← Chapters

ရန်သူနှင့်မိတ်ဆွေကြား ခွဲခြားမှု

Vol. 14 Ch. 193

ရန်သူနှင့်မိတ်ဆွေကြား ခွဲခြားမှု

Vol. 14 Ch. 193

“မိတ်ဆွေဖန်းရဲ့ ရတနာဖိနပ်ပါလား။ မင်း ဒီဖိနပ်တွေကို ဘယ်လိုရလာခဲ့တာလဲ။ မင်းက သူနဲ့ ဘယ်လို ပတ်သတ်လဲ။ ငါ သိသလောက့် အဲ့ကောင်ရဲ့ အစစ်အမှန်ရတနာဟာ ဒီမှော်ဖိနပ်ပဲ။ သူက သူများတွေကို ဒီဖိနပ်ကို ငှားယမ်းလိမ့်မှာ မဟုတ်လောက်ဘူး…”

ထိုစကားများ ထွက်ပေါ်လာပြီးသည့်နောက် ဟန်လိနှင့် မီတာခြောက်ဆယ်ကျော် အကွာရှိ ပန်းများဝေဆာစွာ ပွင့်နေသော သစ်ပင်ကြီးထံကနေ လူတစ်ယောက် ထွက်ပေါ်လာ၏။ ထိုသူ၏ မျက်လုံးတို့မှာ တစ်လုံးနှင့်တစ်လုံး အရွယ်မတူကြပေ။ မျက်နှာ၌လည်း အချိုင့်များ ရှိနေ၏။ သူက အသက်လေးဆယ်အရွယ်လောက် ရှိမည်။ သူ့ထံ၌ အရွယ်အစားအမျိုးမျိုးရှိသော အိတ်ငယ် ခုနစ်ခု၊ရှစ်ခုလောက် ရှိနေသည်။

ထိုရုပ်စိုးစိုးလူ၏ မျက်နှာထက်တွင် တုန်လှုပ်မှု အထင်းသား ပေါ်နေ၏။ သူအကြည့်က ဟန်လိ၏ ဖိနပ်ထံ ရောက်နေသည်။ သူက ဟန်လိ ဒီ တိမ်ခြေလှမ်းဖိနပ်များကို ဝတ်ထားသည့်အပေါ် မယုံကြည်နိုင် ဖြစ်နေပုံ ရသည်။

“ခင်ဗျားက ဘယ်သူလဲ။ ကျုပ်ကို ဘာကြောင့် တိုက်ခိုက်ခဲ့ရတာလဲ….”

ဟန်လိက သူ့အမေးကို ပြန်မဖြေ၊ ထိုအစား သူမေးချင်တာကို တည့်မေးလိုက်သည်။ သူသည် တဖက်သူ၏ တည်ရှိမှုက သူ့ကို ဖိနှိပ်လာမှာကို မလိုချင်ပေ။

ထိုရုပ်စိုးစိုးသူက ဟန်လိ၏ အမေးကို ကြားသည့်အခါ အံ့အားသင့်သွား၏။ သူက ချက်ခြင်းလည်း ဒေါသထွက်သွားသည်။ သူ၏ ရုပ်စိုးစိုးမျက်နှာက ရက်စက်လိုဟန် ပေါက်လာသည်။ သူက လက်မြှောက်ကာ သူ့ရှေ့ရှိ ကောင်လေးကို တခြားသူများအပေါ် မည်သို့ဆက်ဆံရမည် ဆိုတာကို ချက်ခြင်း သင်ခန်းစာ ပေးချင်နေ၏။ သို့သော် သူက တစ်ခုခုကို တွေးမိကာ သူ့လက်ကို ပြန်ချ၏။

