← Chapters

အဖိုးတန်နေလပုလဲ၏ စွမ်းပကား

Vol. 14 Ch. 195

အဖိုးတန်နေလပုလဲ၏ စွမ်းပကား

Vol. 14 Ch. 195

ဟန်လိ နိုးလာသည့်နောက် သူက ဒီသစ်ပင်အခေါင်းပေါက်ထဲကနေ ချက်ခြင်း မထွက်လာသေးပေ။ ထိုအစား သူက နေရာတွင် တင်ပလ္လင်ခွေ ထိုင်နေသည်။

သူ၏ခန္ဓာကိုယ်တွင်း၌ စိတ်ဝိညာဉ်စွမ်းအားသည် မြင့်တက်နေကာ သူ၏ မှော်စွမ်းအားမှာ ၎င်း၏အထွတ်အထိပ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ခုချိန်၌ သူ့ထံတွင် မောပန်းမှုလုံးလုံး မရှိ၊ အားမာန်ပြည့်မှုသာ ရှိနေ၏။

ဟန်လိက သူ့ကိုယ်သူ စမ်းစစ်ပြီးနောက် မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လာသည်။ သူ၏ စိတ်ထဲ၌ ကျေနပ်မှု ရှိနေ၏။

သူ ထရပ်လာသည့်အခါ သူ၏ သိုလှောင်အိတ်ထဲမှ မှော်ပစ္စည်းများ၊ မှော်လက်နက်ပစ္စည်းများကို သေချာ စစ်၏။ သူ၏ နောက်ဆုံး ပြင်ဆင်မှုများကို လက်စသပ်သည်။

ဟန်လိသည် သူ မုတ်ဆိတ်လူနှင့် သူ့အဖော်ထံမှ ရခဲ့သော သိုလှောင်အိတ်များကို အရင်က စစ်ဆေးကြည့်ဖို့ အချိန်မရှိခဲ့ပေ။ အခု သူက သူ့အတွက် အသုံးဝင်နိုင်မည့် မှော်ပစ္စည်းများ ရှိလေမလားဟု ဒီသိုလှောင်အိတ်များကို ရှာဖွေနေသည်။

မုတ်ဆိတ်လူနှင့် သူ့အဖော်ထံမှ ရခဲ့သော သိုလှောင်အိတ်များအပြင် ထိုသူတို့ တခြားသူများထံမှ ရယူခဲ့သော သိုလှောင်အိတ်များလည်း ရှိလေ၏။ သိုလှောင်အိတ် အရေအတွက်က များသည်။ သို့သော် အရည်အသွေးကတော့ သိပ်မရှိပေ။ ထိုသည်ကို မြင်သည့်အခါ ပြောစရာ စကားမဲ့သွားမိသည်။

စုစုပေါင်း သိုလှောင်အိတ် ငါးအိတ်တွင် မှော်ပစ္စည်းအမယ် နှစ်ဆယ့်သုံးခု ရှိ၏။ ငါးခုမှာ အဆင့်နိမ့်၊ ခုနစ်ခုက အလယ်အဆင့်၊ ဆယ့်တစ်ခုမှာ အဆင့်မြင့် မှော်ပစ္စည်းများ ဖြစ်၏။

သိုလှောင်အိတ်များထဲမှ တစ်ခုဆို အဆင့်နိမ့်မှော်ပစ္စည်းနှစ်ခုနှင့် အလယ်အဆင့် မှော်ပစ္စည်းနှစ်ခုသာ ပါပြီး အဆင့်မြင့် မှော်ပစ္စည်းဟူ၍ တစ်ခုတလေမျှ မပါပေ။ ထိုတွေ့ရှိမှုက ဟန်လိကို အချိန်အတန်ကြာ မင်သက်သွားစေ၏။ သူ့ကို ဝမ်းနည်းမှုဖြင့် သက်ပြင်းချမိစေသည်။

သာမန်တပည့်များနှင့် ထိပ်တန်းတပည့်များကြား ပိုင်ဆိုင်မှု ကောင်းကင်နှင့်မြေကြီးကဲ့သို့ အမှန်တကယ် ကွာခြားလှပေ၏။

