ကွင်းက သူ့ကို စီးကြိုနေသည်။ ထူးခြားသော ပန်းမျိုးစုံ၊ အပင်မျိုးစုံ ရှိနေ၏။ အများစု၏ အမည်ကို မသိရပါ။ သွေးနီရောင်ရှိ ထူးခြားသော သစ်ပင်များ၊ တမူထူးသော ရနံ့ကို ထုတ်လွှတ်ပေးနေသည့် ခရမ်းရောင်မြက်ပင်များ၊ လူတစ်ယောက် ဖက်စာမျှ ကြီးမားသော အဝါရောင်ဝါးပင်များ အစရှိသဖြင့် မျိုးစုံ ရှိနေသည်။ သည်အမျိုးအမည်အားလုံးမှာ အပြင်ဘက်လောကတွင် တွေ့ရခဲသည်။

ထိုအဖိုးတန်အပင်များ၏ အလယ်တွင် ကျောက်စကျောက်နများဖြင့် ခင်းကျင်းထားသော လမ်းတစ်ခု ရှိနေ၏။ ဟန်လိရပ်နေသော နေရာကနေ အတော်လှမ်းလှမ်းထိ သည်လမ်းက သွယ်တန်း တည်ရှိနေ၏။ လမ်းဘေးဝဲယာတွင်လည်း သစ်ပင်ပန်းမန်များက ထူထူထဲထဲ ဝန်းရံထားသည်။ ဖြတ်ခနဲ ကြည့်ပါက သည်လမ်းမှာ အဆုံး မရှိလေသည့်အလား။

ထိုအံ့အားသင့်ဖွယ် ကောင်းသော မြင်ကွင်းကို မြင်ရသည့်အခါ ဟန်လိသည် အကြောင်သား ငေးကြည့်နေမိ၏။ သူက အလိုလို အသက်ခပ်ဝဝ ရှိုက်သွင်းမိသည်။ ထူထဲသိပ်သည်းလိုက်သည့် စိတ်ဝိညာဉ်ချီ။ သည်အပင်များ၏ ရနံ့ကြား၌ ရောနှောနေသော စိတ်ဝိညာဉ်ချီကို ဟန်လိက သူ့အဆုတ်ထဲ ရှိုက်သွင်းမိ၏။ ထိုအခါ သူ့စိတ်မှာ လန်းဆန်းတက်ကြွလာ၏။

သည်လို အံ့ချီးဖွယ်နေရာမျိုး၊ ဒီနေရာမှာ စိတ်ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နေတာ အံ့အားသင့်စရာ မရှိတော့ပါ။ ဟန်လိမှာ အမှန်တကယ် စိတ်လှုပ်ရှားရ၏။

“ကောင်လေး…မင်း ငေးကြည့်နေတာ လုံလောက်ပြီလား…”

“ဘယ်သူလဲ…”

ရုတ်တရက် အသံတစ်သံ ဟိန်းထွက်လာ၏။ ဟန်လိမှာ လန့်သွားမိသည်။ သူက ချက်ခြင်း လှမ်းအော်မိသည်။

“ဟားဟား…မင်းလည်း ဒီလိုမြင်ကွင်းမျိုးကို မြင်ဖူးပြီးပြီး ဆိုတော့ ဒီမှာပဲ ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်ပြီ…”

ဟန်လိ၏ အမေးကို ပြန်မဖြေ၊ ထိုအစား တဖက်သူက ကျယ်လောင်စွာဖြင့် သူ ပြောချင်သည့်စကားကို ပြောလာသည်။

တချိန်တည်းမှာ အစိမ်းရောင်အရိပ်နှစ်ခုက ဘေးဘက်ရှိ ပန်းခြုံတစ်ခုကနေ ရိပ်ခနဲ ထိုးထွက်ကာ ဟန်လိ၏ နောက်ကျောဘက်ထံ တိတ်တဆိတ် တိုးဝင်လာသည်။

ဟန်လိက သည်အစိမ်းရောင်အရိပ်နှစ်ခုကို နောက်ကျောခိုင်းထားသော်လည်း သူ၏ စိတ်ဝိညာဉ်အသိကနေ ယင်းတို့ကို အာရုံခံမိသည်။ သူက သတိမပြတ် ထားနေသူ မဟုတ်လား။ သူ့အမူအရာက သုန်မှုန်သွားသည်။ သူ့ အပေါ်ပိုင်းခန္ဓာကိုယ်က တစ်စက်လေးမျှ မလှုပ်၊ သို့ပေမည့် သူ့ခန္ဓာကိုယ်ကမူ ပေအနည်းငယ်အကွာထိ ရွှေ့လျားပြီး ဖြစ်သည်။ ထိုအခါ အစိမ်းရောင်တန်းအလင်းတန်းနှစ်ခုက သူ့ရှေ့နှင့်နောက်ကနေ ဖြတ်ကျော်သွားလေ၏။

