← Chapters

ဟန်လိ၏ အစီအစဉ်

Vol. 14 Ch. 196

ဟန်လိ၏ အစီအစဉ်

Vol. 14 Ch. 196

အချိန်ခဏကြာပြီးနောက် အပြာရောင်ဝတ်စုံနှင့် အေးစက်စက်ဟန်ပန်ရှိသော လူငယ်တစ်ယောက်၊ တာအိုဝတ်စုံနှင့် အသက်ကြီးကြီးရသေ့၊ မိုးပြာရောင်ဝတ်စုံနှင့် လှပကျော့ရှင်းသော အမျိုးသမီးငယ်တို့သည် တချိန်တည်းလိုလို ထွက်လာကြသည်။ သူတို့အားလုံးက မတူညီသော လမ်းကြောင်းများ တောင်ထံသို့ ဝင်ရောက်သွားသည်။

ဟန်လိသည် နောက်ထပ် ဆယ့်ငါးမိနစ်လောက် စောင့်နေသေး၏။ တခြား မည်သူမျှ ထပ်မပေါ်လာသည်ကို မြင်သည့်အခါ သူက သူ့မှော်ပစ္စည်းများကို တစ်မိနစ်လောက် နောက်ဆုံးအနေနဲ့ စစ်ဆေးပြီး ခုထိ မည်သူမျှ မရွေးချယ်သေးသော လမ်းကြောင်းထဲ ဝင်ရောက်သွားသည်။

ဟန်လိမသိသည်မှာ သူ ထွက်သွားပြီးနောက် မနေ့တုန်းက တွေ့ခဲ့သော ရုပ်စိုးစိုးလူကျုံးဝူသည် လမ်းကြောင်းတစ်ခု၏ ရှေ့တွင် ပေါ်လာတာကိုပင်။ ထိုသူက တောင်ထံ ဦးတည်သော နက်မှောင်သောလမ်းတစ်ခုထံ စိုက်ကြည့်ကာ အကြိမ်အနည်းငယ် ရယ်မောသည်။ ထို့နောက် သူက တောင်ခြေတောအုပ်ထဲသို့ အဝါရောင်အစက်အပြောက်ဆယ်ခုလောက်ကို ပျံသန်းဝင်သွားစေသည်။ ယင်းနောက်တွင် သူက ၎င်းတို့နောက်သို့ တည်ငြိမ်စွာ လိုက်သွားတော့၏။

သည်အချိန်၌ တားမြစ်ဧရိယာ၏ ဝင်ပေါက်အတားအဆီးတွင် ဂိုဏ်းကြီးခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများက တားမြစ်ဧရိယာအရပ်ထံသို့ စိတ်ပူပန်တကြီး ကြည့်နေကြ၏။ ထိုသူများထဲ၌ ဟန်လိတို့ဂိုဏ်း၏ ဘိုးဘေးလီလည်း ပါသည်။

သို့ပေမည့် သူက သူ့တပည့်များကို စိုးရိမ်နေတာလား၊ သို့တည်းမဟုတ် သူ၏ လောင်းကြေးအပေါ် ပို၍ စိုးရိမ်မှု ရှိနေတာလားကိုမူ မည်သူကမျှ သိနိုင်မည် မဟုတ်ပါ။

ဗလာသန့်စင်ဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူ တာအိုရသေ့၏ စိတ်အခြေအနေ ကောင်းမနေပေ။ လမျက်နှာဖုံးဂိုဏ်းမှ လူထူးဆန်းစီနီယာချောင်က သူ၏ လောင်းကြေးကိစ္စတွင် အတင်းကြာဝင်လာသည့်အချိန်မှစ၍ သူ့ထံ၌ ဒီလောင်ကြေးအပေါ် အနိုင်ရမည်ဟု ယုံကြည်မှု မရှိတော့တာ ဖြစ်၏။ ခုချိန်၌ သူသည် သူ၏ အကျိုးအမြတ်၊ ဆုံးရှုံးမှုတို့အပေါ် ပူပန်နေတာ သိသာသည်။

