← Chapters

မဂ္ဂနိုလီယာသစ်သီး

Vol. 17 Ch. 231

မဂ္ဂနိုလီယာသစ်သီး

Vol. 17 Ch. 231

အောက်တွင် လင်းရှန်၏ ခန္ဓာကိုယ်ထဲမှ တောင်တစ်လုံးကဲ့သို့ ကြီးမားသောစွမ်းအင်များ စုစည်းလာသည်။

သို့ပေမဲ့ များစွာ နောက်ကျသွားပြီ ဖြစ်သည်။

ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ဦး ရောက်မလာလျှင် ဟန်မူယဲ့ သေသွားနိုင်သည်။

လင်းရှန်က အစိမ်းရောင်ဝံပုလွေကို အသက်စွန့်ပြီး မတိုက်ခိုက်လိုက်သည့်အတွက် နောင်တရနေသည်။

ခရမ်းရောင်မျက်လုံးနှင့် ခရမ်းရောင်ဆံပင်များရှိသော သစ်ပင်မိစ္ဆာထန်ထန်မှာ ဝမ်းနည်းသွားသည်။

သူမက ဟန်မူယဲ့ကို သိသည်။

ဟန်မူယဲ့က အဘွားလန်ကို ကူညီပေးနေခြင်း ဖြစ်သည်။

ဟန်မူယဲ့က သစ်ပင်မိစ္ဆာများ၏ မိတ်ဆွေဖြစ်သည်။

ယခုအချိန်မှာတော့ သူမက ဟန်မူယဲ့အသတ်ခံရခြင်းကိုသာ ကြည့်နေရသည်။

လေထုထဲတွင် သူ့တည်နေရာတစ်ခုလုံး အေးခဲသွားပုံရသည်။

ဟန်မူယဲ့၏ မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက လက်နှစ်ဖက်ဖြင့် ဓားကို ကိုင်ထားသည်။

သူ့စိတ်နယ်ပယ်ထဲတွင် အစိမ်းရောင်ဓားအလင်းက တုန်ခါသွားသည်။

သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ သူက ဓားဝိညာဉ်ကို မသုံးခဲ့ပေ။

သူ့ဒန်ထျန်ထဲမှာရှိသော ဓား‌ဆေးလုံးသုံးလုံးက ဖျတ်ခနဲထွက်လာသည်။

“ဟမ် ....”

ဓားဆေးလုံးသုံးလုံးသည် သူ့ပတ်ပတ်လည်တွင် ရှိနေသည်။ သူ့ဒန်ထျန်ထဲတွင် တစ်နှစ်ကြာအောင် ပျိုးထောင်ထားသောဓားဆန္ဒသည် သုံးခုကွဲသွားပြီး ဓားဆေးလုံးများထဲသို့ ဝင်သွားသည်။

ချက်ချင်းဆိုသလို ဓားဆေးလုံးသုံးလုံးသည် ကြယ်သုံးလုံးအဖြစ် ပြောင်းသွား၏။

ကြယ်သုံးလုံးအတွင်းတွင် ဓားအလင်းများပေါင်းစပ်လာပြီး အမျှင်တန်းများအဖြစ် ပြိုကွဲသွားသည်။

အမျှင်တန်းများ မရေမတွက်နိုင်အောင် ရှိနေသည်။

ထိုအမျှင်တန်းများသည် ပေါ့ပါးပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။

ဓားချီက ချည်မျှင်များအဖြစ် ပြောင်းလဲသွားပြီး ဓားတာအိုက လေးနက်လာသည်။

ဓားဆေးလုံးသုံးလုံး၊ ကြယ်သုံးစင်းဝင်္ကပါ။

ကောင်းကင်စက်ဝန်းဝင်္ကပါ၏ အခြေခံ။

ဟန်မူယဲ့သည် အချိန်အတော်ကြာမှ ပထမဆုံးအကြိမ်အဖြစ် ဓားဆေးလုံးဖြင့် ရန်သူကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့်မိစ္ဆာများနှင့်ယှဉ်လျှင် သူ့ဓားဆေးလုံးက မည်မျှသန်မာကြောင်း သူသိချင်သည်။

ဓားဆေးလုံးသုံးလုံးမှ ထွက်ပေါ်လာသော ဓားချည်မျှင်များသည် ကြည်လင်နေသောပိုးအိမ်ကဲ့သို့ ဟန်မူယဲ့ကို လွှမ်းခြုံလိုက်သည်။

“ဝှစ် ....”

အစိမ်းရောင်ဝံပုလွေနှင့် တောင်ပံမြွေမှာ ပိုးအိမ်ကို ဝင်တိုက်သည်။

“ဘုန်း ....”

