နတ်ဘုရားစွမ်းရည်များ ထုတ်သုံးခြင်း
Vol. 64 Ch. 881
ထိုတိုက်ကွက်ကြီးမှာ အချိန်ကိုက်ပေါ်ပေါက်လာခြင်း ဖြစ်၏။ ၎င်း ပေါ်ပေါက်လာချိန်တွင် ညာလက်ရုံး အကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တည်းထားနိုင်ရန် ကြိုးစားနေရသည်ဖြစ်ရာ ၎င်းအား ချက်ချင်း တားဆီးနိုင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ညာလက်ရုံး အကြီးအကဲကြီး မျက်စိမျက်နှာ ပျက်သွားစဉ်မှာပင် ဒုတိယမြောက် ဂြိုဟ်အဆင့် လက်ချောင်းကြီးမှာ ပေါက်ကွဲသွားတော့သည်။ ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် စွမ်းအားများမှာ ပြန်ပိတ်စပြုနေပြီဖြစ်သော အက်ကွဲကြောင်းထဲမှတစ်ဆင့် အပြင်သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွား၏။ ၎င်းတို့မှာ... ဘယ်လက်ရုံး အကြီးအကဲကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသောကြောင့် ထို အကြီးအကဲကြီးမှာ မျက်လုံးများ မှေးသွားရပြီး နောက်သို့ဆုတ်ခွာသွားရန် ချက်ချင်းကြိုးစားလိုက်တော့သည်။
သူသည် ဝမ်ပေါင်လဲ့၏ ပစ်မှတ် ဖြစ်နေသည်မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ သူသည် တာအိုဂါထာတော်နှင့် ဂြိုဟ်အဆင့် လက်ချောင်းကြီးတို့၏ ပေါက်ကွဲမှုများကို အသုံးပြုခဲ့လျှင်တောင် သက်တံ့ရောင် ပူစည်ဖောင်းကြီးထဲမှ ဖောက်ထွက်သွားနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားခဲ့ခြင်း မရှိပေ။ ထို့ကြောင့်လည်း သူသည် အစကတည်းက ဂြိုဟ်အဆင့် လက်ချောင်းကြီး၏ စွမ်းအားကိုအသုံးပြုကာ ဘယ်လက်ရုံး အကြီးအကဲကြီးအား သတ်ဖြတ်နိုင်အောင် ကြိုးစားကြည့်ရန် ကြံရွယ်ထားခဲ့ခြင်းဖြစ်သည်။
သူ အပြင်းအထန် ဒဏ်ရာရသွားသည်ဖြစ်စေ၊ သေဆုံးသွားသည်ဖြစ်စေ သက်တံ့ရောင် ပူစည်ဖောင်းကြီးအား အားဖြည့်ပေးနေသည့် လူတစ်ယောက် လျော့သွားမည်ဖြစ်ရာ ၎င်းမှာလည်း အားပျော့သွားရမည်သာ ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူ၏ အတွေးထဲ၌ နောက်ထပ်အကြံအစည်တစ်ခု ရှိနေသေးသည်။ ၎င်းမှာ ဘယ်လက်ရုံး အကြီးအကဲကြီး ထွက်ပြေးသွားမည့် အရပ်မျက်နှာအား စောင့်ကြည့်ရန် ဖြစ်သည်။
ထို အခြင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ တစ်အောင့်ခန့်အကြာတွင် ညာလက်ရုံး အကြီးအကဲကြီးမှာ အစွမ်းကုန်ကြိုးစား၍ တားဆီးခဲ့သည့်တိုင်အောင် ဘယ်လက်ရုံး အကြီးအကဲကြီးမှာ ဂြိုဟ်အဆင့် လက်ချောင်းကြီး၏ ပေါက်ကွဲမှုပြင်းအားများကြောင့် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရဆဲပင်။ သူ၏ ခန္ဓာကိုယ်မှာ ထို