အရှုံးကိုဝန်ခံခြင်း
Vol. 7 Ch. Chapter 14
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 14 - အရှုံးကိုဝန်ခံခြင်း
"ဒီအခန်းက တခြားအခန်းတွေနဲ့ လုံးဝမတူဘူးပဲ။" မက်ဒါနာက အခန်းတစ်ခန်းကို ထပ်ရှင်းပြီးတဲ့နောက်
ရှေ့မှာထပ်ရှိနေတဲ့ အခန်းထဲကို ဝင်လိုက်တယ်။ ဒီတစ်ခါတော့ သူ့ဝတ်စုံစနစ်က ရန်သူတွေအများကြီးရှိနေတာမပြတော့ဘူး။ အဲဒီအစား ဗလာဖြစ်နေတဲ့ လဟာပြင်ကျယ်ကြီးထဲမှာ အင်မတန်ကြီးမားလှတဲ့ ပိုးကောင်ကြီးတစ်ကောင်ကိုသာ တွေ့ရပါတယ်။
"အဲဒါက မျိုးပွားမိခင်လား။" ဖလေရာက မေးလိုက်တယ်။ သူတို့ရှေ့မှာရှိနေတဲ့ ဧရာမပိုးကောင်ကြီးက လှုပ်ရှားမှုမရှိတော့ပါဘူး။ နောက်တော့ သူတို့ခြေသံစကြားရတယ်။ အမှောင်ထုထဲကနေ လူတစ်စုက သူတို့ဆီကို လှမ်းလာနေပါတယ်။
ဖြောင်း... ဖြောင်း... ဖြောင်း....
"အထင်ကြီးစရာပဲ၊ မြေအောက်သားဖောက်ခန်း ၉ ခုကို တစ်ခုငါးမိနစ်နှုန်းနဲ့ရှင်းနိုင်တဲ့ စံချိန်မျိုးက ဖက်ဒရေးရှင်းမှာတောင်မရှိဘူး။"
လက်ခုတ်တီးသံထွက်ပေါ်လာတဲ့နေရာကို သူတို့စိုက်ကြည့်တော့ လူလေးယောက်က သူတို့ဆီကို ဦးတည်ပြီးလာနေပါတယ်။ တစ်ယောက်က လေးကိုင်ထားတယ်။ တစ်ယောက်ကတော့ သံကြိုးတပ်ဆူးလုံးကြီးကို လက်နက်အဖြစ်ကိုင်ထားတယ်။ တတိယတစ်ယောက်က ဒိုင်းနဲ့လှံကို စပါတန်တွေလိုကိုင်ထားပြီး နောက်ဆုံးနဲ့ ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့လူကတော့ ပုဆိန်ကိုင်ထားပါတယ်။
"ဒီလူတွေက ဝဲလ်ဆင်ရဲ့အထူးတပ်ဖွဲ့တွေမဟုတ်လား။" ဖလေရာက ပြောလိုက်တယ်။ မက်ဒါနာလည်း မျက်မှောင်ကြုတ်လိုက်ပြီး "သူတို့ထဲကနှစ်ယောက်နဲ့ ငါရင်ဆိုင်ဖူးတယ်။ ဝတ်စုံတွေက သိပ်အားမကောင်းပေမဲ့ ဂရုစိုက်တာကောင်းမယ်။" အားလုံးခေါင်းညိတ်လိုက်တယ်။
ပုဆိန်နဲ့လူကတော့ သူတို့စကားပြောနေတာတွေကို နားထောင်ရင်း ရယ်မောလိုက်ပါတယ်။ "စိတ်မကောင်းစရာက ပိုးကောင်ဗိုလ်ချုပ်က မင်းတို့မလာခင် မိနစ်အနည်းငယ်လောက်ကတည်းက မွေးပြီးသွားပြီ။"
ဂါး....
ရုတ်တရက် ပုဆိန်နဲ့လူရဲ့နောက်ကနေ ငွေရောင်ကွင်းဆက်အခွံမာတွေအပြည့်နဲ့ လူနှစ်ရက်စာလောက်မြင့်တဲ့ သစ်ဆွေးပိုးကြီးတစ်ကောင် ခုန်ထွက်လာတယ်။ မြန်လွန်းလို့ သူတို့ပြန်မတုံ့ပြန်နိုင်လုနီးပါးပဲ။ ကံကောင်းတာက ဖရက်နဲ့ဓားနတ်ဆိုးတို့ ပြေးထွက်လာပြီး အကောင်ကြီးရဲ့တိုက်ကွက်ကို တားလိုက်တယ်။
ဘုန်း....
