← Chapters

ဂြိုဟ်အဆင့် ရုပ်သေးရုပ်

Vol. 64 Ch. 882

ဂြိုဟ်အဆင့် ရုပ်သေးရုပ်

Vol. 64 Ch. 882

အစတွင် ညာလက်ရုံး အကြီးအကဲကြီး၏ တုံ့ပြန်မှုမှာ အနည်းငယ်ခန့် နှေးကွေးနေခဲ့သည်ဟု ဆိုနိုင်ပါသော်လည်း ယခုတွင် သူသည် စိတ်ကို တည်ငြိမ်အောင်ထားနိုင်လိုက်သဖြင့် သူ၏ လုပ်ရပ်များနှင့် ဆုံးဖြတ်ချက်များမှာ လက်ရှိအခြေအနေကြီးအတွက် အသင့်တော်ဆုံး ဖြစ်သွားပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ မျက်စိမျက်နှာ ပျက်သွားရ၏။ ထာဝရကြယ်ကြီးထဲတွင် လေပြင်းမုန်တိုင်းများ တိုက်ခတ်နေသည်ဖြစ်ရာ ဘယ်လက်ရုံး အကြီးအကဲကြီးကြောင့် သူရှာ‌တွေ့ခဲ့သည့် ဟာကွက်ရှိနေသော နေရာကြီးမှာ ဆက်ရှိနေနိုင်တော့မည်မဟုတ်ပေ။ သို့သော် သူသည် ညာလက်ရုံး အကြီးအကဲကြီး၏ လုပ်ရပ်များကို တားဆီးနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ထွက်ပေါ်လာရတော့သည်။ ယခုတွင် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ ဓမ္မစစ်သင်္ဘောကြီးများကို ထပ်၍ ဖောက်ခွဲပစ်လိုက်ပြီးနောက် သက်တံ့ရောင် ပူစည်ဖောင်းကြီးပေါ်ရှိ အက်ကွဲကြောင်းများအား ပို၍ ကြီးမားလာအောင် လုပ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ထိုသို့ဖြင့် ထို အက်ကွဲကြောင်းများ အရွယ်အစားကြီးမားလာပြီးနောက် အက်ကွဲသံများ ထွက်ပေါ်လာပြီး ပူစည်ဖောင်းကြီးမှာ စတင်ကွဲအက်လာတော့သည်။

၎င်း ကွဲအက်သွားသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ပတ်ပတ်လည်ရှိ အက်ကွဲကြောင်းများထဲမှတစ်ဆင့် အပြင်သို့ ထိုးထွက်သွား၏။ သူသည် အပြင်ဘက်သို့ ရောက်လာသောအခါ လူပုံစံ ပြန်ပြောင်းသွားပြီး ဓမ္မစစ်သင်္ဘော အစင်းတစ်ရာကျော်အား ထုတ်လွှတ်လိုက်သည်။ ထိုအခါ ထို စစ်သင်္ဘောကြီးများမှာ ညာလက်ရုံး အကြီးအကဲကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြ၏။ သူ၏ ခန္ဓာကိုယ်မှာမူ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အခြားအရပ်မျက်နှာတစ်ဘက်ဆီသို့ ပြေးထွက်သွားတော့သည်။

ယခုတွင် ဝမ်ပေါင်လဲ့၏ သိုလှောင်အိတ်ထဲ၌ ဓမ္မစစ်သင်္ဘော အစင်းရေသုံးရာဝန်းကျင်ခန့်သာ ကျန်တော့သည်။ သူသည် သက်တံ့ရောင် ပူစည်ဖောင်းကြီးထဲမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ၎င်းတို့အား အမြောက်အမြား ထုတ်ယူကာ အရပ်မျက်နှာအနှံ့သို့ စေလွှတ်၍ ပေါက်ကွဲသွားစေခဲ့၏။ သို့သော် သူသည် ညာလက်ရုံး အကြီးအကဲကြီးအား တားဆီးနိုင်ရန် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။ ဓမ္မစစ်သင်္ဘော အစင်းရေတစ်ရာကျော်လောက်အား ဖောက်ခွဲပစ်ရုံနှင့်လည်း ညာလက်ရုံး အကြီးအကဲကြီးအား ဟန့်တားနိုင်မည် မဟုတ်ပေ။

