ဗဟိုဧရိယာနှင့် ပတ်သတ်သည့် လျှို့ဝှက်အချက်အလက်
Vol. 14 Ch. 194
ဟန်လိက စိတ်မရှည် မဖြစ်မိပေ။ သည်တားမြစ်စမ်းသပ်ကွင်း၏ ဗဟိုဧရိယာမှာ ပြင်ပဧရိယာများနှင့် အမှန်တကယ် ကွဲပြားသည်။
ဗဟိုဧရိယာ၏ ပြင်ပ ဧရိယာများ၌ စိတ်ဝိညာဉ်သစ်ပင်များသည် ကြုံရာကျပမ်း ပေါက်ရောက်နေတတ်ပြီး နေရာစုံမှာ ယင်းအပင်များ၏ အရိပ်အမြွက်များကို တွေ့ရနိုင်သည်။ အရင်ရောက်သူက အရင်ယူပြီး ထိုနေရာကနေ ဝေးဝေးသို့ ချက်ခြင်း ထွက်ခွာတတ်သည်။ သို့ဖြစ်၍ ပြင်ပဧရိယာများတွင် ဆေးပင်အမယ်များကြောင့် ပဋိပက္ခ ဖြစ်ခဲသည်။ တစ်ယောက်ကိုတစ်ယောက် ရှင်းထုတ်ပစ်ခြင်း သို့မဟုတ် တခြားသူများ၏ ရတနာများကို လုယူခြင်းတို့ကြောင့် ကျင့်ကြံသူများ သေဆုံးရတာများသည်။
သို့ပေမည့် ဗဟိုဧရိယာတွင်မူ မတူတော့ပေ။ ဒီအန္တရာယ်များလှသော စမ်းသပ်ကွင်းကနေ ဂိုဏ်းသို့ ကံကောင်း၍ ပြန်လာနိုင်သူများ၏ အပြောအရ ဗဟိုဧရိယာမှာ ကြီးမားလွန်းသည်ဟု ဆိုသည်။ စမ်းသပ်ကွင်းတခုလုံး၏ သုံးပုံတစ်ပုံခန့် ရှိသည်။ သည်ဗဟိုဧရိယာတစ်ခုလုံးကို အပြင်ပိုင်းအလွှာသုံးလွှာဟူ၍ ခွဲထားသည်။
ခုလက်ရှိ ဟန်လိ ရောက်နေသော နေရာမှာ ဗဟိုဧရိယာ၏ အပြင်ဘက်အကျဆုံးအပိုင်းပင်။
အချက်အလက်များအရ သည်နေရာနှင့် နောက်အလွှာတို့ကြား အကွာအဝေးက အမှန်တကယ်တော့ ကြီးမားလှခြင်း မရှိပေ။ ကီလိုမီတာတစ်ဝက်လောက်သာ ရှိမည်။ သည်အလွှာအတွင်း၌ ရှားပါးလှသော ပန်းပင်များ၊ အပင်များ ပေါက်ရောက်နေသည်။ ယင်းတို့မှာ သည်လောကတွင် မြင်တွေ့ရခဲသော စိတ်ဝိညာဉ်ဆေးပင်အမယ်များပင်။ သို့ပေမည့် သည်ဆေးပင်များကို လက်တွေ့အသုံးပြုဖို့ ဆေးဝါးအဖြစ် ဖန်တီးနိုင်သူများမှာ လူအနည်းငယ်သာ ရှိပေသည်။
ဗဟိုဧရိယာ၏ ဒုတိယအလွှာတွင် ကျင့်ကြံသူများအတွက် အသုံးဝင်လှသော အဆင့်မြင့် စိတ်ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နေသည်။ သည်စမ်းသပ်ကွင်းသို့ ဝင်လာသော ဂိုဏ်းအသီးသီး၏ တပည့်အများစုက ဒီအလွှာကို ပစ်မှတ်ထားကြသည်။ အခြေခံတည်ဆောက်ခြင်းဆေးလုံးများ ဖော်စပ်ရာ၌ လိုအပ်သော အဓိကဆေးအမယ်သုံးခုကိုလည်း ဒီအလွှာတွင် တွေ့နိုင်သည်။ ဤသည်မှာ သူတို့၏ အဓိကပန်းတိုင်ပင်။ ဟန်လိသည်လည်း ဒီဆေးအမယ်သုံးခုကို အရယူဖို့ ဆုံးဖြတ်ထားသူ ဖြစ်သည်။