ကောင်းကင်ပေါ်တွင် နောက်ဆုံးလျှပ်စီးသည် ပျောက်ကွယ်သွားပြီး ဖြစ်၏။

မိစ္ဆာကြီးတစ်ကောင်၏ မိစ္ဆာအလင်းများ ပေါ်ထွက်လာလျှက် မူကျင်းသည် ဟန်မူယဲ့ပိုးအိမ်၏ အရှေ့တွင် ရပ်နေသည်ကို တွေ့ရ၏။

မိစ္ဆာနှစ်ကောင်မှာ ပိုးအိမ်ကိုဖြတ်ကျော်သွားသည်။

သွေးစီးကြောင်းနှစ်ခု ပိုးအိမ်ပေါ်မှာ ကျန်ရစ်သည်။

မိစ္ဆာနှစ်ကောင်သည် ဟန်မူယဲ့အရှေ့သို့ရောက်သောအခါတွင် တစ်စစီ ပြိုကွဲလာ၏။

ပိုးအိမ်အဖြစ် ပြောင်းသွားသောဓားချည်မျှင်များသည် ကောင်းကင်ဘုံတစ်ဝက်အဆင့် မိစ္ဆာနှစ်ကောင်ကို တစ်ပိုင်းတစ်စစီဖြစ်သွားစေသည်။

ထိုအချိန်တွင် မူကျင်းသည် ဟန်မူယဲ့ရှေ့တွင် ဖြည်းဖြည်းချင်းပြိုကျသွားသော မိစ္ဆာနှစ်ကောင်ကို မြင်လိုက်ရသည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ညွှန်ပြလိုက်သည်။ ပိုးအိမ်သည် ချက်ချင်းပျောက်ကွယ်သွားပြီး ကြယ်သုံးလုံးသဖွယ်ဖြစ်နေသော ဓားဆေးလုံးသုံးလုံးသာ ကျန်ရစ်၏။

“ဂုဏ်ယူပါတယ် အကြီးအကဲ”

သူက ကြောင်အနေသောမူကျင်းကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

“ဓားဘုရင်ယွမ်ထျန်း”

မူကျင်းက ဓားဆေးလုံးသုံးလုံးကို အံ့အားသင့်စွာကြည့်နေပြီး ရေရွတ်လိုက်သည်။

သူမ၏ စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့၏ မျက်လုံးများက တောက်ပသွားသည်။

“အကြီးအကဲက ဓားဘုရင်ယွမ်ထျန်းကို သိတယ်လား”

အနောက်ဘက်ကုန်းမြေကို လွှမ်းမိုးခဲ့သော မဟာဓားကျင့်ကြံသူသည် လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းမှ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်သည်။ သစ်ပင်မိစ္ဆာမူကျင်းသည်လည်း နှစ်တစ်သောင်းကျော်ကြာအောင် ကျင့်ကြံထားသူ ဖြစ်သည်။

သူတို့က တစ်ယောက်နှင့် တစ်ယောက် သိနေနိုင်သည်။

ဟန်မူယဲ့၏ စကားကို ကြားလိုက်ရသောအခါတွင် မူကျားက ခေါင်းခါလိုက်ပြီး နောင်တရနေသောမျက်နှာထားနှင့်အတူ ပြောသည်။

“လွန်ခဲ့တဲ့နှစ်တစ်သောင်းမှာ ငါက အသွင်မပြောင်းနိုင်သေးတဲ့ သစ်ပင်မိစ္ဆာလေးပဲဖြစ်ခဲ့တာ။ ဓားဘုရင်ကိုသိဖို့ ငါက ဘယ်လိုလုပ်ပြီး အဆင့်မီမှာလဲ”

“ငါက ဓားဘုရင်ရဲ့ကြီးကျယ်ခမ်းနားမှုကို မြင်ဖူးရုံတင်ပါ”

“အဲဒီအချိန်တုန်းက ပြင်ပဘုံရဲ့ အစွမ်းကြီးလူတစ်ယောက်ကို ဓားဘုရင်က ကောင်းကင်စက်ဝန်းဓားဝင်္ကပါနဲ့ တိုက်ခိုက်ခဲ့တယ်။ အဲဒီတိုက်ပွဲကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ဝက်လောက် တုန်ခါခဲ့ရတယ်”

“အရင်က စပါးစိမ်းတောင်ကုန်းမှာ ပေသုံးသောင်းမြင့်တဲ့ တောင်ထွတ်တစ်ခုရှိခဲ့တယ်။ ဓားပျံတစ်လက်ကြောင့် အဲဒီတောင်က ပြိုကျသွားခဲ့တယ်”