ထို့နောက် သူက ခပ်ကြမ်းကြမ်းလေသံဖြင့် ပြောလိုက်သည်။ “ကောင်လေး…မင်းက ငါ့အသိ ဖန်းရဲ့ စိတ်ဝိညာဉ်ဖိနပ်ကို ဝတ်ထားတဲ့အတွက်ကြောင့် ငါက မင်းကို သင်ခန်းစာတစ်ခု မပေးရဲဘူးလို့ ထင်နေတာလား။ မင်းကို ဒီဖိနပ်ပေးခဲ့တဲ့ ဖန်းယွဲ့က ဝိညာဉ်သားရဲတောင်ရဲ့ ကျုံးဝူဆိုတဲ့သူရဲ့ အမည်ကိုကော မပြောပြခဲ့ဘူးလား။ ဘာပဲဖြစ်ဖြစ် ငါ စဉ်းစားမရ ဖြစ်နေတယ်။ မင်းက အဝါရောင်မေပယ်ဂိုဏ်းက တစ်ယောက်ဆိုတာ သိသာနေတာပဲ။ ဒါကို ဒီဖိနပ်တွေက ဘယ်လိုလုပ် မင်းရှိ ရောက်နေရတာလဲ။ မင်းက ငါ့မိတ်ဆွေ ဖန်းရဲ့ တရားမဝင်သားလား။ မဟုတ်သေးပါဘူး။ မင်းက သူနဲ့လည်း ရုပ်မဆင်ပါဘူး..”

ထိုသို့ ပြောပြီးနောက် သူက ဟန်လိကို တမူထူးသောအကြည့်ဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်နေသည်။

သည်တစ်ကြိမ်၌ ဟန်လိ ဒေါသထွက်ရသည့် အလှည့်ပင်။ သူက နှာခေါင်းရှုံ့ကာ အေးတိအေးစက် ပြောလိုက်၏။ “ခင်ဗျားက တခြားသူတွေနဲ့ ဘယ်လိုယဉ်ကျေးသမှု ရှိရှိ ပြောရမယ်ဆိုတာကို ပြန်သင်ယူသင့်နေပြီ။ အဲ့လူဖန်းယွဲ့က သေတာကြာပြီ။ ဒီဖိနပ်တွေကို သူ့အလောင်းကနေ ကျုပ် ချွတ်ယူခဲ့တာ…”

“သေသွားပြီ ဟုတ်လား။ အရူးကောင် ဖန်းယွဲ့က သေသွားပြီ ဟုတ်လား…”

ဟန်လိ၏ စကားကို ကြားသည့်အခါ ထိုရုပ်စိုးစိုးသူသည် အံ့အားတကြီး ဖြစ်လွန်းသဖြင့် လေထဲသို့ သုံးပေလောက်ထိပင် ထခုန်မိလေ၏။

“မင်းက သူ့ကို သတ်ခဲ့တာလား…” ထိုသူက အလျင်စလို မေးလာ၏။ သူ့အသံထဲရှိ ရက်စက်ကြမ်းကြုတ်မှုက လျော့ပါးသွားခဲ့ပြီ။

“အမှန်ပဲ။ ခင်ဗျား သူ့အတွက် လက်စားချေ ချင်လို့လား…” ဟန်လိက လက်နောက်ပစ်၏။ မလှုပ်မယှက်ဖြင့် သူသည် တဖက်သူကို အေးတိအေးစက် စိုက်ကြည့်နေသည်။

သိုလှောင်အတွင်းကနေ သူသည် ကြိုးမျှင်ကို ထုတ်၍ သူ့လက်ချောင်း၌ ပတ်ထားပြီး ဖြစ်သည်။

ဟန်လိက ထိုသူ့ကို တည်ငြိမ်စွာ ရင်ဆိုင်၍ ဖန်းယွဲ့ကို သူကိုယ်တိုင် သတ်ခဲ့တာဟု ပြောရသည့်အကြောင်းရင်းမှာ သူ့ခွန်အားကို တဖက်သူ သိစေချင်သောကြောင့်ပင်။ သူက တဖက်သူသည် မတိုက်ခိုက်ဘဲ နောက်ပြန်ဆုတ်ကာ သူ့ကို မနှောက်ယှက်ဖို့ မျှော်လင့်မိသည်။ သူသည် အနိုင်ရဖို့ မသေချာသော တိုက်ပွဲကို မတိုက်ခိုက်ချင်ပေ။ သူ့အတွက် ဆေးပင်စုဆောင်းရမည့် အချိန်များ အလကားဟသ ဖြုန်းတီးမိသလို ဖြစ်လိမ့်မည်။