ဟန်လိက မုတ်ဆိတ်လူကို ခြေအချုပ်အနှောင်ပညာရပ် အဆောင်ဖြင့် တိုက်ခိုက်ခဲ့ချိန်က ထိုသူ့ထံ၌ လွတ်မြောက်ဖို့ နည်းလမ်း မရှိခဲ့တာ အံ့အားသင့်စရာ မရှိတောပါ။ ထိုသူသည် ဟန်လိ၏ ရွှေအလင်းအုတ်ခဲကြောင့် ခြေမွခံရသည်ကို ဒီအတိုင်းသာ ကြည့်နေခဲ့ရ၏။

ဟန်လိက ရတနာပစ္စည်းများစွာနှင့်အတူ ထိပ်တန်းမှော်ပစ္စည်းများကို ပိုင်ဆိုင်သော အမျိုးသမီးနှင့် ဖန်းယွဲ့တို့အကြောင်း တွေးမိချိန်၌ သာမန်တပည့်များ၏ ပိုင်ဆိုင်မှုအပေါ် အကူအညီမဲ့သလိုပါ ခံစားမိရသည်။

တခြားသူများက သူ၏ ကျင့်ကြံမှုအဆင့်ကို အခြေခံကို မြင်သည့်အခါ သူ့ကို အလွယ်တကူ အနိုင်ကျင့်၍ ရမည်ဟု ထင်ခဲ့ကြတာ အံ့အားသင့်စရာ မရှိတော့ပါ။ မည်သူကများ သူ၏ ခွန်အားဖြင့် အားကောင်းအစွမ်းထက်သော မှော်ပစ္စည်းများ ပိုင်ဆိုင်နေလိမ့်မည်ဟု တွေးမိခဲ့ပါ့မည်နည်း။

ခုခါ၌ ဟန်လိသည် အဝါရောင်မေပယ်တောင်ကြား၏ စုဝေးပွဲခန်းမ၌ အဆင့်မြင့်မှော်ပစ္စည်းများ ချိတ်ထားသည်ကို မြင်သည့်အခါ တပည့်အများစုက အလွန်စိတ်လှုပ်တရှား ဖြစ်သွားခဲ့ရသည့်အကြောင်းရင်းကို နားလည်ပြီ ဖြစ်၏။

အမှန်တကယ်တော့ သည်မှော်ပစ္စည်းများအပေါ် ဟန်လိ၏ စဉ်းစားချက်က မမှန်ပါ။ ဂိုဏ်းအသီးသီးက သူတို့၏ တပည့်များကို တားမြစ်ဧရိယာထံ စေလွှတ်ခဲ့လျှင်ပင် သူတို့အဖို့ ထိပ်တန်းမှော်ပစ္စည်းများကို ငှားယမ်းခဲပေသည်။

ရတနာများစွာ ပိုင်ဆိုင်သော အမျိုးသမီးကဲ့သို့ လူစားမျိုးမှာ ထိပ်သီးတပည့်များကြား၌ပင် နည်းပါးလှ၏။ ထို့အပြင် သည်လို ပိုင်ဆိုင်သော အများစုသည် လွှမ်းမိုးနိုင်သော နောက်ခံများ ရှိကြ၏။

တကယ်တော့ အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ မရောက်ခင် ထိပ်တန်းမှော်ပစ္စည်းက လူတစ်ယောက်၏ ခွန်အားကို အမှန်တကယ် ပြောင်းလဲပေးနိုင်သည် မဟုတ်လား။

ဟန်လိက အဝါရောင်မေပယ်တောင်ကြား၌ ရှိနေချိန်အတွင်း သူသည် စီနီယာအစ်ကိုများနှင့် အဆက်အဆံ လုပ်တာ ရှားသည်။ သူက ကျင့်ကြံခြင်းလောက၏ လူသစ်တစ်ယောက် ဖြစ်၏။ သူသည် ထိပ်တန်းတပည့်များမှာ ထိပ်တန်းမှော်ပစ္စည်း တပုံတပင် ပိုင်ဆိုင်ထားလိမ့်မည်ဟု ထင်မြင်ခဲ့သည်။