သည်ဒုတိယအလွှာအကြောင်းကို စစသိချင်တုန်းက ဟန်လိမှာ ခဏတာ မင်သက်ခဲ့ရဖူးသည်။
ဒီဒုတိယအလွှာက တဆက်တည်း သွယ်တန်းတည်ရှိနေသော တောင်တန်းတစ်ခုပင်။ တနှစ်ပတ်လုံး သည်တောင်တန်းကို မြူများ သိပ်သည်းထူထပ်စွာ ပြည့်ဖုံးနေ၏။ ဒီနေရာ၌ လူတစ်ယောက်သည် သူ့ရှေ့လက်တစ်ကမ်းကို မမြင်ရနိုင်ပေ။ သည်တောင်တန်း၌ လှိုဏ်ဂူများ၊ လျှို့ဝှက်တောင်ကြားများ၊ ဘုံကျောင်းများနှင့် တခြားလူလုပ် အဆောက်အအုံများလည်း ရှိနေသည်။ သည်နေရာ၌ အမျိုးမျိုးသော စိတ်ဝိညာဉ်ဆေးပင်များလည်း ပေါက်ရောက်နေသည်။
ရုပ်စိုးစိုးလူနှင့် ဟန်လိတို့ ဖလှယ်ခဲ့သော အကြောင်းအရာမှာ ဒီစိတ်ဝိညာဉ်ဆေးပင်များ၏ တည်နေရာနှင့် ပတ်သတ်သည့် တည်နေရာမြေပုံများပင်။ သူတို့က ထိုတည်နေရာမြေပုံများအတိုင်း လျှောက်သွားချိန်၌ ခုလက်ရှိတွင် ဆေးပင်အမယ်များ ဆက်တည်ရှိနေ၊ မရှိနေကိုတော့ မည်သူကမျှ အာမမခံနိုင်ချေ။ သို့ဖြစ်၍ မြေပုံအညွှန်း ပို ပိုင်ဆိုင်လေလေ ပိုကောင်းလေပင်။ သို့မှသာ လူတစ်ယောက်က အချက်အလက်များကို အလွယ်တကူ စုစည်းနိုင်ကာ စတင်ရှာဖွေနိုင်မည် ဖြစ်သည်။
သို့သော် သည်တောင်တန်း၏ မြူများမှာ သိပ်သည်းလွန်းလှသည်။ ကျယ်ပြန့်လွန်းသည်။ သည်တောင်တန်းသို့ ဝင်လာသော ကျင့်ကြံသူများသည် မြူများကြား လမ်းပျောက်ကြ၏။ သူတို့က ရှေ့ကို ဖြည်းဖြည်းချင်းသာ ခရီးဆက်နိုင်သည်။ တစ်ကြိမ်တွင် ခြေတစ်လှမ်းသာ လှမ်းနိုင်သည်။ သူတို့မြူများကြားကနေ လွတ်လာ၊မလွတ်လာကမူ သူတို့၏ ကံပေါ် မူတည်သည်။
သို့ပေမည့် ကျင့်ကြံသူများကို အဓိက ခေါင်းခဲစေသည်မှာ သည်တောင်တန်း၌ နေထိုင်နေသော နတ်ဆိုးသားရဲများသာ ဖြစ်၏။ သည်တောင်တန်းတွင် အဆင့်နိမ့် အဆင့်တစ်မီးတောက်ကြွက်၊ လေအလျင်ယုန်ကနေသည် အဆင့်တစ်အထွတ်အထိပ်ရှိ ရွှေအလင်းစပါးအုံးမြွေ၊ ရေခဲမီးဝံပုလွေ စသဖြင့် ကျက်စားနေထိုင်ကြသည်။
