တိုက်ချင်ရင်တိုက်ကွာ ၊ သောက်ပိုတွေ ပြောမနေနဲ့
Vol. 13 Ch. 176
အခန်း (၁၇၆) တိုက်ချင်ရင်တိုက်ကွာ ၊ သောက်ပိုတွေ ပြောမနေနဲ့
ရန်ကျောက်ကဲကိုကြည့်နေရင်း ချန်လင်းမှာ သူမ၏ဝိညာဉ် ခန္ဓာကိုယ်ထဲမှထွက်ခွာတော့မည့်အလား အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် ချီစွမ်းအားများပင် ကမောက်ကမဖြစ်ကာ ကျင့်ကြံခြင်းမှ သွေဖယ်သွားတော့မည့်အလား ဖြစ်ရသည်။
ထိုအချိန် လက်တစ်ဖက်က သူမပခုံးထက်သို့ ကျရောက်လာသည်။ လှည့်ကြည့်လိုက်တော့ ရှဲ့ကျစ်ယီကိုတွေ့ရသည်။
“ကျစ်ယီ...”
ရှဲ့ကျစ်ယီကိုတွေ့သည်နှင့် ချန်လင်းက နှလုံးသားထဲမှ နစ်နစ်သည်းသည်းနာကျင်စွာဖြင့် ငိုကြွေးလိုက်သည်။
ရှဲ့ကျစ်ယီက သူမပခုံးကိုအသာပုတ်ကာနှစ်သိမ့်ပေးလိုက်ပြီး ရန်ကျောက်ကဲကို လှည့်ကြည့်လိုက်သည်။
“ရန်ကျောက်ကဲ... ဟုတ်တယ်မလား”
သူက ပန်ပန်ကို လက်ညှိုးညွှန်ပြရင်း...
“ပွင့်ပွင့်လင်းလင်းပြောရရင် အခု မင်းရဲ့ ဖီရှိုးကို ငါ သတ်ပစ်ချင်နေတယ်”
အသက် (၃၀)ဝန်းကျင်ခန့်ရှိပြီဖြစ်သော ရှဲ့ကျစ်ယီသည် ကြံ့ခိုင်သောခန္ဓာကိုယ်နှင့် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များကို ပိုင်ဆိုင်ထားသည်။
သူ့မျက်ဝန်းများက ရန်ရှန်းကဲ့သို့ပင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေပြီး တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နက်နေသည်။ အကြည့်များတွင် မာန်မာနများလွှမ်းမိုးနေပြီး စွမ်းအားများလည်း မြင့်တက်လျှက်ရှိ၏။ သို့သော် ရှဲ့ကျစ်ယီက ရန်ရှန်းထက်ဆာလျှင် အနည်းငယ်ပိုမိုတည်ငြိမ်သည်။
ရန်ကျောက်ကဲက ပခုံးတွန့်လိုက်ရင်း...
“တည့်တည့်ပြောစမ်းပါကွာ ၊ တကယ်တော့ မင်း ငါ့ကို သတ်ချင်နေတာ မဟုတ်ဘူးလား”
ရန်ကျောက်ကဲကိုကြည့်ပြီး ရှဲ့ကျစ်ယီ ရုတ်တရက် အော်ရယ်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင်တော့ အေးစိမ့်သည့်အငွေ့အသက်များ ဖုံးလွှမ်းနေ၏။
“အပြောကောင်းတယ် ၊ သိပ်ကို အပြောကောင်းတယ်”
သူက ဆက်ပြောသည်။
