တိုက်ခိုက်မှပဲ ရမယ်
Vol. 64 Ch. 884
ဝမ်ပေါင်လဲ့မှာ အလျင်အမြန် စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ နတ်ဆိုးမျက်လုံးပညာရပ်မှာ ထာဝရကြယ် နေမုန်တိုင်းကြီး၏ စွမ်းအားများကို တစ်ဝက်တိတိ လျှော့ချနိုင်စွမ်းရှိနေကြောင်း ချက်ချင်းရိပ်မိသွား၏။ သို့သော်ငြားလည်း သူသည် ဆက်လက် တောင့်ခံနိုင်စွမ်းမရှိတော့သည့် အနေအထားသို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ညာလက်ရုံး အကြီးအကဲကြီးမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ထိုစွမ်းအားများထဲမှ အချို့အား လျှော့ချနိုင်သည့် နည်းလမ်းများကို ပိုင်ဆိုင်ထားနိုင်ပါသော်လည်း နောက်ဆုံးတွင်မူ သူသည် ဝမ်ပေါင်လဲ့ထက် ပို၍ အားနည်းနေရမည်သာ ဖြစ်သည်။
ထို့ကြောင့် ယခုတွင် သူသည် ဆက်လက်တောင့်ခံနိုင်စွမ်း ရှိတော့မည်မဟုတ်ကြောင်း ခံစားနေရသည်ဖြစ်ရာ ညာလက်ရုံး အကြီးအကဲကြီးမှာလည်း ထိုနည်းတူပင် ခံစားနေရလောက်ပေသည်။
သူ တွေးထားသည့် အတိုင်းပင်။ သူသည် ညာလက်ရုံး အကြီးအကဲကြီးအား လှမ်းကြည့်လိုက်သောအခါ သူ၏ အခြေအနေမှာ သိသိသာသာ ဆိုးရွားသွားပြီဖြစ်ကြောင်း မြင်လိုက်ရ၏။ ထို အကြီးအကဲကြီးမှာ ဆံပင်များမရှိတော့သလို ခန္ဓာကိုယ်တစ်လုံးမှာလည်း ပိန်ချုံးနေသောကြောင့် အရိုးစုတစ်ခုနှင့်ပင် တူနေတော့သည်။ ထို့အပြင် သူ၏ ကျင့်ကြံခြင်း စွမ်းအင်လှိုင်းများပင်လျှင် သိသိသာသာ အားပျော့သွားရပြီဖြစ်သည်။ ထိုမျှသာမက မှုန်ဝါးဝါး ဖြစ်နေသည့် ဂြိုဟ်တစ်လုံး၏ ပုံရိပ်ယောင်တစ်ခုမှာလည်း သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ ပေါ်ပေါက်လာပြီး ပျက်စီးသွားတော့မည့်ပုံ ပေါက်နေ၏။
သူ၏ မျက်ဝန်းများထဲတွင်မူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များကို မြင်နိုင်ပေသည်။ ညာလက်ရုံး အကြီးအကဲကြီးမှာ စဉ်းစားဆင်ခြင်ဉာဏ်မရှိသူတစ်ယောက် မဟုတ်သောကြောင့် တစ်ခုခုမှာ လွဲနေပြီး ဝမ်ပေါင်လဲ့မှာ ထာဝရကြယ်ကြီး၏ စွမ်းအားများကို လျှော့ချနိုင်စွမ်း ရှိနေသည်ဖြစ်ကြောင်း ချက်ချင်း သတိထားမိလိုက်၏။ ထို့အပြင် သူ ထိုကဲ့သို့ စွမ်းအားများကို လျှော့ချနိုင်စွမ်း ရှိနေရသည်မှာ ဓမ္မရတနာများကြောင့် မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်အစွမ်းအစကြောင့်သာ ဖြစ်ပေသည်။
