အမတ်ကြီးဝမ်နှင့် ဓားဘုရင်
Vol. 17 Ch. 232
နှစ်တစ်သောင်းသက်တမ်းရှိသော သစ်သီးကို စားသုံးလိုက်လျှင် သစ်သားစွမ်းရည်ကို ပြီးပြည့်စုံစွာရရှိလာလိမ့်မည်။
ထိုရတနာမျိုးက တန်ဖိုးမဖြတ်နိုင်ပေ။
“ဒီသစ်သီးကို နှစ်တစ်သောင်းကြာအောင် ပျိုးထောင်ခဲ့ရတယ်”
မူကျင်းက သူမလက်ထဲမှာရှိသောသေတ္တာလေးကို ကြည့်လိုက်ပြီး သက်ပြင်းချသည်။
ဟန်မူယဲ့က သူမကိုတစ်ချက်ကြည့်ပြီး ခပ်ဟဟရယ်သည်။
“အကြီးအကဲ၊ တကယ်လို့ ဒီသစ်သီးက ခင်ဗျားအတွက်အရမ်းအရေးပါနေရင် ကျွန်တော်မယူချင်ပါဘူး”
မဂ္ဂနိုလီယာသစ်သီးက ပစ္စည်းကောင်းဖြစ်သည်။
သို့ပေမဲ့ မူကျင်းသည် ကောင်းကင်ကပ်ဘေးကိုကျော်ဖြတ်ပြီး စပါးစိမ်းတောင်၏ ခေါင်းဆောင်တစ်ယောက်ဖြစ်လာသည်။ သူမ၏ အဆင့်အတန်းက ကွာခြားသွားပြီဖြစ်သည်။
ထိုသစ်သီးကို တခြားအရာနှင့် လဲလှယ်ခြင်းက အကြံကောင်းတစ်ခုဖြစ်သည်။
ဟန်မူယဲ့၏ စကားကို ကြားလိုက်ရသောအခါတွင် မူကျင်းက ပြုံးလျက် ခေါင်းခါလိုက်ပြီး ပြောသည်။
“ငါက ကောင်းကင်ကပ်ဘေးမှာကျရှုံးခဲ့ရင် ဒီသစ်သီးက ငါ့ကို ဘဝအသစ်ရလာအောင် ကူညီပေးလိမ့်မယ်။ ဒါပေမဲ့ အခုတော့ သိပ်အသုံးမဝင်တော့ပါဘူး”
ထို့ကြောင့် ဟန်မူယဲ့က ကျောက်စိမ်းသေတ္တာလေးကို သိုလှောင်လက်စွပ်ထဲမှာ သိမ်းလိုက်သည်။
မူကျင်းက လက်တစ်ဖက်ကိုဝှေ့ယမ်းပြီး နောက်ထပ်သစ်သီးများကို စီစဉ်ပေးလိုက်သည်။
“ဒီသစ်သီးတွေက အကြီးအကဲရဲ့ ရတနာနယ်မြေကမဟုတ်လား။ ဒီသစ်သီးတွေက ရှားပါးတယ်လို့ ထန်ထန်ပြောတယ်”
ဟန်မူယဲ့က သဘာဝစွမ်းအားများဖြင့် ပြည့်နေသော သစ်သီးနှစ်လုံးကိုကောက်ယူပြီး ပြုံးလျှက် မေးသည်။
ထိုသစ်သီးထဲတွင် အဌမတန်းစားဆေးလုံးနှင့် ယှဉ်နိုင်သော စွမ်းအားများရှိနေသည်။
မူကျင်းက ပြုံးလိုက်ပြီးပြောသည်။
“တကယ်တော့ အဲ့လောက်တန်ဖိုးမရှိပါဘူး။ ထန်ထန်တို့က မိစ္ဆာသစ်ပင်တွေလေ။ သူတို့ကို ဝိညာဉ်သစ်သီးတွေ အများကြီးမစားစေချင်ရုံတင်ပါ”
“မင်း ကြိုက်ရင် ယူသွားလို့ရပါတယ်”
ဟန်မူယဲ့၏မျက်နှာက တောက်ပသွားပြီး ပြုံးသည်။
“ငြင်းလိုက်ရင် မယဉ်ကျေးရာကျတော့မှာပဲ”
တောတောင်များ၏ သဘာဝထုတ်ကုန်အားလုံးသည် အပြင်ဘက်လောကတွင် ဆိုပါက ရတနာများဖြစ်သည်။
ကမ္ဘာကြီးက ထိုသို့ပင်ဖြစ်သည်။