ထိုသည်က အံ့အားသင့်စရာ မဟုတ်ပါ။ ရေနဂါး၏ အတွင်းဒျန်ထံမှ သွေးကို ရဖို့မှာ အင်မတန် ခက်၏။ သူ့အနေဖြင့် ၎င်းကို ရဖို့ သူ့မိသားစု၏ အင်အားအများအပြားကို သုံးစွဲခဲ့ရသည်။ သူသာ ၎င်းကို တစ်စုံတစ်ယောက်ထံ အလွယ်တကူ ဆုံးရှုံးသွားပါက သူ၏ စိတ်အင်အားမှာ မြင့်မားနေလျှင်ပင် နှလုံးနာကျင်ရ၍ နှစ်ချီကြာအောင် အိပ်မပျော်နိုင် ဖြစ်သွားလောက်၏။

တာအိုရသေ့က သည်အုပ်စုထဲရှိ လမျက်နှာဖုံးဂိုဏ်းမှ ခေါင်းဆောင် အမျိုးသမီးငယ် နတ်သမီးနိချန်ကို လှမ်းလှမ်းကြည့်နေ၏။

သည်အမျိုးသမီးကသာ အခု ရှိနေသော ဂိုဏ်းခုနစ်ဂိုဏ်းလုံး၏ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများကြား၌ စိုးရိမ်ပူပန်ဟန် မပေါက်နေတာ ဖြစ်၏။

တာအိုရသေ့က သူမ၏ ပြုံးယောင်သမ်းနေသောဟန်ပန်ကို မြင်ရလေလေ သူ့စိတ်ထဲရှိ ပူပန်မှုက ပိုတိုးလာလေပင်။ သူ၏ ရေနဂါး၏ အတွင်းဒျန်က သူ့အိတ်ကပ်ထဲကနေ တဖက်သူထံ ပျံသန်းသွားတော့မလားဟု ခံစားမိနေသည်။

ထိုသို့တွေးမိလေလေ သူ့အမူအရာမှာ ပိုပျက်လာလေပင်။ ထိုသည်ကို မသိသော သူများကမူ သူက တားမြစ်ဧရိယာထဲ ဝင်သွားသော သူ့ဂိုဏ်းမှ တပည့်များအပေါ် အစိုးရိမ်ကြီး စိုးရိမ်နေတာဟု ထင်မြင်ကြလိမ့်မည်။

နောက်ထပ် အချိန်တချို့ ကြာလာသောအခါ တာအိုရသေ့က ဆက်၍ စိတ်ပူပန်မှုကို တောင့်မခံထားနိုင်တော့ပါ။ မည်သူမျှ အာရုံမစိုက်နေသည့် အခိုက်ကို အခွင့်ကောင်းယူကာ သူက ပူပန်ဟန်ပေါက်နေသော ဘိုးဘေးလီနား တိတ်တဆိတ် တိုးလာ၏။

“ဘိုးဘေးလီ….ဒီတစ်ကြိမ် ခင်ဗျားတို့ လွှတ်လိုက်တဲ့ အဝါရောင်မေပယ်တောင်ကြားရဲ့ တပည့်တွေက အတော်လေး အရည်အချင်း ရှိတယ်မလား။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ဂိုဏ်းနှစ်ခုက တပည့်တွေ ပေါင်းရင်တော့ စီနီယာချောင်က တကယ်ပဲ လောင်းကြေး ရှုံးမှာမလား။ ကျုပ်လည်း ဗလာသန့်စင်ဂိုဏ်းက တပည့်တွေအပေါ်တော့ ယုံကြည်မှုအချို့ ရှိပါတယ်…”

“ခင်ဗျား ဘာ ပြောဖို့ ကြိုးစားနေတာလဲ။ တာအိုရသေ့…ခင်ဗျားက ကျုပ်တို့ အဝါရောင်မေပယ်တောင်ကြားအပေါ် အထင်အမြင် သေးနေတာလား…”