ပြင်ပဘုံ…

တခြားတစ်ယောက်က ပြင်ပဘုံကျင့်ကြံသူအကြောင်း ပြောလာခြင်းကို ဟန်မူယဲ့က ပထမဆုံးအကြိမ်ကြားလိုက်ရခြင်း ဖြစ်သည်။

မူကျင်းကဲ့သို့ သစ်ပင်မိစ္ဆာမျိုးသည်သာ သက်တမ်းအလွန်ရှည်ပြီး လွန်ခဲ့သောနှစ်တစ်သောင်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စကို ကိုယ်တိုင်ကြုံတွေ့နိုင်သည်။

ဟန်မူယဲ့က ဆက်မေးမည် ပြုစဉ် မူကျင်းက အနက်ရောင်သားမွေးကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး ပြန်ပေးလိုက်သည်။

“မိတ်ဆွေလေး၊ ဒီရတနာကို ပြန်ပေးလိုက်မယ်”

ယခုအချိန်မှာ အနက်ရောင်သားမွေးပေါ်တွင် ဝိညာဉ်အလင်းများရှိနေပြီး လျှပ်စီးကြောင်းများသွယ်ယှက်နေသည်။

ထိုသားမွေးက ဆွေးမြည့်သွားတော့မည်ဟု မထင်ရတော့ဘဲ တာအိုအင်းကွက်များပင် တဖျတ်ဖျတ် လက်နေသည်။

လက်ရှိအခြေအနေအရဆိုလျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ထိုသားမွေးကို ရတနာစံအိမ်၏ဒုတိယထပ်မှာပဲ ပစ်မထားလောက်ပေ။

ဟန်မူယဲ့က သာမွေးကိုယူလိုက်ပြီးနောက်တွင် ၎င်းသည် လျှပ်စီးစွမ်းအင်များနှင့် ပြည့်နေသည်ဟု ခံစားလိုက်ရသည်။

ဟန်မူယဲ့က သားမွေးကိုသိမ်းပြီးသွားသောအခါတွင် မူကျင်းက ပြုံးလျက်ပြောသည်။

“မိတ်ဆွေလေး၊ ငါ့ ကျင့်ကြံခြင်းဝိညာဉ်နယ်မြေကို လိုက်ခဲ့ပါ။ မင်း သိချင်တာမှန်သမျှ ပြောပြပါ့မယ်”

ထို့နောက် သူမက လက်မြှောက်လိုက်သည်။ အစိမ်းရောင်ဝိညာဉ်အလင်းများ ပေါ်ထွက်လာပြီး မိုင်ဒါဇင်ချီနေသော ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

ဝိုင်းဝန်းတိုက်ခိုက်ခဲ့သော မိစ္ဆာသားရဲများမှာ တိတ်တိတ်လေး ထွက်ပြေးနေကြသော်လည်း ယခုအချိန်မှာတော့ ထွက်မပြေးနိုင်တော့ဘဲ နွယ်ပင်များ၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။ သူတို့က ရုန်းကန်နေသည့်တိုင် မလွတ်မြောက်နိုင်ပေ။

ကောင်းကင်ဘုံအဆင့်မိစ္ဆာဆီမှ ထွက်ပြေးရန်မဖြစ်နိုင်ပေ။

“ဟမ် ....”

အစိမ်းရောင်အလင်း၏ ဖိအားအောက်တွင် သစ်သားနွယ်ပင်များမှာ နောက်သို့ ပြန်ဆုတ်လာသည်။ မိုင်တစ်ရာပတ်လည်တွင် တောင်တန်းများတုန်ခါသွားပြီး မြေပြိုကျလာသည်။

မိစ္ဆာသားရဲများက မြေအောက်သို့ ဆွဲသွင်းခံလိုက်ရသည်။

ခဏအကြာမှာတော့ တောအုပ်က တိတ်ဆိတ်သွားသည်။

ထိုအရာက သတ်ဖြတ်ခြင်းကို မမြင်ရသော သတ်ဖြတ်လိုက်သည့် မြင်ကွင်း ဖြစ်သည်။

ထိုအရာက မိစ္ဆာကျင့်ကြံသူများ၏လောက ဖြစ်သည်။

အကယ်၍ ကောင်းကင်ကပ်ဘေးတွင် မူကျင်းသေဆုံးသွားလျှင် သစ်ပင်မိစ္ဆာများအားလုံး အသတ်ခံရပြီး သူတို့ခန္ဓာကိုယ်ထဲမှာရှိသောရတနာများကို မိစ္ဆာသားရဲများက ထုတ်ယူလိမ့်မည်။