သူ ၎င်းတို့အား ဖောက်ခွဲပစ်ခဲ့ရခြင်း၏ အဓိကအကြောင်းရင်းမှာ ပရမ်းပတာ ဖြစ်နေသည့် ထာဝရကြယ်အငွေ့အသက်များနှင့် စွမ်းအားများကို ပို၍ အားကောင်းလာအောင် လုပ်ရန်သာဖြစ်သည်။ သူသည် ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသော ထာဝရကြယ်အား ညာလက်ရုံး အကြီးအကဲကြီး ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်အထိ ဒေါသထွက်လာအောင် ဆွပေးရန် ကြိုးစားနေခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုနည်းလမ်းတစ်ခုကိုသာ စဉ်းစားမိခဲ့၏။

လက်ရှိအခြေအနေအရ သူတစ်ယောက်တည်းသာ အခက်တွေ့နေရသည်ဖြစ်ရာ သူသည် အခြေအနေတစ်ခုလုံးအား ပြောင်းလဲပစ်ပြီး သူတို့နှစ်ယောက်စလုံး အခက်တွေ့သွားရအောင် လုပ်ရန် ကြံရွယ်နေခြင်းဖြစ်သည်။ ထိုသို့သာဆိုပါက သူကြုံတွေ့နေရသည့် ပြဿနာကြီးမှာ... အတိုင်းအတာတစ်ခုအထိ ပြေလည်သွားမည် မဟုတ်ပါလော။

ညာလက်ရုံး အကြီးအကဲကြီးမှာ ရှေ့သို့ပြေးထွက်လာရန် ပြင်လိုက်ပါသော်လည်း စစ်သင်္ဘောကြီးများကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားရ၏။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင်လည်း စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာရတော့သည်။ သူသည် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် တိုက်ရည်ခိုက်ရည်စွမ်းအားများကြောင့် စိတ်ပျက်သွားရခြင်းမဟုတ်ဘဲ.... သူ အစီအစဉ်တစ်ခုအား အလျင်အမြန် ရေးဆွဲနိုင်ခဲ့သောကြောင့် စိတ်ပျက်သွားရခြင်းသာ ဖြစ်သည်။

သို့ဖြစ်ရာ သူ၏ရှေ့တွင်ရှိနေသည့် လုံနန်ကျစ်ဆိုသည့် ပုဂ္ဂိုလ်မှာ အလွန်အင်မတန်မှ ဉာဏ်ကောင်းရပေမည်။ ထို့အပြင် သူသည် ရက်စက်ကြမ်းကြုတ်သည့် နေရာတွင်လည်း နှစ်ယောက်မရှိပေ။ သို့ဖြစ်ရာ သူ အသက်ရှိနေသေးသရွေ့ သူ့အား အပြစ်လုပ်မိခဲ့သည့် လူတိုင်းမှာ ခေါင်းခဲနေရမည်သာ ဖြစ်သည်။

ထို့ကြောင့် ညာလက်ရုံး အကြီးအကဲကြီး၏ နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်များမှာ ပို၍ပင်အားကောင်းလာတော့သည်။ သူသည် ထိုကဲ့သို့သော ပြိုင်ဘက်မျိုးအား ထွက်ပြေးလွတ်မြောက်ခွင့် ပေး၍မဖြစ်ပေ။ အကယ်၍ သူသာ ထိုကဲ့သို့ လွတ်မြောက်သွားမည်ဆိုပါက သူ ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားသည့်နှင့် သူတို့အတွက် ကြီးမားသည့် အန္တရာယ်ကြီးတစ်ခု ဖြစ်လာမည်မှာ မလွဲဧကန်ပင်။