သူသည် ယခုလို နားလည်သဘောပေါက်သွားသည့်တိုင်အောင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သို့သော် သူ၏ အမှားတော့ မဟုတ်ပေ။ အကယ်၍ ဝမ်ပေါင်လဲ့မှာ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားခဲ့စဉ်တုန်းက သူ့အား လှည့်စားလိုသည့် ရည်ရွယ်ချက်ဖြင့် သွေးများအန်ထုတ်ပြကာ အော်ဟစ်မြည်တမ်းနေခဲ့မည်ဆိုပါက ညာလက်ရုံး အကြီးအကဲကြီးမှာ သေချာပေါက်သံသယဝင်သွားပြီး ၎င်းမှာ ထောင်ချောက်တစ်ခုဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်မည်ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းမှ ပြောနေခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သည်မဟုတ်ပါလော။ သူ၏ အပြုအမူများကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ ချက်ချင်း သတိမထားမိနိုင်ခဲ့ပေ။ သို့သော် ယခုတွင် သူသည် အလျင်အမြန် ပြန်လည်တုံ့ပြန်လိုက်ဆဲပင်။ သူသည် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါကြည့်လိုက်ပြီးနောက် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားလိုက်၏။ သို့သော် သူသည် ရိုးရိုးတန်းတန်း ထွက်ပြေးဆုတ်ခွာသွားခြင်းမဟုတ်ဘဲ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်ကာ ဝမ်ပေါင်လဲ့အား သူ့လို ထွက်ပြေးဆုတ်ခွာသွားနိုင်စွမ်းမရှိအောင် တားဆီးလိုသည့် အမူအရာဖြင့် အချုပ်အနှောင် စွမ်းအားတစ်မျိုးကို ဖန်တီးလိုက်သည်။
" လုံနန်ကျစ်။ မင်း ဒီအလောက်အထိ ဉာဏ်များနေတော့ရော ဘာထူးလဲ။ စောစောတုန်းက ငါ ပေါ့ဆမိခဲ့တာ ဝန်ခံပါတယ်.. ဒါပေမဲ့ မင်းက ဒီနေရာအထိ ရောက်နေပြီဆိုမှတော့ သေကိုသေရတော့မှာ။ ငါ မင်းကို တိုက်ခိုက်နေစရာတောင် မလိုဘူး။ မင်း အပြင်ဘက်ကို ထွက်သွားလို့မရအောင် လုပ်နိုင်ရုံလောက်နဲ့တင် ရတယ် " ညာလက်ရုံး အကြီးအကဲကြီးမှာ ထိုသို့ကြိမ်းဝါးလိုက်ပြီးနောက် သူ၏ ညာဘက်လက်အား ရှေ့သို့ ဆန့်ထုတ်လိုက်သောအခါ ဧရာမ လက်ဖဝါးရာကြီးတစ်ခု ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။
" ကျင့်ကြံသူတွေအတွက် အရေးကြီးဆုံးက ကျင့်ကြံခြင်းအဆင့်ပဲ။ ငါက ဂြိုဟ်အဆင့်မှာ ရှိနေပြီးတော့ မင်းက ထာဝရဝိညာဉ်အဆင့်မှာပဲ ရှိနေသေးတာလေ။ ဒီ ထာဝရကြယ်ပေါ်မှာ ငါ မင်းထက် အချိန်နည်းနည်းလေး ပိုပြီးတော့ တောင့်ခံနိုင်တာနဲ့ မင်း ဒီနေရာမှာပဲ ဇီဝိန်ချုပ်သွားရမှာကွ "
ညာလက်ရုံး အကြီးအကဲကြီးမှာ ထိုသို့ကြိမ်းဝါးလိုက်ပြီးနောက် ရူးသွပ်မှု အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်၏။ သူသည် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အပြင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ အကြီးအကဲကြီးတစ်ယောက်လည်း ဖြစ်နေသေးသည်ဖြစ်ရာ တိုက်ပွဲအတွေ့အကြုံ အမြောက်အမြား ပိုင်ဆိုင်ထားပြီးဖြစ်သလို စိတ်ဓာတ်လည်း ပြတ်သား၏။ ယခုတွင် သူသည် သူ၏ဂြိုဟ် အက်ကွဲစပြုနေသည့် အရိပ်အယောင်များကို လျစ်လျူရှုကာ ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တည်းနိုင်ရန် ကြိုးစားလိုက်သည်။