သူ့စကားကို ကြားသည့်အခါ ဘိုးဘေးလီက မကျေမနပ်ဖြင့် ပြန်တုန့်ပြန်သည်။

“ဟားဟား…အဲ့လို မဟုတ်ရပါဘူး။ ဒီတာအိုရသေ့က ဒီတစ်ကြိမ် လမျက်နှာဖုံးဂိုဏ်းက စေလွှတ်လိုက်တဲ့ တပည့်တွေနဲ့ ပတ်သတ်ပြီး နည်းနည်းများ ထူးခြားနေလားလို့ ခံစားမိလို့ပါ…” တာအိုရသေ့က ရယ်ကာမောကာဖြင့် ပြုံး၍ ရှင်းပြသည်။

“မင်း တစ်ယောက်တည်း မဟုတ်ဘူး။ ကျုပ်လည်း တစ်ခုခု မူမမှန်တာ ခံစားမိတာပဲ။ လမျက်နှာဖုံးဂိုဏ်းက စေလွှတ်ခဲ့တဲ့သူတွေအားလုံးက ငယ်ရွယ်သူတွေပဲ။ ဒါ့အပြင် အမျိုးသား၊အမျိုးသမီးတွဲပြီးတော့ပါ စေလွှတ်ခဲ့သေးတယ်။ သူတို့က ဒီတားမြစ်ဧရိယာကို ကစားကွင်းများ မှတ်နေလား မသိဘူး…”

ဘိုးဘေးလီက ထိုသို့ ပြောလိုက်၏။

တာအိုရသေ့က ဘိုးဘေးလီ၏ စကားကို ကြားသည့်အခါ သူက ထပ်ခါထပ်ခါ ခေါင်းညိတ်သည်။

“ဒါပေမဲ့…ရောင်းရင်းရသေ့ စိတ်အေးအေးထားပါ။ လောင်းဝံ့မှတော့ ကျုပ် ဂိုဏ်းက တပည့်တွေအပေါ် ယုံကြည်မှု အချို့ ရှိပါတယ်။ သူတို့ရဲ့ ခွန်အားဟာ ခင်ဗျားတို့ဂိုဏ်းက တပည့်တွေထက်တော့ နိမ့်လိမ့်မှာ မဟုတ်ဘူး…”

ဘိုးဘေးလီက တာအိုရသေ့ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် တချက်ကြည့်ကာ ထိုသို့ ပြောလိုက်သည်။ သူ၏အသံ၌ စိတ်အားတက်ကြွမှုအချို့ ပါဝင်နေသည်။

“ဟားဟား…မိတ်ဆွေကြီးက ဒီလိုပြောမှတော့ ကျုပ် အများကြီး စိတ်အေးရပါပြီ။ ဒါ့ကြောင့် ကျုပ် ခင်ဗျားကို ဆက်ပြီး မနှောက်ယှက်တော့ပါဘူး…”

တာအိုရသေ့က သူ စိတ်ထဲမှ လိုချင်နေသော အဖြေကို ဘိုးဘေးလီထံကနေ ကြားရပြီးနောက် စိတ်အေးသွားမိသည်။ သူက ခုမှစ၍ နောင်လာမည့် ရက်အချို့တွင် သိလာရမည့် ရလဒ်များကို ငြိမ်သက်စွာ စောင့်နေတော့သည်။

တာအိုရသေ့ ထွက်သွားသည့်နောက် ဘိုးဘေးလီက နှာခေါင်းရှုံ့၏။ သူက သူ့တကိုယ်စာသာ ကြားရသော လေသံဖြင့် တီးတိုးရေရွတ်သည်။

