တစ္ဆေဆေးလုံး
Vol. 89 Ch. 1230
ဒုန်း...ဒုန်း...ဒုန်း...
သက်ရှည်မျိုးနွယ်စု၏ မြောက်ဘက်မှနေ၍ စည်းချက်ကျကျ အသံများ ထွက်ပေါ်လာသည်။ ထို့ကြောင့် သစ်သားစည်းရိုးများပေါ်ရှိ အစောင့်များ သတိရှိသွားကြသည်။ အစောင့်အဖွဲ့ခေါင်းဆောင်က မတ်မတ်ရပ်ကာ အော်ပြောလိုက်သည်။
“သတိထားကြ... သားရဲရိုင်းအုပ်ကြီးတစ်အုပ် လာနေတယ်”
မြေပြင်တုန်ခါမှုအရ အနည်းဆုံး သားရဲရိုင်းတစ်ထောင်လောက် မျိုးနွယ်စုဆီသို့ လာနေလောက်သည်ဟု အဖွဲ့ခေါင်းဆောင်က သုံးသပ်လိုက်သည်။ မျိုးနွယ်စုသည် မြောက်ဘက်ကို ရှာဖွေရန် အဖွဲ့များ မစေလွှတ်ရသေးဖြင့် ထိုဘက်မှ လာနေသည့်အုပ်စုမှာ သားရဲရိုင်းအုပ်သာ ဖြစ်နိုင်ကြောင်း သူ အတော်လေး သေချာပေသည်။
သစ်သားစည်းရိုးအထက်မှ လူရိုင်းများသည် အတူတကွ စုဝေးလိုက်ကြပြီး သစ်သားလှံများကို ကိုင်ကာ ချဉ်းကပ်လာသော ရန်သူကို ခုခံရန် အသင့်ပြင်ထားလိုက်ကြသည်။ ခေတ္တကြာပြီးနောက် ဖုန်လုံးကြီးများကို လှမ်းမြင်လာရသည်။ ထိုဖုန်လုံးကြီးများထဲမှနေ၍ ကျားဖြူများကို စီးထားသော လူတစ်စု ထွက်လာလေသည်။ ထိုမှ အဖွဲ့ခေါင်းဆောင်သည် သက်ပြင်းချလိုက်ပြီး ချက်ချင်း လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ဘာမှ မဖြစ်တော့ဘူး။ သူတို့က ငါတို့ လူတွေပဲ။ မျိုးနွယ်စုခေါင်းဆောင်ငယ်ကို သွားသတိပေးလိုက်... သူတော်စင်မ ပြန်ရောက်လာပြီလို့”
ဝှစ်...
တုတ်ခိုင်သော လူရိုင်းတစ်ယောက်က မျိုးနွယ်စုခေါင်းဆောင်ငယ်ထံ ခပ်သုတ်သုတ် သွားလိုက်သည်။ အဖွဲ့ခေါင်းဆောင်က နီးကပ်လာသော အုပ်စုကြီးကို ဆက်ကြည့်နေသည်။ သူတော်စင်မတို့တပ်ဖွဲ့တွင် လူတစ်ထောင့်သုံးရာ ပါသွားခဲ့သည်။ သို့သော် ယခုတွင် လူရှစ်ရာလောက်သာ ကျန်တော့သည်။ ထို့ပြင် ကျန်နေသူ အများစုကလည်း ဒဏ်ရာရထားပုံပေါ်သည်။ ဆယ်ယောက်ကျော်လောက်က ခြေလက်များ ပြတ်နေကြသည်။
ဒုန်း...ဒုန်း...
