တစ်ခုတည်းသောထွက်ပေါက် *
Vol. 89 Ch. 1231
ကျန်းရီတွင် အမှန်ပင် အကြောင်းရှိပေသည်။ ဝူချွယ်အာက သူ၏ ထိန်းချုပ်မှုကို ခံထားရကြောင်း ပေါ်သွား၍ မဖြစ်ပေ။ ထိုမှ သူသည် သူမကို အပြည့်အဝ အသုံးချနိုင်မည်ဖြစ်သည်။ သူတော်စင်ဘုန်းတော်ကြီး သို့မဟုတ် သူတော်စင်အင်ပါယာက ဝူချွယ်အာဘေးတွင် သူလျှိုများထည့်မထားဟု မည်သူ အတပ်ပြောနိုင်မည်နည်း။ အကယ်၍ ဝူချွယ်အာက အပြင်လူများအပေါ် သံသယဖြစ်ဖွယ် ဆက်ဆံခဲ့လျှင် ထိုသူလျှိုများက သတင်းပြန်ပို့နိုင်သည်။ ထိုအခါ သူတော်စင်ဘုန်းတော်ကြီးနှင့် သူတော်စင်အင်ပါယာတို့က သံသယဝင်သွားပေလိမ့်မည်။ သို့ဆိုလျှင် သူတို့ သူတော်စင်အင်ပါယာမြို့သို့ ရောက်သည့်အခါတွင် ဒုက္ခရောက်သွားနိုင်သည်။
ထို့ကြောင့် ဗုဒ္ဓအင်ပါယာတို့ကို ကောင်းမွန်စွာ ဆက်ဆံ၍ မဖြစ်ပေ။ ထိုတစ္ဆေဆေးလုံးက လူတစ်ယောက်၏ အတွင်းအားကို ချိပ်ပိတ်နိုင်သော ဆန်းကြယ်သည့် ဆေးလုံးတစ်မျိုးဖြစ်သည်။ ဝူချွယ်အာထံတွင် ထိုဆေးလုံးအတွက် ဖြေဆေးရှိပေသည်။ ထို့ကြောင့် အချိန်မရွေး ဗုဒ္ဓအင်ပါယာတို့ကို တိုက်ခိုက်စွမ်းအား ပြန်ပေးနိုင်သည်။ သို့သော် အရင်ဆုံးတော့ သူတို့ကို ပြန်မခုခံနိုင်အောင် လုပ်ထားရပေမည်။
အထက်ပါ အကြောင်းများအပြင် ကျန်းရီထံ၌ အခြားအကြောင်းတစ်ခုလည်း ရှိသေးသည်။ အကယ်၍ ဗုဒ္ဓအင်ပါယာတို့ကို သူတော်စင်အင်ပါယာမြို့သို့ ခေါ်သွားလျှင် သူတို့က ဗုဒ္ဓဧကရာဇ်တို့ကို ချုပ်ထားသည့်နေရာမှာပင် အချုပ်ခံရနိုင်လောက်သည်။ အကယ်၍ သူတို့က သူတို့နှင့်အတူ တစ္ဆေဆေးလုံး၏ ဖြေဆေးများကို လျှို့ဝှက်ယူဆောင်သွားနိုင်လျှင် အချုပ်ထဲရောက်မှ စွမ်းအားများကို ပြန်ယူနိုင်သည်။ ထိုအခါ သူတို့သည် ဗုဒ္ဓဧကရာဇ်တို့ကို ကယ်တင်နိုင်ပေလိမ့်မည်။ သို့မဟုတ် သူတော်စင်ဘုန်းတော်ကြီးနှင့် သူတော်စင်အင်ပါယာတို့ကို သတ်နိုင်ပေလိမ့်မည်။
“သူတို့ကို မျိုးနွယ်စုဆီ ပြန်ခေါ်ခဲ့”