ညာလက်ရုံး အကြီးအကဲကြီးမှာလည်း ထိုသို့ တွေးမိနေသောကြောင့် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာရခြင်းဖြစ်ပေသည်။ ထာဝရကြယ်ကြီး တစ်ခုလုံးပေါ်တွင် မြင့်မားသော အပူချိန်များ ပျံ့နှံ့နေသဖြင့် သူသည်လည်း လေပြင်းမုန်တိုင်းများ၏ ပြင်းအားများကို ခံစားနေရ၏။ သို့သော် သူသည် မီးတောက်များဆီမှ ထွက်ပေါ်လာသော အလင်းရောင်များကိုသာ မြင်နေရသည့်တိုင်အောင် အော်ဟစ်မြည်တမ်းကာ ဝမ်ပေါင်လဲ့၏ နောက်သို့ ပြေးလိုက်သွားဆဲပင်။

တစ်ချိန်ထဲမှာပင် နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ထာဝရကြယ်အပြင်ဘက်ရှိ စစ်မြေပြင်ကြီးမှာ အပြင်းထန်ဆုံး အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ သို့သော် သူတို့ ထိုကဲ့သို့ တိုက်ခိုက်နေကြစဉ် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ သံသယစိတ်များမှာ တစ်စတစ်စ ပိုမိုကြီးထွားလာတော့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ညာလက်ရုံး အကြီးအကဲကြီးအား ရင်ရင်းနှီးနှီး သိနေသည်ဟု ခံစားနေရသောကြောင့်ပင်။

နှစ်ဘက်စလုံးမှ ဂြိုဟ်အဆင့်ကျင့်ကြံသူကြီးများ၏ တိုက်ပွဲကြီး ပိုမိုပြင်းထန်လာသည်နှင့်အမျှ သူတစ်ယောက်သာလျှင် သတိထားမိတော့သည် မဟုတ်ပေ။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီမှာဆိုလျှင် ထိုအချက်အား သူ့ထက်ပို၍ သတိထားမိနေပြီ ဖြစ်သည်။

ထို့ကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး သံသယစိတ်များ ကြီးထွားလာစဉ် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ နောက်သို့ ဆုတ်ခွာသွားလိုက်ပြီးနောက် မျက်စိမျက်နှာပျက်နေသည့် အမူအရာဖြင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ညာလက်ရုံး အကြီးအကဲကြီးအား ကြည့်ကာ မေးမြန်းလိုက်တော့သည်။

" မင်းက ညာလက်ရုံး အကြီးအကဲကြီး မဟုတ်ဘူး။ မင်း ဘယ်သူလဲကွ "

သူ ထိုသို့ဆိုလိုက်သည်နှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ ရယ်မောလိုက်၏။

" နောက်ဆုံးတော့ သတိထားမိသွားပြီပေါ့။ ဒါပေမဲ့ နောက်ကျသွားပြီကွ " သူ ထိုသို့ဆိုလိုက်သောအခါ သူ၏ ဘေးတွင် ရှိနေသည့် ညာလက်ရုံး အကြီးအကဲကြီးမှာ သူ၏ ဘယ်ဘက်လက်ကို မြှောက်၍ မျက်နှာပေါ်၌ ဝှေ့ယမ်းလိုက်၏။ ထိုအခါ အလင်းရောင်များ တောက်ပလာပြီး သူ၏ ခန္ဓာကိုယ်မှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ တစ်အောင့်ခန့်အကြာတွင် လူတိုင်း၏ ရှေ့တွင် ပေါ်ပေါက်လာသည့် လူရိပ်ကြီးမှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။

ထို ကျင့်ကြံသူကြီးမှာ ညာလက်ရုံး အကြီးအကဲကြီး မဟုတ်ဘဲ အသက်မပါသည့် အမူအရာဖြင့် ရပ်နေသည့် အဘွားကြီးတစ်ယောက် ဖြစ်ပေသည်။ သူမ၏ နဖူးပေါ်တွင် အနက်ရောင်လောက်တစ်ကောင် ရှိနေပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်မှာ သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်နေ၏။ ၎င်းမှာ လူးလွန့်နေရင်း ထိုအဘွားကြီး၏ အတွေးများနှင့် လုပ်ရပ်များအားလုံးကို ထိန်းချုပ်ထားသည့်ပုံပင်။