သက်ရောက်အားလှိုင်းတွေက နေရာအနှံကိုပြန့်နှံသွားပြီး ဓားနတ်ဆိုးရဲ့မျက်နှာက ရှုံ့မဲ့သွားတယ်။ ဖရက်ကလည်း သူ့ရဲ့မိုးကြိုးဓားကို ခန္ဓာကိုယ်ရှေ့မှာ ကန့်လန့်ဖြတ်ထားရင်း ရန်သူရဲ့လက်တံတွေ သူ့ကိုထိုးဖောက်မသွားအောင် ခုခံထားရတယ်။ သူတို့နှစ်ယောက်လုံးက ရန်သူရဲ့ခွန်အားနဲ့ခံနိုင်ရည်ကြောင့် အံ့ဩနေမိတယ်။
"ဒီကောင်ကြီးရဲ့အခွံမာတွေက ဇက်သတ္တုထက်တောင် ပိုမာတာပဲ။" ဖရက်ရောဓားနတ်ဆိုးပါ ထိတ်လန့်သွားတယ်။ ဖရက်ရဲ့မိုးကြိုးဓားရော ဓားနတ်ဆိုးရဲ့ဒူရန်ဒဲလ်ပါ ဒီကောင်ကြီးရဲ့အခွံကို ထိုးဖောက်ဖို့အတွက် ကျဆုံးခဲ့ပါတယ်။
သူတို့နှစ်ယောက်လုံး ရှေ့ဆက်တိုးပြီး အားကုန်တွန်းထုတ်တော့မှ ပိုးကောင်ကြီးက နောက်ကိုလွင့်သွားပြီးဂူနံရံတစ်ခုနဲ့ ဝင်ဆောင့်မိတယ်။ ဖုန်တွေလွင့်ပျံလာပြီး ကျောက်တုံးအပိုင်းအစတွေ သူတို့ပေါ်ပြုတ်ကျလာပေမဲ့ ဖရက်နဲ့ဓားနတ်ဆိုးက ခက်ခက်ခဲခဲရထားတဲ့ အားသာချက်ကို မဖြုန်းပစ်နိုင်ပါဘူး။ သူတို့တွေက ပိုးကောင်ကြီးနောက်ကို ချက်ချင်းခုန်ဝင်ပြီး လိုက်လာကြတယ်။
"ငါ့ရဲ့မိတ်ဆွေကြီးက ခုမှမွေးရုံပဲရှိသေးတာမလို့ တိုက်ပွဲဗီဇစိတ်နဲ့ အသားမကျသေးဘူး။ ဒါပေမဲ့ မပူပါနဲ့၊ မင်းတို့သူနဲ့တိုက်ခိုက်တာ ကြာလေလေ သူကပိုပြီး အသားကျလာလေလေပဲမလို့ မင်းတို့အတွက်ပျော်စရာတစ်ခုဖြစ်လာမှာပါ။"
ပုဆိန်နဲ့လူက ပြောလိုက်တယ်။ မက်ဒါနာတို့အုပ်စုလည်း သူတို့ရှေ့က အထူးတပ်ဖွဲ့ကိုကြည့်ရင်း စိတ်ထဲမှာ မေးခွန်းတွေအများကြီး ဖြစ်ပေါ်နေပါတယ်။ "ဒီတော့ ဝဲလ်ဆင်ရဲ့အထူးတပ်ဖွဲ့က ပိုးကောင်တွေရဲ့မဟာမိတ်ပေါ့။ ငါတို့အစိုးရက အစားထိုးခံလိုက်ရတာလား။" ဖလေရာက ပြောလိုက်တယ်။
"ဒါပေမဲ့ ငါတို့မစ်ရှင်က လျှို့ဝှက်ချက်တစ်ခုဖြစ်သင့်တာမဟုတ်လား။ ရဲဌာနက ငါတို့မစ်ရှင်လုပ်မှာသိပေမဲ့ နေရာအတိအကျမသိသလို ငါတို့ဘာလုပ်မှာလဲဆိုတာလည်းမသိဘူးလေ။"
သေချာပေါက်လင်ဒါက ရဲဌာနအကူအညီတောင်းခဲ့ပေမဲ့ အတိအကျပြောခဲ့တာတော့မဟုတ်ပါဘူး။ သူတို့က နယူးယောက်ဟီးရိုးအစည်းအရုံးအနေနဲ့ Silver Knightနဲ့ပေါင်းပြီး မစ်ရှင်လုပ်ဖို့ရှိတယ်ပဲ ပြောခဲ့တာပါ။