ယခုအချိန်မှာ မူကျင်းသည် ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့သောကြောင့် မိစ္ဆာသားရဲများကို မြေဩဇာအဖြစ် အသုံးပြုလိုက်သည်။

ခွန်အားကြီးသူက အားနည်းသူကို အမဲလိုက်သည်။

ထို့အတွက် အကြောင်းပြချက်မရှိပေ။

ထိုအရာက လူသားဂိုဏ်းများအကြားမှာရှိသော ဆက်ဆံရေးနှင့် လှည့်ကွက်များထက် ပိုရိုးရှင်းပြီး တိုက်ရိုက်ကျသည်။

လင်းရှန်က ဓားကိုသယ်ပြီး ဟန်မူယဲ့ဆီသို့ ပျံသန်းလာသည်။

သစ်ပင်မိစ္ဆာများကလည်း လေပေါ်သို့ပျံတက်လာပြီး မူကျင်း၏ ပတ်ပတ်လည်တွင် ပျော်ရွှင်နေကြသည်။

“ကျေးဇူးပါပဲ”

ထန်ထန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာပြောသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။

သူတို့က တောအုပ်ထဲသို့ သစ်ပင်မိစ္ဆာများနောက်မှ လိုက်သွားသည်။ ခဏအကြာတွင် သူတို့က ချိုင့်ဝှမ်းတစ်ခုဆီသို့ ရောက်သွားသည်။

မူကျင်းက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး သူမရှေ့မှာရှိနေသောချိုင့်ဝှမ်းက သစ်ပင်များနှင့် တည်ဆောက်ထားသော ရွာတစ်ရွာအဖြစ် ပြောင်းသွားသည်။

ထိုရွာထဲတွင် ကလေးငယ်အများအပြားရှိနေသည်။ တချို့ကလေးများ၏ခေါင်းတွင် သစ်ကိုင်းများပေါက်နေပြီး တချို့ကတော့ အမြစ်များ၊ သစ်ရွက်များ ရှိနေကြသည်။

မူကျင်းနဲ့တခြားလူများ ပြန်လာသောအခါတွင် သူတို့အားလုံးက နှုတ်ဆက်လိုက်သည်။

“အဘွားလန်နဲ့ ဒေါ်လေးထန်”

မူကျင်းက ထန်ထန်အား ဟန်မူယဲ့နှင့် လင်းရှန်တို့ကို တဲအိမ်ဆီသို့  အနားယူရန် ခေါ်ဆောင်သွားစေလိုက်သည်။ ထို့နောက် သူမက ခြံနောက်သို့ တိုက်ရိုက်ဝင်သွားသည်။

ထန်ထန်က ဟန်မူယဲ့နှင့် လင်းရှန်ကို ဦးဆောင်ပြီး တဲအိမ်ထဲတွင် ထိုင်ချလိုက်သည်။ ထို့နောက် သူမက မိစ္ဆာကလေးအုပ်စု နှင့်အတူ သစ်သီးအများအပြား ယူလာသည်။

သစ်သီးများအားလုံးက သဘာဝစွမ်းအင်များဖြင့် ပြည့်နေသည်။

ဟန်မူယဲ့က သစ်သီးအချို့ မြည်းကြည့်လိုက်ပြီး သွားရည်ကျနေ‌သော မိစ္ဆာကလေးများကို မြင်လိုက်ရသည်။ ထို့ကြောင့် သူက လက်ကိုဝှေ့ယမ်းပြီး သူတို့ကို မောင်းထုတ်လိုက်သည်။

ထန်ထန်က အနီရောင်ဝိညာဉ်သစ်သီးတစ်လုံးကို လက်နှစ်ဖက်နဲ့ကိုင်ထားပြီး ကိုက်ချလိုက်သည်။

“ဒါတွေကို အဘွားလန်က ရတနာနယ်မြေထဲမှာ စိုက်ထားတာ။ ကျွန်မတို့တွေ တစ်ခါတလေမှ စားရတယ်”

သူက အစိမ်းရောင်ဝံပုလွေမိစ္ဆာထံမှ မူကျင်းတွင် သဘာဝစွမ်းအားနယ်မြေတစ်ခုရှိကြောင်း ကြားခဲ့ရသည်။

အံ့ဖွယ်ကိုးပါးတောင်တွင်ပင် သဘာဝစွမ်းအင်နယ်မြေ တစ်ခုသာရှိသည်။

ဤတစ်ကြိမ်မှာ ဟန်မူယဲ့က သစ်ပင်မိစ္ဆာများကို ကာကွယ်ပေးခဲ့သောကြောင့် ထန်ထန်က သူ့ကို သိပ်သတိမထားတော့ပေ။ သူမက စပါးစိမ်းတောင်၏ အခြေအနေကို ရှင်းပြနေသည်။