“မျက်နှာပြောတိုက်တဲ့ ရသေ့အိုကြီး ဖန်ယွမ်ဇီ..မင်းက ငါ့ရှိ ဘာအတွက် စကားလာပြောမှန်း ငါ မသိဘူးများ ထင်နေလို့လား။ ငါတို့ ဂိုဏ်းနှစ်ခု လက်တွဲပြီး လမျက်နှာဖုံးဂိုဏ်းကို အနိုင်ရဖို့ မင်း မျှော်လင့်နေတာမလား။ မင်းရဲ့ ဗလာသန့်စင်ဂိုဏ်းက တပည့်တွေကလည်း ငါ့ဂိုဏ်းက တပည့်တွေထက် သာလိမ့်မယ်လို့ ထင်နေတာမလား။ ဟားဟား…မင်းရဲ့ ဂိုဏ်းက တပည့်တွေက ဘယ်လိုဘယ်ပုံ အထင်ကြီးစရာ ရှိနေလဲ ငါ မသိပေမဲ့ ဒီတစ်ကြိမ် ငါတို့တောင်ကြားဟာ ချီစုဆောင်းခြင်းထိပ်ဆုံးအဆင့် သုံးယောက်ကို စေလွှတ်ခဲ့တယ်ကွ။ အဲ့လိုမှမဟုတ်ရင် ငါက မင်းနဲ့ အလောင်းအစား လုပ်လိမ့်မယ်လို့ ထင်နေတာလား…”

ဘိုးဘေးလီက ထိုသို့ ပြောနေရင်း သူ့မျက်နှာထက်တွင် ဉာဏ်များဟန် ဖြတ်ခနဲ ပေါ်သွားသည်။ သို့သော် ထိုအရိပ်အယောင်မှာ ခဏလေးအတွင်း ပြန်ပျောက်ကွယ်သွား၏။ သူသည်လည်း ကိစ္စရပ်များကို ဖုံးကွယ်ထားနိုင်သော ဉာဏ်များသည့် မြေခွေးအို တစ်ယောက်ဖြစ်တာ သိသာသည်။

ဟန်လိက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများ၏ အကြံအစည်များကို သိမနေတာ သဘာဝပင်။ ခုလက်ရှိ သူ့လမ်းတွင် နီညိုရောင်တောဝက် တစ်ကောင် ပိတ်ခံနေ၏။

သည်တောဝက်က ခဏကိုယ်ကြီးမားလွန်းပြီး ၎င်း၏အရောင်ကလွဲ၍ သာမန်တောဝက်များနှင့် ပုံစံအတူတူပင်။

ဟန်လိက ထိုသားရဲကို မြင်သည်နှင့် ဒီတောင်တွေ တွေ့ရများသော နတ်ဆိုးသားရဲများထဲမှ တစ်ကောင်မှန်း ချက်ခြင်းသိသည်။ ထိုသားရဲသည် ကြမ်းတမ်းသော အရေပြား၊ ခွန်အားကြီးခြင်းအပြင် ကျောက်သားအရေပြား မှော်အစွမ်းကိုသာ မွေးရာပါ သိထားသည်။ ၎င်း၏ ဉာဏ်ရည်က နိမ့်၏။ သို့ဖြစ်၍ ၎င်းကို ရင်ဆိုင်ဖို့က မခက်ပေ။

ထိုတောဝက်သားရဲက မာန်ချီသံ အနည်းငယ်ပေး၏။ ဖြတ်ခနဲ အဝါရောင်အလင်းနှင့်အတူ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် တောက်ပသောအဖြူရောင်ကျောက်သား ချပ်ဝတ်နှင့် ခြုံလွှမ်းသွားသည်။ ထို့နောက် ၎င်းက ဟန်လိထံ ကြမ်းတမ်းစွာ ပြေးဝင်လာသည်။

ဟန်လိ၏ အမူအရာက ပြောင်းလဲမသွားပေ။ သူက နေရာတွင်သာ ရပ်နေပြီး ၎င်းသားရဲ သူနှင့် မီတာနှစ်ဆယ်လောက်အကွာ ရောက်လာသည့်အထိ စောင့်နေ၏။ ထို့နောက် သူ့လက်ကို ဝေ့ယမ်းကာ သူ့ပုံရိပ်သည် ဖြတ်ခနဲ ဖြစ်သွားသည်။ သူက ထိုသားရဲ၏ နောက်သို့ ချက်ခြင်း ရောက်သွားလေသည်။