“ကျွန်တော်ဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဓားစံအိမ်စောင့်ရှောက်သူ ဟန်မူယဲ့ပါ။ သူကတော့ ကိုယ်ရံတော် လင်းရှန်ပါ”
ဟန်မူယဲ့က ထရပ်လိုက်ပြီ လေးနက်စွာမိတ်ဆက်လိုက်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း။
ထိုဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အဓိက ဓားဂိုဏ်းကြီးလေးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည်။
ထိုဂိုဏ်းသည် ဂိုဏ်းကြီးတစ်ခုဖြစ်သည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်း… ဓားစံအိမ်… မအံ့သြတော့ပါဘူး”
မူကျင်းက ခေါင်းညိတ်သည်။
ဟန်မူယဲ့က မူကျင်းနှင့် အဆင့်အတန်းတူညီစွာ အလဲအလှယ်လုပ်နိုင်ရန်အတွက် မိတ်ဆက်လိုက်ခြင်းဖြစ်သည်။
သူက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ဖြစ်နေလျှင် သန်မာသော်လည်း ကောင်းကင်အဆင့်မိစ္ဆာထက် အဆင့်အတန်းနိမ့်ကျနေလိမ့်မည်။
ကောင်းကင်ဘုံအဆင့်မိစ္ဆာနှင့် သဘောတူညီချက်ပြုလုပ်ရန် အဆင့်မီမည် မဟုတ်ပေ။
သို့ပေမဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်တစ်ယောက်ဆိုလျှင်တော့ အခြေအနေပြောင်းလဲသွားလိမ့်မည်။
မူကျင်း၏အပြုံးက ပိုမိုချိုမြိန်လာသည်။
“အဲဒီတော့ မင်းက အင်မော်တယ်ဟန်လား”
မူကျင်းက ဟန်မူယဲ့ကို သေချာကြည့်လိုက်သည်။
“ငါက စပါးစိမ်းတောင်ကုန်းမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အင်မော်တယ်ဟန်အကြောင်းကို အများကြီးကြားဖူးတယ်။ အဲဒါက မင်း ဖြစ်နေမယ်လို့ ထင်မထားမိဘူး”
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်သည်။
ဂုဏ်သတင်းက ဤနေရာမှာတော့ အသုံးဝင်သင့်သည်။
သူထိုင်ချလိုက်သောအခါတွင် မူကျင်းက ပိုမိုယဉ်ကျေးလာသည်။
“အင်မော်တယ်ဟန်က ဓာဘုရင်ယွမ်ထျန်းအကြောင်းကို သိချင်တာမဟုတ်လား”
“ငါသိသလောက် အားလုံးပြောပြပါ့မယ်”
သစ်သားခုံပေါ်မှာထိုင်နေသောမူကျင်းက အတိတ်ကိုသတိရသွားပုံပေါ်သည်။
လွန်ခဲ့သောနှစ်တစ်သောင်း၏အဖြစ်အပျက်များကို ပုံမှန်အားဖြင့် သူမပြောလေ့မရှိပေ။
“လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက ဘယ်လိုမျိုးလဲ မင်း သိလား”
ဟန်မူယဲ့က မဖြေပေ။ သူဖြေရန်လည်း မလိုပေ။