ဝူချွယ်အာက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ ခက်ထန်သူရဲကောင်း ဆယ်ယောက်လောက်က ဗုဒ္ဓအင်ပါယာတို့ကို ထူးဆန်းသော ရှေးခေတ်နွယ်ပင်တစ်မျိုးဖြင့် တုပ်နှောင်လိုက်ကြသည်။ ထို့နောက် နွယ်၏ တစ်ဘက်အစွန်းကို ကျားဖြူ၏ ကျောတွင် ချည်လိုက်ပြီး ဗုဒ္ဓအင်ပါယာတို့ကို တရွတ်ဆွဲခေါ်လိုက်သည်။ သေမင်းကုန်းမြေမှ လူများသည် အပြင်လူများကို အမြဲ ရန်လိုခဲ့သည်။ ထို့ပြင် ဗုဒ္ဓအင်ပါယာတို့က သူတို့ လူရိုင်းများကို သတ်ခဲ့သည်။ ထို့ကြောင့် သူတို့သည် ဗုဒ္ဓအင်ပါယာတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံရန် ဆန္ဒမရှိပေ။
သနားစရာကောင်းသော ဗုဒ္ဓအင်ပါယာ၊ ယဉ်အင်ပါယာ၊ ညအင်ပါယာနှင့် ရွှမ်အင်ပါယာတို့သည် မသက်မသာဖြင့် လိုက်လာရသည်။ အပြင်လောကတွင် သူတို့သည် အရေးပါသော လူများအဖြစ် ဆက်ဆံခံရသည်။ ယခုတွင်မူ သူတို့သည် သားရဲများလောက်ပင် ကောင်းမွန်စွာ ဆက်ဆံမခံရဘဲ ကြိုးတုပ်၍ တရွတ်ဆွဲခေါ်ခံနေရသည်။ တောင်ပေါ်လမ်းများက မချောမွေ့ပေ။ အပြန်လမ်းခရီးက ကြမ်းတမ်းသဖြင့် နောက်ဆုံးတွင် သူတို့ အခြေအနေဆိုးလာလေသည်။
ကျန်းရီက ဝူချွယ်အာကို မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည်။ ဝူချွယ်အာသည် ဗုဒ္ဓအင်ပါယာတို့ကို အရေးမစိုက်ဟန်ဖြင့် လှည့်ကြည့်လိုက်ပြီး ဟွင်းကန်ကို ပြောလိုက်သည်။
“သူတို့ကို မသေစေနဲ့”
“မစိုးရိမ်ပါနဲ့... သူတို့ မသေနိုင်ပါဘူး”
ဟွင်းကန်က ပြုံးလိုက်သော်လည်း ဝူချွယ်အာ၏ ဆိုလိုရင်းကို သဘောမပေါက်ပေ။ ထို့ကြောင့် ဝူချွယ်အာက ဟွင်းကန်ကို အေးစက်စက်ကြည့်၍ ကြိမ်းမောင်းလိုက်သည်။
“အရူး... သူတို့က သူတော်စင်အင်ပါယာ လိုချင်တဲ့ သူတွေပဲ။ သူတို့ရဲ့ ဒဏ်ရာတွေကို ကုသပေးလိုက်၊ ထပ်ပြီးတော့ မနှိပ်စက်နဲ့တော့”
“အို့...အို့...”
ထိုမှ ဟွင်းကန် နားလည်သွားပြီး နောက်လှည့်ကာ ချက်ချင်း အမိန့်ပေးလိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်က အရှေ့သို့ကိုင်း၍ ဝူချွယ်အာကို လေးလေးစားစား ပြောသည်။
“သူတော်စင်မခင်ဗျာ... ဘာလို့ ပြန်လှည့်လာခဲ့တာပါလဲ။ လမ်းမှာ အန္တရာယ်နဲ့ တွေ့ခဲ့လို့ပါလား”
“ဟွန်း...”