၎င်း၏ကြီးမား‌သော ခန္ဓာကိုယ်က ဟန်လိမူလက ရပ်နေသော နေရာနှင့် ဆယ်ပေကျော်လောက်ထိ ထပ်ရောက်သွား၏။ ထို့နောက်တွင် ၎င်း၏ခန္ဓာကိုယ်သည် နှာခေါင်းကနေ အမြှီးထိ ထက်ပိုင်းကွဲထွက်သွားကာ အတွင်းအင်္ဂါအစိတ်အပိုင်းများ မြေပေါ်ထွေးလုံး ကျသွား၏။ ၎င်းတောဝက်သားရဲမှာ ဟန်လိ၏ ကြိုးမျှင်မှော်လက်နက်၏ ဖြတ်ပိုင်းခြင်းကို ခံလိုက်ရပေပြီ။

ဟန်လိက သည်ကြိုးမျှင်ကို ပြန်ရုတ်သိမ်း၏။ ထိုတောဝက်သားရဲထံ တချက် လှမ်းကြည့်ပြီး သူက ခေါင်းအနည်းငယ် ယမ်းကာ သစ်ပင်ထိပ်ပေါ် ခုန်တက်၍ သည်နေရာကနေ ထွက်သွားတော့သည်။ ထိုသို့ ချက်ခြင်း ထွက်သွားသည့် အကြောင်းမှာ သားရဲများ၏ အလောင်းက အနံ့ခံကောင်းသော တခြားသားရဲများစွာ ထပ်ရောက်လာအောင် စွဲဆောင်နိုင်သောကြောင့်ပင်။ သူ့အတွက် တတ်နိုင်သမျှ အမြန်ထွက်သွားတာ အကောင်းဆုံး ဖြစ်သည်။

ဟန်လိ ဒီတောင်၏ တောအုပ်ထဲ ဝင်လာခဲ့တာ နာရီအချို့ ရှိလာခဲ့ပြီ။ သည်အချိန်တိုအတွင်း သူသည် ကံကောင်းစွာဖြင့် နတ်ဆိုးသားရဲလေးကောင်နှင့် တွေ့ကြုံခဲ့ရသည်။

ထိုသားရဲလေးကောင်တွင် သုံးကောင်မှာ အဆင့်နိမ့်သားရဲများဖြစ်၍ ဟန်လိက တချက်တည်းဖြင့် လွယ်လွယ်ကူကူ လက်စတုန်းပေးခဲ့သည်။ သို့သော် အလယ်အဆင့် သားရဲဖြစ်သော ငါးရောင်စုံအမြှီးဒေါင်းကမူ သူ့ကို အတော်လေး ခေါင်းကိုက်စေခဲ့သည်။ ကံကောင်းစွာဖြင့် ထိုငှက်သားရဲ၏ အမြန်နှုန်းက သိပ်မမြန်တာ ဖြစ်၏။ သို့ဖြစ်၍ ဟန်လိသည် သူ၏ လှုပ်ရှားမှုပညာရပ်ကို လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။ သူက ၎င်းငှက်ကို သူ့နောက်တွင် အသက်တရှိုက်စာအချိန်အတွင်း ချန်ထားရစ်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။ ထိုသို့ဖြင့် သူသည် အကျိုးမရှိသော တိုက်ပွဲများကို ရှောင်လွှဲနိုင်ခဲ့သည်။