"ပိုးကောင်တွေက အသိုက်အစစ်ကို ငါတို့ပစ်မှတ်ထားနေမှန်း ရိပ်မိသွားတာလား။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ငါတို့ဒီနေ့လာမယ်ဆိုတာကို ကြိုသိနေပြီး အထူးတပ်ဖွဲ့ထဲက သူတို့လူတွေကို အချိန်ကိုက်ခေါ်ထားနိုင်တာလဲ။" မက်ဒါနာ နားမလည်နိုင်တော့ဘူး။
ဟိုပိုးဟပ်သုံးကောင်ရဲ့ဉာဏ်ရည်ကို အခြေခံယူပြီးကြည့်ရင် ပိုးကောင်တွေထဲကတချို့က လူသားတွေနဲ့တူညီတဲ့ ဉာဏ်ရည်ရှိတယ်။ ဒီတော့ အသိုက်ကိုပစ်မှတ်ထားနေမှန်းသိရင် အစွမ်းကုန်ကာကွယ်မှာ သဘာဝကျတယ်။
ပြဿနာက ဒီနေ့မတိုင်ခင်အထိ မက်ဒါနာတို့အုပ်စုက သူတို့အင်အားအပြည့်ကိုထုတ်မသုံးဘဲ အေမီတစ်ယောက်တည်းသာ အစည်းအရုံးကိုကူညီခဲ့တာ။ ပြီးတော့ ရန်သူတွေက သူတို့ရောက်လာမယ့်အချိန်ကို အချိန်ကိုက်သိနေပြီး သူတို့အင်အားကိုပါသေချာသိနားလည်ထားတဲ့ပုံစံနဲ့ ပြင်ဆင်လာတဲ့ပုံပဲ။ ပြောရရင် ပိုးကောင်အုပ်စုက သူတို့သတင်းကို အတိအကျရထားတယ်။
အေမီကတော့ လေးကိုင်ထားတဲ့ ဝတ်စုံနက်ကို လက်ညိုးထိုးပြလိုက်လေရဲ့။
"ကျွန်မတို့ထဲမှာ အစကတည်းက သူလျှိုတစ်ယောက်ရှိနေခဲ့တာ ဖြစ်နိုင်ပါတယ် မမလေး။"
မက်ဒါနာလည်း လေးသည်တော်ကို ကြည့်လိုက်တယ်။ ဗီလာအိမ်ရာကတိုက်ပွဲကိုလည်း ပြန်သတိရလာတယ်။ အဲဒီတုန်းက လေးသည်တော်ရဲ့ဝတ်စုံတစ်စိတ်တစ်ပိုင်းကို သူတို့ဖျက်ဆီးနိုင်ခဲ့တယ်လေ။ လေးသည်တော်က နောက်ကိုမသိမသာလေးဆုတ်သွားတယ်။
"တရားခံဟုတ်မဟုတ် အတည်ပြုဖို့အတွက် သူ့မျက်နှာဖုံးကို ဆွဲချွတ်ပေးပါ့မယ်။" အေမီက ပြောပြောဆိုဆိုနဲ့ ဓားနှစ်လက်ကိုကိုင်ကာ ဓားအကကရင်း လေးသည်တော်ဆီကို ပြေးဝင်သွားလိုက်တယ်။ လေးသည်တော်ကလည်း သူ့လေးကိုမြောက်ပြီး စတင်ခုခံတယ်။
ဒါပေမဲ့ မက်ဒါနာကတော့ သူတို့ထဲမှာ သူလျှိုရှိနေတယ်ဆိုတာကို လုံးဝလက်မခံနိုင်သေးဘူး။ ဘာလို့ဆို အားလုံးက သူယုံကြည်ရတဲ့ လူတွေချည်းမလို့လေ။ "နင်လို့တော့ ငါ့ကိုမပြောနဲ့နော်၊ မယ်လီ။"
ငတုံးတစ်ယောက်မဟုတ်တာကြောင့် မက်ဒါနာက ချက်ချင်းပဲ ချိတ်ဆက်မိသွားတယ်။ သူတို့စခန်းကိုသွားတော့ အေမီက ဒဏ်ရာရထားတဲ့ မယ်လီကိုသေချာစိုက်ကြည့်နေခဲ့တယ်။ ဖြစ်နိုင်တာက လေးသည်တော်ရထားတဲ့ဒဏ်ရာနဲ့ မယ်လီရဲ့ဒဏ်ရာက ကိုက်ညီနေတာမျိုးဖြစ်လိမ့်မယ်။ "ဒါပေမဲ့ မယ်လီက ဖားလေးတို့နဲ့ အတူရှိနေတာပဲ။ သူမဟုတ်လောက်ပါဘူး။"
ထန်း... ကလန်... ကလန်...