ဝူချွယ်အာက နှာခေါင်းရှုံ့လိုက်ပြီး မောက်မာသော လေသံဖြင့် ပြန်ပြောလိုက်သည်။
“ကျွန်မတို့က ပန်ဝမ်တောင်နားမှာ မိစ္ဆာနဂါးတွေနဲ့ တွေ့ခဲ့ရတာ။ အဲ့မှာ အဆုံးအရှုံးများခဲ့လို့ ရွေးစရာမရှိတော့ဘဲ ပြန်လှည့်လာရတာပဲ”
မျိုးနွယ်စုခေါင်းဆောင်က အပြစ်ရှိဟန်ဖြင့် ခေါင်းငုံ့လိုက်သည်။
“အို့... အဲ့ဒါက ကျွန်တော်မျိုး ဟွင်းနုန်ရဲ့ အပြစ်ပါ။ သူတော်စင်မကို ကာကွယ်ဖို့ လူတွေပိုထည့်ပေးလိုက်သင့်တာပါ။ သူတော်စင်မ ထိတ်လန့်ခဲ့ရတဲ့အတွက် ကျွန်တော်တို့ တောင်းပန်ပါတယ်”
“အဲ့အကြောင်းကို မျိုးနွယ်စုကို ပြန်ရောက်မှ ပြောကြတာပေါ့”
ဝူချွယ်အာသည် ဟွင်းနုန်နှင့် စကားပြောရမည်ကို ပျင်းပေသည်။ သူမသည် သူ့ကို အမြဲ ထိုသို့ပင် ဆက်ဆံခဲ့သည်။ သူမ၏ရင်ထဲတွင် ဤကုန်းမြေမှ လူရိုင်းများကို အထင်သေးပေသည်။ ပုံမှန်ဆိုလျှင် သူမသည် လူရိုင်းများနှင့် စကားနှစ်ခွန်းပြည့်အောင်ပင် ပြောမည် မဟုတ်ချေ။ မျိုးနွယ်စုခေါင်းဆောင်ကလည်း ထိုသို့ဆက်ဆံပုံကို အသားကျနေပေပြီ။ ထို့ကြောင့် သူ သူမကို စကားဆက်မပြောတော့ဘဲ ဒဏ်ရာရထားသော တပ်သားများကိုသာ ကုသခိုင်းလိုက်သည်။ ကျန်လူများက မျိုးနွယ်စုသို့ အမြန်ဆုံး ခရီးနှင်ကြသည်။
နာရီအနည်းငယ် ကြာပြီးနောက် တပ်ဖွဲ့က မျိုးနွယ်စုသို့ ပြန်ရောက်လာသည်။ ဗုဒ္ဓအင်ပါယာတို့ကို တဲတစ်လုံးထဲတွင် ချုပ်ထားလိုက်သည်။ ဟွင်းကန်က ချွေးယဲ့တို့ကို ပြန်လွှတ်ရန် ဟန်ပြင်လိုက်၏။ ဝူချွယ်အာသည် ပါးနပ်စွာဖြင့် ကျန်းရီကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“သူက ပန်ဝမ်တောင်မှာ ကျွန်မရဲ့ အသက်ကို ကယ်ခဲ့တာ။ သူ့ကို ဒီမှာပဲထားပြီး ကျွန်မရဲ့ ကိုယ်ရံတော်အဖြစ် ထမ်းဆောင်ခိုင်းလိုက်ပါ”
“အန်...”
မျိုးနွယ်စုခေါင်းဆောင်နှင့် မျိုးနွယ်စုခေါင်းဆောင်ငယ်တို့က အံ့ဩတကြီးဖြင့် ကျန်းရီကို ကြည့်လိုက်ကြသည်။ ကျန်းရီက ကလေးပုံစံသာ ရှိနေသေးပြီး သိပ်၍ သန်မာပုံမပေါ်ပေ။ ထိုစဉ် အသက်လတ်ပိုင်းအရွယ် လူရိုင်းတစ်ယောက်က မျိုးနွယ်စုခေါင်းဆောင်အနားသို့ ခပ်သွက်သွက်သွား၍ တီးတိုးပြောလိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်က နားထောင်ရန် ခေါင်းတညိတ်ညိတ်လုပ်နေသည်။ ပြီးမှ သူ ပြောလိုက်သည်။
“အင်း... အခုကစပြီး မင်း သူတော်စင်မနောက်ကို လိုက်ပေတော့။ မင်းကို အခုလို အခွင့်အရေးပေးတဲ့အတွက် သူတော်စင်မကို မြန်မြန် ကျေးဇူးတင်လိုက်လေ”