ပေါက်ကွဲမှုပြင်းအားများ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသဖြင့် သူသည် ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာရတော့သည်။ သူ ပြန်လည်တည်ဆောက်ထားရသည့် အပြင်ခန္ဓာကိုယ်မှာလည်း ထပ်၍ ပျက်စီးသွားရပြီး ယခုအကြိမ်တွင် သူ၏ နတ်ဘုရားဝိညာဉ်ပါ ထိခိုက်သွားရ၏။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထာဝရဝိညာဉ်အဆင့်မှ ဝိညာဉ်ကြားခံနယ်အဆင့်အထိ နိမ့်ကျသွားရတော့သည်။ သူသည် နောက်သို့ဆုတ်ခွာသွားနိုင်ခဲ့သဖြင့် အသက်ဘေးမှ သီသီကလေး လွတ်မြောက်သွားခဲ့ပါသော်လည်း ထာဝရကြယ်ပေါ်ရှိ အပူလှိုင်းများ၏ ဒဏ်ကို ခံစားလိုက်ရသဖြင့် သူ၏ ဝိညာဉ်မှာ မှုန်ဝါဝါး ဖြစ်လာရ၏။ ထို့ကြောင့် သူသည် အသံကုန် အော်ဟစ်မြည်တမ်းနေရင်း သူ၏ ညာဘက်အပေါ်ထောင့်ရှိ အမြင့်ဆုံးနေရာတစ်ခုဆီသို့ ချက်ချင်း ပျံတက်သွားလိုက်တော့သည်။
ထိုစဉ်တွင် သက်တံ့ရောင် ပူစည်ဖောင်းကြီးမှာ ထပ်၍ အားပျော့လာတော့သည်။ ၎င်းမှာ အတော်အသင့် ပြန့်ကားနေပြီဖြစ်ပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်၌ သက်ရောက်နေသည့် ဖိအားများမှာလည်း အတော်အတန် လျော့ကျသွားပြီဖြစ်သည်။
" လုံနန်ကျစ် " ဝမ်ပေါင်လဲ့မှာ သူတို့၏ ထောင်ချောက်ထဲမှ ဖောက်ထွက်သွားနိုင်ဆဲ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ညာလက်ရုံး အကြီးအကဲကြီး၏ မျက်ဝန်းများထဲ၌ ဒေါသမီးလျှံများ တောက်လောင်လာ၏။ သူသည် အသံကုန်အော်ဟစ်မြည်တမ်းကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထပ်၍ ထုတ်လွှတ်လိုက်ပြီး သက်တံ့ရောင် ပူစည်ဖောင်းကြီးထဲတွင် ရှိနေဆဲဖြစ်သည့် ဝမ်ပေါင်လဲ့အား ဆက်လက်ဖိနှိပ်ချုပ်တည်းထားနိုင်ရန် ကြိုးစားလိုက်တော့သည်။
သို့သော် နောက်ကျသွားခဲ့ပြီဖြစ်သည်...
" ဘာလို့ အဖေ့နာမည်ကို အော်ခေါ်နေရတာလဲကွ " ဝမ်ပေါင်လဲ့မှာ ဘယ်လက်ရုံး အကြီးအကဲကြီး ထွက်ပြေးသွားသည့် အရပ်မျက်နှာဘက်သို့ ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ််များ ပြည့်နှက်သွားတော့သည်။ သူသည် ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ အားပါပါ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ ပတ်ပတ်လည်တွင် ဓမ္မစစ်သင်္ဘောကြီးများ ပေါ်ပေါက်လာကြပြီး ၎င်းတို့အားလုံးမှာ ပေါက်ကွဲသွားကြတော့သည်။
" ပူစည်ဖောင်းလေး တစ်လုံးလောက်ကို မဖောက်ခွဲနိုင်စရာအကြောင်း ဘာရှိလဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးကာ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဖျတ်ခနဲလက်သွား၏။ ပူစည်ဖောင်းကြီးထဲ၌ ဓမ္မစစ်သင်္ဘောကြီးများ ပေါက်ကွဲသွားမည်ဆိုပါက ထိုပူစည်ဖောင်းကြီးသာမက ဝမ်ပေါင်လဲ့ပါ ထိခိုက်သွားရမည် မဟုတ်ပါလော။