သည်လို ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်အတွင်း ဟန်လိက အစိမ်းရောင်အရိပ်နှစ်ခုကို တချက် လှမ်းကြည့်၏။ ယင်းတို့မှာ ရှည်ရှည်သွယ်သွယ်ဖြင့် ဖြောင့်တန်းနေသော အရာနှစ်ခု ဖြစ်ပြီး ၎င်းတို့၏ အသွင်ပုံစံက အမှန်တကယ် ထူးခြားနေသည်။

သို့ပေမည့် ဟန်လိက ယင်းတို့ကို သေချာကြည့်ဖို့ အချိန်မရပေ။ သူက ရန်သူ၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်လိုက်နိုင်သော်လည်း သူ့အမူအရာမှာ အလေးအနက် ဖြစ်နေ၏။ သူက မပေါ့ဆဝံ့ပေ။ သည်တံခါးအပြင်ဘက်ရှိ နံရံပေါ်မှာ ဆိုးဆိုးရွားရွား သေဆုံးခဲ့ရသော လူသုံးယောက်၏ ပုံစံသည် သူ့စိတ်ထဲ၌ ရှိနေဆဲ ဖြစ်၏။ သူက ထိုသူတို့နှင့်အလားတူသော ကံကြမ္မာဖြင့် အဆုံးမသပ်ချင်ပေ။

ထို့ကြောင့် ဟန်လိက အဘက်ဘက်သို့ ဝေ့ဝိုက်ကြည့်ရှု၏။ သူက လှုပ်ရှားနေခြင်းကိုလည်း မရပ်တန့်၊ ပုန်းကွယ်နေသော ရန်သူ့ကို ရှာဖွေနေသည်။ သို့သော် တဖက်ရန်သူ၏ ပါးစပ်မှ ထူးခြားသော လေချွန်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံက ကြားရသူအဖို့ အတော်လေး မသက်မသာ ဖြစ်စေနိုင်သော အသံမျိုးပင်။

ဟန်လိက ဒီအသံကို ကြားသည်။ သူက ရန်သူ၏ ရည်ရွယ်ချက်ကို ရှာဖွေဖို့ မကြိုးစားနိုင်ခင်မှာပင် သူ့မျက်နှာဟန်ပန်မှာ ပြောင်းလဲသွား၏။ သူက နောက်သို့ အလွန်မြန်ဆန်စွာ ပြေးထွက်၏။ သည်တစ်ကြိမ်၌ သူက အနည်းဆုံး သုံးမီတာကျော်လောက်ထိ ပျံသန်းထွက်ပြီးနောက်မှ ရပ်တန့်သည်။

ဟန်လိ၏ ခုလိုလှုပ်ရှားမှုကြောင့် အစိမ်းရောင်အလင်းတန်းနှစ်ခုသည် သူ့ကို ကပ်၍ လွဲချောသွား၏။ ယင်းတို့က ဟန်လိရှေ့ ခပ်ဝေးဝေးမှာ မဟုတ်သည့်အတွက်ကြောင့် တွန့်ခေါက်ကာ ပြန်လှည့်၏။ တချိန်တည်းမှာ ယင်းတို့ထံမှ အစိမ်းရောင်ခပ်ဖျော့ဖျော့ တောင်ပံတစ်စုံ ဖြန့်ထွက်လာသည်။

ယင်းအစိမ်းရောင်အလင်းတန်းနှစ်ခုသည် တောင်ပံပါသော မြွေပျံများ ဖြစ်၏။ ယင်းတို့က ဟန်လိကို တိုက်ခိုက်ချိန်၌ ခန္ဓာကိုယ်ကို ဆန့်ထုတ်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဟန်လိသည် ဒီအလင်းတန်းနှစ်ခုကို သက်မဲ့လက်နက်တစ်ခုခုဟု အထင်မှားခဲ့သည်။ တောင်ပံတစ်ချက် ခတ်ရုံဖြင့် သည်မြွေတို့က တစ်ရာ့ရှစ်ဆယ် ဒီဂရီ ချက်ခြင်း လှည့်ပတ်နိုင်စွမ်း ရှိသည်။ မြန်လည်း မြန်လှ၏။ တိမ်မီးခိုးခြေလှမ်းကို အသုံးပြုထားသော ဟန်လိထက် မနှေးချေ။