ကျန်းရီသည် တုန်ယင်နေယောင်ဆောင်လိုက်ပြီး ကျားဖြူပေါ်မှ ဆင်းကာ လေးလေးစားစာ ဦးညွှတ်၍ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် သူတော်စင်မ”
ဝူချွယ်အာက အေးစက်စက် ခေါင်းညိတ်လိုက်ပြီး မျိုးနွယ်စုခေါင်းဆောင်နောက်သို့ လိုက်ကာ တဲကြီးတစ်လုံးအတွင်းသို့ ဝင်သွားသည်။ သူမ၏ ကိုယ်ရံတော်အဖွဲ့၏ ခေါင်းဆောင် လုံရို့က လက်အောက်ငယ်အားများကို ကျန်းရီကိုခေါ်၍ စည်းမျဉ်းများ ရှင်းပြလိုက်ရန် အမိန့်ပေးလိုက်သည်။ ထိုသို့ဖြင့် ကျန်းရီသည် ဝူချွယ်အာ၏ ကိုယ်ရံတော် ဖြစ်သွားလေတော့သည်။
ဝူချွယ်အာသည် တဲထဲသို့ ဝင်သွားပြီးနောက် နေ့တစ်ဝက်လုံးလုံး ပြန်ထွက်မလာခဲ့ပေ။ ညနေစောင်းလောက်မှ သူမ ထွက်လာပြီး ကိုယ်ရံတော်များနှင့် ကျန်းရီကို ကြည့်၍ ပြောလိုက်သည်။
“လုံရို့နဲ့ကျန်တဲ့သူတွေ ကျွန်မနဲ့အတူ လိုက်ခဲ့ပါ”
ကျန်းရီနှင့် အခြားလူဆယ်ယောက်သည် ဝူချွယ်အာနောက်သို့ လိုက်သွားကြသည်။ သူမတို့သည် ဗုဒ္ဓအင်ပါယာတို့ကို ချုပ်ထားသော တဲထဲသို့ ဝင်သွားသည်။ ဗုဒ္ဓအင်ပါယာတို့ကို သူတို့၏ ဒဏ်ရာများအတွက် အထူးဆေးလုံးများပေးထားသည်။ ယခုတွင် သူတို့သည် သွေးထွက်မနေတော့ပေ။ သို့သော် နွမ်းနယ်ပုံတော့ ပေါက်နေဆဲပင်။ သူတို့သည် ကျန်းရီတို့ ဝင်လာသည်ကို တွေ့လိုက်သောအခါ ဝူချွယ်အာကို စိုက်ကြည့်လိုက်ကြသည်။
“လုံရို့နဲ့မင်း... အထဲမှာ နေခဲ့။ ကျန်တဲ့သူတွေ အပြင်မှာစောင့်နေ။ ဘယ်သူ့ကိုမှ အထဲပေးမဝင်နဲ့”
ဝူချွယ်အာက ထပ်မံ အမိန့်ပေးလိုက်သည်။ ကိုယ်ရံတော်အဖွဲ့ခေါင်းဆောင်နှင့် ကျန်းရီမှလွဲ၍ ကျန်ကိုယ်ရံတော်များက အပြင်သို့ ထွက်သွားကြသည်။ ထို့နောက် သူတို့သည် တဲတံခါးကို ပိတ်လိုက်ကြသည်။
“လုံရို့... သူတို့ရဲ့ ခြေလက်တွေကို ချိုးပစ်လိုက်”
ဝူချွယ်အာက ထူးဆန်းသော အမိန့်ကို ပေးလိုက်၍ လုံရို့ နားမလည်နိုင်ဖြစ်သည်။ သို့သော် သူသည် နာခံစွာဖြင့် အရှေ့သို့ လျှောက်သွားလိုက်ပြီး ဗုဒ္ဓအင်ပါယာတို့ကို ရိုက်ရန် ဟန်ပြင်လိုက်၏။ နောက်ဆုံးတွင် ကျန်းရီ လှုပ်ရှားပေပြီ။ သူ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ အနက်ရောင်အလင်းတန်းတစ်တန်း ပျံထွက်သွား၏။ မေ့ရူက လုံရို့၏ ခေါင်းထဲသို့ အနောက်မှ ဝင်သွားလိုက်သည်။
“ကောင်းပြီ”
ကျန်းရီ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ ထို့နောက် သူသည် အပြစ်ရှိဟန်ဖြင့် ဗုဒ္ဓအင်ပါယာတို့ထံ လျှောက်သွားကာ ပြောလိုက်သည်။
“အင်ပါယာတို့ ဒုက္ခခံခဲ့ရပါပြီ”
“ဟားဟား...”