သူသည် ဓမ္မစစ်သင်္ဘောကြီးများကို ထိန်းချုပ်နိုင်စွမ်းရှိနေပြီး ၎င်းတို့ ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာမည့် စွမ်းအားများ၏ ကိုးဆယ်ရာခိုင်နှုန်းခန့်အား အပြင်ဘက်သို့ ပျံ့နှံ့သွားအောင် ထိန်းကျောင်းပေးနိုင်စွမ်း ရှိသည့်တိုင်အောင် တုန်ခါမှုလှိုင်းများကို ခံစားလိုက်ရဦးမည်သာ ဖြစ်သည်။ ထို့အပြင် ပေါက်ကွဲသွားသည့် ဓမ္မစစ်သင်္ဘော အရေအတွက် ပိုများလာလေလေ ထို တုန်ခါမှုလှိုင်းများမှာ ပို၍ အားကောင်းလာလေလေ ဖြစ်နေမည်မဟုတ်ပါလော။
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုအချက်များအား ဂရုမစိုက်နိုင်တော့ပေ။ သူသည် ဓမ္မစစ်သင်္ဘော အစင်းရေငါးဆယ်တိတိအား ချက်ချင်း ထုတ်ယူလိုက်ပြီး အသံကုန်အော်ဟစ်လိုက်၏။ ထို့နောက် ညာလက်ရုံး အကြီးအကဲကြီး သူ့အား ဖိနေချုပ်တည်းနိုင်ရန် ကြိုးစားနေစဉ်မှာပင် သူသည် ထို ဓမ္မစစ်သင်္ဘောကြီးများအား ပေါက်ကွဲသွားစေလိုက်တော့သည်။
ထို ဓမ္မစစ်သင်္ဘော တစ်စင်းချင်းစီတိုင်း၏ ပေါက်ကွဲမှုပြင်းအားမှာ သာမန် ဓမ္မစစ်သင်္ဘောတစ်စင်း၏ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိနေမည်ဖြစ်ပါသော်လည်း ထိုကဲ့သို့သော ဓမ္မစစ်သင်္ဘော အစင်းရေငါးဆယ် တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားရမှ ထွက်ပေါ်လာသည့် စွမ်းအားမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေဆဲပင်။ ထို့ကြောင့် ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး သက်တံ့ရောင် ပူစည်ဖောင်းကြီးမှာ စတင်တုန်ရီလာရတော့သည်။ ထို့အပြင် ထို စစ်သင်္ဘောကြီးများမှာ ပထမဆုံးအသုတ်သာ ဖြစ်နေသေးသည်....
ထို့နောက် ဒုတိယအသုတ်၊ တတိယအသုတ်နှင့် စတုတ္ထအသုတ်များမှာ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာကြ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်အိတ်ထဲ၌ ဓမ္မစစ်သင်္ဘောကြီးများအား မကုန်မခန်းနိုင်လောက်အောင် ပိုင်ဆိုင်ထားသည့်အလား ၎င်းတို့အား အဆက်မပြတ် ထုတ်ယူကာ ပေါက်ကွဲသွားအောင် လုပ်နေတော့သည်။ သူ၏ ခန္ဓာကိုယ်ပင်လျှင် ပျက်စီးလုဆဲဆဲ အနေအထားသို့ ရောက်နေပြီဖြစ်သည့်တိုင်အောင် သူ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ညာလက်ရုံး အကြီးအကဲကြီးပင်လျှင် စိတ်ထဲ၌ တုန်လှုပ်ချောက်ချားသွားရ၏။