" အဲလိုလား " ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွားကာ ပြုံး၍ ပြန်မေးလိုက်၏။ ထိုအပြုံးကြောင့် သူသည် စာနာသနားစိတ် ကင်းမဲ့ကာ ရက်စက်ကြမ်းကြုတ်မှု အပြည့်ရှိသည့်ပုံ ပေါက်သွားသည်။
" ခဗျားက ဂြိုဟ်အဆင့်မှာ ရှိမနေတော့ရင်ရော " ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆိုလိုက်ပြီးနောက် မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး သူ၏ ညာဘက်လက်ကို မြှောက်လိုက်တော့သည်။ ထို ညာဘက်လက်ထဲတွင် ကျောက်စိမ်းပေလွှာတစ်ခု ရှိနေ၏။
" ကျိန်စာတိုက်စေ " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ထို ကျောက်စိမ်းပေလွှာထဲသို့ စီးဝင်သွားစေလိုက်၏။ ထိုအခါ ထို ကျောက်စိမ်းပေလွှာမှာ အပြင်းအထန်တုန်ရီသွားပြီး ၎င်းထဲမှ အနက်ရောင်အမျှင်အတန်းများ ချက်ချင်းဆိုသလိုပင် ထိုးထွက်လာတော့သည်။ ထို အမျှင်အတန်းများမှာ ပင့်ကူအိမ်တစ်ခုနှင့် တူပြီး ၎င်းတို့မှာ ပေါ်ပေါက်လာသည့်နှင့် ဘေးပတ်ပတ်လည်ရှိ ထာဝရကြယ် နေမုန်တိုင်းကြီးအား လျစ်လျူရှုကာ ညာလက်ရုံး အကြီးအကဲကြီးအား ပစ်မှတ်ထားလိုက်၏။ ထို့ကြောင့် ထို အကြီးအကဲကြီးမှာ မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားရတော့သည်။ ထိုအချိန်တွင် ထို အမျှင်အတန်းများမှာ သူ၏ နဖူးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားပြီး သူ့အား လွှမ်းခြုံရန် ပြင်လိုက်ကြ၏။
" ဒါကြီးက... " ညာလက်ရုံး အကြီးအကဲကြီးမှာမူ ချက်ချင်းဆိုသလိုပင် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။ ထို့နောက် သူသည် ထာဝရကြယ်ကြီးကြောင့် ခံစားနေခဲ့ရသည့် အန္တရာယ်ကြီးထက် ပို၍ပင် ကြီးမားသော အန္တရာယ်ကြီးတစ်ခုအား အာရုံခံမိလိုက်တော့သည်။ သူသည် ထိုအမျှင်အတန်းများအား သူ၏ အနီးသို့ ရောက်လာခွင့် ပေး၍မဖြစ်ကြောင်း ခံစားနေရ၏။ ထိုသို့သာ မဟုတ်ပါက သူသည် သေချာပေါက် သေဆုံးသွားမည်ဖြစ်သည်။
ထို့ကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ တုန်လှုပ်ချောက်ချားသွားရပြီး ချက်ချင်းဆိုသလိုပင် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်ကာ နတ်ဘုရားစွမ်းရည်များကို ထုတ်သုံး၍ ၎င်းအား ခုခံတွန်းလှန်နိုင်ရန် ကြိုးစားလိုက်၏။ ထို့အပြင် သူသည် ဓမ္မရတနာ အမြောက်အမြားကိုပင် ထုတ်ယူလိုက်သေးသည်။
သို့သော် နောက်ကျသွားခဲ့ပြီဖြစ်သည်။