ထို အဘွားကြီး ပေါ်ပေါက်လာသည်နှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးတို့၏ အမူအရာများမှာ လုံးဝ ပြောင်းလဲသွားတော့သည်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာဆိုလျှင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရပြီး ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာမူ တအံ့တဩ အော်ဟစ်မြည်တမ်းမိသွား၏။

" တာအိုရောင်းရင်း ဝုယွင် "

ထို အဘွားကြီးမှာ... ဆဋ္ဌဂံမြေဂိုဏ်း၏ အမျိုးသမီးခေါင်းဆောင်ကြီး ဖြစ်ပေသည်။ သူတို့ဆီ၌ တိုက်ပွဲကြီး ဖြစ်ပွားခဲ့စဉ်တုန်းက ဆဋ္ဌဂံမြေဂိုဏ်းမှာ ဖျက်ဆီးချေမှုန်းခံလိုက်ရပြီးနောက် သူမသည် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ပျောက်ဆုံးနေခဲ့သည်ဖြစ်ကြောင်း လူအများက သိထားကြ၏။ သို့‌သော် ယခုတွင် သူမသည် ဤနေရာ၌ ပြန်လည်ပေါ်ပေါက်လာသည်ဖြစ်ရာ.... ပျောက်ဆုံးသွားခဲ့ခြင်း မဟုတ်ဘဲ အရှင်လက်လက်ဖမ်းဆီးခံခဲ့ရပြီးနောက် ရုပ်သေးရုပ်တစ်ရုပ်အဖြစ် သန့်စင်ခံလိုက်ရခြင်း ဖြစ်ပေမည်။

အမှန်တွင် ဆဋ္ဌဂံမြေဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ အဘွားကြီးမှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဝှက်ဖဲ မဟုတ်ခဲ့ပေ။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုအဘွားကြီးအား အရှင်လက်လက် ဖမ်းဆီးခဲ့ပြီးနောက် သူမအား ချုပ်နှောင်ကာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ တောင်ဝင်ပေါက်ဆီသို့ ပြန်ပို့ရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုတောင်ဝင်ပေါက်၏ မန္တန်အစီအရင်ကြီးကို အသုံးပြုကာ သူမအား သန့်စင်ပြီး ဂြိုဟ်အဆင့် ဆေးလုံးတစ်လုံးအဖြစ် ပြောင်းလဲပစ်ရန် တွေးထားခဲ့၏။ ထိုသို့သာဆိုပါက သူသည် ထိုဆေးလုံးအား သောက်သုံး၍ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို မြှင့်တင်နိုင်မည်ဖြစ်သည်။ အကယ်၍ အခြားတစ်ယောက်ယောက်မှာ ထိုဆေးလုံးအား သောက်သုံးလိုက်မည်ဆိုလျှင်လည်း ဂြိုဟ်အဆင့်သို့ တက်လှမ်းနိုင်ခြေ အများကြီး ရှိသွားမည် ဖြစ်သည်။

ထိုနည်းလမ်းမှာ သမားရိုးကျနည်းလမ်း မဟုတ်သောကြောင့် အားနည်းချက် အမြောက်အမြားရှိပါသော်လည်း ထိုကျင့်ကြံသူမှာ ဂြိုဟ်အဆင့်ကျင့်ကြံသူ တစ်ယောက်၏ တိုက်ရည်ခိုက်ရည်စွမ်းအားများကို ပိုင်ဆိုင်သွားနိုင်ဦးမည်သာ ဖြစ်သည်။