သူက တဖက်သူ၏ လေသံအရ ဖန်းယွဲ့နှင့် သိသူ ဖြစ်ကြောင်းကို သဘောပေါက်သည်။ သို့သော်လည်း သူက ဖန်းယွဲ့ ကိုယ်စား ထိုသူက လက်စားချေဖို့ကမူ သိပ်ဖြစ်နိုင်ချေ မရှိဟု ယုံကြည်သည်။ တကယ်တော့ သူတို့က ကျင့်ကြံသူများ မဟုတ်လား။

အကယ်၍ တဖက်သူက ဖန်းယွဲ့ကိုယ်စား အတင်းအကြပ် လက်စားချေရန် ကြိုးစားလာခဲ့လျှင်လည်း ဟန်လိသည် လက်ဦးမှုယူကာ အရင်ဆုံး တိုက်ခိုက်မည် ဖြစ်၏။ သူ၏ ရုပ်ပိုင်းခွန်အားကို အပြည့်အဝ သုံးစွဲ၍ သူ့လှုပ်ရှားမှု ပညာရပ်များကို အသုံးပြုကာ ရန်သူ သတိလွတ်နေချိန် သူ့လက်ချောင်းတွင် ပတ်ထားသော ကြိုးမျှင်ဖြင့် ထိုသူ၏ လည်ပင်းကို တိတ်တဆိတ် ချည်ပတ်ကာ လက်စသတ်ပစ်မည်ဟု ဟန်လိက တွေးထားသည်။

သို့ပေမည့် ဟန်လိက သည်လိုတိုက်ခိုက်မှု၏ အောင်မြင်နိုင်ချေက မမြင့်မားတာကို ကောင်းကောင်းသိသည်။ အောင်မြင်နိုင်ချေက သုံးဆယ်၊လေးဆယ် ရာခိုင်နှုန်းလောက်သာ ရှိမည်။

အကြောင်းမှာ သူနှင့် ထိုရုပ်စိုးလူတို့ကြား အကွာအဝေးက ဝေးနေသောကြောင့်ဖြစ်၏။ သူက သူ၏ လှုပ်ရှားမှု ပညာရပ်ဖြင့် ဒီမီတာခြောက်ဆယ် အကွာအဝေးကို အလျင်အမြန် ဖြတ်သန်းနိုင်သော်လည်း တချိတည်းဖြင့် အသေသတ်နိုင်ဖို့မှာ မသေချာပေ။ ထု့အပြင် တဖက်သူက အကာအကွယ်မှော်ပညာရပ်တစ်ခုကို အသုံးပြုထားပါက သူ၏ ကြိုးမျှင်တိုက်ခိုက်မှုမှာ အချည်းနှီး ဖြစ်လိမ့်မည်သာ။

“လက်စားချေဖို့လား။ ဘယ်လိုဟာသလဲကွ။ ငါက အားယားနေတဲ့သူ ပုံစံများ ပေါက်နေလို့လား…”

ဟန်လိ မျှော်လင့်ထားသလိုပင် ရုပ်စိုးစိုးလူက ဟန်လိ၏ စကားများကို ကြားသည့်အခါ ဤစကားများကို ပြောလာ၏။

“အရင်တုန်းက အဲ့ဖန်းယွဲ့နဲ့ငါက အသိမိတ်ဆွေ ဆိုတာကတော့ မှန်တယ်။ ဒါပေမဲ့ နက်ရှိုင်းတဲ့ ပတ်သတ်မှု မရှိဘူး။ သူက သေသွားပြီ ဆိုတော့ မိတ်ဆွေပတ်သတ်မှုလည်း ထပ်မရှိတော့တာ သဘာဝပဲ…”

ရုပ်စိုးလူက အရှက်မဲ့စွာဖြင့် ဆိုသည်။ သူ၏ စကားများက သူ့စိတ်နေစရိုက်ကို ဖော်ပြနေတာ ဖြစ်သော်လည်း သို့အတွက် ထိုသူမှာ နည်းနည်းလေးမျှ ရှက်ရွှံ့တာ မဖြစ်မိပေ။