အဆင့်နိမ့်ဆုံး ဖြစ်သည့် နတ်ဆိုးသားရဲ ခုနစ်ကောင်၊ရှစ်ကောင်ကို ချီစုဆောင်းအဆင့်ခြောက်၊ အဆင့်ခုနစ် ကျင့်ကြံသူတစ်ယောက်က လွယ်လွယ် ရင်ဆိုင်နိုင်သည်။ သို့ပေမည့် အကယ်၍ ဂိုဏ်းကြီးခုနစ်ဂိုဏ်း၏ ထိပ်တန်းတပည့်များက အထွတ်အထိပ်အဆင့်ရှိ သားရဲများနှင့် တွေ့ခဲ့ရလျှင် သူတို့အတွက် တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးဖို့သာ ရွေးချယ်စရာ ရှိပေလိမ့်မည်။
ကံကောင်းစွာဖြင့် ထိုအဆင့် သားရဲများက သည်တောင်တန်းများ၌ အလွန်ရှားပါးသောကြောင့်ပင်။ ထိုအဆင့်ရှိ အများစုသော သားရဲများက စိတ်ဝိညာဉ်ဆေးပင်အမယ်များကို စောင့်ကြပ်နေ၏။
သို့ဖြစ်၍ ကြမ်းကြုတ်သော သားရဲ အများစုမှာ အဆင့်မြင့် အဆင့်တစ်သားရဲများ ဖြစ်နေသည်။ သို့ပေမည့် ယင်းသို့သော သားရဲများကိုမူ ထိပ်တန်းတပည့်များ၏ ပူးပေါင်းမှုအောက်၌ အလွယ်တကူ ရင်ဆိုင်နိုင်သည်။
မည်သို့ပင်ဖြစ်ဖြစ် ဒီတောင်တန်း၌ မြူများထူထပ်စွာ ရှိနေသည် ဖြစ်စေ၊ သားရဲများက သိမ်းပိုက်ထားသည်ဖြစ်စေ ထိပ်တန်းကျင့်ကြံသူများသည် ဆေးပင်အမယ်များကို ခူးဆွတ်နိုင်ဖို့ စွန့်စား၍ ကြိုးစားကြသည်သာ။ သို့ပေမည့် ကျင့်ကြံသူအချင်းချင်း ကြုံရလျှင်တော့ ထိုနှစ်ယောက်သားသည် အချင်းချင်း တုန်လှုပ်ချောက်ချားစွာ ကြည့်မိရုံသာ။ သည်လို အခြေအနေများအောက်၌ တောင်ဆင်းတောက်တက်လမ်းသည် တစ်လမ်းတည်းသွား ခရီးစဉ် ဖြစ်တာ ကျိန်းသေသည်။
သို့ဖြစ်၍ တားမြစ်ဧရိယာသို့ ဝင်လာသော ပထမဆုံး တပည့်အုပ်စုအချို့က ဗဟိုဧရိယာ၏ ပြင်ဘက်ရှိ သာမန်စိတ်ဝိညာဉ်ဆေးအမယ်အချို့ကိုသာ ခူးယူနိုင်ကြ၏။ သူတို့သည် အရင်ဆုံး ဒုတိယအလွှာ (ဝါ) မြူများ သိပ်သည်းစွာဖုံးနေသော တောင်တန်းထံ မဝင်ရောက်ခဲ့ကြပေ။
သို့ပေမည့် နောက်ပိုင်း၌ လေ့လာမှုအချို့ ပြုလုပ်ပြီးနောက် လမျက်နှာဖုံးဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်သည် အဖိုးတန် နေလပုလဲကို အသုံးပြုခဲ့သည်။ သည်ပုလဲမှာ ရန်သူ့ကို တိုက်ခိုက်ဖို့လည်း မဟုတ်သလို ခုခံကာကွယ်ဖို့အတွက်လည်း မဟုတ်ပေ။ ၎င်း၏ အသုံးဝင်မှုက မည်သည့်မြူခိုး သို့မဟုတ် အဆိပ်ငွေ့အဆိပ်ခိုးများကို မဆို ထွင်းဖောက်နိုင်သော ထူးခြားသည့်အလင်းတစ်ခုကို ထုတ်လွှတ်ပေးနိုင်တာ ဖြစ်သည်။ ၎င်းကို ဒီတားမြစ်ဧရိယာအတွက် အထူး ဖန်တီးခဲ့တာ ဖြစ်သည်။