မူကျင်းကလည်း သူ့ကိုမေးနေခြင်းမဟုတ်ပေ။
“လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ပြင်ပဘုံကို တည်နေရာရွှေ့ပြောင်းသွားနိုင်တဲ့ ဂိတ်တံခါးသုံးခုရှိခဲ့တယ်။ အနောက်ဘက်နယ်စပ်ကုန်းမြေကို စိတ်ရှိသလိုဝင်လာနိုင်တယ်”
“ပြီးတော့ မရေမတွက်နိုင်လောက်တဲ့ အာကာသအက်ကွဲကြောင်းတွေလည်းရှိခဲ့တယ်။ လေလွင့်ကျင့်ကြံသူတွေ၊ မိစ္ဆာသားရဲတွေ၊ မကောင်းဆိုးဝါးမိစ္ဆာတွေ အချိန်မရွေးဝင်လာနိုင်တယ်”
မူကျင်း၏ပြောစကားအရ အနောက်ဘက်နယ်စပ်ကုန်းမြေတင်မကဘဲ အံ့ဖွယ်ကောင်းကင်ကမ္ဘာတစ်ခုလုံးသည် အလွန်ကျယ်ပြန့်ပြီး အင်အားကြီးသည်။
ထိုအရာသည် လွန်ခဲ့သောနှစ်တစ်သောင်းအတွင်း၌ ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် အံ့ဖွယ်ကောင်းကင်ကမ္ဘာ၏ ကျင့်ကြံသူကြီးများက ကမ္ဘာမှထွက်သွားပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို တည်ဆောက်ကြလိမ့်မည်။ ထိုမှသာ မျိုးဆက်သစ်များ လုံလောက်အောင်သန်မာလာသောအခါ အပြင်လောကသို့ ထွက်လာနိုင်မည်။
အံ့ဖွယ်ကောင်းကင်ကမ္ဘာ၏ သဘာဝစွမ်းအားများသည်လည်း အလွန်သိပ်သည်း၏။
သို့ပေမဲ့ နောက်ပိုင်း ဖြစ်ရပ်တချို့ကြောင့် ပြင်ပဘုံနှင့် စစ်ပွဲတွင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်အများစု ပျက်စီးသွားသည်။ တချို့အစီအရင်များကို ပြင်ပဘုံကျင့်ကြံသူများက အပိုင်သိမ်းသွားသည်။
အံ့ဖွယ်ကောင်းကင်ကမ္ဘာနှင့် ပြင်ပဘုံသည် အမြဲမပြတ်တိုက်ခိုက်နေကြသည်။
ကောင်ကင်ဘုံအဆင့်၏ အထက်တွင်ရှိသော ကျွမ်းကျင်သူများ တိုက်ခိုက်ခဲ့သည့်အတွက် အံ့ဖွယ်ကောင်းကင်ကမ္ဘာ၏ သဘာဝစွမ်းအားများ လျော့နည်းသွားပြီး ကမ္ဘာမှာ ပြိုကျသွားသည်။
နောက်ပိုင်းတွင်တော့ အင်အားကြီးလူတစ်ယောက်က ကမ္ဘာကို ချိပ်ပိတ်ပြီး အာကာသလမ်းကြောင်းအများစုကို ပိတ်ဆို့သည်။ သူက အံ့ဖွယ်ကောင်းကင်ကမ္ဘာ၏ ကောင်းကင်ဘုံ လျှို့ဝှက်ချက်များကိုလည်း ဖုံးကွယ်သည်။ ထို့ကြောင့် ပြင်ပဘုံကျင့်ကြံသူများက သိပ်မလာကြတော့ပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ချိပ်ပိတ်ထားသောအာကာသလမ်းကြောင်းသုံးခုသာ ကျန်တော့သည်။
ဓားဘုရင်ယွမ်ထျန်းက ထိုစွမ်းအားကြီးသူ၏ တပည့်တစ်ယောက်ဖြစ်သည်။
