← Chapters

သက်တမ်းကုန်တော့မည့် ထာဝရကြယ်ကြီး

Vol. 64 Ch. 883

သက်တမ်းကုန်တော့မည့် ထာဝရကြယ်ကြီး

Vol. 64 Ch. 883

သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး နတ်ဆိုးမျက်လုံးကြီးလည်း ပွင့်လာပြီဖြစ်သည်။ ထို့အပြင် သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် နတ်ဘုရားလက်နက်ကြီးတို့မှာလည်း အားဖြည့်ပေးထားသည်ဖြစ်ရာ သူ၏ တိုက်ကွက်ကြီးမှာ မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်လောက်အောင် အားကောင်းနေတော့သည်။ ၎င်းမှာ ‌သွေးရောင်မြူခိုးများအား ထက်ခြမ်းပိုင်းလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရပြီး ပါးစပ်ထဲမှ သွေးများ စီးကျလာတော့သည်။ ထို့နောက် ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာသဖြင့် ထာဝရကြယ်ကြီးပေါ်၌ တိုက်ခတ်နေသည့် နေမုန်တိုင်းကြီးမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ အားကောင်းလာပြန်သည်။ ၎င်းမှာ အရပ်မျက်နှာအနှံ့မှနေ၍ အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်နေ၏။

၎င်းမှာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိလောက်အောင် အားကောင်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ ပြောင်းလဲသွားရ၏။ ညာလက်ရုံး အကြီးအကဲကြီးပင်လျှင် မျက်လုံးများ မှေးသွားရပြီး နောက်သို့ အနည်းငယ်ခန့် ဆုတ်ခွာသွားရသည်။ သို့သော် သူသည် ထိုသို့ ဆုတ်ခွာသွားနေစဉ် မျက်ဝန်းများ အရောင်တောက်ပသွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်ကာ အရပ်မျက်နှာအနှံ့၌ ပေါက်ကွဲမှုများ ပေါ်ပေါက်လာအောင် ဖန်တီးလိုက်၏။ ထို တိုက်ကွက်များမှာ ကြုံရာကျပန်း ဖြစ်နေသည့်ပုံ ပေါ်ပါသော်လည်း အလွန်အင်မတန်မှ ထိရောက်မှု ရှိပေသည်။

အဘယ်ကြောင့်ဆိုသော် သူ တိုက်ခိုက်လိုက်သည့် နေရာတိုင်းတွင် နေမုန်တိုင်းကြီးမှာ ပို၍အားကောင်းလာပြီး အရွယ်အစား ကြီးမားလာသောကြောင့်ပင်။ ၎င်းမှာ ထိုသို့ အရွယ်အစား ကြီးမားလာပြီးနောက် အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲသွားပြီး ဝမ်ပေါင်လဲ့နှင့် ညာလက်ရုံး အကြီးအကဲကြီးတို့အား လွှမ်းခြုံသွား၏။

ထိုအခါ ညာလက်ရုံး အကြီးအကဲကြီးမှာ အသံကုန်အော်ဟစ်မြည်တမ်းကာ သူ့ကိုယ်သူ ကာကွယ်နိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်၏။ ထို့နောက် သူသည် လှောင်ပြုံးပြုံးလိုက်တော့သည်။

" ဟေးယွင်ကျစ်ရဲ့ ပြောစကားတွေအရဆိုရင် ဒီထာဝရကြယ်ပေါ်မှာ လုပ်ပိုင်ခွင့်အာဏာမရှိရင် နတ်မျက်လုံးပညာရပ်ကို လေ့ကျင့်ထားတဲ့ လူတွေလည်း တခြားလူတွေနဲ့ မထူးမခြားနားပဲကွ။ လုံနန်ကျစ်။ မင်း ကိုယ့်ကိုယ်ကိုယ် ဒီနေရာမှာ တခြားလူတွေထက် ထူးပြီး သာနေလိမ့်မယ်လို့ တွေးမနေနဲ့... ဒီတစ်ခေါက် ငါ မင်းကို ရအောင်သတ်ပြမယ် "

" တောက်ကွာ " ဝမ်ပေါင်လဲ့မှာမူ တည်ကြည်မှု အပြည့်ရှိသော အမူအရာဖြင့် နောက်သို့ဆုတ်ခွာသွားနေရင်း သူ၏ နတ်ဘုရားစွမ်းရည်များ အားလုံးကို ထုတ်သုံးကာ သူ့အား လွှမ်းခြုံနေသည့် နေမုန်တိုင်းကြီးအား ခုခံတွန်းလှန်နေ၏။ သူသည် ယခု အခြေအနေမျိုးနှင့်ဆိုလျှင် ဟာကွက်ရှိနေသည့် နေရာတစ်ခုအား ရှာဖွေကာ ထိုနေရာမှထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်း နားလည်ထားပြီ ဖြစ်သည်။ ထို့အပြင် နေမုန်တိုင်းကြီးမှာ အားကောင်းလွန်းနေသောကြောင့် သူ၏ နတ်ဘုရားအာရုံခံနိုင်စွမ်းများကိုလည်း ထုတ်လွှတ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။