မျှော်လင့်ထားသလိုပင်။ သည်ရတနာကို ရခဲ့သော လမျက်နှာဖုံးဂိုဏ်းမှ တပည့်များသည် တားမြစ်စမ်းသပ်ကွင်း နောက်တစ်ကြိမ် ဖွင့်လာသည့်အခါ အလွန်တောက်ပခဲ့ပေ၏။
ထိုနေလပုလဲ၏ အကူအညီဖြင့် လမျက်နှာဖုံးဂိုဏ်းက မြူများစွာကို ရှင်းထုတ်ကာ တောင်တန်းထံမှ အကျိုးအမြတ်များစွာကို ရိတ်သိမ်းနိုင်ခဲ့သည်။ သည်အကျိုးအမြတ်များကို မှီခို၍ သူတို့သည် အခြေခံတည်ဆောက်ခြင်းဆေးလုံးများစွာကို ထုတ်လုပ်ခဲ့၏။ ထို့နောက် သူတို့က တခြားတပည့်လက်သစ်များစွာကို စုဆောင်းခဲ့ကာ သူတို့ဂိုဏ်း၏ ခွန်အားသည် များစွာ တိုးတက်လာခဲ့သည်။ ထိုချိန်မှစ၍ လမျက်နှာဖုံးဂိုဏ်းသည် ယွဲ့ဒေသ၏ နံပါတ်တစ်ဂိုဏ်းအဖြစ် ကြေငြာခဲ့တာ ဖြစ်သည်။
သို့ပေမည့် သည်လောက၌ လေမဖြတ်သန်းနိုင်သော နံရံဟူ၍ မရှိပါ ဟူသော ဆိုရိုးစကားအတိုင်း လမျက်နှာဖုံးဂိုဏ်း၏ နေလပုလဲကို အသုံးပြုကာ စိတ်ဝိညာဉ်ဆေးပင် မြောက်များစွာ ရိတ်သိမ်းနိုင်ခဲ့သည်ဟူသော သတင်းက ပျံ့နှံ့ခဲ့ပေသည်။ ထို့နောက်တွင် တခြားဂိုဏ်းကြီးခြောက်ဂိုဏ်းက သူတို့ထံ ရောက်လာ၏။ တခြားဂိုဏ်းခြောက်ဂိုဏ်းက အကျိုးအမြတ်အားလုံးကို လမျက်နှာဖုံးဂိုဏ်းတစ်ခုတည်းက မောင်ပိုင်စီးဖို့ကို ဘယ်ခွင့်ပြုချင်ပါ့မည်နည်း။
(မှတ်ချက် လေမဖြတ်သန်းနိုင်သော နံရံဟူ၍ မရှိပါ ဟူသော ဆိုရိုးစကားသည် လောက၌ အကြွင်းမဲ့ လျှို့ဝှက်သော အရာဟူ၍ မရှိဟု ဆိုလိုပါသည်။ )
လမျက်နှာဖုံးဂိုဏ်းက သူတို့၏ အဖိုးတန်ပုလဲကို မပေးချင်သလို၊ လူတိုင်းကိုလည်း ဒေါသမထွက်စေချင်ပေ။ နောက်ဆုံးတွင်တော့ တခြားဂိုဏ်းခြောက်ဂိုဏ်းနှင့် ဆွေးနွေးပြောဆိုပြီး သည်ပုလဲကို လက်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုသို့ဖြင့် သည်ပုလဲသည် မဟာဂိုဏ်းကြီးခုနစ်ဂိုဏ်းလုံးက အသုံးပြုသောအရာ ဖြစ်လာခဲ့သည်။
ဂိုဏ်းကြီးခုနစ်ဂိုဏ်းက သည်ပုလဲကို အလှည့်ကျ ကိုင်ဆောင်ကြ၏။ တားမြစ်ဧရိယာသို့ ဝင်လာသော ခရီးစဉ်ပြီးတိုင်း ထိုအဖိုးတန်ပုလဲကို ကိုင်ထားသော ဂိုဏ်းက တခြားဂိုဏ်းတစ်ခုကို ထိန်းသိမ်းထားဖို့အတွက် အလှည့်ကျ လက်လွှဲပေးရသည်။