သူသည် မည်မျှပင် ဖိနှိပ်ချုပ်တည်းနေစေကာမူ သက်တံ့ရောင် ပူစည်ဖောင်းကြီးပေါ်၌ ပေါ်ပေါက်လာသည့် အက်ကွဲကြောင်းများကို လုံးဝ တားဆီးနိုင်စွမ်း မရှိပေ။ ၎င်းမှာ တာအိုဂါထာတော်ကြီး၏ စွမ်းအားများနှင့် ဂြိုဟ်အဆင့် လက်ချောင်းကြီးနှစ်ချောင်းတို့၏ ပေါက်ကွဲမှုပြင်းအားများကိုပါ တောင့်ခံထားခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းမှာ ၎င်း၏ မျက်နှာပြင်ပေါ်၌ ပေါ်ပေါက်လာသည် အက်ကွဲကြောင်းများအား အချိန်မီ ပြန်လည်ပြုပြင်နိုင်စွမ်း မရှိတော့ပေ။
ထို့ကြောင့် အက်ကွဲကြောင်းများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ပေါ်ထွက်လာကြ၏။ ဝမ်ပေါင်လဲ့ သူ၏ ဓမ္မစစ်သင်္ဘောကြီးများအား အဋ္ဌမအကြိမ်မြောက် ထုတ်ယူလိုက်သည့်အချိန်တွင် သက်တံ့ရောင် ပူစည်ဖောင်းကြီးမှာ ပျက်စီးသွားတော့မည့်ပုံ ပေါက်နေပြီဖြစ်သည်။ ထို့ကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ ရူးသွပ်မှု အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား တားဆီးလိုခြင်း မရှိတော့သည့်ပုံဖြင့် နောက်သို့ဆုတ်ခွာသွားတော့သည်။
သူ၏ လုပ်ရပ်ကြောင့် ဝမ်ပေါင်လဲ့ ခံစားနေရသည့် ဖိအားများမှာ လျော့ကျသွား၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ သုန်မှုန်သွားပြီး စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲလိုက်တော့သည်။
" ဒီကောင်က ငါ့ရဲ့ အကြံအစည်ကို ရိပ်မိသွားဝာာပဲ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး အနည်းငယ်ခန့် စိုးရိမ်တကြီး ဖြစ်သွားရ၏။ ထို့ကြောင့် သူသည် သူ ထုတ်ယူထားသည့် ဓမ္မစစ်သင်္ဘောကြီးများ၏ အရေအတွက်ကို တိုးမြှင့်ကာ ၎င်းတို့အား ပို၍ပင် လျင်မြန်စွာ ပေါက်ကွဲသွားစေလိုက်တော့သည်။ သူသည် သူ၏ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ဂရုမစိုက်ဘဲ ရက်စက်ကြမ်းကြုတ်မှု အပြည့်ရှိသည့်ပုံစံ ပေါက်နေပါသော်လည်း အမှန်တွင် သူ၏ အမူအရာများ၏ ငါးဆယ်ရာခိုင်နှုန်းခန့်မှာ ဟန်ဆောင်နေခဲ့ခြင်းသာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထို သက်တံ့ရောင် ပူစည်ဖောင်းကြီးအား ချက်ချင်း ဖောက်ခွဲနိုင်လိမ့်မည်မဟုတ်ကြောင်း သိထားသောကြောင့်ပင်။ ပူစည်ဖောင်းကြီး၏ အတွင်းပိုင်းထဲတွင် ဓမ္မစစ်သင်္ဘော အမြောက်အမြား တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာ၍ မဖြစ်ပေ။ အကယ်၍ သူသာ ၎င်းတို့အား အတင်းအဓမ္မထုတ်ယူကာ ဖောက်ခွဲပစ်လိုက်မည်ဆိုပါက သူ၏ ခန္ဓာကိုယ်မှာလည်း ထိုပေါက်ကွဲမှုများမှ ထွက်ပေါ်လာမည့် ပြင်းအားများကို တောင်ခံနိုင်စွမ်း ရှိနေမည်မဟုတ်ပေ။