ရုတ်တရက် ဝတ်စုံစနစ်က သတိပေးချက်တပ်လာတဲ့အတွက် မက်ဒါနာက ခေါင်းကိုစောင်းပြီးရှောင်လိုက်တယ်။ သူ့ဝတ်စုံခေါင်းနားကနေပြီး ဆူးတပ် သံလုံးကြီး ဖြတ်သန်းသွားတယ်။ သံလုံးနဲ့တွဲချည်ထားတဲ့ သံကြိုးတွေကနေ ထွက်ပေါ်နေတဲ့အသံကိုတောင် သူကြားနေရသေးတယ်။
"ကောင်မလေး၊ တိုက်ပွဲအလယ်ခေါင်မှာ သတိလစ်နေရင် သေလိမ့်မယ်နော်။" သံလုံးတပ်လက်နက်ကိုင်ထားတဲ့ ဝတ်စုံနက်က သံလုံးကိုပြန်မရုပ်ရသေးခင်မှာပဲ လေထုထဲခုန်တက်လိုက်ပြီး မက်ဒါနာရဲ့ရင်ဝကို ခြေစုံကန်ဖို့ကြိုးစားတယ်။ မက်ဒါနာလည်း မြေဆွဲအားဓားကိုမြှောက်ပြီး ကန့်လန့်ဖြတ်ကာလိုက်ပါတယ်။ ဓားနဲ့ခြေထောက်က ချက်ချင်းထိတွေ့မိသွားပြီး မက်ဒါနာဒူးတစ်ဖက်ထောက်လိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ နောက်ကိုရောက်နေတဲ့ သံလုံးကို ဝတ်စုံနက်က ပြန်ဆွဲယူလိုက်တာကြောင့် မက်ဒါနာရဲ့ခေါင်းကို နောက်တစ်ခါထိဖို့နီးစပ်နေပြန်ပါပြီ။
"ဝုတ်... ဝုတ်...." ရုတ်တရက် စေဘာစတိန်းက ပြေးဝင်လာပြီး သံလုံးကိုပုတ်ထုတ်ကာ လမ်းကြောင်းလွှဲလိုက်တယ်။ မက်ဒါနာလည်း အတောင်ပံကိုဖွင့်ပြီး ခွေးနက်ကြီးပေါ်ကို ခုန်တက်လိုက်တယ်။ ခွေးစီးသူရဲကောင်းပုံစံနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်သွားပါပြီ။
"ငါ့ကိုအလစ်တိုက်တာ ကောင်းတဲ့အကြံတော့မဟုတ်ဘူးနော် အဖိုးကြီး။" ကြိုးတပ်သံလုံးစစ်သည်နဲ့ ငွေရောင်စစ်သည်တို့ရဲ့တိုက်ပွဲက အခုမှအမှန်တကယ်စတင်တာပါ။
လှံနဲ့ဒိုင်းစစ်သည်ကလည်း ဖလေရာဆီကို ပြေးဝင်လာပြီး သူ့လှံနဲ့ဝတ်စုံကို ထိုးဖောက်ဖို့လုပ်တယ်။ ဖလေရာလည်း ထိတ်လန့်သွားပြီး သူ့ဝတ်စုံစနစ်နဲ့ ဆက်သွယ်တယ်။
"ငါဘာလုပ်ရမလဲ။"
"ကျုပ်ညွန်ပြထားတဲ့အတိုင်းပဲလုပ်ပါ မမလေး။" ဖလေရာက ခေါင်းညိတ်လိုက်ပြီး ဝတ်စုံစနစ်ညွန်ကြားတဲ့အတိုင်း ခြေကိုနောက်တစ်လှမ်းဆုတ် ခန္ဓာကိုယ်ကို ဘေးတစ်စောင်းနေပြီး လှံကိုသာသာလေးရှောင်တယ်။ တစ်ဖက်ကနေတော့ ဂျက်တပ်တူနဲ့ လှံကောင်ရဲ့ပခုံးကိုချိန်ပြီး အားရပါးရထုချတယ်။ လှံကောင်ကလည်း သူ့ဒိုင်းကိုမြောက်ပြီးကာတယ်။
ဘုန်း.... ဒေါင်.....