သို့ပေမည့် အဖိုးတန်ပုလဲကို မည်သည့်ဂိုဏ်းက ထိန်းချုပ်သည် ဖြစ်စေ သူတို့က တားမြစ်ဧရိယာသို့ ဝင်လာသည့်အချိန်မှစ၍ ထိုဂိုဏ်း၏ တပည့်များသည် တခြားဂိုဏ်း၏ တပည့်များ၏ ကြီးကြပ်မှုအောက်၌ အချိန်တစ်ခု ကျမျှ သည်ရတနာကို အသုံးပြုရမည်ဟူသော စည်းကမ်းချက်ကို တင်ကြို သတ်မှတ်ထားသည်။ လူတစ်ယောက်သည် မြူများကို ဖယ်ရှားရာ၌ ရည်ရွယ်ချက်ရှိရှိ ပိုစော၍ သို့မဟုတ် ပိုနောက်ကျ၍ သည်ပုလဲကို အသုံးပြုခွင့် မရှိပေ။
ထိုနည်းလမ်းဖြင့် ဗဟိုဧရိယာသို့ အချိန်မီရောက်လာနိုင်သော တပည့်အားလုံးသည် မြူများ ဖုံးနေသော တောင်တန်းထံ ဝင်ရောက်နိုင်ပြီး တစ်ချိန်တည်းမှာ စိတ်ဝိညာဉ်ဆေးပင်များကို ရှာဖွေ ယူဆောင်နိုင်ကြမည် ဖြစ်သည်။ သည်နည်းလမ်းမှာ မျှတသည်။
ထိုသဘောတူညီချက်ကြောင့် လမျက်နှာဖုံးဂိုဏ်းက ဆုံးရှုံးမှု ကြီးမားခဲ့ပုံ ရ၏။ သို့သော် သူတို့ထံ၌ ရွေးချယ်စရာ မရှိတော့၍ တားမြစ်ဧရိယာ၏ အဖိုးတန်ဆေးပင်များကို သူတို့ တစ်ဂိုဏ်းတည်းက မောင်ပိုင်စီးခြင်းကို လက်လျှော့ခဲ့ရသည်။ သို့ပေမည့် တနည်းအားဖြင့် လမျက်နှာဖုံးဂိုဏ်းသည် သူတို့ ဂိုဏ်း၏ ပျက်စီးခြင်းကနေလည်း ရှောင်နိုင်ခဲ့သည်ဟု ဆိုရမည်။ ထိုသို့ သဘောတူညီချက်ကြောင့် ကျန်ဂိုဏ်းကြီးခုနစ်ဂိုဏ်းက သူတို့ကို ပူးပေါင်း၍ မတိုက်ခိုက်တာပင်။ မည်သို့ပင်ဖြစ်စေ သူတို့အရင် ရခဲ့သော အခွင့်အရေးကြောင့် လမျက်နှာဖုံးဂိုဏ်း၏ ခွန်အားသည် တဖြည်းဖြည်း တိုးတက်လာခဲ့သည်။
ခုလက်ရှိ အချိန်၌ လမျက်နှာဖုံးဂိုဏ်းသည် မဟာဂိုဏ်းကြီးခုနစ်ဂိုဏ်းကြား၌ အားအကောင်းဆုံးပင်။ တခြားဂိုဏ်းမျိုးစုံက အတူတူ မပူးပေါင်းပါက သူတို့ကို အနိုင်ရဖို့ မဖြစ်နိုင်တော့ပေ။
ထိုအကြောင်းပြချက်ကြောင့် ဟန်လိသည် စိတ်မရှည်မဖြစ်ခဲ့တာ ဖြစ်၏။
သည်တစ်ကြိမ်၌ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက မဝင်ရောက်ခင် သိပ်သည်းထူထဲသော မြူများကို ရှင်းထုတ်ဖို့ ကြိုစီစဉ်ထားခဲ့ပြီး ဖြစ်သည်။ ထိုအချိန်မှာ တတိယမြောက်နေ့၏ မနက်ခင်းပိုင်းပင်။