ယနေ့တွင် ဟန်လိသည် သစ်ပင်တစ်ပင်ကနေ တစ်ပင် ခုန်ပေါက်ကာ သွားနေရင်း သက်ပြင်းချမိသည်။

အခုချိန်၌ သူသည် ဒီတောင်၌ နတ်ဆိုးသားရဲများစွာ ရှိနေတာကို သေချာ သိလိုက်ပေပြီ။

အစပိုင်း၌ သူ တွေ့ခဲ့ရသော သားရဲများက အဆင့်နိမ့် ဖြစ်၍ ရင်ဆိုင်ဖို့ မခက်ခဲ့ပေ။ သို့သော် အချိန်တစ်ခု ကြာလာပြီး သူ ဒီတောင်၏ပိုနက်သော အစိတ်အပိုင်းထံ ဝင်လာသည့်အခါ အလယ်အဆင့်နှင့် အဆင့်မြင့် သားရဲများက ဟိုမှသည်မှ ပေါ်လာတော့သည်။ ထိုအချိန်၌ သူသည် သူ၏အမြန်နှုန်းကို အားပြု၍ ပြေးလာခဲ့ရုံကလွဲ၍ ပိုကောင်းသော တခြားနည်းလမ်းကို မစဉ်းစားနိုင်တော့ပေ။

စိတ်ဝိညာဉ်ဆေးပင်များနှင့် ပတ်သတ်သည့် တည်နေရာများအကြောင်း အချက်အလက်များ အလွန်နည်းပါးနေတာ အံ့အားသင့်စရာ မရှိတော့ပေ။ အရင်က သည်စမ်းသပ်ကွင်းကို လာခဲ့သော သူများသည် သူတို့၏ စွမ်းအားတဝက်ကို ဒီနတ်ဆိုးသားရဲများထံမှ ပုန်းကွယ်ဖို့အတွက် အသုံးပြုခဲ့ရသည်။ ကျန်သည့်အချိန်တွင်သာ သူတို့က တည်နေရာ ခုနစ်ခု၊ရှစ်ခုလောက်တွင် စိတ်ဝိညာဉ်ဆေးပင်များကို ရှာကြရ၏။ သို့သော် ရှာသည့်နေရာတိုင်း၌ စိတ်ဝိညာဉ်ဆေးပင်များကို တွေ့လိမ့်မည်ဟု အာမမခံနိုင်ပါ။

ကြည့်ရတာ လုံလောက်တဲ့ စိတ်ဝိညာဉ်ဆေးပင်တွေကို ရနိုင်ဖို့ ငါ့အတွက် အခွင့်အရေးဟာ သိပ်မမြင့်မားတဲ့ပုံပဲ…” ဟန်လိက အားပျက်ဟန်ဖြင့် ထိုသို့ တွေးမိသည်။

ခုလက်ရှိ ဟန်လိ ဦးတည်နေသော နေရာမှာ ခရမ်းမျောက်ပန်းများ ပေါက်ရောက်သည်ဟု မှတ်သားထားသော လှိုဏ်ဂူတစ်ခုထံသို့ပင်။

သူ သိထားသော သတင်းအချက်အလက်အပေါ် အခြေခံပါက ထိုတည်နေရာရှိ လှိုဏ်ဂူမှာ တန်ဖိုးကြီးကြီးမားမား ရှိမနေပေ။ သည်လှိုဏ်ဂူကို လွန်ခဲ့သော နှစ်ရာချီကျော်လောက်က တစ်ကြိမ် ရိတ်သိမ်းခဲ့ကြပြီး ဖြစ်၏။ အထဲ၌ ကျန်နေသေားသော ဆေးအပင်အမယ်များသည် ရင့်မှည့်ဖို့ တာဆူနေသော မျိုးစေ့အချို့သာ ဖြစ်လောက်မည်။ ထိုသို့သော မရင့်မှည့်သည့် မျိုးစေ့အပင်ပေါက်များကို ဆေးလုံးများ ဖော်စပ်ရာ၌ အသုံးပြု၍ မရပေ။

“မျိုးစေ့တွေလား…” ဟန်လိက ထိုသို့ တွေးမိသည့်အခါ သည်အခိုက်၌ မပြုံးမိဘဲ မနေနိုင် ဖြစ်မိသည်။