ထို့ကြောင့် သူသည် အချိန်ဆွဲထားရန် လိုအပ်ပေသည်။ ထို့အပြင် သူသည် ထိုသို့ အချိန်ဆွဲထားနေစဉ် ညာလက်ရုံး အကြီးအကဲကြီးအား ပူစည်ဖောင်းကြီး၏ အနီးအနားတစ်ဝိုက်မှ ထွက်ခွာသွားခွင့် ပေး၍မဖြစ်ပေ။ အကယ်၍ ထို ညာလက်ရုံး အကြီးအကဲကြီးမှာ ထိုနေရာမှ ထွက်ခွာသွားမည်ဆိုပါက အချုပ်အနှောင်များကို ထပ်၍ ဖန်တီးနိုင်စွမ်း ရှိသွားမည် မဟုတ်ပါလော။
သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ့အား ထွက်ခွာမသွားအောင် တားဆီးနိုင်မည်ဆိုလျှင် သက်တံ့ရောင် ပူစည်ဖောင်းကြီး ပျက်စီးသွားသည့်နှင့် အပြင်ဘက်သို့ အောင်မြင်စွာ ဖောက်ထွက်သွားနိုင်မည်သာ ဖြစ်သည်။ ထို့နောက် သူသည် ညာလက်ရုံး အကြီးအကဲကြီး သူ့အား လိုက်လံဖမ်းဆီးနေစဉ် အရှိန်ကုန်မြှင့်တင်၍ ထာဝရကြယ်၏ အပြင်ဘက်သို့ ပျံထွက်သွားမည် ဖြစ်သည်။
သူသည် ဘယ်လက်ရုံး အကြီးအကဲကြီး ထွက်ပြေးသွားခဲ့သည့် အရပ်မျက်နှာအား သိရှိထားပြီးမဟုတ်ပါလော။ သူ ထွက်ပြေးသွားခဲ့သည့် ညာဘက်အပေါ်ထောင့်တွင် ဥပဒေသစွမ်းအားများ အားပျော့နေသည့် နေရာတစ်ခု ရှိရပေမည်။
ဝမ်ပေါင်လဲ့မှာ ထိုနေရာအား သိချင်သောကြောင့်လည်း မကြာသေးမီတုန်းက ဘယ်လက်ရုံး အကြီးအကဲကြီးအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။
သို့သော်... ယခုတွင်မူ ညာလက်ရုံး အကြီးအကဲကြီးမှာ သူ၏ အကြံအစည်များကို ရိပ်မိသွားပြီဖြစ်ရာ အခြေအနေများမှာလည်း ပြောင်းလဲသွားရတော့သည်။
" ဉာဏ်များလိုက်တဲ့ကောင် " ညာလက်ရုံး အကြီးအကဲကြီးမှာ ထိုသို့ရေရွတ်ကာ နောက်သို့ဆုတ်ခွာသွားလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ ပြည့်နှက်သွား၏။ သူသည် သူ၏ အမှားကို ရိပ်မိသွားပြီ ဖြစ်သည်။ အမှန်တွင် သူသည် အလျင်အမြန် ပြန်လည်တုံ့ပြန်နိုင်ခဲ့ရမည် ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့၏ လုပ်ရပ်များကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့ရခြင်း ဖြစ်၏။ သူသည် ဝာာအိုဂါထာတော်ကြီး၏ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများကို ခံစားခဲ့ရပြီး ဘယ်လက်ရုံး အကြီးအကဲကြီး၏ အခြေအနေအား အတိအကျ မသိခဲ့ရသည့်အပြင် ဂြိုဟ်အဆင့် လက်ချောင်းကြီးများနှင့် ဓမ္မစစ်သင်္ဘောကြီးများ၏ ပေါက်ကွဲမှုများကိုပါ ထပ်၍ ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလော။ ထို့အပြင် ဝမ်ပေါင်လဲ့မှာလည်း ပူစည်ဖောင်းကြီးထဲမှ အချိန်မရွေး ဖောက်ထွက်လာတော့မည့်ပုံစံ ပေါက်နေသည်ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့၏ အစီအစဉ်အတိုင်း အလိုလို လိုက်လုပ်မိသွားခဲ့ပြီး ထို ပူစည်ဖောင်းကြီးအား မိုက်မဲစွာ အားဖြည့်ပေးနေမိခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် သူ့ဆီတွင် အခြားနည်းလမ်းများ ရှိနေသေးသည် မဟုတ်ပါလော။ ၎င်းတို့ထဲမှ တစ်ခုမှာ ဝမ်ပေါင်လဲ့တစ်ယောက် သက်တံ့ရောင် ပူစည်ဖောင်းကြီးအား ဖောက်ခွဲနိုင်ရန် ကြိုးစားနေစဉ် သူ၏ ပတ်ပတ်လည်၌ နောက်ထပ် အချုပ်အနှောင်တစ်ခုကို ဖန်တီးရန် ဖြစ်သည်။ ထိုသို့သာဆိုပါက သူသည် ဝမ်ပေါင်လဲ့အား ထာဝရ ချုပ်နှောင်ထားနိုင်မည် ဖြစ်သည်။
သို့သော် သူ၏ တုံ့ပြန်မှုမှာ နှေးကွေးနေခဲ့သောကြောင့် သူသည် ဒုတိယ အချုပ်အနှောင်အား ဖန်တီးရန် အချိန်မရတော့ပေ။ ထို့ကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ မျက်ဝန်းများ အရောင်တောက်ပလာပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များဖော်ကာ နောက်သို့ဆုတ်ခွာသွားလိုက်ပြီး သူ၏ ဘေးဘီဝဲယာအား ခုနစ်ကြိမ်တိတိ လက်ညှိုးထိုးလိုက်တော့သည်။
သူ တစ်ကြိမ် လက်ညှိုးထိုးလိုက်တိုင်း ထာဝရကြယ်၏ အပူစွမ်းအားများ အနည်းငယ်ခန့် ပေါက်ကွဲထွက်ပေါ်လာ၏။ အကယ်၍ ထာဝရကြယ်ကိုသာ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်အဖြစ် မြင်ကြည့်လိုက်မည်ဆိုပါက ညာလက်ရုံး အကြီးအကဲကြီး၏ လုပ်ရပ်များမှာ ထိုသားရဲကြီးအား ရန်ဆွပေးနေသကဲ့သို့ ဖြစ်နေတော့သည်။ သူသည် ထိုသားရဲကြီးအား အတိုင်းအတာတစ်ခုအထိ ဒေါသထွက်လာအောင် လုပ်နေခြင်း ဖြစ်ပါသော်လည်း ၎င်းအား ယမ်းပုံမီးကျ ပေါက်ကွဲသွားသည့်အထိ လုပ်၍ မဖြစ်ပေ။ သူသည် ၎င်းအား ထိန်းချုပ်နိုင်စွမ်းရှိနေရန် လိုအပ်ပေသည်။
သူ ထိုသို့ လက်ညှိုးထိုးလိုက်သည်နှင့် အားကောင်းသော အငွေ့အသက်တစ်ခု ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာသဖြင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံးရှိ စည်းမျဉ်းဥပဒေသများ အားလုံးမှာ ပရမ်းပတာ ဖြစ်သွားကြတော့သည်။ တစ်ချိန်ထဲမှာပင် မြင့်မားသော အပူချိန်များကြောင့် ပေါ်ပေါက်လာရသည့် လေပြင်းများမှာလည်း ပို၍ပင် အားကောင်းလာတော့သည်။
သူ ခုနစ်ကြိမ်တိတိ လက်ညှိုးထိုးပြီးသွားချိန်တွင် မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် ထစ်ချုန်းသံကြီးတစ်သံ မြည်ဟည်းသွား၏။ ထို့အပြင် အလွန်အင်မတန်မှ ပူပြင်းသည့် မီးတောက်များလည်း ပေါက်ကွဲထွက်ပေါ်လာသည်။ ထို့ကြောင့် ထိုနေရာကြီး တစ်ခုလုံးမှာလည်း ပို၍ပင် ပရမ်းပတာ ဖြစ်လာရတော့သည်။ ထိုမျှသာမက နဂိုတုန်းက ဥပဒေသစွမ်းအားများ အားပျော့နေခဲ့သဖြင့် ထွက်ပေါက်တစ်ခုလို ဖြစ်နေခဲ့သော နေရာရှိ စွမ်းအားများမှာလည်း ပြန်၍ အားကောင်းလာတော့သည်။