ထိုသည်မှာ အံ့အားသင့်စရာတော့ မဟုတ်ပေ။ သူက စီနီယာအစ်ကိုလုနှင့် တိုက်ပွဲကြီး စတိုက်ခိုက်ခဲ့ချိန်မှစ၍ သူ ကြုံခဲ့သော ရန်သူအားလုံးမှာ ထိပ်တန်းမှော်ပစ္စည်းများကို ပိုင်ဆိုင်ထားသည် မဟုတ်လား။ သို့အတွက် သူက ထိပ်တန်းမှော်ပစ္စည်းများက သိပ်မရှားဟု အထင်အမြင် မှားနေခဲ့တာပင်။

အခုတွင် သူက ပုံမှန်တပည့်များသည် မှော်ပစ္စည်းများ ကင်းမဲ့သည်ကို သဘောပေါက်ပြီ ဖြစ်သော်လည်း ထိပ်တန်းမှော်ပစ္စည်းများ၏ တန်ဖိုးကို လုံးလုံးလျာလျာ သဘောမပေါက်သေးပေ။ ဤသည်က ဟန်လိအတွက် ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလား။

ဟန်လိက အဆင့်နိမ့်နှင့် အလယ်အဆင့် မှော်ပစ္စည်းများကို လစ်လျူရှုထား၏။ သူက ၎င်းတို့ကို အသုံးပြုဖို့ စဉ်းပင် မစဉ်းစားပေ။ ထို့နောက် သူသည် အဆင့်မြင့်မှော်ပစ္စည်းများထဲမှ သူ့အတွက် အသုံးဝင်ဆုံး၊ လက်တွေ့ကျဆုံး၊ ဖြစ်မည့် မှော်ပစ္စည်းသုံးခုကို ရွေးထုတ်သည်။

အပြာရင့်ရောင်ဓားမြှောင်၊ ရွှေခွက်၊ ကျောက်စိမ်းအိုး…။ သည်သုံးခုမှာ ဟန်လိ သူ့၌ ရှိနေသော အဆင့်မြင့်မှော်ပစ္စည်းများထဲမှ ရွေးထုတ်ခဲ့သော အမယ်များပင်။

ဓားမြှောင်နှင့် ရွှေခွက်တို့က တိုက်ခိုက်ရေးသပ်သပ် မှော်လက်နက်များ ဖြစ်၏။ သို့ပေမည့် ကျောက်စိမ်းအိုးကမူ သိပ်အတွေ့ရ မများပေ။ အမှန်တကယ်ပင် ၎င်းမှာ ရှားပါးလှသော အထောက်အပံ့ မှော်ပစ္စည်းအမျိုးအစား ဖြစ်နေသည်။

ကျောက်စိမ်းအိုးသည် အနံ့ဆိုးဆိုး အစိမ်းရောင်အဆိပ်များကို ထုတ်ပေးကာ ရန်သူ့အနီးအနားရှိ ဧရိယာကို ခြုံလွှမ်း၍ သူတို့ကို အဆိပ်မိ၍ သေသွားစေနိုင်သည်။ အမှတ်တမဲ့ ကြည့်ပါက ၎င်း၏အသုံးဝင်မှုက အတော်လေး ကောင်းသည်ဟု ထင်ရသည်။ သို့သော် ၎င်းမှာ တန်ဖိုးနည်းနည်းသာ ရှိသော မှော်ပစ္စည်းတစ်ခုသာ။ ဓာတ်ငါးပါး၏ မည်သည့်ဓာတ်အရံအတားနှင့်မဆို အဆိပ်ကို တားဆီးနိုင်၏။ ကျင့်ကြံသူတစ်ယောက်ကို သတ်ဖို့ ဒီအဆိပ်ကို အသုံးပြုဖို့မှာ မဖြစ်နိုင်ပေ။

ထိုအဆိပ်မြူခိုးများက ရန်သူ၏ အမြင်ကို ယာယီအနှောက်အယှက် ပေးနိုင်သည်ဟု တွေးမိသောကြောင့်သာ ဟန်လိက ၎င်းကို ရွေးချယ်ခဲ့တာပင်။ သို့မဟုတ်ပါက သူက ဒီမှော်ပစ္စည်းကို ရွေးချယ်ချင်မှ ရွေးပေလိမ့်မည်။

ထိုကဲ့သို့ ပြင်ဆင်မှုများ ပြုလုပ်ပြီး အချိန်ကို မှန်း၍ ဟန်လိက သူ နားခိုနေသော သစ်ပင်ထဲကနေ တိတ်တဆိတ် ထွက်လာ၏။ ထို့နောက် သူ သွားရမည့် လမ်းကြောင်းကို ဆုံးဖြတ်ပြီး ဖြည်းဖြည်ချင်း ခရီးနှင်လာတော့သည်။

ပျံသန်းဖို့ကတော့ မေးနေစရာပင်မလိုပါ။ သူသာ ပျံသန်းခဲ့ပါက မရေမတွက်နိုင်သော ပျံသန်းနိုင်သည့် သားရဲများ၏ သတိပြုမိခြင်းကို ခံရကာ သေသည့်အထိ ဝန်းရံတိုက်ခိုက်ခံရလိမ့်မည် ဖြစ်သည်။ ပြီးခဲ့သော နှစ်များက မြူတောင်တန်းထံ ဝင်ရောက်နိုင်သော ဘေးကင်းသည့် လမ်းကြောင်းငယ်အချို့ ရှိခဲ့၏။ ဟန်လိက အနီးဆုံးလမ်းကြောင်းထံ ဦးတည်သွားနေသည်။

ထိုဥမင်လမ်း၏ ဝင်ပေါက်မှာ သိပ်မဝေးပေ။ သူ့အတွက် ထိုနေရာသို့ ရောက်ရန် နည်းနည်းသာ အားစိုက်ထုတ်ဖို့ လိုလိမ့်မည်။

သစ်ပင်ကြီးတချို့၏ နောက်ကွယ်တွင် ပုန်းကွယ်၍ ဟန်လိသည် ကောင်းကင်တမျှ ကြီးမားလှသည်ဟု ယူဆနိုင်သော အကန့်အသတ်မဲ့မြူများကို ကြည့်၍ အမှန်တကယ် မင်သက်မိနေ၏။

ဟန်လိသည် ထိုထူထဲသော မြူထဲသို့ သုံးမီတာလောက်အထိပင် မမြင်ရနိုင်ပေ။

သည်တောင်ပေါ်သို့ နေလပုလဲ မတည်ရှိခင်တုန်းက မည်သူကမျှ မတက်ဝံ့တာ အံ့အားသင့်စရာ မရှိတော့ပါ။

အခုထိ မြူများက သိပ်သည်းထူထဲလွန်းသဖြင့် သည်တကြိမ် အဖိုးတန်ပုလဲကို ကိုင်ထားသော မှော်စင်ရဲတိုက်မှ တပည့်များက မြူများကို ဖယ်ရှားရန် ခုထိ သူတို့၏ မန္တာန်ကို အသက်မသွင်းရ သေးပုံ ပေါ်သည်။

ထိုသို့ စဉ်းစားကာ သစ်ပင်နောက်တွင် ရပ်၍ ဟန်လိက တိတ်တဆိတ် စောင့်နေသည်။

မြူများနှင့် မျက်နှာချင်းဆိုင် ဟန်လိ စောင့်နေသော နေရာ၌ သစ်ပင်ခြုံနွယ် ထူထဲ၏။ သည်နေရာတွင် လူဆယ်ယောက်လောက် ပုန်းနေဖို့ ဘာပြဿနာမျှ မရှိပါ။

ဟန်လိက သူ့ဘေးပတ်လည်တွင် တခြားသူများ၏ တည်ရှိမှုကို ရှာမတွေ့သော်လည်း သူ့အနီးအနားတွင် တခြားသူများက ကျိန်းသေပေါက် ရှိနေမည်ကို သူ သိသည်။ တောင်ပေါ်သို့ တက်လှမ်းရန်သာ စောင့်နေသည်ဖြစ်၍ တခြားသူများက သူ ရောက်လာတာကို အာရုံမစိုက်ကြခြင်း ဖြစ်၏။