ဟန်လိက ငြိမ်သက်နေ၏။ သူက သတိထားတာကို မလျော့သော်လည်း နည်းနည်းတော့ စိတ်အေးမိသွား၏။

“ဒါပေမဲ့ ညီလေး…မင်းက တကယ်ပဲ ကြမ်းလှပါလား။ ဖန်းယွဲ့လို့ကောင်ကိုတောင် သတ်နိုင်ခဲ့တယ်။ ဖန်းယွဲ့က ထိပ်တန်းမှော်ပစ္စည်းတွေလည်း ပိုင်ဆိုင်ထားသေးတယ်။ သူ့မှော်ပစ္စည်းတွေထဲက တချို့ဆို ပိုင်ဆိုင်နိုင်ဖို့ တကယ်ပဲ ခက်ခဲတယ်…”

ထိုရုပ်စိုးစိုးလူက သူ့နှာခေါင်းကို ပွတ်ကာ ဟန်လိနှင့် သူ့ကြားရှိ အကွာအဝေးကို ပို၍ ကွာဝေးအောင် နောက်သို့ လှမ်း၏။ ဟန်လိအပေါ် သူ၏ အခေါ်အဝေါ်ကလည်း ပြောင်းလဲသွားသည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် သူ့ကိုယ်သူ ခါးသီးစွာ ပြုံးမိတော့၏။

ဟန်လိက တဖက်သူအပေါ် အနိုင်ရအောင် တိုက်ခိုက်ဖို့ မလွယ်ဟု ခန့်မှန်းမိ၏။ သူ ထင်ထားသလိုပင် တဖက်သူမှာ အတွေ့အကြုံများပြီး ဉာဏ်များလှသော ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေ၏။ သူ့အတွက် ထိုသူ့ကို လွယ်လွယ်ရင်ဆိုင်၍ မရလောက်ပေ။

ထို့အပြင် တဖက်သူက ဖန်းယွဲ့၏ မှော်ပစ္စည်းများအားလုံးကို သူ ရခဲ့တာဟု ထင်နေမှန်း ဟန်လိ ခန့်မှန်းမိသည်။ သို့ဖြစ်၍ ထိုသူက နောက်ဆုတ်ကာ ရှိန်နေပုံကို ပြသတာ ဖြစ်မည်။

ဟန်လိက သည်အချက်ကို သတိပြုမိပြီးနောက် ပြုံး၏။ သူက စကားမဆိုပေ။ သူသည် မှော်ပစ္စည်းများကို ရခဲ့၊မရခဲ့ကိုလည်း ပြောဖို့ မလိုအပ်ပေ။ သူ ထိုသို့ မပြောချင်းက တဖက်သူကို ပို၍ စိတ်ကသိကအောက် ဖြစ်စေကာ ပိုရှိန်နေစေမည် ဖြစ်၏။

“တံခါးရှေ့ နံရံပေါ်က လက်ရာဟာ ရောင်းရင်း လုပ်ခဲ့တာလား…”

ဟန်လိက တံခါးရှေ့ နံရံပေါ်တွင် ဆိုးဆိုးဝါးဝါး သေဆုံးခဲ့သောသူသုံးယောက်အကြောင်း တွေးမိကာ ထိုသို့ မေးလိုက်သည်။

“မဟုတ်တာ။ အဲ့တာက ဓားဆိပ်ကမ်းရဲ့ နတ်ဆိုးကောင် ဟန်ထျန်ယာ လုပ်ခဲ့တာ။ ကျုပ်က အဲ့လို အကျိုးမရှိတဲ့အလုပ်မျိုးဆို သေချာပေါက် မလုပ်ဘူး။ အလာကားသပ်သပ် လတ်ဆတ်တဲ့အသွေးအသားတွေကို အချည်းနှီး ဖြစ်စေတယ်။ နှမြောဖို့ကောင်းတယ်။ ကျုပ်သာဆို အဲ့ကောင်တွေရဲ့ အသွေးအသားကို ကျုပ်ရဲ့ သားရဲလေးတွေအတွက် အစာကျွေးပစ်မှာပေါ့။ ကျုပ် ကြားဖူးတာကတော့ သားရဲတွေအတွက် ကျင့်ကြံသူတွေရဲ့ အသွေးအသားဟာ အားဖြစ်စေတယ်တဲ့…”