ထိုစွမ်းအားကြီးသူသည် ကောင်းကင်ဘုံကမ္ဘာမှ ထွက်ခွာသွားပြီးနောက် ဓားဘုရင်ယွမ်ထျန်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို ကာကွယ်ရန် တာဝန်ယူသည်။
“အလယ်ပိုင်းကုန်းမြေရဲ့ စာပေသမားနဲ့ စစ်သူကြီးလည်းရှိသေးတယ်။ သူတို့က အဲဒီစွမ်းအားကြီးသူရဲ့ အမွေအနှစ်တွေကို ဆက်ခံထားတယ်”
မူကျင်းပြောမပြလျှင် ကမ္ဘာတစ်ခုအားချိပ်ပိတ်နိုင်သော ကျွမ်းကျင်သူတစ်ယောက်အကြောင်းကို ဟန်မူယဲ့ စိတ်ကူးမိမည် မဟုတ်ပေ။
ထို့အပြင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားဘုရင်ယွမ်ထျန်းနှင့် အလယ်ပိုင်းကုန်းမြေ၏ အမတ်ချုပ်ကြီးဝမ်တို့သည် ဂိုဏ်းတစ်ဂိုဏ်းတည်းမှ ဖြစ်နေသည်။
“အဲဒီအချိန်တုန်းက ဒီနေ့ခေတ်လိုမျိုး ဂိုဏ်းတွေအများကြီးမရှိခဲ့ဘူး။ ဂိုဏ်းတွေက ပြန့်ကျဲပြီး တည်ရှိနေတယ်”
ဟန်မူယဲ့၏ မျက်နှာထားကို မြင်လိုက်ရသောအခါတွင် မူကျင်းက တခစ်ခစ်ရယ်လိုက်သည်။
“အဲဒီစွမ်းအားကြီးသူက အမွေအနှစ်တွေအများကြီးချန်ထားခဲ့တယ်။ အရင်က အနောက်ဘက်နယ်စပ်ကုန်းမြေမှာ နေမင်းနန်းတော်ဆိုတာရှိခဲ့တယ်။ သူတို့ကလည်း အဲဒီလူရဲ့အမွေအနှစ်ကို ဆက်ခံထားတာပဲ”
နေမင်းနန်းတော်…။
ယခင်က တစ်ခုခုရှာဖွေချင်သကဲ့သို့ ဓားဘုရင်ယွမ်ထျန်းသည်လည်း နေမင်းနန်းတော်ကို သွားသည်။
နေမင်းနန်းတော်ခေါင်းဆောင်က တိုက်ခိုက်မှုသုံးခုကို ခံယူပြီးသောအခါတွင် နှစ်သုံးထောင်ကြာသည်အထိ ထိုနေရာကို နောက်တစ်ကြိမ်ထပ်မသွားရန် သဘောတူသည်။
“အကြီးအကဲ၊ ဓားဘုရင်ယွမ်ထျန်းက ဘာဖြစ်လို့သေသွားတာလဲ”
မူကျင်းပြောပြီးသွားသောအခါတွင် ဟန်မူယဲ့က မေးလိုက်သည်။
သူက ထိုအကြောင်းကို သိချင်နေသည်။
ဓားဘုရင်ယွမ်ထျန်းလို ကျွမ်းကျင်သူတစ်ယောက်က မည်သို့ဆုံးပါးသွားခဲ့သနည်း။
မူကျင်းက ခေါင်းခါလိုက်ပြီး တိုးတိုးလေးပြောသည်။
“အဲဒီကိစ္စကို ဖုံးကွယ်ထားတယ်။ ပြင်ပဘုံကျင့်ကြံသူတွေက သူ့ကို ဝိုင်းသတ်လိုက်တယ်လို့ ပြောကြတာပဲ”
“ဒါပေမဲ့ ဘယ်လိုပြင်ပဘုံကျင့်ကြံသူမျိုးက ဓားဘုရင်ယွမ်ထျန်းကိုသတ်နိုင်တာလဲ ငါမသိဘူး”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
သူက ဓားဆေးလုံးမှတစ်ဆင့် ဓားဘုရင်ယွမ်ထျန်းသေဆုံးသွားသောမြင်ကွင်းကို မြင်ခဲ့ရပြီး ပြင်ပဘုံကျင့်ကြံသူက သူ့ကို ငါးစာဟုပြောသည်။ အသေးစိတ်အချက်အလက်များကို သူမသိပေ။