မျိုးနွယ်စုမှ လူရိုင်းတစ်စုက သစ်သားစည်းရိုးအပေါ်သို့ ခပ်သုတ်သုတ် ရောက်လာကြသည်။ ထိုလူရိုင်းစု၏ အရှေ့ဆုံးမှ လူက ဆံပင်ကို အဝတ်စတစ်ခုဖြင့် စုချည်ထားသည်။ သူ့မျက်နှာတွင်လည်း မုတ်ဆိတ်ကျင်ဆွယ်များ မရှိပေ။ သူသည် တိရိစ္ဆာန်သားရေကို ခါးတွင်ပတ်ထားသေးသော်လည်း ကိုယ်အထက်ပိုင်းတွင် ဝတ်ရုံတိုလေးတစ်ထည်ကို ချုံထားသည်။ သူက အခြားလူရိုင်းများထက် ယဉ်ကျေးပုံပေါ်ပေသည်။
“မျိုးနွယ်စုခေါင်းဆောင်ငယ်”
လူရိုင်းများသည် ထိုလူက အနားကပ်လာသောအခါ ဦးညွှတ်လိုက်သည်။ သူတို့သည် သစ်သားစည်းရိုးပေါ်မှနေ၍ ဝူချွယ်အာကို ရှင်းရှင်းလင်းလင်း လှမ်းမြင်နိုင်ပေသည်။ အမှန်ပင် သူတော်စင်မက ပြန်ရောက်လာခြင်းဖြစ်ကြောင်း အတည်ပြုပြီးသောအခါ သူတို့၏ မျက်လုံးများ ရုတ်ခြည်း အရောင်လက်သွားကြသည်။
“ဂိတ်တံခါးဖွင့်... ပြီးရင် သူတော်စင်မကို ကြိုဆိုဖို့ ငါနဲ့အတူ လိုက်ခဲ့”
ကျွီ...ကျွီ...
လေးလံကြီးမားသော ဂိတ်တံခါးကြီးက ဖြည်းဖြည်းချင်း ပွင့်သွားသည်။ မျိုးနွယ်စုခေါင်းဆောင်ငယ်က လူရိုင်းနှစ်ထောင်ဖြင့် အပြင်သို့ ထွက်သွားလိုက်သည်။ သူတို့သည် ဝူချွယ်အာ၏တပ်ဖွဲ့ အရှေ့သို့ ရောက်သောအခါ ကျားဖြူများကို ရပ်၍ ပြောလိုက်သည်။
“ဟွင်းကန် သူတော်စင်မကို နှုတ်ခွန်းဆက်ပါတယ်။ သူတော်စင်မက သားရဲရိုင်းအုပ်ကြီး တစ်အုပ်ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတာပါလား။ အားယားယား... ကျွန်တော်သာ စောစောကသိရင် ကိုယ်တိုင် အစောင့်တွေခေါ်ပြီး သူတော်စင်မကို ကာကွယ်ပေးမှာပါ”
ဝူချွယ်အာ၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မရှိပေ။ သူမသည် မျိုးနွယ်စုခေါင်းဆောင်ငယ်၏ နွေးထွေးသောအပြုံးနှင့် တပ်မက်သောအကြည့်များကို လျစ်လျူရှုကာ အေးစက်စက် ပြောလိုက်သည်။
“ဟွင်းနုန် ဘယ်မှာလဲ”
“အဖေက အပြင်သွားပါတယ်”
ဟွင်းကန်က အေးအေးဆေးဆေး ပြောလိုက်သည်။ ထို့နောက် လက်ဝှေ့ယမ်းကာ ဆက်ပြောသည်။
“သူတော်စင်မ... အထဲကို ကြွပါ။ မကြာသေးခင်တုန်းက ကျွန်တော် အဖိုးတန်သားရဲရိုင်းတွေ အများကြီးကို သတ်နိုင်ခဲ့ပါတယ်။ အခု အဲ့သားရိုင်းတွေကို စွပ်ပြုတ်လုပ်ထားပါတယ်။ သူတော်စင်မ ရောက်လာတာ အချိန်ကိုက်ပါပဲ...”
“အပြင်သွားတာလား”
ဝူချွယ်အာ မျက်နှာထား ပြောင်းသွားသည်။ ပြီးမှ လေးလံသောလေသံဖြင့် မေးလိုက်သည်။
“ဟွင်းနုန်က ဘယ်ကို သွားတာလဲ။ သူသွားတာ ဘယ်လောက်ကြာပြီလဲ”
ဟွင်းကန်သည် ဝူချွယ်အာ၏ မျက်နှာထားကို တွေ့သောအခါ ဆက်၍ မျက်နှာချိုသွေးမနေဝံ့တော့ပေ။ ထို့ကြောင့် ချက်ချင်း ပြောပြလိုက်သည်။
“အဖေက အပြင်လူတစ်စုနောက်ကို လိုက်သွားတာပါ။ သူ သွားတာ တစ်ရက်ရှိပါပြီ”
“ကျွတ်...”