ဟန်လိက ထိုသို့ နားထောင်နေလျက် မပြုံးမိဘဲ မနေနိုင် ဖြစ်မိသည်။ သို့ပေမည့် ထိုရုပ်စိုးစိုးလူက သည်စကားများကို ပြောနေရင်း သူ့နောက်ဘက်မှ အိတ်ကြီးတစ်အိတ်ကို ထုတ်ယူ၍ သွေးစက်လက်ဖြင့် အသွေးအသားများကို ထုတ်ပြသည်။ ထိုအခါ ဟန်လိ၏ အပြုံးမှာ တောင့်တင်းသွားရ၏။ သူ့အမူအရာပင် ပျက်မတတ် ဖြစ်သွားမိသည်။

ထိုရုပ်စိုးစိုးသူက ဟန်လိ၏ အမူဟန်ပန်ကို မြင်သည်။

နောက်ဆုံးတော့ အဝါရောင်မေပယ်တောင်ကြားမှ သည်တပည့်က ငယ်ရွယ်လွန်း၊ ပျော့ညံ့လွန်းသေးသည် မဟုတ်လား။

သူ၏ စကားအနည်းငယ်ဖြင့် သူက သည်ကောင်လေး(ဟန်လိ)ကို ဂနာမငြိမ် ဖြစ်သွားစေခဲ့သည်။ အမှန်တကယ် တိုက်ပွဲ ဖြစ်လာခဲ့ပါက ထိုသို့သော အမှားမျိုးကို လုပ်၍ မရပေ။ သို့ပေမည့် တဖက်သူက ဖန်းယွဲ့ကို သတ်နိုင်စွမ်း ရှိသူပင်။ ဤသည်က သူ့ကို အတော်လေး အံ့အားသင့်စေသည်။

သို့သော် သူက သူ မြင်နေရသော ရွက်ကြမ်းရေကြိုအဆင့်သာ ရှိသော ကောင်လေး၌ ကြမ်းကြုတ်သော စရိုက် အမှန်တကယ် ရှိနေမည်လားဟု တွေးမိနေ၏။ စဉ်းစားကြည့်နေ၏။

ထိုကောင်လေး၏ အသက်မှာ ငယ်ရွယ်လွန်းပြီး မှော်စွမ်းအားမှာလည်း သာမန်ဟုသာ ပြောနိုင်သည်။ သူ့ထံ၌ မှော်ပစ္စည်းကောင်းများ ရှိနေခဲ့လျှင်ပင် ဖန်းယွဲ့ကဲ့သို့ လူမျိုးကို အနိုင်ရလိမ့်မည် မဟုတ်ပေ။ သို့သော် ဖန်းယွဲ့မှာ သည်ကောင်လေး၏ လက်အောက်၌ အသက်မဲ့ခဲ့ရပြီး ဖြစ်သည်။ ထိုကိစ္စက နည်းနည်းတော့ ထူးခြားနေသည်။ သို့သော် သည်ကောင်လေးက တိမ်ခြေလှမ်းဖိနပ်ကို ဝတ်ထားနေသည်။ ဤသည်ကိုတော့ ငြင်း၍ မရပေ။

သူက သည်ကောင်လေးကို အမှန်တကယ် သတ်နိုင်ပြီး သူ့ထံမှ မှော်ပစ္စည်းများကို အရယူမည်လား။

ကျုံးဝူက ထိုကိစ္စကို စဉ်းစားနေ၏။ သို့သော် သူက စိတ်ရှုပ်နေဆဲပင်။ သူသည် ဟန်လိ၏ ခွန်အားအမှန်ကို အတိအကျ ခန့်မှန်းနိုင်စွမ်း မရှိဘဲ ဖြစ်နေ၏။ သို့ဖြစ်၍ သူကိုယ်တိုင် စမ်းသပ်ကြည့်မှ ရလိမ့်မည်။ သူက ထိုကောင်လေးကို အမှန်တကယ် သတ်နိုင်၊မသတ်နိုင်ကို မသေချာ ဖြစ်နေ၏။ သူကဲ့သို့ ဉာဏ်ကောင်းသူသည် ထိုသို့ မရေရသော အန္တရာယ်ရှိနိုင်သည့် အပြုအမူမျိုးကို လုပ်ဆောင်မည် မဟုတ်ပေ။