သို့သော် သူတို့မှာ တိုက်ပွဲကြီးထဲ၌ အရေးနိမ့်လာရသည့်အပြင် ဘယ်လက်ရုံး အကြီးအကဲကြီးမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်ဖြစ်ရာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ ထိုအဘွားကြီးအား ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ တောင်ဝင်ပေါက်ဆီသို့ ပြန်မပို့နိုင်တော့ပေ။ သို့ဖြစ်ရာ သူသည် သူမအား ဆေးလုံးတစ်လုံးအဖြစ် သန့်စင်၍လည်း ရတော့မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် အခြားရွေးချယ်စရာမရှိတော့သဖြင့် သူမ၏ အသိစိတ်အား ဖျောက်ဖျက်ပစ်ကာ သူမအား ရုပ်သေးရုပ်တစ်ရုပ်အဖြစ် သန့်စင်လိုက်ပြီးနောက် လျှို့ဝှက်ဆန်းကြယ် ပိုးကောင်တစ်ကောင်ကို အသုံးပြု၍ သူမအား ထိန်းချုပ်လိုက်ခြင်း ဖြစ်ပေသည်။

ထို့နောက် သူ၏ အစီအစဉ်များအရ သူသည် ထို ရုပ်သေးရုပ်၏ ပုံပန်းသွင်ပြင်အား ညာလက်ရုံး အကြီးအကဲကြီး၏ ပုံစံအဖြစ် ပြောင်းလဲလိုက်၏။ ၎င်းမှာ လူများအား အထင်လွဲသွားစေနိုင်မည်ဖြစ်သလို လုံနန်ကျစ်နှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးကဲ့သို့သော ပုဂ္ဂိုလ်များကိုလည်း လှည့်စားနိုင်သွားမည်ဖြစ်ရာ သူတို့မှာ မည်သည့်အရာကိုမှ သံသယဝင်နေကြတော့မည် မဟုတ်ပေ။ သို့ဖြစ်ရာ သူသည် လုံနန်ကျစ်အား သတ်ဖြတ်လိုသည့် သူ၏ အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်သွားမည်ဖြစ်သည်။ ထို့နောက် သူသည် လုံနန်ကျစ်အား သတ်ဖြတ်လိုက်ရုံနှင့် ဟေးယွင်ကျစ်မှာ ထာဝရကြယ် လုပ်ပိုင်ခွင့်အာဏာအား အပြည့်အဝ ရရှိပိုင်ဆိုင်သွားမည်ဖြစ်သည်။

ထိုသို့သာဆိုလျှင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာ ထာဝရကြယ်ကြီး၏ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးအား ထိန်းချုပ်နိုင်စွမ်းရှိသွားမည် မဟုတ်ပါလော။ ထို့အပြင် ဘယ်လက်ရုံး အကြီးအကဲကြီးနှင့် ညာလက်ရုံး အကြီးအကဲကြီးတို့ နှစ်ယောက်စလုံးမှာ အတူတကွ ပူးပေါင်းကာ ဝမ်ပေါင်လဲ့အား သတ်ဖြတ်နိုင်ရန် ကြိုးစားကြဦးမည့်အပြင် သက်တံ့ရောင် ပူစည်ဖောင်းကြီးကိုလည်း အသုံးပြုကြဦးမည်ဖြစ်ရာ မည်သည့် မတော်တဆမှုမှ ပေါ်ပေါက်လာနိုင်မည်မဟုတ်ဟု သူက ယုံကြည်နေ၏။ သူတို့မှာ အချိန်အကြာကြီး အကုန်ခံနေစရာပင် မလိုလောက်ပေ။ ထို့ကြောင့် ထို အကြီးအကဲကြီးနှစ်ယောက်မှာ လုံနန်ကျစ်အား သတ်ဖြတ်ပြီးသွားပါက တိုက်ပွဲထဲသို့ ပြန်ရောက်လာပြီး သူတို့ဘက်မှ ကူညီပေးနိုင်ဦးမည် ဖြစ်သည်။

သူတို့ ပြန်ရောက်လာချိန်တွင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းဘက်၌ ဂြိုဟ်အဆင့်ကျင့်ကြံသူ သုံးယောက်နှင့် ဂြိုဟ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ရှိသွားမည်ဖြစ်ရာ သူတို့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းတို့အား အလွယ်တကူ ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိသွားမည်လည်း ဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် သူတို့၏ အစီအစဉ်သာ အောင်မြင်သွားမည်ဆိုပါက နတ်မျက်လုံး လူမှုအဖွဲ့အစည်း တိုက်ပွဲကြီးမှာ စောလျင်စွာ ပြီးဆုံးသွားနိုင်ပေသည်။

