← Chapters

ဒုတိယစစ်ပွဲ

Vol. 89 Ch. 1232

ဒုတိယစစ်ပွဲ

Vol. 89 Ch. 1232

ဝူချွယ်အာနှင့် ကျန်းရီတို့သည် သက်ရှည်မျိုးနွယ်စုတွင် တစ်ရက်သာ နေလိုက်သည်။ ထို့နောက် သူတို့သည် သူတော်စင်အင်ပါယာမြို့သို့ ထွက်ခွာကြသည်။ သူတို့ ခရီးသွားနေစဉ်တွင် အပြင်လောကတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်နေပေသည်။

လူသားမျိုးနွယ် မဟာမိတ်စစ်တပ်ကို ဖွဲ့စည်းပြီးပေပြီ။ မြောက်ဘက်ဧကရာဇ်နှင့် သူ၏ လက်ထောက်ခေါင်းဆောင်လေးယောက်တို့သည် တစ်နေ့လုံး ဆွေးနွေးကာ ပထမဆုံးအမိန့်ကို ထုတ်ပြန်လိုက်သည်။ အရှေ့ဘက် တော်ဝင်နယ်မြေရှိ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များနှင့် နတ်ဘုရားတစ်ပိုင်းများအားလုံးက စစ်တပ်နှင့် ပူးပေါင်းရမည်။ သူတို့က လေ့ကျင်၍ စစ်ပွဲအတွက် စစ်ရထားလုံးများကိုလည်း စုဆောင်းရသည်။ တစ်ချိန်တည်းမှာပင် အရှေ့ဘက် တော်ဝင်နယ်မြေရှိ ကျန်းရီနှင့် အောင်းလုတို့၏ သူလျှိုများကို ရှာဖွေကြသည်။ စစ်ပွဲအတွက် လိုအပ်သည့်အရာအားလုံးကို ပြင်ဆင်ထားရပေမည်။

အပေါ်ယံတွင် ဆွေးနွေးခဲ့သည်ဟု ဆိုသော်လည်း မြောက်ဘက်ဧကရာဇ်ကသာ အမိန့်အားလုံးကို ထုတ်ခဲ့ခြင်းဖြစ်သည်။

ထန်ရှန်းကျိ အစိုးရိမ်ဆုံးအရာက ဖြစ်လာပေပြီ။ လက်ထောက်ခေါင်းဆောင်လေးယောက်မှ လွဲ၍ အခြားမျိုးနွယ်ခေါင်းဆောင်များနှင့် ဂိုဏ်းချုပ်များသည် ဆုံးဖြတ်ချက်များချရာတွင် မည်သို့မှ ဝင်ပြောခွင့် မရှိပေ။

မြောက်ဘက်ဧကရာဇ်က ထိုကိစ္စအတွက် အကြောင်းပြချက်ကောင်းတစ်ခု ပေးခဲ့သည်။ အောင်းလုနှင့် ကျန်းရီတို့က အရှေ့ဘက် တော်ဝင်နယ်မြေရှိ မျိုးနွယ်ကြီးများတွင် သူလျှိုများ ထည့်ထားနိုင်သည်ဟု ဆိုသည်။ မဟုတ်လျှင် မျိုးနွယ်များက အရှေ့ဘက် တော်ဝင်နယ်မြေတွင် စစ်ပွဲများ စခဲ့ကြလိမ့်မည်မဟုတ်ဟု ပြောသည်။ ဥပမာအနေဖြင့် အသံလှိုင်းဧကရာဇ်ကို ပြသည်။ ထို့ကြောင့် သတင်းအချက်အလက်များ အပြင်သို့ မပေါက်ကြားစေရန်အတွက် အုပ်ချုပ်ရေးအဖွဲ့ကသာ ဆုံးဖြတ်ချက်များချခြင်းဖြစ်သည်ဟု အကြောင်းပြသည်။ မဟုတ်လျှင် လူသားမျိုးနွယ် မဟာမိတ်စစ်တပ်၏ ကံကြမ္မာက ကျန်းရီ၏ လက်ထဲသို့ ရောက်သွားပေလိမ့်မည်။ ထိုအခါ လူသားမျိုးနွယ်လည်း ပျက်သုဉ်းသွားပေလိမ့်မည်။