ရုပ်စိုးသူက ထိုသို့ တွေးနေပြီးနောက် ဟန်လိကို ပြုံး၍ ပြောလိုက်သည်။ အို” နေပါအုံး။ ငါ မေးဖို့ မေ့နေတာ။ ဒီက ညီငယ်ရဲ့ နာမည်က ဘာများလဲ။ ကျုပ်ကို ပြောပြနိုင်မလား…”

“အဝါရောင်မေပယ်တောင်ကြားက ဟန်လိပါ…”

ဟန်လိက တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်။

“ကောင်းပြီ ဒီတော့ ညီအစ်ကိုဟန်ပေါ့။ ကျုပ်က ညီငယ်ရဲ့ ကြီးမြတ်တဲ့ နာမည်ကို မကြားမိဖူးဘး။ ညီငယ်ဟာ အဝါရောင်မေပယ်တောင်ကြားရဲ့ တောက်ပလာမယ့် ကြယ်ပွင့်သစ်တွေထဲက တစ်ယောက် ဖြစ်မှာ သေချာတယ်။ ညီငယ်ဟန်က ဒီဗဟိုဧရိယာနဲ့ ပတ်သတ်ပြီး ဘယ်လောက်များ သိထားသလဲ…”

ကျုံးဝူ၏ ဟန်ပန်က အတော်လေး ရင်းနှီးပျူငှာဟန် ပေါက်နေ၏။ မသိလျှင် သူက သူနှင့် နှစ်ပေါင်းများစွာ ကွဲကွာသွားသော မိတ်ဆွေတစ်ယောက်နှင့် ပြန်တွေ့၍ ပြောနေသည့် ပုံစံမျိုးပင်။

“ကျုပ် အများကြီးတော့ မသိဘူး။ ဒါပေမဲ့ အစ်ကိုကျုံးက ကျုပ်ထက် အများကြီး ပိုစီနီယာကျတယ်မလား။ ဒါ့ကြောင့် ဒီဗဟိုဧရိယာအကြောင်းကို ကျုပ်ဟန်လိထက် အများကြီး ပိုသိမှာပဲပေါ့…”

ဟန်လိက တဖက်သူ ဘာကြံနေလဲကို မသိပေ။ သို့သော် သူက ပို၍ သတိထားလိုက်၏။

“ဟားဟား…ညီငယ်ဟန်…မင်းက ကျုံးဆိုတဲ့ ကျုပ်ကို ယုံရင် ကျုပ်တို့အချင်းချင်း ဒီဗဟိုဧရိယာနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက်ကို အပြန်အလှန် ဖလှယ်ရင် ပိုမကောင်းဘူးလား။ ဘယ်လို သဘောရလဲ။ ဒါက ကျုပ်တို့နှစ်ယောက်လုံးအတွက် အကျိုး ရှိစေမယ့်အရာပဲ….”

ကျုံးဝူက ခဏ တွေဝေပြီးနောက် သူ၏ ရည်ရွယ်ချက်အမှန်ကို ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။

ဟန်လိက သည်စကားကို ကြားသည့်နောက် မင်သက်သွားသည်။ စိတ်ထဲကနေလည်း ကြိတ်၍ စဉ်းစားချင့်ချိန်နေသည်။ ဂိုဏ်း၏ အချက်အလက်များကို ဖလှယ်ခြင်းကို အကြီးအကဲများက ခွင့်မပြုဘဲ တင်းကြပ်သော စည်းကမ်း သတ်မှတ်ထားသော်လည်း အမှန်တကယ်တွင်မူ တပည့်များက ထိုသို့ ပြုလုပ်ကြတာ များသည်။ ထို့ကြောင့် ခဏ စဉ်းစားပြီးနောက် ဟန်လိက ပြုံး၍ ပြောလိုက်သည်။ “ဒါပေါ့။ ကျုပ်တို့ချင်း သတင်းအချက် ဖလှယ်ကြမယ်။ ဒါက နှစ်ယောက်လုံးအတွက် အကျိုးရှိစေမှာ မဟုတ်လား…”