ထို အနက်ရောင် အမျှင်အတန်းများမှာ ညာလက်ရုံး အကြီးအကဲကြီး၏ အနီးသို့ ရောက်ရှိလာကြသည်နှင့် သူ၏ နတ်ဘုရားစွမ်းရည်များနှင့် ဓမ္မရတနာများအားလုံးကို ကျော်ဖြတ်သွား၏။ ထို အမျှင်အတန်းများမှာ ၎င်းတို့အား လျစ်လျူရှုထားကြပြီးနောက် အရွယ်အစား ပိုမိုသေးငယ်လာကြပြီး နောက်ဆုံးတွင် အနက်ရောင် အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲကာ ညာလက်ရုံး အကြီးအကဲကြီးဆီသို့ ဆက်လက်ဦးတည်သွားကြသည်။ ၎င်းတို့မှာ သူ့အား တုံ့ပြန်ချိန်ပင်မပေးပေ။ ထို့ကြောင့် တစ်အောင့်ခန့်အကြာတွင် ထိုအမှတ်အသားမှာ ညာလက်ရုံး အကြီးအကဲကြီး၏ နဖူးပေါ်၌ ပေါ်ပေါက်လာတော့သည်။
ထိုအခါ ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး ညာလက်ရုံး အကြီးအကဲကြီးမှာလည်း တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီကာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရ၏။ သူ မကြာသေးမီတုန်းက ထုတ်လွှတ်လိုက်သည့် အချုပ်အနှောင်ကြီးနှင့် လက်ဖဝါးရာကြီးတို့မှာလည်း ချက်ချင်းဆိုသလိုပင် ပျက်စီးပျောက်ကွယ်သွားသည်။ ထို့နောက် သူ အသံကုန် အော်ဟစ်နေစဥ်မှာပင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အတင်းအဓမ္မ ချုပ်တည်းခံလိုက်ရသည့် ပုံပင်။ သူ၏ နဖူးပေါ်မှ အနက်ရောင် အမှတ်အသားကြီးမှာ ဝင်းလက်တောက်ပလာပြီး ကိုးကြိမ်တိတိ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွား၏။ ထိုအခါ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဂြိုဟ်အဆင့်မှနေ၍ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့်သို့ ကျဆင်းသွားတော့သည်။
ထိုကဲ့သို့ ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားရခြင်းမှာ ဝမ်ပေါင်လဲ့ ထိုကျိန်စာအား အသုံးပြုကာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်အား အစောပိုင်း ထာဝရဝိညာဉ်အဆင့်သို့ ရောက်သွားအောင် ဖိနှိပ်ချုပ်တည်းလိုက်ခြင်းနှင့် လုံးဝ မတူပေ။ ယခု ဖြစ်ရပ်ကြီးမှာ ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းပေသည်။ အဘယ်ကြောင့်ဆိုသော် ညာလက်ရုံး အကြီးအကဲကြီး၏ ဂြိုဟ်အဆင့် ကျင့်ကြံခြင်းအဆင့်မှာ အဆင့်နိမ့်ကျသွားခဲ့ရသောကြောင့်ပင်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ တစ်ချိန်လုံး ထို ကျိန်စာအား ညာလက်ရုံး အကြီးအကဲကြီးပေါ်၌ အသုံးပြုခဲ့ခြင်း မရှိဘဲ လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်ပေသည်။
ညာလက်ရုံး အကြီးအကဲကြီး၏ ကျင့်ကြံခြင်းအဆင့်အား တစ်ဆင့် နိမ့်ကျသွားအောင် လုပ်လိုပါက သူ၏ အပြင်ခန္ဓာကိုယ် အခြေအနေ ဆိုးရွားနေသည့် အခိုက်အတန့်တွင်သာ လုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း သူက နားလည်ထား၏။ ထို့ကြောင့်လည်း သူသည် ထာဝရကြယ်၏ မျက်နှာပြင်အနီးသို့ ချဉ်းကပ်သွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