သူသည် ညာလက်ရုံး အကြီးအကဲကြီး၏ တိုက်ကွက်ကြီးအား ခုခံတွန်းလှန်နိုင်ခဲ့သည့်ပုံ ပေါ်ပါသော်လည်း နေမုန်တိုင်းကြီးထဲမှ ထွက်ပေါ်လာနေသည့် အပူလှိုင်းများကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ရီနေရသည်။ စူးရှတောက်ပနေသည့် အလင်းရောင်များမှာလည်း အရပ်မျက်နှာ အနှံ့မှနေ၍ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြ၏။ ထို့အပြင် ထို နေမုန်တိုင်းကြီး သူ့အား လွှမ်းခြုံသွားသောအခါ သူ၏ ခန္ဓာကိုယ်မှာ တစ်စစီကွဲအက်ကာ အငွေ့ပြန်သွားတော့မည့်အလား ဖြစ်သွားရသည်။

" သေရင်မြေကြီး၊ ရှင်ရင်ရွှေထီးပဲဟေ့ " ဝမ်ပေါင်လဲ့မှာ ၎င်းအား ရှောင်တိမ်းနိုင်စွမ်း ရှိတော့မည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် အသံကုန် အော်ဟစ်မြည်တမ်းလိုက်တော့သည်။ ထိုအခါ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ၎င်း၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်ကာ သူ့အား ထပ်၍ အားဖြည့်ပေးလိုက်၏။ သူ၏ နောက်တွင် ရှိနေသည့် နတ်ဆိုးမျက်လုံးကြီးမှာလည်း အရွယ်အစား ပိုမိုကြီးမားလာသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ အမှောင်မီးတောက်များပင်လျှင် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီ ဖြစ်သည်။ သူ ထိုကဲ့သို့ အစွမ်းကုန်ထုတ်လွှတ်ပြီးသွားသည်နှင့် နေမုန်တိုင်းကြီးမှာ သူနှင့် ညာလက်ရုံး အကြီးအကဲကြီးတို့အား အပြည့်အဝ လွှမ်းခြုံသွားတော့သည်။

ထို နေမုန်တိုင်းကြီးမှာ သူတို့နှစ်ယောက်စလုံး ရှိနေသည့်နေရာ၌ အသက်ရှူကြိမ် ဆယ်ကြိမ်မျှသာ ရှိနေခဲ့ပြီးနောက် အဝေးသို့ ဆက်လက်တိုက်ခတ်သွား၏။ ထို နေမုန်တိုင်းကြီး၏ စွမ်းအားများ လွင့်ပါးပျောက်ကွယ်သွားချိန်တွင် ဝမ်ပေါင်လဲ့နှင့် ညာလက်ရုံး အကြီးအကဲကြီးတို့၏ လူရိပ်များ ပေါ်ပေါက်လာသည်ကို မြင်နိုင်ပေသည်။

ညာလက်ရုံး အကြီးအကဲကြီးမှာ တစ်ကိုယ်လုံးတုန်ရီနေပြီး သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ အကာအကွယ် ဓမ္မရတနာပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာပြီ ဖြစ်သည်။ ထို ဓမ္မရတနာများအားလုံး ပေါက်ကွဲပျက်စီးသွားကြပြီး ပြာကျသွားချိန်တွင် သူ၏ ခန္ဓာကိုယ်မှာလည်း သိသိသာသာ ပိန်ချုံးသွားရ၏။ ထို့ကြောင့် သူ၏ မျက်ဝန်းထဲ၌ ကြောက်စိတ်များ ပေါ်ပေါက်လာရတော့သည်။ သူသည် ထိုလေပြင်းမုန်တိုင်းကြီးအား မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရပြီးနောက် နောင်တများ ရနေပြီဖြစ်သည်။ သူသည် ဂြိုဟ်အဆင့်တွင် ရှိနေသည့်တိုင်အောင် ထိုလေပြင်းမုန်တိုင်းကြီး၏ စွမ်းအားကြောင့် နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားရဆဲပင်။

" လုံနန်ကျစ်ဆိုတဲ့ကောင် အသက်မသေသေးရင်တောင် ဒဏ်ရာအပြင်းအထန် ရသွားလောက်ပါပြီ " သူသည် ထိုသို့ရေရွတ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့ ရှိနေသည့်ဘက်သို့ လှမ်းကြည့်လိုက်၏။ ထိုအခါ သူသည် မျက်လုံးများ ပြူးသွားရတော့သည်။

ဝမ်ပေါင်လဲ့မှာ အကောင်းပတိအတိုင်း ရှိမနေတော့ပါသော်လည်း သူ မျှော်လင့်ထားသလောက် ဒဏ်ရာရထားခြင်း မရှိပေ။ ထို့အပြင် နေမုန်တိုင်းကြီး၏ စွမ်းအားများ လွင့်ပါးပျောက်ကွယ်သွားသည်နှင့် ဝမ်ပေါင်လဲ့မှာ အရှိန်ကုန်မြှင့်တင်ကာ အဝေးသို့ ချက်ချင်း ပြေးထွက်သွား၏။