လှံကောင်ရဲ့ဒိုင်းက အတော်လေးခံနိုင်ရည်မြင့်ပါတယ်။ ဒါပေမဲ့ ဂျက်တက်တူရဲ့ဒိုင်းကလည်း အားပါတယ်လေ။ တစ်ချက်ပဲခုခံရသေးပေမဲ့ အားကြောင့် လှံကောင်ရဲ့ခြေထောက်တွေက မြေကြီးထဲနစ်ဝင်သွားတော့တယ်။
"ကြည့်ရတာ ငါက ခွန်အားအပိုင်းမှာပိုသာတဲ့ပုံပဲ။" ဖလေရာက ဝမ်းသာအားရပြောလိုက်ပြီး တူနဲ့ဆက်တိုက်ထုတယ်။ လှံကောင်က ဒိုင်းနဲ့ခုခံရင်း တန်ပြန်တိုက်စစ်ဆင်နေပေမဲ့ အောက်စည်းမှာပဲရှိနေပါတယ်။
အေမီကလည်း တိုက်ပွဲကိုစိုးမိုးထားပါတယ်။ အေမီရဲ့ဝတ်စုံက မက်ဒါနာတီထွင်ထားတဲ့ ဝတ်စုံတွေထဲမှာအမြန်ဆုံးပါ။ လေးသည်တော်ကလည်း အဲဒီဝတ်စုံရဲ့မြန်နှုန်းကို ယှဥ်ပြိုင်မရဖြစ်နေပါတယ်။ အေမီရဲ့ငှက်မွှေးတောင်တွေက သူ့နောက်ကို သက်ရှိဓားပျံတွေလို လိုက်နေပြီး အေမီကိုယ်တိုင်ကလည်း သူ့လက်ကိုဆန့်ထုတ်ကာ လေးသည်တော်ရဲ့မျက်နှာဖုံးကို ဖျက်ဆီးဖို့ကြိုးစားနေပါတယ်။
အခုအေမီက လေးသည်တော်နဲ့ လေထုထဲမှာလက်မနည်းနည်းလောက်ပဲ ကွာဝေးတော့တာဖြစ်ပြီး ဓားတစ်လက်ကိုသိမ်းကာ ညာလက်ကိုဖြန့်ပြီး မျက်နှာဖုံးကို ဆက်ခနဲလှမ်းဆွဲဖို့လုပ်တယ်။ လေးသည်တော်က သူ့လက်ဖျံနဲ့အေမီရဲ့လက်ကို ရိုက်ထုတ်လိုက်ပေမဲ့ အေမီက အဲဒီလက်ကိုဖမ်းဆွဲထားလိုက်တယ်။ လေးသည်တော်က သူ့ရဲ့လေးကိုင်းနဲ့အေမီကို ရိုက်ထုတ်ပေမဲ့ အေမီကလည်း ကျန်နေသေးတဲ့ ဓားတစ်လက်နဲ့ ခုခံပါတယ်။ ငှက်မွှေးတောင်တချို့ကလည်း လေးသည်တော်ရဲ့အနက်ရောင်တောင်ပံကို ဖျက်ဆီးပစ်လိုက်တယ်။
ဘုန်း....
လေးသည်တော်က မြေပေါ်ကို ပြုတ်ကျလာတယ်။ အေမီကတော့ မြေပြင်မှာကားယားကြီးဖြစ်နေတဲ့ လေးသည်တော်ရဲ့အပေါ်မှာရှိနေပြီး ခြေတစ်ဖက်က ဝမ်းဗိုက်ပေါ်မှာရပ်ကာ ကျန်တစ်ဖက်က ရင်ဝကိုနင်းထားတယ်။ ဘေးပတ်ဝန်းကျင်က မြေစိုင်မြေခဲတွေလည်း မြောက်တက်လာပြီး အေမီရဲ့လက်က လေးသည်တော်ရဲ့မျက်နှာဖုံးပေါ်ကို အားနဲ့ဖိချလိုက်တော့တယ်။
ခရက်....
တစ်ဖက်မှာတော့ စေဘာစတိန်းကလည်း သံဆူးလုံးကြီးကို ချည်ထားတဲ့ကြိုးကို အမိအရဖမ်းကိုက်လိုက်ပြီး ဆောင့်ဆွဲလိုက်တယ်။ ဝတ်စုံနက်လည်း ချိတ်ပါလာပြီး မက်ဒါနာရှေ့ကိုရောက်လာတယ်။ မက်ဒါနာက မြေဆွဲအားဓားကို အစွမ်းကုန်မြှင့်ရင်း ခုတ်ချလိုက်တယ်။
ထန်း....
"အား....." အော်သံကျယ်ကြီးနဲ့အတူ ဝတ်စုံနက်ရဲ့ခါးကိုကာကွယ်ထားတဲ့ သံချပ်ကာက တစ်စစီဖြစ်သွားပြီး ဓားသွားက သူ့ခန္ဓာကိုယ်အနက်ပိုင်းအထိနစ်ဝင်သွားတယ်။ လူသွေးနီနီတွေနဲ့ အဝါရောင်အရည်ကြည်တွေ အတူတူပန်းထွက်လာပြီး အူတွေကလီစာတွေပါ မြေပြင်ပေါ်ကို ပေါက်ကျသွားတယ်။ ငွေရောင်စစ်သည်ရဲ့ဓားချက်အောက်မှာ နောက်ထပ်ရန်သူတစ်ယောက် ကျဆုံးခဲ့ပြန်ပါပြီ။
....