မြောက်ဘက်ဧကရာဇ်၏ အကြံပေးချက်တိုင်းကို ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က တွေးပင်မနေဘဲ လက်ခံကြသည်။ ရှင်းမုန့်ဝမ်ကလည်း ခေတ္တမျှ တွေးတောဟန်ပြ၍ လက်ခံသည်။ ထန်ရှန်းကျိအနေဖြင့် မည်သို့မှ ဝင်ပြောခွင့်ပင် မရခဲ့ပေ။

အရှေ့ဘက် တော်ဝင်နယ်မြေ၏ အင်အားကို စုစည်း၍ စစ်ပွဲအတွက် သင်ကြားလေ့ကျင့်ပေးခြင်းက စစ်တပ်၏ တိုက်ရည်ခိုက်ရည်ကို တိုးတက်စေနိုင်သည်။ ထို့ပြင် တစ်စုတစ်စည်းတည်း ရှိနေပါက အမိန့်ပေးရန်နှင့် ထိန်းချုပ်ရန်အတွက်လည်း ပိုလွယ်မည်ဖြစ်သည်။

မြောက်ဘက်ဧကရာဇ်၏ အကြံပေးချက်က ပြဿနာမရှိပေ။ သို့သော် ထန်းရှန်းကျိကာ အလေးအနက် တွေးတောသည်။ စွမ်းအားကြီး သိုင်းပညာရှင်အားလုံးကို စစ်စည်းမျဉ်းများအရသာ အုပ်ချုပ်မည်ဆိုလျှင် ထိုသိုင်းပညာရှင်များ၏ မူလမျိုးနွယ်များ၊ ဂိုဏ်းများက သူတို့အပေါ် အာဏာသက်ရောက်နိုင်တော့မည် မဟုတ်ပေ။ ထိုသို့ဖြစ်လာလျှင် လူအားလုံးသည် မိမိတို့၏ မျိုးနွယ်စည်းမျဉ်းများအစား စစ်စည်းမျဉ်းများကိုသာ ပို၍ လေးစားလာမည်ဖြစ်သည်။ မြောက်ဘက်ဧကရာဇ်ကလည်း မဟာအာဏာရှင်တစ်ယောက် ဖြစ်သွားပေလိမ့်မည်။

သို့သော် ထန်ရှန်းကျိ မည်သို့မှ မတတ်နိုင်ပေ။ လက်ထောက်ခေါင်းဆောင် သုံးယောက်က သဘောတူလိုက်ပြီဖြစ်၍ သူ့ကန့်ကွက်လျှင်လည်း လေးမဲ၊ တစ်မဲဖြင့် ရှုံးမည်သာ။ အလကားသက်သက် မြောက်ဘက်ဧကရာဇ်တို့ကို သူ့အပေါ် အမြင်မကြည် ဖြစ်သွားစေရုံသာ ရှိပေမည်။ ထို့ကြောင့် မဟာမိတ်စစ်တပ်၏ စည်းလုံးမှုအတွက် ထန်ရှန်းကျိတစ်‌ယောက် ‌‌ရွေးချယ်စရာ မရှိတော့ဘဲ လက်ခံခဲ့ရခြင်းဖြစ်သည်။

မြောက်ဘက်ဧကရာဇ်က ဓားဧကရာဇ်ကို မဟာမိတ်စစ်တပ်၏ တပ်မှူးချုပ်အဖြစ် တာဝန်ပေးလိုက်သည်။ ဓားဧကရာဇ်က စစ်တပ်ကို စုစည်းရပေမည်။ ရှင်းမုန့်ဝမ်က စစ်ဗျူဟာမှူးဖြစ်ပြီး စစ်ခင်းစစ်ကွက်များနှင့် စစ်တပ်၏ တိုက်ရည်ခိုက်ရည်ကို တိုးမြှင့်ရန် တာဝန်ယူရသည်။ သားရဲဧကရာဇ်က စည်းကမ်းထိန်းသိမ်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရသည်။ သူသည် စစ်စည်းကမ်းများကို ထိန်းသိမ်းကြပ်မတ်ရပြီး သူလျှိုများကို စုံစမ်းရသည်။ ထန်ရှန်းကျိက လက်ထောက်တပ်မှူးချုပ်ရာထူးကို ရသည်။ သို့သော် သူက နောက်တန်းကိစ္စများကိုသာ တာဝန်ယူရပေသည်။

ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည်ဖြစ်၍ မျိုးနွယ်ကြီးများသည် အချင်းချင်း ပဋိပက္ခ မဖြစ်ဝံ့ကြပေ။ လူသားမျိုးနွယ် မဟာမိတ်စစ်တပ်ကို ဖွဲ့စည်းပြီးပြီဖြစ်ရာ သူတို့အားလုံး စစ်စည်းမျဉ်းစည်းကမ်းများအရသာ လေ့ကျင့်ကြရသည်။ မျိုးနွယ်ကြီးများ၏ မျိုးနွယ်ခေါင်းဆောင်များကို စစ်သူကြီးဘွဲ့ ချီးမြှင့်ထားသည်။ သူတို့သည် တပ်သားများစွာကို အုပ်ချုပ်ရ၍ အတော်လေး စိတ်လှုပ်ရှားနေကြသည်။

ဓားဧကရာဇ်က ဧကရာဇ်ကိုးပါးထဲမှ တစ်ပါးဖြစ်သည်။ ထို့ကြောင့် အဆင့်အတန်းမြင့်ကာ စွမ်းအားကြီးသည်။ မည်သူကမှ သူက စစ်တပ်၏ တပ်မှူးချုပ် ဖြစ်လာသည်ကို မကန့်ကွက်ကြပေ။ မျိုးနွယ်အသီးသီးမှ ကောင်းကင်ဧကရာဇ်များသည်လည်း စစ်တပ်ထဲသို့ ရောက်နေကြပေပြီ။ သူတို့သည် မြောက်ဘက်ဧကရာဇ်မြို့ပြင်တွင် အတူတကွ စစ်ရေးလေ့ကျင့်ကြသည်။

ရှင်းမုန့်ဝမ်ကလည်း ဘာသိဘာသာ မနေဘဲ စစ်တပ်ကို စစ်ခင်းစစ်ကွက်များစွာ သင်ကြားပေးခဲ့သည်။ ထို့ကြောင့် စစ်တပ်တစ်ခုလုံး သိသိသာသာ တိုးတက်လာသည်။ ထို့ကြောင့် စစ်တပ်သည် ပို၍ပင် တက်ကြွလာသည်။ ပထမဆုံးအနေဖြင့် သူတို့သည် စစ်ပွဲကို နိုင်လောက်သည်ဟူ၍ ခံစားလာရသည်။

သားရဲဧကရာဇ်က လက်အောက်ငယ်သားများကို ဦးဆောင်၍ စစ်တပ်တစ်ခုလုံးကို လှည့်ပတ်သည်။ သူသည် သူလျှိုများကို ဖမ်းကာ သူတို့၏ အထက်လူကြီးများ လက်ထဲသို့ အပ်၍ ကွပ်မျက်စေသည်။ ကျန်းရီနှင့် ပတ်သတ်မှုရှိသည်ဟု သံသယအဝင်ခံရသူတိုင်း နေရာမှာပင် ကွပ်မျက်ခံရသည်။ ထို့ကြောင့် လူများသည် သူတို့၏ လည်မျိုကို ဓားဖြင့် အထောက်ခံထားရသကဲ့သို့ ခံစားနေကြရသည်။ သူလျှိုအဖြစ် စွပ်စွဲခံရမည်ကို ကြောက်၍ မည်သူကမှ သားရဲဧကရာဇ်၏ အမိန့်များကို မဆန့်ကျင်ဝံ့ကြပေ။