သူ့အတွက် လိုအပ်သည်မှာလည်း ဒီမျိုးစေ့အပင်ပေါက်များသာ ဖြစ်သည် မဟုတ်လား။

ထို့ကြောင့်လည်း သူက တားမြစ်ဧရိယာသို့ စွန့်စား ဝင်ရောက်ဝံ့ခဲ့ခြင်း၊ စိတ်ဝိညာဉ်ဆေးပင်များကို ရဖို့ ကျွမ်းကျင်သူများအလယ်၌ ကျားပါးစပ်မှ အစာကို အလစ်နှိုက်ဖို့ ကြိုးစားဝံ့ခြင်း ဖြစ်သည်။ သူက တခြားဂိုဏ်းမှ တပည့်များနှင့် တတ်နိုင်သမျှ ပွတ်တိုက်မှု မဖြစ်အောင် ရှောင်မည် ဖြစ်သည်။ ထို့နောက်တွင် သူသည် တခြားနေရာအချို့ထံ အမြန်ပြေးသွားနိုင်ကာ တခြားသူများ၏ အမြင်၌ အသုံးမဝင်သော ဆေးအပင်ပေါက်များကို စုဆောင်းနိုင်လိမ့်မည် ဖြစ်၏။

သည်မျိုးစေ့များကို သူနှင့်အတူ ပြန်ယူလာနိုင်ခဲ့ချိန်၌ သူက ဆန်းကြယ်သော ပုလင်းထံမှ အစိမ်းရောင်အရည်ကို အသုံးပြုကာ ၎င်းတို့၏ ကြီးထွားနှုန်းကို အရှိန်မြှင့်ပေးမည် ဖြစ်သည်။ သည်နည်းလမ်းဖြင့် သူသည် ရင့်မှည့်သော ဆေးပင်အမယ်များကို တိုက်ရိုက်ခူးယူခြင်းနှင့် သိပ်ကွာခြားတော့မည် မဟုတ်ပေ။

သူက ဦးလေးမာက တားမြစ်ဧရိယာ၏ အပြင်ဘက်၌ မျိုးစေ့များကို အချိန်ကြာကြာ ထိန်းသိမ်းစိုက်ပျိုး၍ မရမှန်း သိခဲ့ပြီး ဖြစ်သော်လည်း မည်သို့ပင်ဖြစ်ပါစေ သည်မျိုးစေ့များမှာ တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်လောက် ရှင်သန်နိုင်အုံးမည်သာ။ ထိုမျှအချိန်က သူ့အဖို့ လုံလောက်ပေပြီ။ တကယ်တော့ အခြေခံတည်ဆောက်ခြင်း ဆေးလုံး ဖော်စပ်ဖို့ အသုံးပြုရာ၌ သည်ဆေးပင်များ၏ သက်တမ်းသည် အလွန်ရှည်လျားဖို့ မလိုပါ။ ဆေးပင် သက်တမ်းက နှစ်လေးငါးရာလောက်ဆို ဆေးလုံးများ ဖော်စပ်ဖို့ အသုံးပြု၍ ရပြီ ဖြစ်သည်။

အခုအခါ၌ တစ်ခုတည်းသော ခက်ခဲမှုမှာ နောက်လာမည့် သုံးရက်အတွင်း သူက စိတ်ဝိညာဉ်ဆေးပင်များကို လုံလောက်စွာ ရိတ်သိမ်းနိုင်၊ မရိတ်သိမ်းနိုင်ကို မသိခြင်းသာ ဖြစ်သည်။ အကြောင်းကား မျိုးစေ့များက ပေါက်ရောက်သော တည်နေရာများသည် နေရာအနှံ့တွင် ရှိနေသောကြောင့်ပင်။ ထို့အပြင် လမ်းတလျှောက်၌ နတ်ဆိုးသားရဲများ၏ အတားအဆီးအနှောက်အယှက် သို့မဟုတ် တခြားဂိုဏ်းမှ တပည့်များနှင့် ထိပ်တိုက်တွေ့နိုင်ခြင်းတို့ကြောင့် ဟန်လိသည် အရာရာမှာ မသေချာမရေရာဟု ခံစားမိနေ၏။

All Chapters