ယဉ်အင်ပါယာက မကျေနပ်သေး၍ မျက်နှာရှုံ့ကာ မျက်နှာလွှဲလိုက်သည်။ ယခုတွင် ကျန်းရီက သူ၏ ထိုသနားစဖွယ်အခြေအနေကို မြင်သွား၍ သူ ပို၍ပင် အရှက်ရနေသည်။ ထို့ကြောင့် ကျန်းရီအပေါ် ပို၍ မကျေမနပ်လည်း ဖြစ်လာသည်။ သို့သော် ဗုဒ္ဓအင်ပါယာကမူ နားလည်ဟန်ဖြင့် မေးလိုက်သည်။
“အခြေအနေက အရမ်းရှုပ်ထွေးနေတာလား”
“အရမ်းကိုပါပဲ”
ကျန်းရီသည် အရာအားလုံးကို ရှင်းပြလိုက်သည်။ ထိုစဉ် မေ့ရူက လုံရို့၏ ခေါင်းထဲမှ ပြန်ထွက်လာပြီး သူ့ကို တံခါးဝတွင် သွားစောင့်နေခိုင်းလိုက်သည်။
“ဒါက အရမ်းအန္တရာယ်များလွန်းတယ်။ မြန်မြန် ငါတို့ကို ကြိုးပြန်တုပ်လိုက်”
ဗုဒ္ဓအင်ပါယာသည် ကျန်းရီထံမှ အကြောင်းစုံ သိလိုက်သောအခါ ချက်ချင်း အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။ ထို့နောက် အေးစက်စက် အကြည့်ဖြင့် ဆက်ပြောသည်။
“မင်း ငါတို့ကို ဖမ်းခေါ်လာခဲ့တာ မှန်တယ်။ ဒါပေမဲ့ ငါတို့ကို ချက်ချင်းကြီး လာမတွေ့ခဲ့သင့်ဘူး။ မင်း ဝူချွယ်အာရဲ့ ကိုယ်ရံတော် အကုန်လုံးကို ထိန်းချုပ်ပြီးမှ လာတွေ့ခဲ့သင့်တာ။ အဲ့ဒါမှ ဒီကိစ္စက မပေါက်ကြားမှာ။ မဟုတ်ရင် ငါတို့ သူတော်စင်အင်ပါယာမြို့ထဲကို ရောက်တာနဲ့ အကုန်သေကုန်လိမ့်မယ်။ အဲ့သူတော်စင်ဘုန်းတော်ကြီးက သေမင်းကုန်းမြေတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်တယ်ဆိုတော့ သူ့ရဲ့ စွမ်းရည်တွေနဲ့ ဗျူဟာတွေက ကြောက်စရာကောင်းမှာပဲ။ မင်း သတိမထားရင် အရာအားလုံးကို ဆုံးရှုံးသွားရနိုင်တယ်”
“ဟုတ်ကဲ့”
ကျန်းရီသည် ဗုဒ္ဓအင်ပါယာတို့ကို ချက်ချင်း ကြိုးပြန်တုပ်လိုက်သည်။ ထို့နောက် ဝူချွယ်အာနှင့် လုံရို့တို့ကိုခေါ်၍ အပြင်ထွက်သွားလိုက်သည်။ ဝူချွယ်အာ၏ ကိုယ်ရံတော် တစ်ရာလုံးကို ထိန်းချုပ်ပြီးမှ မည်သို့ ဆက်လုပ်ရမည်ကို ဆုံးဖြတ်ရပေမည်။ သူတော်စင်ဘုန်းတော်ကြီးက သူတို့ကြားထဲတွင် သူလျှိုထည့်ထားနိုင်သည်။
ဤတစ်ခေါက်တွင် အရာအားလုံး အဆင်ပြေချောမွေ့ခဲ့သည်။ ဝူချွယ်အာသည် သူမအတွက် ဟွင်းနုန်ပြင်ဆင်ပေးထားသော တဲသို့ ပြန်ရောက်သောအခါ ကိုယ်ရံတော်အားလုံးကို မေးစရာရှိ၍ဟုဆိုကာ တဲထဲသို့ ခေါ်လိုက်သည်။ တဲထဲတွင် ကျန်းရီနှင့် လုံရို့တို့လည်း ရှိနေသည်။ သူတို့က မသိမသာဖြင့် လှုပ်ရှားလိုက်ကြသည်။ ထိုသို့ဖြင့် နှစ်နာရီအတွင်းမှာပင် ကိုယ်ရံတော်အားလုံးကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်လိုက်လေသည်။
“တကယ်ကို သူလျှို ရှိနေတာပဲ”