အစောပိုင်းတုန်းက ဟန်လိက ပြင်ပဧရိယာကနေ ဗဟိုဧရိယာသို့ အနားယူခြင်းမရှိဘဲ အသည်းအသန် လာခဲ့ရခြင်းမှာ သူ့ကို လမ်း၌ တစ်ယောက်ယောက်က ဟန့်တားမှာ စိုးရိမ်၍ ဖြစ်သည်။ ထိုအခါကျလျှင် သူက ဒီမြူတောင်တန်းသို့ ဝင်နိုင်တော့မည် မဟုတ်ပါ။ အခုတော့ သူ ဗဟိုဧရိယာထဲ ဝင်လာနိုင်ပြီ ဖြစ်၍ နောက်ထပ် လောနေဖို့၊ စိတ်ပူပန်နေဖို့ မလိုတော့ပေ။ သူက ခုချိန်၌ ဒုတိယအလွှာထံ အလောတကြီး သွားခဲ့လျှင်ပင် သိပ်သည်းသောမြူများကို ငေးကြည့်နေရရုံသာ ရှိလိမ့်မည်။
တားမြစ်စမ်းသပ်ကွင်း၏ ဗဟိုဧရိယာအတွင်းရှိ တတိယအလွှာကမူ သာ၍ပင် ထူးခြားဆန်းကြယ်သည်။
လူတစ်ယောက်က မြူများထူထဲစွာ ရှိနေသော တောင်တန်း၏ ထိပ်၌ ရပ်နေပါက ဒုတိယအလွှာတွင်းရှိ ကျယ်ပြောသော ဧရိယာကို ကောင်းစွာ မြင်ရလိမ့်မည်။ အလားတူပင် ဗဟိုဧရိယာ၌ မီတာသုံးရာကျော် မြင့်မားသော စေတီကြီးတစ်ခုကိုလည်း ထင်ထင်ရှားရှား မြင်ရလိမ့်မည်။ ၎င်းစေတီကို တောအုပ်တစ်ခုက ဝန်းရံထားသည်။ ထိုနေရာကို တတိယအလွှာဟု သတ်မှတ်ကြသည်။ ၎င်းမှာ တားမြစ်ဧရိယာ၏ ဗဟိုချက်အကျဆုံး နေရာလည်း ဟုတ်ပေသည်။
ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ အကြီးအကဲများက သူတို့ တပည့်များ၏ ဒီအကြောင်းနှင့် ပတ်သတ်ပြီး ပြောပြချက်များကို ပြန်ကြားသည့်အခါ သူတို့က ဒီစေတီမှာ တားမြစ်ဧရိယာ၏ ပိုင်ရှင်ဖြစ်သူ၏ နေအိမ် ဖြစ်မှန်း ချက်ခြင်း သိခဲ့သည်။ သူတို့က ဒီစေတီအတွင်းရှိ ပစ္စည်းအမယ်များကို ငမ်းငမ်းတက် လိုချင်ခဲ့သည်။
သို့ပေမည့် ဒုတိယအလွှာနှင့် တတိယအလွှာကြားတွင် အမျိုးအမည် မသိရသော အစီအရင်တစ်ခု ရှိနေသည်။ ၎င်းအစီအရင်က အားကောင်းလွန်း၏။ ၎င်းသည် ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ချိုးဖျက်နိုင်သော အစီအရင် မဟုတ်ပေ။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ၎င်းအထက်ရှိ ကျင့်ကြံသူများသည်လည်း တားမြစ်ဧရိယာ၏ ဒီနေရာထိ ဝင်ရောက်ဖို့ နည်းလမ်း မရှိပေ။ သို့ဖြစ်၍ ၎င်းစေတီအတွင်း၌ ရှိနေသော အမျိုးအမယ်ပစ္စည်းများမှာ ခုထိ လုံးလုံး ဆန်းကြယ်နေဆဲ ဖြစ်၏။
ဟန်လိက တတိယအလွှာရှိ ဒီစေတီကြီးကို လုံးဝ စိတ်မဝင်စားပေ။ သူ့အတွက် ဒုတိယအလွှာတွင်းရှိ စိတ်ဝိညာဉ်ဆေးပင်များကို လုံလောက်စွာ ရှာဖွေနိုင်ပြီး သည်အန္တရာယ်များလှသော တားမြစ်စမ်းသပ်ကွင်းကနေ ပြန်ထွက်ခွာနိုင်ခဲ့လျှင်ပင် မိုးကောင်းကင်နှင့် နတ်ဘုရားများကို ကျေးဇူးတင်မိမည် ဖြစ်၏။