ဖလေရာကလည်း ဂျက်တပ်တူနဲ့ လှံကောင်ရဲ့ဒိုင်းပေါ်ကို သုံးရာသုံးဆယ့်ခြောက်ကြိမ်မြောက်အဖြစ် ထုချလိုက်တယ်။ ဒိုင်းက ပိန်လိန်အက်ကွဲနေပြီဖြစ်လို့ တစ်စစီဖြစ်သွားတယ်။ သုံးရာသုံးဆယ့်ခုနစ်ချက်မြောက် တူချက်ကတော့ နဂိုချိန်ထားတဲ့အတိုင်း လှံကောင်ရဲ့ပခုံးပေါ်ပြုတ်ကျလာပြီး ပခုံးက နိမ့်ဝင်သွားတယ်။
"အား....." လှံကောင်က ချက်ချင်းထွက်ပြေးဖို့လုပ်တယ်။ ချက်ချင်းအသံမြန်နှုန်းကို ထိုးဖောက်ပြီးပျံပြေးဖို့လုပ်ပေမဲ့ သူတို့ရောက်နေတာက မြေအောက်မှာပါ။ ဒီလိုကျဥ်းမြောင်းတဲ့နေရာမှာ အသံမြန်နှုန်းက ထွက်ပြေးဖို့သိပ်အသုံးမဝင်ပါဘူး။ ဖလေရာက ထွက်ပြေးတဲ့သူဆီ တူကိုလှမ်းပစ်လိုက်တယ်။
ဂျက်တပ်တူကလည်း လေထဲမှာတင် စက္ကန့်ဝက်အတွင်း အကြိမ်ရာချီလည်ပြီး အသံမြန်နှုန်းထက်ကိုကျော်လွန်သွားကာ နောက်ကနေလိုက်မီလာတယ်။ လှံကောင်က နောက်ပြန်လှည့်ကြည့်ချိန်မှာတော့ နောက်ကျသွားပါပြီ။
ဘုန်း....
တူက လှံကောင်ရဲ့နောက်စေ့ကိုမှန်သွားတယ်။ သံချပ်ကာက မပေါက်ပြဲသွားပေမဲ့ လုံးဝပိန်လိန်သွားပြီး ဝါဝါအရည်တွေအပြင်ကိုစိမ့်ထွက်လာတယ်။ နောက်တော့ လှံကောင်က မလှုပ်ရှားတော့ဘူး။ ဖလေရာက ဝတ်စုံပေါ်မှာရှိနေသေးတဲ့ တူကိုဆွဲဖြုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ဖရက်တို့တွေပိုးကောင်ဗိုလ်ချုပ်ကို အနိုင်မယူကြသေးရုံကလွဲလို့ ကျန်တဲ့သူတွေအားလုံး သူတို့တိုက်ပွဲကို နိုင်ပြီးသွားပါပြီ။
"၃မိနစ် ၂၃ စက္ကန့်၊ ၃ မိနစ် ၅၅ စက္ကန့်နဲ့ ၅ မိနစ် ၄၅ စက္ကန့်။ ဒီတစ်ခါလည်း စံချိန်က တကယ့်ကိုအထင်ကြီးစရာပါပဲ။ ပြီးတော့ တိုက်ပွဲသုံးခုလုံးမှာ အသံမြန်နှုန်းကို ကျော်လွန်တဲ့ တိုက်ကွက်မျိုးတွေ ပါဝင်ခဲ့တယ်။"
ပုဆိန်နဲ့လူက သူ့နားထင်ကို ဘယ်ဖက်လက်နှစ်ချောင်းနဲ့ထောက်ထားရင်း ပြောလိုက်တယ်။ အခုတိုက်ပွဲက သူနဲ့လုံးဝမဆိုင်သလိုမျိုးကို ဝင်မပါခဲ့တာ။ အေမီက သူ့လက်ကို လေးသည်တော်ရဲ့မျက်နှာဖုံးပေါ်ကနေ ဖယ်လိုက်တယ်။ မျက်နှာဖုံးက သတ္တုအစိတ်အပိုင်းတွေအဖြစ်ကို လျော့ကျပျက်စီးသွားပြီး လှပတဲ့မျက်နှာလေးတစ်ခုပေါ်လာတယ်။
"တကယ်ပဲ နင်ဖြစ်နေပါလား။" မက်ဒါနာက ဝတ်စုံထဲမှာရှိနေတဲ့သူကို ကြည့်ပြီးနောက် သူ့မျက်လုံးတွေက မှိုင်းညို့သွားတယ်။ ဝတ်စုံထဲကလူက တကယ်ပဲ မယ်လီပါ။ "ဒါပေမဲ့ ဘာကြောင့်လဲ။ နင်ကို ဟီးရိုးတစ်ယောက်လို့ ထင်ခဲ့တာ။"
မယ်လီကတော့ ဖရက်တို့ရဲ့တိုက်ပွဲကြောင့် ဆက်တိုက်ဆိုသလို လှုပ်ခါနေတဲ့ ဂူအမိုးကိုကြည့်နေရင်း မျက်ရည်တွေကျလာပါတယ်။ "ငါ... ငါ့ကိုယ်ငါတောင် ဘယ်သူလဲဆိုတာ မသေချာတော့ဘူး။"
"မမလေး၊ ကျွန်မသူ့ကို သတ်လိုက်ရတော့မလား။" အေမီက မေးလိုက်ပေမဲ့ မက်ဒါနာမှာ အဖြေရှိမနေပါဘူး။ ဒါပေမဲ့ အေမီကတော့ သူ့လက်သီးကိုဆုပ်လိုက်ပြီး မယ်လီကိုထိုးချဖို့ပြင်လိုက်တယ်။ "အန္တရာယ်ရှိသတ္တဝါကို အလိုလျောက်သုတ်သင်ခြင်း စတင်ပါမယ်။"
ဘုန်း....