ယခုတွင် ဝူချွယ်အာတစ်ယောက် လုံးဝမျက်နှာပျက်နေပေပြီ။ သူမသည် သူမနောက်ရှိ ကျန်းရီကို လှည့်ကြည့်လိုက်၏။ ကျန်းရီက သူမကို သတ်ဖြတ်အရှိန်အဝါများနှင့် ကြည့်နေပေသည်။ သူမ တွန့်သွားပြီး ချက်ချင်း အော်၍ အမိန့်ပေးလိုက်သည်။
“မြန်မြန်... ဟွင်းနုန်နောက်ကို လိုက်ဖို့ လမ်းပြပါ။ နှောင်းနှေးရင် အားလုံး အသတ်ခံရမယ်”
“နားလည်ပါပြီ”
ဟွင်းကန်နှင့် အခြားလူရိုင်းများ အံ့အားသင့်သွားကြသည်။ ဝူချွယ်အာက မျိုးနွယ်စုခေါင်းဆောင်ထက် အဆင့်အတန်း ပိုမြင့်သည်။ ထို့ကြောင့် ဟွင်းကန်သည် သူမကို မဆန့်ကျင်ဝံ့ပေ။ သူသည် ခပ်သွက်သွက် ညွှန်ကြားလိုက်ပြီး လူအင်အားတစ်ထောင်ပါသော တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ အရှေ့တောင်ဘက်သို့ သွားလိုက်သည်။
တပ်ဖွဲ့က သွက်သွက်လက်လက် သွားနေသည်။ ကျန်းရီ၏ ရင်ထဲတွင် ဒေါသများ လှိုင်းတံပိုးထနေသည်။ သို့သော် အခြားလူများက သံသယဖြစ်မည်စိုး၍ ဒေါသကို မျက်နှာပေါ်တွင် မဖော်ပြဝံ့ပေ။ အစောတွင် ဝူချွယ်အာက သူ့ကို လှည့်မကြည့်ခဲ့သင့်ပေ။ အကယ်၍ သူ့မျက်နှာပေါ်တွင် ခံစားချက်များရှိနေခဲ့ပါက အခြားလူများက စတင်၍ သံသယဝင်သွားပေလိမ့်မည်။
သက်ရှည်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်က အမှန်ပင် ဗုဒ္ဓအင်ပါယာတို့ကို သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ ကျန်းရီ ထိုသို့အတပ်ပြောနိုင်သည်မှာ တပ်ဖွဲ့ ဦးတည်နေသော ဘက်က ဗုဒ္ဓအင်ပါယာတို့ ပုန်းအောင်းနေခဲ့သော ကမ်းပါးဆီသို့ ဖြစ်နေ၍ပင်။ ထိုကမ်းပါးက သိပ်မဝေးပေ။ နှစ်နာရီအတွင်းမှာပင် သူတို့ ရောက်ရှိသွားသည်။ သို့သော် ထိုနေရာတွင် အခြားတပ်ဖွဲ့၏ အရိပ်အယောင်ကို မတွေ့ရပေ။
“အဖေတို့က တောင်ပေါ်မှာပဲ”
ဟွင်းကန်သည် ပတ်ဝန်းကျင်ကို ရှာဖွေကြည့်လိုက်သော်လည်း ပုံမှန်ဆိုလျှင် သက်ရှည်မျိုးနွယ်စုက ချန်ထားခဲ့မည့် အထူးသင်္ကေတများကို ရှာမတွေ့ပေ။ ထိုမှ သူ အော်ပြောလိုက်ခြင်းဖြစ်သည်။ ဝူချွယ်အာသည် လက်ဝှေ့ယမ်းပြီး တပ်ဖွဲ့တစ်ခုလုံးကို ဦးဆောင်ကာ လမ်းကျဉ်းလေးတစ်ခုမှနေ၍ တောင်ပေါ်သို့ လျင်မြန်စွာ တက်သွားလိုက်သည်။ တောင်ပေါ်ရောက်သောအခါ ဟွင်းကန်က ပို၍သတိရှိလာပြီး လူရိုင်းများအား ဝူချွယ်အာကို ဝန်းရံခိုင်းလိုက်သည်။ တောင်များပေါ်တွင် သားရဲရိုင်းများ ရှိပေသည်။