သည်မြွေပျံနှစ်ကောင်က ခေါင်းမော့လာ၏။ ယင်းတို့၏ အစိမ်းရောင်ရှိသော မျက်လုံးငယ်လေးလုံးထံမှ ရေခဲတမျှ အေးစက်မှုကို ထုတ်လွှနေ၏။ ယင်းတို့က ဟန်လိထံ အစွယ်ငေါငေါ ထုတ်ပြနေ၏။ ထိုမြွေနှစ်ကောင်က ဟန်လိကို နောက်ထပ် တိုက်ခိုက်တော့မည့်ဟန် ပြင်နေသည်။

“ကောင်လေး…မင်း ပြေးတာတော့ မြန်သားပဲ။ ဒါပေမဲ့ မင်း ဒီထက် ပိုမြန်ရင်တောင် ဒီမဟူရာတောတောင်မြွေပျံတွေထက် ပိုမြန်နိုင်ပါ့အုံးမလား။ မင်းအနေနဲ့ ငါ့ရဲ့ ချစ်လှစွာသော မြွေနှစ်ကောင် ကိုက်တာကိုပဲ နာနာခံခံနဲ့ ခံလိုက်တာ ပိုကောင်းမယ်။ ဒါဆို မင်းအနေနဲ့ နာကျင်မှု ထပ်ခံစားရတော့မှာ မဟုတ်ဘူး…”

ထိုသို့ ပြောလာသူက ဟန်လိ၏ လှုပ်ရှားမှု၏ အမြန်နှုန်းကို အံ့အားသင့်သွားတာ သိသာသည်။ သို့ပေမည့် သူက သူ့မြွေပျံများပေါ်၌ ပို၍ ယုံကြည်မှု ရှိထား၏။ ထို့ကြောင့်လည်း အထက်ပါအတိုင်း ဟန်လိကို လှောင်ပြောပြော လိုက်တာ ဖြစ်သည်။

“မကောင်းတဲ့ကောင်…”

ဟန်လိက စိတ်ထဲကနေ ကျိန်ဆဲမိ၏။ သူက ပါးစပ်ကနေ ထုတ်မပြောသည်မှာ တဖက်ရန်သူကို ကြောက်၍ မဟုတ်ပေ။ ထူးခြားသော ဟိုမြွေနှစ်ကောင်က အစိမ်းရောင်တန်းအဖြစ်သို့ ပြောင်းလဲကာ ဖြတ်ခနဲ သူ့ထံ တိုးဝင်လာသောကြောင့်သာ။

၎င်းတို့က ဟန်လိ၏ ဘယ်နှင့်ညာကနေ တိုးဝင်လာတာ ဖြစ်၏။ ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် စကားပြန်မပြောနိုင်အားတော့၊ စိတ်ထဲကနေသာ ကျိန်ဆဲလိုက်ရတာ ဖြစ်၏။

သူက နောက်သို့ အမြန်ဆုတ်ရပြန်သည်။ ထိုမြွေနှစ်ကောင်ကလည်း သူ့ထက် မနှေး၊ ယင်းတို့က ဒီနေရာကျဉ်းလေး၌ အကြိမ်များစွာ လှည့်ပတ် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ ဟန်လိသည် သူ့ခြေလှမ်းကို တစက္ကန့်ပင် ရပ်တန့်ချင်စိတ် မရှိသည့်အလား ဆက်တိုက် လှုပ်ရှားနေရ၏။

သည်တစ်ကြိမ်၌ သူက စိတ်ဝိညာဉ်မှော်ဖိနပ်အပေါ် မှီခိုကာ လှုပ်ရှားနေတာ ဖြစ်၏။ တိမ်မီးခိုးခြေလှမ်း၊ သို့မဟုတ် နန်းတွင်းပျံသန်းခြင်း ပညာရပ်တို့ကို အသုံးမပြုထားပေ။

ဤသည်မှာ ဟန်လိက ပေါ့ဆ၍ မဟုတ်၊ တဖက်ရန်သူကို အထင်သေး၍လည်း မဟုတ်ပေ။ ဆက်တိုက်ဆိုသလို အကြမ်းပတမ်း တိုက်ပွဲနှစ်ခုကို ရင်ဆိုင်ခဲ့ရပြီးနောက် သူ၏ စွမ်းအားက အပြည့်အဝ ပြန်မကောင်းမွန်သေးပေ။ ထို့အပြင် သူက မှော်ဖိနပ်နှင့်လည်း အကန့်အသတ် ရောက်သည့်အထိ လေ့ကျင့်ခဲ့သေးသည်။ သို့ဖြစ်၍ သူက သေရေးရှင်ရေး အနေအထား မရောက်သေးပါက သူ့စွမ်းအားများကို တိမ်မီးခိုးခြေလှမ်းပေါ်၌ အသုံးမပြုချင်သေးတာ ဖြစ်သည်။