“ဒါနဲ့ ဓားဘုရင်ယွမ်ထျန်းက ပြင်ပဘုံကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အချိန်မှာ ဓားအမှတ်အသားတွေ စပါးစိမ်းတောင်မှာ ကျန်ခဲ့တယ်။ တာအိုရောင်းရင်းဟန် သွားကြည့်ချင်လား”
မူကျင်းက ဟန်မူယဲ့ကို ပြုံးပြလိုက်သည်။
‘အတိတ်က စစ်ပွဲအမှတ်အသားတွေလား’
သူကြည့်မှ ဖြစ်မည်။
ဟန်မူယဲ့က မတ်တပ်ရပ်လိုက်သည်။ မူကျင်း၏အပြုံးကို မြင်လိုက်ရသောအခါတွင် သူက စိတ်လှုပ်ရှားသွားပြီး ဖြေးညင်းစွာ ပြောသည်။
“အကြီးအကဲ၊ အဲဒီနေရာက ဘယ်မှာလဲ”
မူကျင်းပြောလိုက်သောနေရာက ဟန်မူယဲ့တွေးထားသည့်အတိုင်းဖြစ်သည်။
ကျောက်တုံးနက်ရေကန်…။
မြွေနက်မိစ္ဆာနေထိုင်သောနေရာ…။
ဟန်မူယဲ့နှင့် မူကျင်းတို့သည် ချက်ချင်းထွက်မသွားဘဲ တစ်ရက်စောင့်လိုက်သည်။
မူကျင်းမှာ အဆင့်တက်ခါစဖြစ်ပြီး ကျင့်ကြံဆင့်တည်ငြိမ်အောင်လုပ်ရန် လိုအပ်နေသည်။
ဟန်မူယဲ့က ကျောက်စိမ်းပေလွှာကိုထုတ်လိုက်ပြီး နဝင်းကိုးပါးတိမ်မြူရွှေကြာပန်းစေ့ဆေးလုံးနှင့် တခြားဆေးလုံးများအတွက် လိုအပ်သောဝိညာဉ်ဆေးပင်များကို စာရင်းလုပ်နေသည်။
မူကျင်းက သူမ ထုတ်ပေးနိုင်သောအရာတိုင်းနှင့် အလဲအလှယ်လုပ်မည်ဟု ကတိပေးသည်။
ယခုအချိန်မှာတော့ သူမတွင် ဆေးပင်များမရှိသေးပေ။ နောက်ရက်ပိုင်းမှာ စပါးစိမ်းတောင်ပတ်ဝန်းကျင်သို့သွားပြီး သူမ ရှာဖွေလိမ့်မည်။
မူကျင်းသဘော မတူမည်ကို ဟန်မူယဲ့စိတ်မပူပေ။
သူမအသက်ကို ကယ်တင်ပြီး ကောင်းကင်ကပ်ဘေးဖြတ်ကျော်နိုင်အောင် မကူညီပေးလျှင်ပင် ဝိညာဉ်ကျောက်တုံးဈေးနှုန်းက သူမကို ဆွဲဆောင်ရန်လုံလောက်သည်။
ဟန်မူယဲ့က ဈေးကြီးပေးရမှာကို မကြောက်ပေ။
သူဖော်စပ်သောဆေးလုံးများသည် အနိမ့်ဆုံးအားဖြင့် အမြင့်ဆုံးအဆင့်အရည်အသွေးဖြစ်ပြီး သ်သည် တခြားအာခီမီပညာရှင်များထက် ဆေးလုံးပိုထုတ်နိုင်သည်။
သူက တခြားလူများထက် အဆပေါင်းများစွာ ဈေးပိုပေးနိုင်သည်။
မူကျင်းသည် ခြံနောက်သို့သွားပြီး ကျင့်ကြံနေသည်။ ထန်ထန်က ဟန်မူယဲ့ကို တိတ်ဆိတ်သောအခန်းတစ်ခန်း စီစဉ်ပေးသည်။
“သခင်လေးဟန်၊ အစေခံတွေစီစဉ်ပေးဖို့ လိုသေးလား”
ထန်ထန်က တံခါးဝမှာရပ်လိုက်ပြီး ဟန်မူယဲ့ကိုကြည့်လျက် လေးနက်စွာမေးသည်။