" အခု ခဗျားက ဂြိုဟ်အဆင့်မှာ မရှိတော့ဘူးဆိုတော့ ကျုပ်တို့နှစ်ယောက်ထဲက ဘယ်သူက ဒီနေရာမှာ အချိန်ကြာကြာ ပိုနေနိုင်မလဲဆိုတာ ပြိုင်ရတော့မှာပေါ့။ ဒါမှမဟုတ်... ကျုပ် တိုက်ခိုက်လိုက်တာနဲ့ ခဗျားက အသက်ပျောက်သွားရမှာမလို့ အဲလိုမျိုး ယှဉ်ပြိုင်ခွင့်တောင် မရှိတော့ဘူးထင်တယ် " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပလာပြီး သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ညာလက်ရုံး အကြီးအကဲကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။ ထို အကြီးအကဲကြီးမှာမူ အသံကုန် အော်ဟစ်မြည်တမ်းကာ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနေပြီ ဖြစ်သည်။
အပြောင်းအလဲများမှာ မြန်ဆန်လွန်းနေသောကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ သူသည် လုံနန်ကျစ်မှာ ထိုကဲ့သို့သော အံ့ဩမှင်တက်ဖွယ်ရာ ပညာရပ်မျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု လုံးဝ မတွေးထားခဲ့ပေ။ သူသည် ဖြစ်ပျက်ခဲ့သမျှ အခြင်းအရာများအားလုံးကို ပြန်လည် စဉ်းစားတွေးတောရင်း နှလုံးသားထဲ၌ အကြောက်တရားများ ကြီးစိုးလာရတော့သည်။
ဝမ်ပေါင်လဲ့မှာ ဂြိုဟ်အဆင့်လက်ဖဝါးကြီးဖြင့် ဘယ်လက်ရုံး အကြီးအကဲကြီးအား ဒဏ်ရာအပြင်းအထန် ရသွားအောင် လုပ်ခဲ့ပြီးနောက် ညာလက်ရုံး အကြီးအကဲကြီးကိုလည်း အခြား အချုပ်အနှောင်များ ထပ်၍ ဖန်တီးနိုင်စွမ်းမရှိအောင် အချိန်ဆွဲထားခဲ့၏။ ထို့အပြင် သူသည် နေမုန်တိုင်းကြီးအား ပိုမိုအားကောင်းလာအောင် တမင်တကာ လုပ်ခဲ့သဖြင့် ညာလက်ရုံး အကြီးအကဲကြီးမှာ တည်နေရာပြောင်းရွှေ့နိုင်စွမ်း မရှိတော့ဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကိုသာ ထုတ်သုံး၍ သူ့အား လိုက်လံဖမ်းဆီးခဲ့ရသည်။
ထို့နောက် သူသည် လမ်းကြောင်းပြောင်းကာ ထာဝရကြယ် မျက်နှာပြင်ဆီသို့ ဦးတည်သွားခဲ့၏။ ထိုအခါ ညာလက်ရုံး အကြီးအကဲကြီးမှာ သူသည် လုံနန်ကျစ်၏ အကြံအစည်များကို ရိပ်မိသွားပြီး ပြန်လည်တုံ့ပြန်နိုင်တော့မည်ဟု တွေးမိလိုက်သည်။ သို့သော်လည်း နောက်ဆုံးတွင်မူ သူသည် လှည့်စားခံလိုက်ရဆဲပင်။ လုံနန်ကျစ်မှာ သူ့အား အားအင်ချည့်နဲ့သွားအောင် လုပ်ကာ ထို ကျိန်စာအား ထုတ်သုံးရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်၏။
သို့ဖြစ်ရာ သူသည် အသာစီးရတော့မည်ဟု ယုံကြည်ထားရာမှ ချက်ချင်းဆိုသလိုပင် အရေးနိမ့်သွားရခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူ၏ နှလုံးသားထဲ၌ အကြောက်တရားများ ကြီးစိုးလာ၏။ သူသည် လုံနန်ကျစ်အား အထင်သေးမိခဲ့သည်ဖြစ်ကြောင်း နားလည်သွားတော့သည်။