ရုတ်တရက် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် အေမီရဲ့ခန္ဓာကိုယ်လေးက မီတာဆယ်နဲ့ချီပြီးလွင့်ထွက်သွားတယ်။ အားလုံးရဲ့အကြည့်က ပုဆိန်စစ်သည်ဆီကို ရောက်သွားတယ်။ အခုသူက နဂိုရပ်နေတဲ့နေရာမှာ မရှိတော့ဘဲ အေမီရှိနေခဲ့တဲ့နေရာရှေ့မှာ ရောက်နေပြီး သူ့ခြေထောက်ကို မြောက်ထားပါတယ်။ မဟုတ်ဘူး၊ သူအေမီကိုကန်ပြီး ခြေပြန်မချရသေးတာ။
မက်ဒါနာအပါအဝင် သူတို့တွေအကုန် မျက်လုံးပြူးကုန်ပါတယ်။ သူတို့ရဲ့ဝတ်စုံစနစ်တွေအားလုံးက အဲဒီတိုက်ကွက်ကို ကြိုတင်မခန့်မှန်းနိုင်ခဲ့ဘဲ ဖြစ်ပြီးသွားမှ အနှေးပြကွက်နဲ့ပြန်ပြတယ်။ သေချာပေါက် ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ အရင်က အန်းနပ်စ်လိုရန်သူမျိုးနဲ့ ရင်ဆိုင်ရချိန်မှာသာ ဒီလိုအဖြစ်မျိုးကိုမြင်ခဲ့ဖူးတာပါ။
"အသံမြန်နှုန်းအထက် လေးဆခွဲလား။" မက်ဒါနာက အံ့ဩနေတာကို လက်စသတ်လိုက်တယ်။ ဝတ်စုံနက်ကတော့ အရူးတစ်ယောက်လို ရယ်မောနေပါတယ်။
"ဟုတ်တယ်၊ ငါက မင်းတို့အားလုံးထက် ပိုမြန်တယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက ဒီစွမ်းအားက ငါ့ဝတ်စုံကြောင့်မဟုတ်ဘူး။"
ပုဆိန်ဝတ်စုံနက်က သူ့မျက်နှာဖုံးပေါ်ကို လက်တင်ပြီး ဆုပ်ကိုင်လိုက်တယ်။ မျက်နှာဖုံးက တစ်စစီပြိုကွဲသွားပြီး သူ့ဝတ်စုံရဲ့ကျန်တဲ့အစိတ်အပိုင်းတွေပါ အက်ကွဲပြိုကျသွားတယ်။ အခုသူတို့က ဝတ်စုံထဲကလူကို သေချာမြင်နေရပြီ။
"မဖြစ်နိုင်တာ... နင်က ရေဂင်ဂျူနီယာလား။"
မက်ဒါနာက အဲဒီမျက်နှာကို ချက်ချင်းမှတ်မိသွားတယ်။ ဒီလူကို ဖလေရာရော မက်ဒါနာပါ ရင်းနှီးတယ်။ ရေဂင်က ခါးသီးစွာပြုံးလိုက်ပြီး ခေါင်းခါလိုက်တယ်။ သူ့ခန္ဓာကိုယ်ကတော့ အပြာရောင်ပိုးတောင်မာအဖြစ် ဖြည်းဖြည်းချင်းစီ ပြောင်းလဲနေပါပြီ။
"နှမျောစရာပဲ... နှမျောစရာပဲ... ကြီးမြတ်တဲ့ ပိုးကောင်အင်ပါယာရဲ့နည်းပညာမျိုးနွယ် အပြာရောင်ပိုးတောင်မာဗိုလ်ချုပ်ဖြစ်လာတာတောင်မှ ငါ့လူသားခန္ဓာကိုယ်ရဲ့ပြိုင်ဘက်ကို အနိုင်မယူနိုင်တာ နှမျောစရာပဲ။"