မကြာခင်မှာပင် မြောက်ဘက်ဧကရာဇ်၏ ဒုတိယအမိန့် ရောက်ရှိလာသည်။ စစ်တပ်က သုံးလကြာ လေ့ကျင့်ရမည်။ အကယ်၍ မိစ္ဆာစစ်တပ်နှင့် ကျန်းရီတို့က အရှေ့ဘက် တော်ဝင်နယ်မြေထဲသို့ ဝင်မလာလျှင် လူသားမျိုးနွယ် မဟာမိတ်စစ်တပ်ကပဲ ဒုတိယစစ်ပွဲကို စပေမည်။ ဤတစ်‌ခေါက်တွင် သူတို့က လူသားသစ္စာဖောက် ကျန်းရီနှင့် မိစ္ဆာများ၏ ဧကရာဇ် အောင်းလုကို ပစ်မှတ်ထားမည်ဖြစ်သည်။

ဤတစ်ကြိမ်တွင် မြောက်ဘက်ဧကရာဇ်နှင့် လက်ထောက်ခေါင်းဆောင်များက ပြီးပြည့်စုံသော ဗျူဟာတစ်ခုကို ဆွဲထားသည်ဆိုသော သတင်းက စစ်တပ်တစ်ခုလုံးအတွင် စတင်ပျံနှံ့လာသည်။ သူတို့သည် ကျန်းရီနှင့် အောင်းလုကို သတ်နိုင်လိမ့်မည်ဟု ကိုးဆယ်ရာခိုင်နှုန်း သေချာနေကြသည်။ ဤစစ်ပွဲတွင် သူတို့ဘက်က အနိုင်ရမည်သာ။

လူသားမျိုးနွယ် မဟာမိတ်စစ်တပ်သည် စိတ်အားထက်သန်လာသည်။ သူတို့ အစွမ်းကုန် လေ့ကျင့်ကြသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်အိုကြီးများပင် စစ်တပ်ထဲဝင်ကာ အတူတကွ စတင်လေ့ကျင့်ကြသည်။ စစ်ခင်းစစ်ကွက်များ၏ အကူအညီကြောင့် သူတို့၏ တိုက်ရည်ခိုက်ရည်က အလွန်မြင့်တက်လာတော့သည်။

မဟာမိတ်စစ်တပ်ထဲမှ တပ်သားတိုင်း သူတို့၏ ဓားများကို စတင်သွေးလာကြသည်။ သူတို့သည် နောက်သုံးလနေလျှင် စမည့် စစ်ပွဲကြီးတွင် မိစ္ဆာများနှင့် ကျန်းရီကို သတ်ရန် ကြိုတင်ပြင်ဆင်နေကြသည်။ ထိုမှ လူသားမျိုးနွယ်က ရှေးကအတိုင်း ပြန်လည်ဂုဏ်ရောင်ပြောင်လာမည်ဖြစ်သည်။ ထိုစစ်ပွဲတွင် ပါဝင်သူတိုင်းကလည်း သမိုင်းတွင်သွားမည်ဖြစ်သည်။ သူတို့၏ အမည်များကို မျိုးရိုးစဉ်ဆက် မှတ်မိနေပေလိမ့်မည်။

***

အပြင်လောကတွင် ဗြောင်းဆန်နေစဉ်၌ ကျန်းရီသည် သေမင်း၏ သိပ်သည်းပင်လယ်ထဲသို့ ရောက်နေသည်။ သူသည် အပြင်လောက၌ ဖြစ်ပျက်နေသည်များကို တစ်ခုမှ မသိပေ။ သုံးလပြည့်သည်နှင့် လူသားများနှင့် မိစ္ဆာများက ထပ်မံ တိုက်ခိုက်ကြတော့မည်ကိုလည်း သူ မသိချေ။