သို့သော် နောက်ကျသွားပြီဖြစ်ရာ သူသည် ကြီးမားသည့် နောက်ဆက်တွဲ အကျိုးဆက်များကို ခံစားရတော့မည် ဖြစ်သည်။ ညာလက်ရုံး အကြီးအကဲကြီးမှာ ခေါင်းထဲ၌ ထိုကဲ့သို့သော အတွေးများဖြင့် ဗြောင်းဆန်နေသည့်တိုင်အောင် သူ ခံစားနေရသည့် ဝေဒနာများကို ကြိတ်မှိတ်သည်းခံကာ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားလိုက်၏။ သို့သော် သူသည် လက်မလျှော့သေးဘဲ ဝမ်ပေါင်လဲ့အား သတ်ဖြတ်နိုင်ရန် ကြိုးစားနေဆဲပင်။ ထို့အပြင် သူ၏ သတ်ဖြတ်လိုစိတ်များမှာဆိုလျှင် ပို၍ပင် အားကောင်းလာပြီဖြစ်သည်။
" အရဲစွန့်ရတော့မှာပဲ။ ဒီကောင့်ကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး "
သူသည် ထောင်ချောက်မိသွားခဲ့သဖြင့် အရေးနိမ့်နေရပြီဖြစ်ကြောင်း သိထားပါသော်လည်း ဤတိုက်ပွဲကြီး၏ အခြေအနေအား ပြောင်းပြန်လှန်ပစ်နိုင်သည့် ဝှက်ဖဲတစ်ချပ်အား ပိုင်ဆိုင်ထားဆဲပင်။
ဝမ်ပေါင်လဲ့မှာမူ ထိုအချက်များကို ဂရုစိုက်နေရန် အချိန်မရှိပေ။ သူသည် သူ၏ ပြိုင်ဘက်ဆီ၌ ဝှက်ဖဲများ ရှိနေသေးသည့်အချက်ကို သိထားလျှင်တောင် လက်ရှိအခြေအနေကြီးအား ပြောင်းလဲပစ်၍ မဖြစ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤ ကျိန်စာကြီးမှာ အများဆုံး ဆယ့်ငါးမိနစ်သာ ခံမည်ဖြစ်ကြောင်း သူက သိထားသောကြောင့်ပင်။ သို့ဖြစ်ရာ ထို ဆယ့်ငါးမိနစ်သာ ကုန်သွားမည်ဆိုပါက သူသည် အန္တရာယ်နှင့် ပြန်၍ရင်ဆိုင်လိုက်ရဦးမည်သာ ဖြစ်သည်။
ထွက်ပြေးနိုင်ရန် ကြိုးစားလျှင်လည်း အကျိုးရှိမည်မဟုတ်ပေ။ သူသည် ထာဝရကြယ်ကြီးပေါ်၌ ပိတ်မိနေသရွေ့ လွတ်လမ်းရှိမည်မဟုတ်သလို အနေနှင့်အမြန် ဖမ်းဆီးခံလိုက်ရမည်သာ ဖြစ်သည်။ ထို့အပြင် ထိုကဲ့သို့ ထွက်ပြေးနေခြင်းမှာ ဝမ်ပေါင်လဲ့၏ အကျင့်စရိုက်နှင့် ကိုက်ညီမှုမရှိပေ။
သို့ဖြစ်ရာ... သူသည် တိုက်ခိုက်မှ ရတော့မည်ဖြစ်သည်။
ညာလက်ရုံး အကြီးအကဲကြီးမှာ သူ့အား လိုက်လံဖမ်းဆီးနေခဲ့စဉ်တုန်းက ထွက်ပေါက်အား ဖျက်ဆီးပစ်ခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ထာဝရကြယ်ထဲမှ ထွက်ခွာသွားနိုင်စွမ်း မရှိတော့မည့် ကိစ္စနှင့် ပတ်သတ်၍ စိုးရိမ်နေခြင်းမရှိကြောင်း သိနိုင်ပေသည်။ ထို့အပြင် ထာဝရကြယ်ပေါ်ရှိ နေမုန်တိုင်းကြီးမှာ ပရမ်းပတာ ဖြစ်နေပြီး သူတို့၏ အာရုံခံနိုင်စွမ်းများကို ပိတ်ဆို့ထားသည် ဖြစ်ရာ ဥပဒေသစွမ်းအားများ အားပျော့နေသည့် အခြား နေရာများအား လိုက်လံရှာဖွေနိုင်ရန်မှာ သူတို့အတွက် အလွန်အင်မတန်မှ အန္တရာယ်များနေပြီ ဖြစ်သည်။
သို့ဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ ထာဝရကြယ်ကြီးထဲမှ ထွက်ခွာသွားနိုင်ရန်မှာ သူတို့အတွက် ပိုမို ခဲယဉ်းလာမည် ဖြစ်သည်။
" မဟုတ်မှလွဲရော... ညာလက်ရုံး အကြီးအကဲကြီးက ဒီနေရာကနေ ချက်ချင်း ထွက်ခွာသွားနိုင်တဲ့ နည်းလမ်းတစ်ခုခုကို ပိုင်ဆိုင်ထားတာမလို့ ငါ့ကို အခုလို လိုက်ဖမ်းရဲနေတာများလား "