ညာလက်ရုံး အကြီးအကဲကြီးမှာ သူသည် ဒုတိယမြောက် အချုပ်အနှောင်အား အချိန်မီ ဖန်တီးနိုင်လိမ့်မည်မဟုတ်ကြောင်း နားလည်ထားခဲ့၏။ ထို့ကြောင့် သူသည် ထာဝရကြယ်၏ မြင့်မားသောအပူချိန်အား အသုံးပြုကာ အရာအားလုံးကို ပရမ်းပတာဖြစ်သွားအောင် လုပ်လိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ တည်နေရာပြောင်းရွှေ့နိုင်စွမ်း ရှိတော့မည်မဟုတ်သလို ထာဝရကြယ် အပြင်ဘက်ခြမ်းပေါ်တွင် ရှိနေသည့် ဟာကွက်ကဲ့သို့ ဖြစ်နေသော နေရာကိုလည်း ဖယ်ရှားပြီးသား ဖြစ်သွား၏။ ထို့ကြောင့် ထာဝရကြယ်ထဲမှ ထွက်ပြေးလွတ်မြောက်နိုင်ရန်မှာ အများကြီးပို၍ ခဲယဉ်းသွားပြီ ဖြစ်သည်။
ထာဝရကြယ်များမှာ သာမန်ဂြိုဟ်များနှင့် မတူပေ။ သာမန်ဂြိုဟ်များထဲတွင် ရှိနေပါက အထက်သို့ ပျံတက်သွားရုံဖြင့် ဂြိုဟ်၏ လေထုထဲမှ ဖောက်ထွက်ကာ အာကာသထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။ သို့သော် ထာဝရကြယ်များမှာမူ ဥပဒေသစွမ်းအား အကာအရံများကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ အချိန်အတိုင်းအတာတစ်ခုအထိ ကုန်ဆုံးသွားပြီးမှ ဟာကွက်ရှိနေသည့် နေရာများ ပေါ်ပေါက်လာမည်ဖြစ်ပြီး လူများမှာ ထိုနေရာများမှတစ်ဆင့် အပြင်ဘက်သို့ ပျံထွက်နိုင်ကြမည် ဖြစ်သည်။ အခြားနေရာများကိုသာ ထိမိလိုက်မည်ဆိုပါက... ဧကန်မုချ သေဆုံးသွားရမည်သာဖြစ်သည်။
ထာဝရကြယ်ထဲမှ ထွက်ခွာနိုင်သည့် အခြားနည်းလမ်းတစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ အခြား ထာဝရကြယ်တစ်လုံးအား တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တစ်ခု၏ အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသုံးပြုခြင်းပင်။ ထိုသို့သာဆိုပါက ထို မန္တန်အစီအရင်မှာ ဥပဒေသစွမ်းအား အကာအရံများကို လျစ်လျူရှုကာ အောင်မြင်စွာ တည်နေရာပြောင်းရွှေ့ပေးနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ညာလက်ရုံး အကြီးအကဲကြီး၏ လုပ်ရပ်များမှာ ဝမ်ပေါင်လဲ့အား ပြေးပေါက်ပိတ်သွားအောင် လုပ်လိုက်ခြင်းနှင့် ဆင်တူပေသည်။ ထို့အပြင် ဤ ထာဝရကြယ်၏ စွမ်းအားများမှာ အားကောင်းပါသော်လည်း သူသည် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်ဖြစ်ရာ ၎င်းတို့အား တောင့်ခံနိုင်စွမ်း ရှိနေဆဲပင်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ဂြိုဟ်အဆင့်တွင် ရှိမနေသေးသောကြောင့် သူ ခံစားနေရသည့် အကျိုးသက်ရောက်မှုများမှာ ညာလက်ရုံး အကြီးအကဲကြီးထက် ပို၍ ပြင်းထန်နေ၏။
" ဒီ မျိုးမစစ်ကောင်လေး ထွက်မပြေးနိုင်သရွေ့ ငါ သူ့ကို သတ်နိုင်မှာပါ။ ဒီကောင် ဝှက်ဖဲတွေ ကုန်သွားလောက်ပါပြီ "