“ရန်ကျောက်ကဲ ၊ မင်း ဟိုအမှိုက်ကောင် လျိုရှန်းဖုန်းကို အနိုင်ရသွားတာ ငါ သိတယ် ၊ ဒါပေမဲ့ ငါ့ကို အဲဒီကောင်လိုမျိုးလို့ ထင်နေရင်တော့ သိပ်မှားသွားလိမ့်မယ်”
“ဒါပေါ့... လျိုရှန်းဖုန်းကို ဘယ်လိုပဲ အမှိုက်ကောင်လို့ ပြောပြော... သူ့လို ရှန်ထျန်းနှောင်းပိုင်းအဆင့်ကို မင်းက ရှန်ထျန်း ကနဦးအဆင့်နဲ့ အနိုင်ယူခဲ့တာပဲလေ ၊ ဒါက မင်းဘယ်လောက်ထူးခြားတယ်ဆိုတာ သက်သေပြဖို့ လုံလောက်နေပါပြီ”
ရှဲ့ကျစ်ယီက သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းများဖြင့် ဓားသွားသဏ္ဌန်ပြုလုပ်လိုက်ပြီး လေထဲတွင် ခုတ်ပိုင်းချလိုက်သည်။
“ထင်ရှားတာကတော့... မင်းက အရမ်းမာနကြီးပြီး မောက်မာလွန်းတာပဲ ၊ ဒါပေမဲ့ ရှေးဆိုရိုးစကားတစ်ခုရှိတယ် ‘ပါရမီရှင်တစ်ယောက်ဖြစ်နေလည်း အသက်ရှင်နေမှ အသုံးဝင်တာ ၊ သေသွားရင် အလကားပဲ’ တဲ့ ၊ ဒီဆိုရိုးက ဘယ်သူနဲ့မဆိုသက်ဆိုင်တယ် ၊ အဲဒီတော့ ဒီအချက်ကို သက်သေပြဖို့အတွက် ကြိုးစားကြတာပေါ့”
ရန်ကျောက်ကဲက ရှဲ့ကျစ်ယီကိုကြည့်ကာ ခေါင်းခါယမ်းရင်း ရယ်မောလိုက်သည်။
ထို့နောက် သူကလက်ကိုအသုံးပြုကာ ရှဲ့ကျစ်ယီလည်ပင်းကို ဓားဖြင့်ခုတ်ပိုင်းဟန် ပြုလုပ်ပြလိုက်ရင်း...
“မင်း တိုက်ချင်ရင်တိုက်ကွာ ၊ သောက်ပိုတွေ ပြောမနေနဲ့”
ရှဲ့ကျစ်ယီက လက်ကောက်ဝတ်ကိုလှည့်လိုက်ပြီး ရန်ကျောက်ကဲဆီသို့ လျှောက်လာသည်။
အေးစက်သည့်လေသံဖြင့်...
“အေး... ငါကလည်း တိုက်ချင်နေပြီ... ၊ ငါ့လက်သီးချက် ဘယ်နှစ်ချက် မင်းခံနိုင်မလဲ ကြည့်ရအောင်...”
ရန်ကျောက်ကဲက...
“တစ်ချက်မှ မခံဘူး...”
ရှဲ့ကျစ်ယီ အံ့အားသင့်သွားသည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“ငါကပဲ မင်းကိုလက်သီးနဲ့ထိုးသိပ်ပစ်မယ် ၊ မင်းထိုးတဲ့လက်သီးချက် ငါက ဘာလို့ခံရမလဲ”
ရှဲ့ကျစ်ယီမျက်နှာ မဲမှောင်သွားပြီး...
“စကားတော့ အတော်တတ်တဲ့အကောင် ၊ မင်းအစွမ်းက လျှာဖျားလောက်မှာပဲမဟုတ်ဖို့ မျှော်လင့်ပါတယ်”
ပြောပြီးသည်နှင့် သူက ရန်ကျောက်ကဲရှေ့သို့ ခုန်ဝင်လာပြီး အစိမ်းရောင်မိုးကြိုးလက်သီးဖြင့် ထိုးနှက်ချလိုက်သည်။