မေ့ရူသည် နောက်ဆုံးတစ်ယောက်ကို ထိန်းချုပ်ပြီးနောက် အပြင်သို့ ပြန်ထွက်လာကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဒီလူတွေထဲမှာ သူတော်စင်ဘုန်းတော်ကြီးကို တိုက်ရိုက်တင်ပြရတဲ့ လူနှစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူတို့က ဝူချွယ်အာကို စောင့်ကြည့်ရမယ့် တာဝန်နဲ့ မဟုတ်ဘူး။ သူတော်စင်ဘုန်းတော်ကြီးက နေရာတိုင်းမှာ မျက်လုံးတွေ၊ နားတွေ ရှိချင်လို့ ထည့်ထားတဲ့ သူလျှိုတွေပဲ”
“ကောင်းပြီ”
ကျန်းရီက ခေါင်းညိတ်လိုက်ပြီး လုံရို့နှင့်အတူ ဗုဒ္ဓအင်ပါယာတို့တဲသို့ ပြန်သွားလိုက်သည်။ ဤတစ်ခေါက်တွင် သူလျှိုရန်ကို စိုးရိမ်စရာ မလိုတော့ပေ။ သူတို့အားလုံးက ဝိညာဉ်ကျွန်များ ဖြစ်သွားပေပြီ။ မည်သူကမှ သတင်းပေါက်ကြားစေတော့မည် မဟုတ်ပေ။ ကျန်းရီသည် တဲထဲရောက်သောအခါ ဗုဒ္ဓအင်ပါယာကို ကြည့်၍ ပြောလိုက်သည်။
“ကျွန်တော် သူတို့အကုန်လုံးကို ထိန်းချုပ်ပြီးပါပြီ။ ဦးလေးရီ... ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ”
“သူတော်စင်အင်ပါယာမြို့ကို သွားမယ်”
ဗုဒ္ဓအင်ပါယာတို့သည် ကျန်းရီက ကိုယ်ရံတော်များကို ထိန်းချုပ်နေခဲ့သည့် နှစ်နာရီအတွင်း၌ မည်သို့ဆက်လုပ်ရမည်ကို ဆွေးနွေးနေခဲ့ကြသည်။ သူတို့သည် ဆုံးဖြတ်ချက်တစ်ခု ချပြီးသွားပြီဖြစ်သည်။ ဗုဒ္ဓအင်ပါယာက ရှင်းပြသည်။
“ငါတို့မှာ ထွက်လမ်းတစ်ခုပဲ ရှိတယ်။ သူတော်စင်ဘုန်းတော်ကြီးနဲ့ သူတော်စင်အင်ပါယာကို သတ်နိုင်မယ့်နည်း ဒါမှမဟုတ် ထိန်းချုပ်နိုင်မယ့်နည်းတစ်ခုကို ရှာဖို့ပဲ။ မဟုတ်ရင် ငါတို့ ဧကရာဇ်တွေကို ကယ်နိုင်လိုက်ရင်တောင် ဘာမှ ထူးမှာ မဟုတ်ဘူး”
“အဲ့ဒါက...”
ကျန်းရီ မျက်နှာထား တည်သွားသည်။ သူတော်စင်ဘုန်းတော်ကြီးနှင့် သူတော်စင်အင်ပါယာတို့က အလွန်အစွမ်းထက်သည်။ သူနှင့် မေ့ရူတို့နှစ်ယောက်တည်းနှင့် သူတို့ကို ထိန်းချုပ်နိုင်၊ သတ်နိုင်ပါမည်လော။
“အရမ်းမစိုးရိမ်ပါနဲ့”
ဗုဒ္ဓအင်ပါယာသည် ကျန်းရီ၏ မျက်နှာထားကို သတိပြုမိလိုက်၍ ပြုံးကာ နှစ်သိမ့်လိုက်သည်။
“အရင်ဆုံး သူတော်စင်အင်ပါယာမြို့ကို သွားကြတာပေါ့။ အဲ့ကိုရောက်ရင် ငါတို့ကို ဧကရာဇ်တွေနဲ့အတူ ချုပ်ထားနိုင်တယ်။ ဧကရာဇ်တွေက ဉာဏ်ကောင်းတဲ့ သိုင်းပညာရှင်တွေပါ။ သူတို့က အခြေအနေကို နားလည်သွားရင် အခုထက်ပိုကောင်းတဲ့ အကြံအစည်တွေ ထုတ်နိုင်လောက်ပါတယ်။ ပြီးတော့ မင်းက ငါတို့ကို ဖြေဆေး ပေးထားတာပဲ။ ဧကရာဇ်တွေသာ ပူးပေါင်းလိုက်ရင် ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်တောင် သူတို့လက်ထဲမှာ သေရမှာပါ”
***