ဟန်လိနှင့် သူ့ရှေ့မှ ရုပ်စိုးစိုးကျုံးဝူတို့ အချက်အလက်ချင်း ဖလှယ်တာ ဆယ့်ငါးမီနစ်လောက် ကြာခဲ့၏။ ထို့နောက် သူသည် ဘေးတစ်ဖက်ရှိ သစ်ပင်ခြုံနွယ်များထဲ ဝင်လာခဲ့ကာ ချက်ခြင်း ပျောက်ကွယ်သွားခဲ့၏။ သူ ထွက်မသွားခင် ကျုံးဝူထံ တချက်လှမ်းကြည့်ခဲ့သေးသည်။ ထိုသူမှာ နေရာတွင်သာ ပျင်းရိပျင်းတွဲ ဆက်ရပ်ကာ ကျန်ခဲ့၏။ သူက ဒီကနေ နည်းနည်းလေးမျှ ထွက်သွားချင်စိတ် မရှိသည့်အလား။
ကြည့်ရသည်မှာ ကျွမ်းကျင်သူများဟု ခေါ်သူများက သူတို့၏ အကျိုးအမြတ် ရဖို့အတွက် သည်ကို ဝင်လာသော တပည့်အများစုကို ဖယ်ရှား၍ မပြီးမချင်း အနားမယူမည့်ပုံ ရပေ၏။ တခြားတံခါးချပ်များ၌လည်း ကျူံးဝူကဲ့သို့ လုပ်ဆောင်သူများ ရှိနေလောက်မည်သာ။
ဟန်လိက ထိုသို့ တွေးမိနေပြီး သူက ကြေးတံခါးချပ်များ၏ အဝေးရှိ တစ်နေရာတွင် တစုံတစ်ခုကို စတင် ရှာဖွေလေ၏။
ဟန်လိက အခေါင်းပေါက်နှင့် သစ်ပင်ကြီးတစ်ပင်ကို တွေ့ရှိခဲ့၏။ သို့အတွက် သူက ပျော်ရွှင်သွားသည်။
ထိုသစ်ခေါင်းပေါက်၏ အပြင်ဘက်အဝတွင် အကာအကွယ်မန္တာန်အချို့ကို ပြင်ဆင်၏။ ထို့နောက် သူသည် တခြားအရာများ စဉ်းစားမနေတော့ဘဲ သည်သစ်ခေါင်းပေါက်ထဲ ဝင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လေသည်။
ဟန်လိက ကောင်းကောင်း အနားယူဖို့ လိုသည်။ အကြောင်းမှာ နောက်နေ့ မနက်ပိုင်းတွင် တောင်တန်း၏ မြူများကို ဖယ်ရှားချိန်၌ မည်သို့ဖြစ်ပျက်လိမ့်မည်ကို မိုးကောင်းကင်ကသာ သိပေလိမ့်မည် မဟုတ်လား။ သူ့အနေဖြင့် ကိစ္စကိဝ္တများ မလုပ်ဆောင်ခင် သူ၏ အထွတ်အထိပ် အခြေအနေ၌ အရင်ဆုံး ရှိနေရမည် ဖြစ်၏။
သို့ပေမည့် မနက်ဖြန် မြူများကို ဖယ်ရှားချိန်ကို စောင့်နေသော သူများသည် အရေအတွက်အားဖြင့် မများလောက်ဟု သူ ထင်သည်။ သူတို့တစ်ယောက်ချင်းစီမှာလည်း ဖန်းယွဲ့ကဲ့သို့ ရင်ဆိုင်ရခက်သူများသာ ဖြစ်လိမ့်မည်။
ဟန်လိသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ နောက်နေ့ မနက်လင်းအား မတိုင်ခင်မှာ သူ ပြန်နိုးလာ၏။
တားမြစ်ဧရိယာ၏ အရေးကြီးဆုံးနေ့သည့် နောက်ဆုံး၌ နီးကပ်လာခဲ့လေပြီ။