တောင်ပေါ်တွင် တပ်ဖွဲ့၏ အမြန်နှုန်းက နှေးလာသည်။ တပ်ဖွဲ့က လူထောင်ကျော်ပါသည် မဟုတ်လော။ ဟွင်းကန်က ဝူချွယ်အာနောက်သို့ ခွေးတစ်ကောင်လိုမျိုး လိုက်နေသဖြင့် ကျန်းရီသည် ဝူချွယ်အာကို မျက်နှာရိပ်မပြဝံ့ဘဲ ဖြစ်နေသည်။
လေးနာရီကြာပြီးနောက် တပ်ဖွဲ့က တောင်လယ်လောက်သို့ ရောက်လာသည်။ ရုတ်တရက် သူတို့သည် အော်သံများကို ကြားလိုက်ရသည်။ ကျန်းရီနှင့် ဝူချွယ်အာတို့၏ မျက်ဝန်းများက တစ်ချိန်တည်း လင်းလက်သွားသည်။ သို့သော် ကျန်းရီ၏ အကြည့်က အေးစက်နေသည်။ ဝူချွယ်အာသည် ရုတ်ခြည်းပင် တပ်ဖွဲ့ကို တတ်နိုင်သမျှ အမြန်ဆုံးသွားရန် လောဆော်လိုက်သည်။
ဝူး...ဝူး...
အရှေ့မှနေ၍ လူရိုင်းများ၏ အချက်ပြသံများ ထွက်ပေါ်လာသည်။ ဟွင်းကန်နှင့် သူ၏တပ်ဖွဲ့သည်လည်း ပြန်တုံ့ပြန်လိုက်သည်။ မကြာခင်မှာပင် လူရိုင်းအုပ်လေးတစ်အုပ်က သူတို့ထံသို့ ချဉ်းကပ်လာသည်။ သူတို့သည် ဝူချွယ်အာနှင့် ဟွင်းကန်ကို တွေ့သောအခါ အံ့အားသင့်သွားကြသည်။ သို့သော် မေးခွန်းများစွာ မမေးဝံ့သဖြင့် လေးလေးစားစားသာ ဦးညွှတ်လိုက်ကြသည်။ အခြေအနေများအရ ဝူချွယ်အာသည်လည်း ရှင်းပြမနေတော့ပေ။ ကျားဖြူကို ထိန်းချုပ်၍သာ အရှေ့သို့ အမြန်သွားလိုက်သည်။ ကျန်းရီတို့ကလည်း နောက်မှ လိုက်သွားကြသည်။
တောအုပ်ကြီးတစ်ခုကို ဖြတ်ကျော်ပြီးနောက်တွင် တိုက်ပွဲတစ်ခုကို တွေ့လိုက်ကြရသည်။ တိုက်ပွဲကို ကြည့်ပြီးသောအခါ ကျန်းရီ မှင်တက်သွားသည်။
ဗုဒ္ဓအင်ပါယာနှင့် အခြားအင်ပါယာများအားလုံးက ဒဏ်ရာရထားကြသည်။ တိုက်ပွဲအလယ်တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက်၏ အလောင်းများ ရှိနေသည်။ ယဉ်အင်ပါယာက ဒဏ်ရာအပြင်းထန်ဆုံးဖြစ်သည်။ သူ့ခြေထောက်တစ်ဘက်က ထော့နဲ့ထော့နဲ့ ဖြစ်နေသည်။ သူ့ကိုယ်ပေါ်တွင်လည်း ဒဏ်ရာကြီး ရှစ်ခု၊ ကိုးခုလောက် ရှိနေသည်။
ဗုဒ္ဓအင်ပါယာတို့ကို ခက်ထန်သူရဲကောင်းများနှင့် စစ်သူကြီးတစ်ယောက်နှင့် တူသည့် ထွားကြိုင်းသန်မာသော အသက်လတ်ပိုင်း အမျိုးသားတစ်ယောက်က ဝန်းရံ တိုက်ခိုက်နေကြသည်။ ထိုလူ ကိုင်ထားသော သစ်သားလှံက အနက်ရောင်မဟုတ်ဘဲ သွေးနီရောင်ဖြစ်နေသည်။ ထို့ပြင် သူ၏ အမြန်နှုန်းက အပြင်လောကမှ ကြယ်ရှစ်ပွင့်အဆင့် ပညာရှင်များနှင့်ပင် ယှဉ်နိုင်နေသည်။