နန်းတွင်းပျံသန်းခြင်း ပညာရပ်ကိုလည်း အလားတူသဘောမျိုးဖြင့် အသုံးမပြုတာ ဖြစ်၏။ သူက ဒီမှော်ဖိနပ်ကို ရခဲ့တာ သူ့အတွက် ကံကောင်းသွားခဲ့၏။

တကယ်တော့ ဟန်လိက ဒီမြွေပျံနှစ်ကောင်ကို သူ့နောက် အဆုံးမရှိသည့်အလား လိုက်လံတိုက်ခိုက်ဖို့ကို ခွင့်ပြုမှာ မဟုတ်ချေ။

ဟန်လိက အရံအတားတစ်ခုကို ပေါ့ပေါ့ဆဆ မချခင်းဝံ့သော်လည်း၊ သူ့ အရှိန်နှုန်းကို မနှေးပစ်ဝံ့သော်လည်း ထိုမြွေများကို ဖယ်ရှားထုတ်ပစ်ဖို့ သူ့ထံ၌ နည်းလမ်းများစွာ ရှိသည်။ သည့်အပြင် သူက မြွေနှစ်ကောင်ကို ထိန်းချုပ်နေသောသူအပေါ်၌လည်း အာရုံအများစုကို စူးနစ်ထားသည်။ ထိုသူက ခုထိ ရုပ်လုံးမပြသေးဘဲ မြွေပျံနှစ်ကောင်နှင့်သာ သူ့ကို တိုက်ခိုက်နေ၏။ ထိုသူမှာ ဟန်လိကို သည်မြွေနှစ်ကောင်ဖြင့်သာ အသတ်နှုတ်ဖို့ စဉ်းစားထားပုံ ရသည်။ သို့ဖြစ်၍ ဟန်လိလည်း ယဉ်ကျေးမနေတော့ပေ။

သူက ဆုံးဖြတ်လိုက်ပြီ ဖြစ်၏။ သူ့လက်ကို ဖြတ်ခနဲ လှုပ်ရှားလိုက်ရာ မီးတောက်မြွေအဆောင် ပေါ်လာ၏။ သူ့လက်နှစ်ချောင်းဖြင့် ထိုအဆောင်ကို ညှပ်ကာ ပစ်သွင်းရန် ဟန်ပြင်သည်။ ဒီမြွေနှစ်ကောင်ကို သူက မီးလောင်တိုက်သွင်းပစ်တော့မည် ဖြစ်၏။

“တိမ်ခြေလှမ်း ဖိနပ်တွေလား…”

“မင်းလက်ကို ပြန်ချထားလိုက်။ ငါ ပြောစရာ တစ်ခု ရှိတယ်…”

တဖက်သူက ဟန်လိ၏ ခြေထောက်၌ ဝတ်ထားသော ဖိနပ်ကို သိသွားပုံ ရ၏။ သူက တိုက်ပွဲကို ရပ်ရန် ချက်ခြင်း လှမ်းအော်လာသည်။ သူက သူ့မြွေနှစ်ကောင်ကိုလည်း ချက်ခြင်း ရပ်တန့်ခိုင်းသည်။ မြွေနှစ်ကောင်သည် လေထဲ၌ တန့်သွားပြီး နောက်သို့ ပြန်ဆုတ်သွားကာ ဘေးတဖက်ရှိ သစ်ပင်များကြား ရှော၍ ဝင်သွားသည်။ ယင်းမြွေပျံနှစ်ကောင်က သဲလွန်စမရှိ ပျောက်သွားကြ၏။

တဖက်သူ၏ စကားကို ကြားသည့်အခါ ဟန်လိက မျက်မှောင်ကြုတ်၏။ ခဏ တွေဝေနေပြီးနောက် သူက လက်ထဲရှိ အဆောင်ကို မပစ်လွှတ်တော့ရန် ဆုံးဖြတ်သည်။ သို့သော် သူက သူ၏သိုလှောင်အိတ်ဝပေါ်သို့ အသင့်အနေအထားဖြင့် လက်တင်ထားသည်။

All Chapters