အချိန် ကုန်လာခဲ့သည်။

ဟန်လိက သုံးလေးနာရီလောက် စောင့်နေပြီးနောက် အနောက်တောင်ဘက်အစွန်းမှ ကြောက်မက်ဖွယ် စိတ်ဝိညာဉ်စွမ်းအားများ တိုးဝင်လာနေသည်ကို ရုတ်တရက် ခံစားမိသည်။ သည့်နောက်တွင် အဝေးတစ်နေရာရှိ ကောင်းကင်ထက်သို့ အဖြူရောင်အလင်းတိုင်လုံးတစ်ခု မြင့်တက်လာသည်။ မြူများ၏ အထက်၌ အလင်းစက်ဝန်းကြီး ပေါ်လာ၏။ ထိုအလင်းစက်ဝန်းသည် ခုမှ စဖွဲ့တည်တာ ဖြစ်သော်လည်း အလင်းတိုင်လုံးသည် ရပ်တန့်အုံးမည့် အရိပ်အယောင် မရှိနေပေ။ အလင်းစက်ဝန်းထဲ စွမ်းအားများ အဆက်မပြတ် သွန်းလောင်းပေးနေသည်။

ထို့ကြောင့် အလင်းစက်ဝန်းက ကြီးသထက် ကြီးလာ၏။ ပိုပို၍ တောက်ပလာ၏။ နောက်ဆုံး၌ ကောင်းကင်ထက်တွင် နေအသစ်တစ်စင်း မြင့်တက်လာသည့်အလား ထင်ရကာ လူတိုင်းသည် ၎င်းကို ကြည့်ပင် မကြည့်ဝံ့ ဖြစ်ကုန်သည်။

တအောင့်ကြာပြီးနောက် အလင်းတိုင်လုံးက မြင်ကွင်းကနေ ပျောက်ကွယ်ကာ ကောင်းကင်ထက်၌ လွင့်မြောနေသော ဧရာမအလင်းစက်ဝန်းတစ်ခုသာ ကျန်ခဲ့လေ၏။

သို့ပေမည့် အလင်းစက်ဝန်း တည်ရှိသည့် အချိန်မှာ တိုတောင်းလွန်း၏။ မျက်စိတမှိတ်အတွင်း ၎င်းသည် ပုံစံ စပျက်ယွင်းလာသည်။ ထိုကဲ့သို့ အံ့ချီးဖွယ် မြင်ကွင်းက ဟန်လိကို ပါးစပ်ဟောင်းလောင်း ဖြစ်စေ၏။ အနား တိုးကပ်ဖို့ပါ သူ မေ့သွားသည်။

ဘန်း..။ ကျယ်လောင်သော ဟိန်းမြည်သံနှင့်အတူ အလင်းစက်ဝန်းသည် နောက်ဆုံး၌ ကောင်းကင်အမြင့်တွင် ပေါက်ကွဲထွက်သည်။ ထိုအခါ လက်သီးစုပ်ခန့် လှပသော အလင်းစက်များ လွင့်မြော၏။ ယင်းတို့သည် အလင်းမိုးများ ရွာသွန်းသည့်နှယ် မြူများထံ တလက်လက် သက်ဆင်းလာသည်။

အဖြူရောင်အလင်းစက်ဝန်းလေးများက မြူထူထူထဲ ကျဆင်းချိန်၌ အနီးအနား ရှိမြူများသည် ၎င်းတို့ထံ အသည်းအသန် တိုးဝင်လာ၏။ သို့သော် အလင်းစက်ဝန်းများနှင့် ထိမိသော မြူများက ချက်ခြင်း လွင့်ပြယ်သွား၏။ အလားတူပင် စက်ဝန်းများ၏ အလင်းဓာတ်မှာလည်း မှိန်ဖျော့သွားသည်ပင်။

ဟန်လိက ဖြစ်ပျက်သမျှကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ သူ့တဘဝလုံး၌ ဒီလောက် ခမ်းနားကြီးကျယ်သော မှော်ရတနာတစ်ခု၏ အစစ်အမှန်ခွန်အားကို မြင်ဖူးတာ အခုက ပထမဆုံးအကြိမ် ဖြစ်သည်။ တုန်လှုပ်နေပြီးနောက် ဟန်လိ၏ စိတ်နှလုံးအတွင်းနက်ပိုင်း၌ မနာလိုမှု၊ လိုချင်တပ်မက်မှု ခံစားချက်များ ပြည့်လာသည်။