သူသည် သေသေချာချာ တွက်ချက်ထားခဲ့ပြီးသား ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့အား အထင်သေးမိခဲ့ဆဲပင်။ ဘယ်လက်ရုံး အကြီးအကဲကြီးနှင့် ညာလက်ရုံး အကြီးအကဲကြီးတို့ နှစ်ယောက်ကိုသာမက သက်တံ့ရောင် ပူစည်ဖောင်းကြီးကိုပါ ထည့်သွင်းအသုံးပြု၍ ထောင်ချောက်ဆင်ထားသည့် အစီအစဉ်ကြီးထဲ၌ မတော်တဆမှုများ ပေါ်ပေါက်လာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

သို့သော် သူသည် ထာဝရကြယ်ပေါ်တွင် ဖြစ်ပျက်နေသည့် အခြင်းအရာများကို သိရှိထားခြင်းမရှိသေးသောကြောင့် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေဆဲပင်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးတို့မှာလည်း ထိုအကြောင်းများကို သိရှိထားကြခြင်း မရှိပေ။ ထို့ကြောင့် သူတို့မှာ တုန်လှုပ်ချောက်ချားနေကြရပြီး မျက်စိမျက်နှာများ ပျက်ကာ ဆက်လက်တိုက်ခိုက်လိုစိတ် မရှိကြတော့သဖြင့် ထွက်ပြေးဆုတ်ခွာနိုင်ရန် ကြိုးစားလိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မတိမ်းမယိမ်း အနေအထားတွင် ရှိသည့်တိုင်အောင် သူသည် ထိုကဲ့သို့ လှည့်စားခံလိုက်ရပြီးနောက် အသက်အန္တရာယ်နှင့် ကြုံတွေ့လိုက်ရမည်ဖြစ်ရာ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်လာနိုင်လိမ့်မည် မဟုတ်ဟု သူတို့က ယူဆထားကြ၏။

ထိုသို့ဖြင့် ထိုတိုက်ပွဲကြီး ရှေ့မတိုးသာ နောက်မဆုတ်သာအနေထားသို့ ရောက်ရှိသွားစဉ် ထာဝရကြယ်ပေါ်၌ ဝမ်ပေါင်လဲ့မှာ အရှိန်ကုန်မြှင့်တင်ကာ သက်တံ့တစ်ခုအသွင် ပြောင်းလဲသွားလိုက်ပြီးနောက် အပြင်ဘက်သို့ ထွက်ခွာသွားနိုင်မည့် နေရာတစ်ခုအား လိုက်လံရှာဖွေနေ၏။ သို့သော် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ညာလက်ရုံး အကြီးကဲကြီးမှာလည်း အရှိန်ကုန်မြှင့်တင်ကာ သူ့အား လိုက်လံဖမ်းဆီးနေဆဲပင်။ ထို့အပြင် ထို ကျင့်ကြံသူကြီးမှာ ဂြိုဟ်အဆင့်တွင် ရှိနေသည်ဖြစ်ရာ အနည်းငယ်ခန့် ပို၍ မြန်ဆန်နေ၏။ ထာဝရကြယ်ပေါ်တွင် အပူလှိုင်းများဖြင့် ပြည့်နှက်နေပြီး လေပြင်းမုန်တိုင်းကြီးမှာလည်း မကြာခဏဆိုသလို သူ့အား ဖြတ်၍ တိုက်ခတ်နေသည့်တိုင်အောင် သူသည် ဝမ်ပေါင်လဲ့လောက် အခြေအနေဆိုးနေခြင်း မရှိပေ။

ထို့ကြောင့်လည်း သူသည် ဝမ်ပေါင်လဲ့၏ အနီးသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာ၏။ သူသည် ဝမ်ပေါင်လဲ့နှင့် ပေတစ်ထောင်သာ ကွာတော့သည့်အချိန်တွင် မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်ကာ ညာဘက်လက်ကိုမြှောက်၍ ဝမ်ပေါင်လဲ့၏ နောက်ကျောအား လက်ညှိုးလှမ်းထိုးလိုက်တော့သည်။