“ဟားဟား…။ သိပ်ကောင်းတယ်။ ညီလေးဟန်က ဇီဇာကြောင်တဲ့သူ မဟုတ်မှန်း ကျုပ် သိပြီးသား။ ကျုပ်တို့ချင်း သတင်းအချက်အလက်ကို ကျောက်စိမ်းပြားထဲထည့်ပြီး တစ်ယောက်နဲ့တစ်ယောက် ဖလှယ်ကြမယ်…”

ကျုံးဝူ၏ ချိုင့်ခွက်များ ပြည့်နေသော မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေ၏။ သူသည် လက်နှစ်ဖက်ကိုလည်း အဆက်မပြတ် ပွတ်သပ်နေ၏။ ဟန်လိထံမှ သတင်းအချက်အလက်ကို သူ အတော်လေး မျှော်လင့်ထားပုံ ရသည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် အကြိမ်ကြိမ် နှာခေါင်းရှုံ့မိ၏။ သို့ပေမည့် သူ၏ အပြင်ပိုင်းဟန်ပန်တွင်မူ လုံးဝ သဘောတူကြောင်း ပြသထားသည်။

သတင်းအချက်အလက်ကို ကူးယူဖို့ ဖန်တီးခြင်းသည် လွယ်ကူလှသည်။ ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက် သူတို့က သူတို့၏ ကူးယူမှုများကို ပြီးမြောက်သွားပြီး တစ်ယောက်ထံတစ်ယောက် ကျောက်စိမ်းပြားများကို လှမ်းပစ်ပေးသည်။

သူတို့က လက်ထဲသို့ ကျောက်စိမ်းပြား ရောက်လာသည်နှင့် ကျောက်စိမ်းပြားထဲရှိ အခြင်းအရာများကို အကြမ်းဖျဉ်း စူးစမ်းကြည့်သည်။ ဗဟိုဧရိယာ၏ အချက်အလက်များ ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပြုံး၍ လှမ်းကြည့်သည်။

ထို့နောက်တွင် ဟန်လိနှင့်ကျုံးဝူတို့က ရုတ်တရက် တစ်ယောက်နှင့်တစ်ယောက် ပိုရင်းနှီးသွားသလို ထင်ရသည်။ ကျုံးဝူက ဟန်လိကို ကျင့်ကြံသူများ၏ လောကအကြောင်း သိမှတ်ဖွယ်ရာ ဇာတ်လမ်းအချို့ကို အမှန်တကယ်‌ ပြောပြခဲ့သည်။ သူတို့နှစ်ယောက်၏ ရယ်ကာမောကာ ပြောဆိုနေပုံကို မြင်သည့်အခါ အစောပိုင်းလေးတုန်းက ထတိုက်ခိုက်တော့မတတ် ဖြစ်ခဲ့သည်ကို ယုံဖို့ ခက်ပေလိမ့်မည်။

ကြည့်ရတာ သည်နှစ်ယောက်က ဘယ်အချိန် နောက်ဆုတ်ရမည်ကို သိသူများ ဖြစ်ပုံ ရသည်။

ဟန်လိသည် ပြုံး၍ အပြန်အလှန် စကားပြောခြင်းတွင် စိတ်ဝင်စားပုံ ရှိနေသော်လည်း စိတ်ထဲတွင်မူ အမှန်တကယ် ကျိန်ဆဲမိနေ၏။

“ခင်ဗျားက စကားပြောချင်ရင် ပြောပေါ့။ ဘာကြောင့်များ ကျုပ်နဲ့ ဒီလောက် အကွာအဝေးကို ထိန်းထားရတာလဲ…”

သူ ရှေ့သို့ ခြေတစ်လှမ်း တိုးလှမ်းတိုင်း တဖက်သူသည် အားပါးတရ ပြုံး၍ နောက်သို့ ခြေနှစ်လှမ်း ဆုတ်နေသည်။ ဟန်လိသည် ထိုသူ့ကို သတ်ဖို့ စိတ်ကူး မရှိသော်လည်း တဖက်သူ၏ သတိထားလွန်းပုံက ဟန်လိကို အံ့အားသင့်ကာ ပါးစပ်ဟောင်းလောင်း ဖြစ်မိစေသည်။

All Chapters