ထိုလူ၏ ခံနိုင်ရည်ကလည်း ကြောက်မက်ဖွယ်ကောင်းသည်။ ယဉ်အင်ပါယာထံမှ ရှိန်လောက်ဖွယ် ဓားအလင်းတစ်ခုက သူ့ကို ထိမှန်သွားသည်။ သို့သော် သူ့ကိုယ်ပေါ်တွင် ပြတ်ရှရာ ခပ်တိမ်တိမ်တစ်ခုသာ ဖြစ်ပေါ်သွားသည်။ သူသည် အတန်ငယ် ယိုင်သွားသော်လည်း အရှေ့သို့ ဆက်လျှောက်သွားသည်။ ဗုဒ္ဓအင်ပါယာကသာ သူတို့ကို ဖိအားပေးမထားပါက အင်ပါယာအားလုံး သေသွားလောက်ပေပြီ။
“ရပ်လိုက်”
ဝူချွယ်အာက ချက်ချင်း အော်ပြောလိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်က အံ့ဩတကြီးနှင့် သူမကို လှည့်ကြည့်သည်။ ဗုဒ္ဓအင်ပါယာတို့လည်း အံ့အားသင့်သွားကြသည်။ ဝူချွယ်အာ၏ လှပသော ဝတ်စုံရှည်ကြောင့် တစ်ခုခု မှားနေပြီဖြစ်ကြောင်း သူတို့ တွေးမိလိုက်ကြသည်။
“အရူး...”
ကျန်းရီသည် ခပ်တိုးတိုး ဆဲဆိုလိုက်ပြီး သူ၏ကျားဖြူကို အုပ်စုအရှေ့သို့ မောင်းသွားလိုက်သည်။ ထို့နောက် ဒေါသတကြီး အော်ပြောသည်။
“အပြင်လူတွေ... သူတော်စင်မက မင်းတို့ကို ရပ်ဖို့ပြောနေတာ။ အညံ့ခံမှာလား ဒါမှမဟုတ် သေမှာလား”
ဝူချွယ်အာသည် သူမ၏ အမှားကို သတိပြုမိသွား၏။ မျိုးနွယ်စုခေါင်းဆောင်အား ဗုဒ္ဓအင်ပါယာတို့ကို သတ်ဖို့ အမိန့်ပေးခဲ့သူမှာ သူမဖြစ်သည်။ ယခုတွင် သူမသည် သူတို့ကို ရပ်တန့်ရန် အမိန့်ပေးလိုက်ရာ အလွန်သံသယဖြစ်စရာ ကောင်းသွားပေသည်။ ထို့ကြောင့် သူမသည် လူများ၏ သံသယကို မခံရရန် ခပ်မြန်မြန် လေသံပြောင်း၍ ပြောလိုက်သည်။
“ဟုတ်တယ်၊ အပြင်လူတွေ... အခု ရပ်ပြီး အညံ့မယ်ဆိုရင် ရှင်တို့ကို အသက်ချမ်းသာခွင့်ပေးမယ်”
ဟွင်းနုန်နှင့် ဟွင်းကန်တို့၏ သံသယများ ပျောက်ကွယ်သွားသည်။ သူတို့သည် ဗုဒ္ဓအင်ပါယာတို့ကို ခပ်လှောင်လှောင် ကြည့်လိုက်ကြသည်။ ခက်ထန်သူရဲကောင်းများနှင့် ဝူချွယ်အာတို့က အပြင်လူများကို ဝန်းရံလိုက်သည်။ ထို့ကြောင့် ဗုဒ္ဓအင်ပါယာတို့အတွက် ထွက်ပေါက်မရှိတော့ပေ။ လူရိုင်းများက သတ်ဖြတ်အရှိန်အဝါများနှင့် အပြင်လူအုပ်စုကို ကြည့်နေကြသည်။
“ခေါင်းတုံး ခင်ဗျားက ဘာကို စောင့်နေတာလဲ”