ရှဲ့ကျစ်ယီတစ်ကိုယ်လုံး မိုးကြိုးစွမ်းအားများ ဖုံးလွှမ်းနေပြီး ဤကမ္ဘာသို့ဆင်းသက်လာသည့် မိုးကြိုးနတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။
သူ၏ ကြောက်မက်ဖွယ်ရာချီစွမ်းအားများက လက်သီးချက်တစ်ချက်တည်းတွင် စူးစိုက်ပါဝင်နေပြီး ပုံရိပ်ယောင်မိုးမြေတစ်ခုလုံး မိုးကြိုးသွားများဖြင့်ပြည့်နက်နေသည်။ ရှဲ့ကျစ်ယီ၏လက်သီးချက်က မိုးကြိုးလုံးတစ်လုံးပမာ ရန်ကျောက်ကဲပေါ်သို့ ကျရောက်လာ၏။
လက်သီးချက်က အလွန်ဖိအားများပြီး စွမ်းအားကလည်း သိပ်သည်းသန့်စင်သလို သူ၏ ပုံရိပ်ယောင်မိုးမြေကလည်း သာမန် ရှန်ထျန်းအဆင့်သိုင်းပညာရှင်တစ်ယောက်၏ ကြယ်တာရာချီစွမ်းအားများထက် သာလွန်ပေသည်။
ရန်ကျောက်ကဲ၏ မျက်နှာအမူအရာက ပုံမှန်အတိုင်းဖြစ်ပြီး သူက လက်ဝါးရိုက်ချက်တစ်ခု ထုတ်ဖော်လိုက်သည်။ သူ၏ ကြယ်တာရာချီစွမ်းအားများမှ များပြားစွာသောမီးနဂါးများ မြင့်တက်ထွက်ပေါ်လာပြီး တစ်လောကလုံးကို တောက်ပလင်းလက်သွားစေသည်။
တောက်လောင်နေသည့် မီးတောက်ကမ္ဘာအလယ်တွင် အနီရင့်ရောင်မီးပြင်းဖိုတစ်ခုရှိနေပြီး ထိုအရာက ပုံရိပ်ယောင်မိုးမြေကို တည်ငြိမ်နေစေသည်။
ထိုမြင်ကွင်းထွက်ပေါ်လာသည်နှင့် တိုက်ပွဲကြည့်နေကြသူများအားလုံး မျက်လုံးပြူးမျက်ဆံပြူးဖြင့် စကားမပြောနိုင် ဖြစ်သွားကြသည်။
တိုက်ပွဲရှည်တစ်ခု တိုက်ခိုက်ထားသဖြင့် အနားယူနေကြသည့် ရွှီဖေးနှင့် ထန်ယုံဟောင်သည်ပင် အံ့အားသင့်စွာြဖင့် လှမ်းကြည့်မိကြ၏။
ထန်ယုံဟောင်ကို ရှုံးနိမ့်ပြီးနောက် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတစ်ခုလုံး သူနှင့်မဆိုင်တော့သည့်အလား ဘေးတစ်နေရာတွင် ငြိမ်သက်စွာထိုင်နေသော ပင်လယ်ခုနစ်စင်းသခင်လေး’စုန့်ချောင်’ သည်ပင် ထိတ်လန့်အံ့သြသွားသည်။
မည်သူမှ အာရုံမစိုက်မိအောင် သိုသိုသိပ်သိပ်နေထိုင်ပြီး ဤနေရာတွင် သူ မရှိသည့်အလား တိတ်ဆိတ်ငြိမ်သက်နေသော အလင်းမင်းသား”ဟွမ်ကျိ” ပင်လျှင် ရန်ကျောက်ကဲကိုကြည့်နေသည့် မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ချက် လင်းလက်သွားသည်။
ကျန်းယောင်က...