ထိုအခါ သူ၏ ဒွာရခုနစ်ပေါက်ထဲမှ အနီရောင်မြူခိုး အမျှင်အတန်းများ ချက်ချင်းဆိုသလိုပင် ထိုးထွက်လာကြ၏။ ၎င်းတို့မှာ သူ၏ လက်ချောင်းထိပ်တွင် စုဝေးသွားကြပြီနောက် သွေးပျံလွှားငှက်တစ်ကောင်အသွင် ပြောင်းလဲသွားကြပြီး သွေးရောင် သက်တံ့ကြီးတစ်ခုကဲ့သို့ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းသွားတော့သည်။ ၎င်းမှာ ထို ပေတစ်ထောင်အကွာအဝေးအား ချက်ချင်းဆိုသလိုပင် ကျော်ဖြတ်လာပြီး ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်ရှိလာသည်နှင့် ပေါက်ကွဲသွားသဖြင့် သွေးရောင်မြူခိုးများ ထွက်ပေါ်လာ၏။ ထို့နောက် ထိုမြူခိုးများမှာ ဧရာမပါးစပ်ပေါက်ကြီးတစ်ပေါက်အသွင် ပြောင်းလဲသွားကြပြီး ဝမ်ပေါင်လဲ့အား ဝါးမျိုတော့မည့်ပုံ ပေါက်နေတော့သည်။

အကယ်၍ အခြား ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများသာ ဆိုပါက ထိုတိုက်ကွက်ကြီး၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်နှင့် သေဆုံးသွားကြမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထို နတ်ဘုရားစွမ်းရည်ထဲတွင် ဂြိုဟ်အဆင့် ဖိနှိပ်ချုပ်တည်းမှုစွမ်းအားများပါ ကိန်းအောင်းနေသောကြောင့်ပင်။ ထို ဖိနှိပ်အားများအောက် ရောက်သွားမည်ဆိုပါက သာမန် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ပရမ်းပတာ ဖြစ်သွားရမည် ဖြစ်သလို အားနည်းသည့် ကျင့်ကြံသူများမှာဆိုလျှင် ချက်ချင်းပင် သတိမေ့မျောသွားကြမည်သာ ဖြစ်သည်။

သို့သော် ထိုတိုက်ကွက်မှာ ဝမ်ပေါင်လဲ့အတွက် လုံလောက်မှုမရှိပေ။ သွေးရောင်မြူခိုးများ သူ့အား လွှမ်းခြုံသွားသည်နှင့် သူ၏ နောက်၌ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ ထိုအခါ သူ၏ ရက်စက်ကြမ်းကြုတ်သည့် ပုံပန်းသွင်ပြင်၊ လေထဲ၌ တလူလူလွင့်နေသည့် ဆံပင်ရှည်များနှင့် ညာဘက်ပေါ်ရှိ နတ်ဘုရားလက်နက်ကြီးတို့လည်း ပေါ်ပေါက်လာသည်ဖြစ်ရာ သူသည် စစ်နတ်ဘုရားတစ်ပါးနှင့် တူသွားတော့သည်။ ထို့အပြင် နတ်ဆိုးမျက်လုံးပညာရပ်လည်း စတင်အသက်ဝင်လာသဖြင့် သူ၏ နောက်တွင် အနက်ရောင် နတ်ဆိုးမျက်လုံးကြီး ပေါ်ပေါက်လာ၏။ ဝမ်ပေါင်လဲ့မှာ ထို စွမ်းရည်များအားလုံးကို ထုတ်သုံးလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို နောက်သို့လှည့်လာပြီး သူ၏ အနီးသို့ ရောက်ရှိလာသည့် သွေးရောင်မြူခိုးများအား နတ်ဘုရားလက်နက်ကြီးဖြင့် လှမ်း၍ ခုတ်ထစ်လိုက်တော့သည်။

All Chapters