ရေဂင်က တကယ်ပဲစိတ်ဓာတ်ကျနေတဲ့ အမူအရာမျိုးနဲ့ ပြောနေတာပါ။ အစောပိုင်းက တိုက်ကွက်က မက်ဒါနာတို့ထက် အများကြီးပိုအားကောင်းတယ်ဆိုပေမဲ့ သူမက်ဒါနာနဲ့ပြိုင်ချင်ခဲ့သလို နည်းပညာတစ်ခုမဟုတ်ပါဘူး။ အဲဒီအစား ပိုးကောင်ဗိုလ်ချုပ်တွေရဲ့အခြေခံခွန်အားပါ။ သူဒါကို နည်းပညာဝတ်စုံကြောင့်လို့ ပြောချင်ပေမဲ့ သူ့ရဲ့ခွန်အားကို မခံနိုင်တာကြောင့် သူ့ရဲ့ဝတ်စုံနက်က ပြိုကျပျက်စီးသွားပြီးပါပြီ။
"နည်းပညာတိုက်ပွဲမှာ ငါရှုံးခဲ့ပေမဲ့ မင်းတို့လိုကိန်းရှင်တွေကို ပိုးကောင်အင်ပါယာအတွက် အရှင်မထားနိုင်ဘူး။" ရေဂင်ရဲ့မျက်နှာက ပိုပြီးခက်ထန်သွားတယ်။
မက်ဒါနာကတော့ အခြေအနေမကောင်းတော့မှန်း သတိထားမိပါတယ်။ "ကြည့်ရတာ မဟန်တော့ဘူး၊ ဒီဝတ်စုံတွေရဲ့ခံနိုင်ရည်က ငါတို့ဝတ်စုံတွေနဲ့ အတူတူလောက်ပဲ။ သူက ခွန်အားသက်သက်နဲ့ အဲဒီဝတ်စုံမျိုးကို လွယ်လွယ်လေးဖျက်ဆီးနိုင်တယ်ဆိုရင် ငါတို့အတွက်လည်း အတူတူပဲဖြစ်လိမ့်မယ်။"
သူတို့အုပ်စုက တိုက်ပွဲအစစ်အတွက် စပြီးပြင်ဆင်ကြတယ်။ ဖရက်နဲ့ဓားနတ်ဆိုးတို့အတွက်လည်း မွေးကာစ ပိုးကောင်ဗိုလ်ချုပ်ကို ထိန်းချုပ်ရတာက ခက်သည်ထက်ခက်လာပါတယ်။ ပိုပြီးဆိုးတာက အဲဒီပိုးကောင်က ဂူထဲက ထွက်ချင်နေတဲ့ပုံပဲ။
"ဖရက်၊ ဒီကောင်က တိုက်ပွဲကို မြို့ပေါ်ရွှေ့ချင်နေတာပဲ။" ဓားနတ်ဆိုးက နောက်ထပ်ကြောက်မက်ဖွယ် ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်ရင်း ပြောလိုက်တယ်။ ဒါပေမဲ့ ပိုးကောင်ဗိုလ်ချုပ်ရဲ့အခွံမာပေါ်မှာ ခပ်နက်နက်အခြစ်ရာတစ်ခုပဲထင်သွားတယ်။
ဖရက်ကလည်း "မြို့ပေါ်ရောက်သွားရင် ပြည်သူတွေကို ထိခိုက်စေတာမျိုးဖြစ်လာနိုင်တယ်။ ငါတို့နည်းလမ်းတစ်ခုခုရှာမှဖြစ်မယ်။" မိုးကြိုးဓားနဲ့ပိုးကောင်ကြီးကို ခုတ်ချလိုက်ရင်း ပြောလိုက်တယ်။ ဒါပေမဲ့ ဒီမိုးကြိုးလျှပ်စီးတွေကလည်း ပိုးကောင်ကြီးကို ခြင်ဘက်တံနဲ့ရိုက်သလောက်ပဲ ရှိတာပါ။
....
တစ်ဖက်မှာတော့ လိင်မဲ့ဖြစ်နေတဲ့ ဖားလေးက ဒဏ်ရာရထားတဲ့ ဟယ်ရီကို ပခုံးထမ်းထားရင်း သားဖောက်ခန်းတချို့ကို ဖြတ်သန်းလာနေတယ်။ တိုက်ပွဲကနေ ထွက်ပေါ်နေတဲ့ အသံတွေကိုလည်း သူတို့ကြားနေရပါပြီ။
"တိုက်ပွဲဖြစ်နေတဲ့နေရာက ငါတို့နဲ့သိပ်မဝေးတော့ဘူး။ မြန်မြန်သွားရအောင်။"