မြူနှင့်အလင်းစက်ဝန်းများကြား ရုန်းကန်တိုက်ခိုက်မှု ပြီးသည့်နောက် နောက်ဆုံး၌ မြူများသည် တဖြည်းဖြည်း ပါးလှပ်လာသည်။ ထိုအခါ အန္တရာယ်များလှသော တောင်တန်းက ဟန်လိနှင့် တခြားသူများ၏ ရှေ့တွင် ပထမဆုံး ပေါ်လာသည်။

“ဘယ်လောက်တောင် မြင့်မားလိုက်တာလဲ…”

သည်တောင်တန်းများကို ကောင်းစွာ မြင်ရသည့်အခါ ကျင့်ကြံသူများထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာ၏။ ဟန်လိလည်း ချွင်းချက်မဟုတ်ပေ။

သူတို့ရှေ့ရှိ တဆက်တည်းတည်ရှိသော တောင်တန်းကြီးက အမှန်တကယ် လန့်စရာ ကောင်းလောက်အောင် မြင့်မားလွန်းလှသည်။

တောင်တန်း၏ အမြင့်မှာ သုံးကီလိုမီတာလောက် ရှိမည်။ တောင်၏ ထိပ်ပိုင်းမှာ တိမ်စိုင်များ ကွယ်ဖုံးနေ၍ မမြင်ရပေ။ တောင်၏ အပြင်ဘက်ပိုင်းပေါ်မှာ အငူအစွန်းများ၊ ကျောက်တုံးကျောက်ခဲများစွာ ရှိနေသည်။ မြင်ရသူတိုင်း၏ စိတ်နှလုံးကို ပို၍ အံ့အားသင့်စေသည်က သည်တောင်၏ အစွန်းနှစ်ဖက်သည် အနှိုင်းအဆမဲ့သော အကွာအဝေးထိ ချဲ့ကားသွားခြင်းပင်။ လူတစ်ယောက်အဖို့ ဒီတောင်၏ အစွန်းတဖက်ကို တွေ့ရဖို့ ခရီးနှင်ပါက အချိန်မည်မျှ ကြာလိမ့်မည်ကို မသိရနိုင်ပါ။

သို့ပေမည့် ဟန်လိနှင့် တခြားသူများရှေ့ မြင်နေရသော တောင်တန်းကြီ၏ အစိတ်အပိုင်းကမူ သိသိသာသာ နိမ့်၏။ တခြား တောင်များလောက် မမြင့်မားပေ။ သည်တောင်တန်းပေါ်သို့ တက်ရောက်ဖို့ လမ်းတစ်ခု ဖြစ်နေသည့်အလား။

ခုချိန်၌ တောင်များအတွင်းကနေ သားရဲဟိန်းသံများကို ခပ်သဲ့သဲ့ ကြားရသည်။ ထိုအသံတို့က ထိတ်လန့်စရာကောင်း၏။ ဟန်လိသည် ခုလက်ရှိ၌ မိန်းမောတွေဝေစွာ သူ့ရှေ့ရှိ မြင်ကွင်းကို ငေးကြည့်နေမိသည်။

ဝှစ်…။ ထိုအသံနှင့်အတူ အဝါရောင်အရိပ်တစ်ခုသည် ဟန်လိဘက်ခြမ်းရှိ သစ်ပင်ခြုံနွယ်များအတွင်းမှ ထိုးထွက်သွား၏။ သူက နက်မှောင်သောတောင်ထံ ဦးတည်ပြေးဝင်ပြီး မြင်ကွင်းကနေ‌ ပျောက်ကွယ်သွားသည်။

ထိုသူ၏ လှုပ်ရှားမှုက ပုန်းကွယ်နေသော တခြားသူများကိုပါ စွဲဆောင်မှု ဖြစ်သွားပုံ ပေါ်သည်။ ချက်ခြင်းပင် တချိန်တည်းမှာ လူအများက ခုန်ထွက်၍ အတူတကွယ် ပြေးဝင်သွားသည်။

ဟန်လိက ခုထိ ထွက်မလာသေးပေ။ သူက သူနှင့်အတူ တူညီသောလမ်းကြောင်းမှ တောင်ထဲ ဝင်ရောက်မည့် အုပ်စုမှာ မည်သို့သော လူမျိုးများ ဖြစ်နေမည်ကို တိတ်တဆိတ် စောင့်ကြည့်ဖို့ စီစဉ်ထားသည်။

All Chapters