“ကြယ်တာရာချီစွမ်းအားနဲ့ ပုံရိပ်ယောင်မိုးမြေကို ဖန်ဆင်းထားတာပဲ ၊ ဒါ ရှန်ထျန်းအလယ်ဆင့် သိုင်းပညာရှင်မှ ပြုလုပ်နိုင်တာ မဟုတ်လား”
သူမက ရှဲ့ယိုချန်နှင့် ရွမ်ပင်းကို လှည့်ကြည့်လိုက်သည်။
“ဒါဆို... အစ်ကိုကြီး’ရန်’ က မကြာခင်ကပဲ ရှန်ထျန်းအလယ်ဆင့်ကို အဆင့်တက်သွားပြီလို့ ဆိုလိုတာလား”
ရွမ်ပင်းမှာ သူမကို စကားပြန်မပြောနိုင်ဘဲ ပါးစပ်အဟောင်းသားဖြင့် တိုက်ပွဲမြင်ကွင်းကိုသာ ငေးစိုက်ကြည့်နေသည်။
ရန်ကျောက်ကဲကို စမ်းသပ်ခဲ့မိခြင်းအတွက် အနည်းငယ်နောင်တရနေသည်မှာ ပြောနေစရာပင် မလိုပေ။ ထိုအချိန်က ရှဲ့ယိုချန် သူ့ကို အချိန်မီတားဆီးနိုင်ခဲ့သည်မှာ ကံကောင်းသည် ဆိုရမည်။
လူတိုင်းအံ့အားသင့်နေကြချိန် အခြားသူများထက်ပိုပြီး အံ့သြတုန်လှုပ်ရသူက ရှဲ့ကျစ်ယီဖြစ်သည်။
“မင်း လျိုရှန်းဖုန်းကို အနိုင်ယူလိုက်တုန်းက ရှန်ထျန်း ကနဦးအဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား”
ရန်ကျောက်ကဲက ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားရသည်ကို သဘောကျသူ မဟုတ်လေရာ ပြိုင်ဘက်အနေဖြင့် နောက်ကျမှ သတိထားမိမည်ကို မလိုလားဘဲ စောစောစီးစီး သူ့အစွမ်းကို ထုတ်ဖော်ပြလိုက်ခြင်း ဖြစ်သည်။
သူက ခပ်ပေါ့ပေါ့ပင် ရယ်မောရင်း...
“အဟက်... ငါမြင်ချင်တာ ဒီလိုမြင်ကွင်းမျိုး ၊ နောက်ဆုံးတော့ နားလည်သွားပြီမလား”
ရန်ကျောက်ကဲက သူ၏လက်ဖဝါးကို တွန်းထုတ်လိုက်ချိန် ပုံရိပ်ယောင်မိုးမြေအတွင်းမှ အနီရင့်ရောင်မီးပြင်ဖိုက ပေါက်ကွဲထွက်တော့မည့်အလား ရုတ်တရက် တုန်လှုပ်သွားသည်။
ထို့နောက် မီးပြင်းဖိုအဖုံးပွင့်လာပြီး အတွင်းထဲမှ တောက်လောင်နေသည့်မီးတောက်များနှင့်အတူ ကြီးမားလှသည့် မျောက်ဝံကြီးတစ်ကောင် ခုန်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဧရာမမျောက်ဝံကြီးက မြေပြင်ကိုခြေနှင့်နင်းပြီး ကောင်းကင်ကို လက်ဖြင့်ပင့်မ ထားလိုက်သည်။ တောင်များကို ရွှေ့ပြီး ပင်လယ်ကို ခွဲခြမ်းတော့မည့်အလားပင်။
မျောက်ဝံကြီးက ဒေါသတကြီး ကြုံးဝါးသံပြုလိုက်ရာ အဆုံးမရှိပင်လယ်ပြင်မှ မီးတောက်များထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ရှဲ့ကျစ်ယီ၏ကြယ်တာရာချီစွမ်းအားဖြင့် ဖန်ဆင်းထားသော မိုကြိုးသွားများဖြင့်ပြည့်နေသည့် ပုံရိပ်ယောင်မိုးမြေကို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေသည်။
တုရှိတလက်ဝါးသိုင်း ၊ လေမီးကပ်ဘေးနှင့် မျောက်ဝံမိစ္ဆာလက်သီးသိုင်းတို့ကို တစ်ခုတည်းပေါင်းစပ်အသုံးပြုလိုက်ခြင်းဖြစ်ပြီး စွမ်းအားပေါက်ကွဲထွက်မှုက မိုးမြေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်တော့မည့်အလား ထင်မှတ်ရသည်။
ရှဲ့ကျစ်ယီ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး...