" ဟင်... သူက ဓမ္မရတနာတွေ ပိုင်ဆိုင်ထားလို့များလား... ဒါပေမဲ့ သူ့ရဲ့ ဓမ္မရတနာတွေ ဘယ်လောက်ပဲ အစွမ်းထက်နေထက်နေ ထာဝရကြယ်ပေါ်မှာ အချိန်အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်ပါဘူး "ညာလက်ရုံး အကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့ဆီ၌ ဓမ္မစစ်သင်္ဘော အမြောက်အမြား ရှိနေသည့်အချက်ကို ပြန်၍ သတိရသွားသောအခါ သူသည် အကာအကွယ် ဓမ္မရတနာများကိုလည်း ပိုင်ဆိုင်ထားလိမ့်မည်ဟု တွေးမိလိုက်၏။ ထို့ကြောင့် သူသည် ရှည်ရှည်ဝေးဝေး စဉ်းစားတွေးတောနေခြင်း မရှိဘဲ အံကြိတ်ကာ ဝမ်ပေါင်လဲ့၏ နောက်သို့ ပြေးလိုက်သွားသည်။

သို့သော် သူ သိမထားသည့်အချက်မှာ.... လက်ရှိတွင် ဝမ်ပေါင်လဲ့သည် သူ၏ ဝိညာဉ်အား လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ခံစားနေရခြင်းပင်။ အဘယ်ကြောင့်ဆိုသော် မကြာသေးမီတုန်းက သူ့အား လွှမ်းခြုံသွားခဲ့သည့် နေမုန်တိုင်းကြီးမှာ ကြောက်မက်ဖွယ်ရာကောင်းသည့်ပုံ ပေါ်ပါသော်လည်း သူ၏ ပတ်ပတ်လည်၌ ပေါက်ကွဲသွားချိန်တွင် သူ ထင်မှတ်ထားသလောက် အားပြင်းနေခဲ့ခြင်း မရှိပေ။

အတိအကျ ဆိုရလျှင် သူ၏ ခန္ဓာကိုယ်ထဲ၌ ထို နေမုန်တိုင်းကြီး၏ စွမ်းအားများအား တစ်ဝက်တိတိ လျှော့ချပေးနိုင်စွမ်း ရှိသော ပဋိဇီဝပစ္စည်းများ ရှိနေသည့်ပုံပင်။ ထို့ကြောင့်လည်း သူသည် ၎င်းအား တောင့်ခံနိုင်ခဲ့ခြင်းဖြစ်၏။

" ဘာတွေ ဖြစ်နေတာလဲဟ "

" ညာလက်ရုံး အကြီးအကဲကြီးက စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ လူတစ်ယောက်မဟုတ်ပါဘူး။ နတ်မျက်လုံးပညာရပ်ကို လေ့ကျင့်ထားရင်တောင် ဒီထာဝရကြယ်ပေါ်မှာ ဘာမှ ထူးခြားနေမှာမဟုတ်ဘူးလို့ သူ ပြောခဲ့တဲ့စကားက အမှန်ပဲ ဖြစ်မှာပါ။ ပြီးတော့ ထာဝရကြယ်က တစ်ချိန်လုံး သူတို့ရဲ့လက်အောက်မှာ ရှိနေခဲ့တာဆိုတော့ သူတို့တွေ ကြိုတင်စမ်းသပ်ထားခဲ့ကြမှာ သေချာတယ် "

" အဲလိုမှ မဟုတ်ရင် ညာလက်ရုံး အကြီးအကဲကြီးက ငါ့ကို အခုလောက်အထိ အသည်းအသန် လိုက်ဖမ်းနေမှာကို မဟုတ်ဘူး။ သူက ငါတို့နှစ်ယောက်စလုံး ဒီလို အန္တရာယ်မျိုးတွေနဲ့ ရင်ဆိုင်ရရင် ငါ သူ့ထက်အရင် သေသွားလိမ့်မယ်လို့ သေချာပေါက် တွက်ထားပုံရတယ်... "

" အဲတာဆို... နေမုန်တိုင်းကြီး ငါ့ကို လွှမ်းခြုံသွားခဲ့တုန်းက ဘာဖြစ်လို့ အဲဒီ မုန်တိုင်းကြီးရဲ့ စွမ်းအားတစ်ဝက်က အလိုလို ပျောက်ကွယ်သွားရတာလဲ။ အမှောင်မီးတောက်ကြောင့်များလား။ မဟုတ်လောက်ပါဘူး။ ငါ ထာဝရကြယ်မီးတောက်ကို ထုတ်ယူခဲ့တုန်းကလည်း အမှောင်မီးတောက်ကို အသုံးပြုခဲ့ပေမဲ့ ဘာအကျိုးသက်ရောက်မှုမှ သိပ်ပြီးတော့ မရှိခဲ့ဘူးလေ။ အဲတာဆိုရင်... ဖြစ်နိုင်ခြေတစ်ခုပဲ ကျန်တော့တယ် "

All Chapters