“အရင်တုန်းက လူသားကျင့်ကြံသူတွေရောက်လာရင် သူတို့ကိုခစားဖို့အတွက် အဘွားလန်က မိစ္ဆာလေးတွေစီစဉ်ပေးတတ်တယ်”
‘အဲလိုမျိုးရှိတာလား’ ဟန်မူယဲ့တွေးသည်။
သူက ခေါင်းခါလိုက်သည်။
‘ထားလိုက်ပါတော့’
ထန်ထန်က စိတ်ပျက်စွာခေါင်းခါလိုက်ပြီး တစ်ခုခုရေရွတ်လျက် လှည့်ထွက်သွားသည်။
ဟန်မူယဲ့က တိတ်ဆိတ်သောအခန်းထဲသို့ ဝင်သွားသည်။ လင်းရှန်မှာ အခန်းတံခါးရှေ့မှာ တင်ပျဉ်ခွေထိုင်နေသည်။
လင်းရှန်သည် ယနေ့တိုက်ပွဲကြောင့် အတော်လေးအကျိုးအမြတ်ရသည်။ သူ့ခန္ဓာကိုယ်ပတ်လည်မှာ ဓားအလင်းများဝန်းရံနေပြီး အဆင့်တက်တော့မည့်ပုံပေါ်သည်။
ဟန်မူယဲ့က အခန်းထဲသို့ဝင်သွားပြီး ဝင်္ကပါပြားကို ပစ်လွှတ်လိုက်သည်။ ထို့နောက် အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးများပေါက်ကွဲသွားသည်။ သဘာဝစွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
ယနေ့တိုက်ပွဲတွင် သူသည် ဓားဆေးလုံးများကို အသုံးပြုခဲ့ရပြီး ဒန်ထျန်ထဲတွင် ရှိသောချီစွမ်းအားများ ကုန်ဆုံးလုနီးပါးဖြစ်သွားသည်။
သူက ချီစွမ်းအားများ ဖြည့်တင်းရန်အတွက် အင်မော်တယ်အဆင့်ဆေးလုံးကိုအသုံးပြုရန် အနည်းငယ် ရင်နာနေသည်။ ထို့ကြောင့် အရင်ဆုံး ဝိညာဉ်ကျောက်တုံးများဖြင့် ကျင့်ကြံလိုက်သည်။
နောက်တစ်နေ့တွင် ကျောက်တုံးနက်ရေကန်သို့သွားသောခရီးက မူကျင်းပြောသကဲ့သို့ မလွယ်ကူလောက်ပေ။
ထိုနေရာက ကောင်းကင်ဘုံတစ်ဝက်အဆင့်မိစ္ဆာ၏ ဂူနန်းဖြစ်သည်။ ယခု မြွေနက်ခေါင်းဆောင် သေဆုံးသွားသောကြောင့် သူ့ရတနာများကို တခြားမိစ္ဆာများက လုယူသွားလောက်ပြီဖြစ်သည်။
မနက်ဖြန်မှာ စပါးစိမ်းတောင်ကုန်း၏ ကောင်းကင်ဘုံတစ်ဝက်အဆင့်မိစ္ဆာနှစ်ယောက်သည် ထိုနေရာသို့ ရောက်နေပေလိမ့်မည်။
နာရီအတော်ကြာသောအခါတွင် ဟန်မူယဲ့က အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံးဆယ်တုံးကို အသုံးပြုသည်။ သူက ကုန်ဆုံးမှုကိုလျစ်လျူရှုထားပြီး ဒန်ထျန်ထဲမှာ ရှိနေသော တိမ်တိုက်ကိုးလွှာ၏ ပထမခြောက်လွှာကို ချီစွမ်းအားများ ပြည့်သွားအောင် ဖြည့်နိုင်သည်။ သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ထိုအရာက ကြွယ်ဝခြင်း၏အကျိုးကျေးဇူးဖြစ်သည်။