“ရှန်ထျန်းနှောင်းပိုင်းအဆင့် လျိုရှန်းဖုန်းကို ရှန်ထျန်းကနဦးအဆင့်နဲ့ အနိင်ယူသွားနိုင်တာ မအံ့သြတော့ပါဘူး ၊ သူက တကယ်တော်တာပဲ”
ရှဲ့ကျစ်ယီ နည်းနည်းလေးမှ သတိမလွတ်ဝံ့တော့ဘဲ ကောင်းကင်မိုးကြိုးခန်းမ၏ တိုက်ရိုက်သိုင်းပညာတစ်ခုဖြစ်သော မိုးကြိုးအရိပ်ခန္ဓာသိုင်းပညာကို ထုတ်ဖော်လိုက်သည်။ သူ့ပုံစံက လျှပ်စီးခန္ဓာကိုယ်တစ်ခုအဖြစ် အသွင်ပြောင်းသွားကာ တဖျတ်ဖျတ်တောက်ပနေပြီး လျှပ်စီးပမာ လျှင်မြန်လွန်းလှသည်။
သို့သော် ရန်ကျောက်ကဲကလည်း ရှဲ့ကျစ်ယီထက် နှေးကွေးခြင်း မရှိပေ။ သူက လေမီးကပ်ဘေးသိုင်းပညာနှင့် ကောင်းကင်ဖုံးလွှမ်းကြယ်တာရာချီစွမ်းအားကို တစ်ပြိုင်တည်းထုတ်ဖော်လိုက်ပြီး နောက်ဆုတ်သွားသည့် လျှပ်စီးပုံရိပ်နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။ သူတို့ (၂)ယောက်ကြားတွင် အသက်ရှူသံတစ်ချက်မျှပင် ဝေးကွာခြင်း မရှိခဲ့ပေ။
ရှဲ့ကျစ်ယီ၏မျက်နှာ ပိုပြီနက်မှောင်င်အေးစက်သွားပြီး သူ့လက်ချောင်းများထက်တွင် အလင်းရောင်တစ်စ လင်းလက်လာသည်။ ထိုအလင်းရောင်က ဓားဝိညာဉ်တစ်ခုဖြစ်ပြီး ရန်ကျောက်ကဲထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွား၏။
တိကျလျှင်မြန်သည့် အထွတ်ထိပ်အဆင့်ဓားဝိညာဉ်က ရန်ကျောက်ကဲထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။
ကောင်းကင်မိုးကြိုးခန်းမ၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော “ထိပ်တန်းမိုးကြိုးသွားသိုင်းပညာ (၃)ရပ်” မှ မိုးကြိုးသွားလျှပ်စီးဓားသိုင်း ဖြစ်သည်။
ဓားအလင်းရောင်က ရှဲ့ကျစ်ယီလက်ထဲတွင် အဆက်မပြတ်တောက်ပလာပြီး များစွာသောအလင်းတန်းများက တစ်ခုတည်းအဖြစ် ပြောင်းလဲသွားသည်။
မိုးကြိုးသွားလျှပ်စီးပေါင်းစပ်ခြင်း။
တစ်စက္ကန့်ပင်မကြာဘဲ ရန်ကျောက်ကဲ၏ အင်္ကျီလက်ထဲမှ ကျောက်စိမ်းနဂါးဓားထွက်ခွာသွားပြီး ကျောက်စိမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှဲ့ကျစ်ယီ၏ အမှော်ဝင်လက်နက်ဖြစ်သော ငွေ့ရိပ်တံဆိပ်ခတ်ဓားကို ရိုက်ချလိုက်သည်။
ထို့နောက် ခုနစ်စဉ်ကြယ်ဓားသိုင်းကို ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကြယ်ရောင်များလင်းလက်လာပြီး ကြယ်စင်များလွင့်မျောနေသည့် မြင်ကွင်းထွက်ပေါ်လာသည်။ များစွာသော လျှပ်စီးရောင်အလင်းတန်းများက ကြယ်ရောင်များအလယ် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
ရှဲ့ကျစ်ယီ၏မျက်နှာ ပိုမိုတည်ကြည်လေးနက်လာပြီး ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။