ကျန်းရီသည် ဗုဒ္ဓအင်ပါယာတို့က တုံ့ဆိုင်းနေကြောင်းကို တွေ့လိုက်၍ ထပ်မံ အော်ပြောလိုက်သည်။ သူသည် ဗုဒ္ဓအင်ပါယာနှင့် အဓိပ္ပာယ်ပါပါ အကြည့်ချင်ဖလှယ်လိုက်သည်။ ထိုမှ ဗုဒ္ဓအင်ပါယာသည် သူ၏ ရှေးဟောင်းအသုံးအဆောင်ကို ချက်ချင်း သိမ်းလိုက်ပြီး လက်မြှောက်လိုက်သည်။
“ကောင်းပြီ... ကျုပ်တို့ အညံ့ခံမယ်။ ကျုပ်တို့ကို မသတ်ပါနဲ့”
ယဉ်အင်ပါယာ၊ ရွှမ်အင်ပါယာနှင့် ညအင်ပါယာတို့သည် ကျန်းရီ၏ အကြံကို မသိပေ။ သို့သော် ဗုဒ္ဓအင်ပါယာ၏ စကားကိုတော့ နားထောင်လိုက်ကြသည်။ ဟွင်းနုန်းက လက်ဝှေ့ယမ်း၍ တပ်ဖွဲ့ကို အရှေ့သို့ တက်စေလိုက်သည်။ သူတို့သည် သစ်သားလှံများနှင့် ချိန်၍ ဗုဒ္ဓအင်ပါယာတို့ကို မြေပြင်တွင် ဝပ်ခိုင်းလိုက်၏။
“သူတို့ကို တစ္ဆေဆေးလုံးတွေ ပေးလိုက်”
ဝူချွယ်အာသည် သူမ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲမှနေ၍ အညိုရောင်ဆေးလုံးများကို ထုတ်၍ ဟွင်းကန်ကို ပေးလိုက်သည်။ ဟွင်းကန်သည် အပြင်လူအုပ်စုထဲသို့ သွား၍ ဗုဒ္ဓအင်ပါယာ၏ ပါးစပ်ကို ဖြဲကာ ဆေးလုံးကို အတင်းထည့်လိုက်သည်။ ယဉ်အင်ပါယာတို့သည် ထိုမြင်ကွင်းကို စိတ်မသက်မသာဖြင့် ကြည့်နေရသည်။ ကျန်းရီက မျိုးနွယ်စုမှ လူများ၏ ထိန်းချုပ်မှုကို ခံထားရခြင်းတော့ မဟုတ်လောက်သည် မဟုတ်လော။ သူသာ အထိန်းချုပ်ခံထားရခြင်းဆိုလျှင် သူတို့အုပ်စုတော့ သွားပေပြီ။
“မခုခံနဲ့”
ဗုဒ္ဓအင်ပါယာသည် ကျန်းရီကို ထပ်ကြည့်လိုက်ပြီး ဆေးလုံးကို မျိုချလိုက်လေသည်။ မကြာခင်မှာပင် သူတို့အားလုံး ဆေးလုံး သောက်ပြီးသွားကြသည်။ ဆေးလုံးက ခန္ဓာကိုယ်ထဲသို့ ရောက်သွားသောအခါ သူတို့သည် ထူးဆန်းသော စွမ်းအင်တစ်ခုက သူတို့၏ ဒန်တျန်ကို ဝန်းရံသွားကြောင်း ခံစားလိုက်ရသည်။ ယခုတွင် သူတို့သည် အတွင်းအား ထုတ်မသုံးနိုင်တော့ပေ။
ဗုဒ္ဓအင်ပါယာသည် ကျန်းရီ၏ အတွေးကို မသိပေ။ သို့သော် ကျန်းရီက လူရိုင်းများ၏ ထိန်းချုပ်မှုအောက်တွင် မဟုတ်ကြောင်းကိုတော့ သိသည်။ ကျန်းရီ ယခုကဲ့သို့ လုပ်နေရသည်မှာ သူ့အကြောင်းနှင့်သူ ရှိပေလိမ့်မည်။ ဗုဒ္ဓအင်ပါယာသည် ကျန်းရီကို ယုံကြည်ရန် ရွေးချယ်ခဲ့ခြင်းပင်။ သူ၏ သားမက်က သူ့ကို ထိခိုက်အောင် လုပ်ရန် အကြောင်းမရှိပေ။
***