စပါးစိမ်းတောင်သည် မိုင်တစ်သောင်းခန့် ရှည်လျားပြီး ကောင်းကင်ဘုံတစ်ဝက်အဆင့် မိစ္ဆာလေးကောင်ရှိနေသည်။

ထိုမိစ္ဆာလေးကောင်က မဂ္ဂနိုလီယာသစ်ပင်မိစ္ဆာ မူကျင်း၊ မြွေနက်မိစ္ဆာ မြွေနက်ခေါင်း‌ဆောင်၊ သမင်ဖြူမိစ္ဆာ လုလင်ကျီးနှင့် တစ်ခါတလေမှပေါ်လာတတ်သော ရွှေသိန်းငှက်မိစ္ဆာ ယန်ယင်တို့ဖြစ်ကြသည်။

သိန်းငှက်မိစ္ဆာသည် ကောင်းကင်ဘုံအဆင့်သို့ ရောက်နေလောက်သည်ဟု မူကျင်းက သစ်ပင်မိစ္ဆာများကို သီးသန့်သတိပေးဖူးသည်။ သူသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လူသားများကိုရန်မစလိုသောကြောင့် ခွန်အားကို ဖုံးကွယ်ထားခြင်းဖြစ်နိုင်သည်။

မိစ္ဆာကြီးလေးကောင်ထဲတွင် မူကျင်းသည် သစ်ပင်မိစ္ဆာဖြစ်သည်။ စပါးစိမ်းတောင်တွင် သူမသည် ငြိမ်းချမ်းစွာနေထိုင်ပြီး တိုက်ခိုက်ခြင်းကို မနှစ်သက်ပေ။

တစ်ဖက်တွင်တော့ မြွေနက်ခေါင်းဆောင်နှင့် လုလင်ကျီးတို့အကြားတွင် တိုက်ပွဲများရှိတတ်သည်။

နောက်ပိုင်းတွင် လုလင်ကျီးသည် လူသားတာအိုဂိုဏ်းနှင့် ပူးပေါင်းပြီး မြွေနက်မိစ္ဆာကို ကျောက်တုံးနက်ရေကန်ထဲမှ ထွက်မလာနိုင်အောင် ဖိအားပေးသည်။

“ရှင်က အဘွားလန်နဲ့အပေးအယူလုပ်ဖို့ ရောက်လာတာမဟုတ်လား”

ထန်ထန်က ဟန်မူယဲ့ကိုကြည့်ပြီး တီးတိုးပြောလိုက်သည်။

“စိတ်မပူပါနဲ့။ စပါးစိမ်းတောင်မှာ အဘွားလန်မရှာနိုင်တာ ဘာမှမရှိဘူး”

မူကျင်းသည် အပင်များကို ဖိနှိပ်နိုင်သောစွမ်းရည်ဖြင့် အသိစိတ်ရလာသောသစ်ပင်မိစ္ဆာ ဖြစ်သည်။

ယခုအချိန်မှာ သူမသည် ကောင်းကင်ဘုံအဆင့်သို့ ရောက်သွားသောကြောင့် အပင်များကို ထိန်းချုပ်နိုင်လိမ့်မည်။

တစ်နာရီအကြာတွင် မူကျင်းက အဝတ်အစားလဲထားပြီး အရှိန်အဝါကိုထိန်းသိမ်းလျက် ဖြည်းဖြည်းချင်းလျှောက်လာသည်။

သူမက ယခုလေးတင်မှ အဆင့်တက်ထားပြီး ချက်ချင်းတံခါးပိတ်မကျင့်ကြံဘဲနေခြင်းသည် ဟန်မူယဲ့တို့ကို မျက်နှာသာပေးနေခြင်း ဖြစ်သည်။

ဟန်မူယဲ့နှင့် လင်းရှန်တို့က ထရပ်ပြီး လက်သီးဆုပ်လျက် နှုတ်ဆက်ကြသည်။

မူကျင်းက ဟန်မူယဲ့ဆီသို့လျှောက်လာပြီး ကျောက်စိမ်းသေတ္တာလေးတစ်လုံးကို ပေးလိုက်သည်။ သူမက ညင်သာစွာပြောသည်။

“ဒါက မဂ္ဂနိုလီယာသစ်သီးပဲ”

မဂ္ဂနိုလီယာသစ်သီး…။

All Chapters