ယခုတစ်ကြိမ် ဓားအလင်းရောင်က ခရမ်းရောင်ရေတံခွန်ပမာ ပြောင်းလဲသွားပြီး ခမ်းနားသည့်အရှိန်အဟုန်ဖြင့် ရှည်လျားသည့်သက်တံတားတစ်စင်းအလား ကောင်းကင်ကို ဖြတ်သန်းသွားသည်။
ထိပ်တန်းမိုးကြိုးသွားသိုင်းပညာ (၃)ရပ်မှ မိုးကြိုးသွားငလျှင်ဓားသိုင်း။
ဤဓားသိုင်းက လျှင်မြန်မှုကိုအဓိကထားသော မိုးကြိုးသွားလျှပ်စီးဓားသိုင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ မိုးကြိုးသွားငလျှင်ဓားသိုင်းက ခန္ဓာကိုယ်တစ်ခုလုံးမှ စစ်မှန်သော ချီစွမ်းအားများကို ပေါက်ကွဲထွက်စေသော လူသတ်တိုက်ကွက်ဖြစ်သလို ကြီးမားသည့် စွမ်းအားတစ်ခုကိုလည်း မြှင့်တင်ပေးသည်။
သို့သော် ရှဲ့ကျစ်ယီ၏မျက်နှာထက်တွင် အနီရောင်အလင်းတန်းတစ်ခု တောက်ပသွားသည်ကို ကြည့်ခြင်းအားဖြင့် ထိုဓားသိုင်းကို အောင်မြင်အောင် မလေ့ကျင့်နိုင်သေးသည်မှာ ထင်ရှားသည်။
သူက ပထမဓားကွက်ကို ထုတ်ဖော်လိုက်ပြီး တစ်ချိန်တည်းပင် ဓားချက်ကို ပြန်လည်ရုတ်သိမ်းကာ ဒုတိယဓားကွက်ကို ထုတ်ဖော်လိုက်သည်။ ပထမဓားချက်က ဒေါင်လိုက်ခုတ်ပိုင်းချလိုက်ခြင်းဖြစ်ပြီး ရန်ကျောက်ကဲထံသို့ တောင်တစ်လုံးပြိုကျသည့် အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။
ဒုတိယဓားချက်က ပထမဓားချက်ထက် အနည်းငယ်ပင် နောက်မကျဘဲ ကြောက်မက်ဖွယ်ရာဓားအလင်းရောင်တစ်ခု ထွက်ပေါ်လာကာ အလျားလိုက်ရေပြင်ညီမျဉ်းအတိုင်း ခုတ်ပိုင်းချလိက်ပြန်သည်။ ဓားအလင်းရောင် (၂)ခုက လေထုထဲတွင် ကြီးမားသည့် “ကြက်ခြေခတ်” သဏ္ဌန် ဓားချက်ကြီးနှစ်ချက်ကို ဖြစ်ပေါ်လာစေသည်။
ဤသည်က မိုးကြိုးသွားလျှပ်စီးဓားသိုင်းနှင့် မိုးကြိုးသွားငလျှင်ဓားသိုင်းကို ပေါင်းစပ်အသုံးပြုလိုက်သည့် “မိုးကြိုးသွားပေါင်းစည်းခြင်း” ဓားသိုင်းဖြစ်ပြီး “ထိပ်တန်းမိုးကြိုးသွားသိုင်းပညာ (၃)ရပ်” ၏ နောက်ဆုံးဓားကွက် ဖြစ်သည်။
ပထမဓားကွက်ကို ထုတ်ဖော်ရန်အတွက် ရှဲ့ကျစ်ယီအနေဖြင့် ရှန်ထျန်းနှောင်းပိုင်းအဆင့် သိုင်းစွမ်းအားများအားလုံးကို အသုံးပြုခဲ့ရသည်။
သို့သော် ဒုတိယဓားချက်ကို ထုတ်ဖော်လိုက်သည့်အခါ ချီစွမ်းအားများပြန်လည်မြင့်တက်လာပြီး ပထမဓားချက်ထက် အားနည်းခြင်း မရှိပေ။
သူက ပထမဓားချက်ကို ထုတ်ဖော်ပြီးချင်းချင်း တစ်ချက်မတုံ့ဆိုင်းဘဲ ဒုတိယဓားချက်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် တူညီသူအချင်းချင်း ရင်ဆိုင်လျှင်ပင် ပြိုင်ဘက်က ပထမဓားချက်ကို ကာကွယ်ရန် ကြိုးစားနေချိန် ဒုတိယဓားချက်ကို ကိုင်တွယ်ရန် ခက်ခဲမည် ဖြစ်သည်။
ဤသည်မှာ ကောင်းကင်မိုးကြိုးခန်းမ၏ တိကျသေချာလှသော လူသတ်တိုက်ကွက်ပင် ဖြစ်လေတော့၏။