ကျန်းရီတို့ ခရီးနှင်နေသည်မှာ ရက်နှစ်ဆယ်ရှိခဲ့ပေပြီ။ ဤတစ်ခေါက်တွင် ဟွင်းကန်ကိုယ်တိုင် တပ်သားသုံးထောင်ကို ဦးဆောင်၍ လိုက်ပါပို့ဆောင်သည်။ ထို့ကြောင့် သူတို့သည် ပန်ဝမ်တောင်ကို အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့သည်။ ယခုတွင် လမ်းခရီးက ချောမွေ့နေပြီဖြစ်သည်။ နောက်သုံးရက်၊ လေးရက်နေလျှင် သူတော်စင်အင်ပါယာမြို့သို့ ရောက်လောက်ပြီဟု ကျန်းရီ ခန့်မှန်းသည်။

ကျန်းရီသည် ပျင်းနေပေပြီ။ ဝူချွယ်အာ၏ ကိုယ်ရံတော်အားလုံးက သူ့လူများ ဖြစ်နေပြီဖြစ်သည်။ သူသည် လျှို့ဝှက်ထမ်းဆောင်နေသည့် တပ်မှူးတစ်ယောက်ကဲ့သို့ ခံစားနေရသည်။ မည်သူကမှ သူ့ကို ပြဿနာလာမရှာပေ။ သူ့ကို စိတ်ရှုပ်စေသည်မှာ မျိုးနွယ်စုခေါင်းဆောင်ငယ် ဟွင်းကန်သာဖြစ်သည်။ ဟွင်းကန်သည် တစ်ရက်မပြတ် ဝူချွယ်အာကို လာရှာပြီး မျက်နှာလိုမျက်နှာရလုပ်သည်။

ဝူချွယ်အာက အဆင့်အတန်းမြင့်မားသော်လည်း ထိုမျိုးနွယ်စုခေါင်းဆောင်ငယ်ကို လေးစားမှုအနည်းငယ် ပြခဲ့သည်။ သူမက ဤနယ်မြေမှ လူများနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် လိုအပ်သည် မဟုတ်ပါလား။ သူတို့က သူမအတွက် အသုံးဝင်သေးသည်။ အနည်းဆုံးတော့ သူမအတွက် အသက်အန္တရာယ်ရှိလာလျှင် ထိုလူရိုင်းများကို လူသားဒိုင်းအဖြစ် အသုံးပြုနိုင်သည်။

ထို့ကြောင့် ဝူချွယ်အာသည် ဟွင်းကန်ကို မတွေ့လိုသော်လည်း လက်ခံ၍ စကားပြောပေးနေသည်။

ရွှီး...

ထိုနေ့တွင် တပ်ဖွဲ့က တောင်ကုန်းတစ်ခုအခြေတွင် အနားယူနေသည်။ ကျန်းရီသည်လည်း ဝူချွယ်အာ၏ ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲထဲတွင် နားနေသည်။ ထိုစဉ် ရွက်ဖျင်တဲအပြင်မှ အကာအရံက အဆက်မပြတ် လင်းလက်လာသည်။ ဟွင်းကန် ထပ်ရောက်လာပြန်ပြီဖြစ်ကြောင်း ထင်ရှားပေသည်။ ကျန်းရီ စိတ်ရှုပ်ဟန်ဖြင့် ထရပ်လိုက်သည်။

ရွှီး...

အကာအရံက လင်းလက်သွားပြီး ဟွင်းကန် ပေါ်လာသည်။ သူသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ဝင်လာ၏။ သူ့လက်ထဲတွင် စွပ်ပြုတ်ပူပူ တစ်ပန်းကန်ကို ကိုင်ထားသည်။ ထို့နောက် သူ ပြုံးကာ ပြောလိုက်သည်။

“သူတော်စင်မခင်ဗျာ.. ကျွန်တော် လွန်ခဲ့တဲ့ နှစ်ရက်က ကောင်းကင်လေသားရဲငယ် တစ်ကောင်ကို သတ်နိုင်ခဲ့ပါတယ်။ အဲ့သားရဲက ထိပ်တန်းတော်ဝင်သားရဲဆယ်ကောင်ထဲကပါ။ အကောင်ငယ်တွေက အရမ်းရှားတယ်။ ကျွန်တော် အဲ့သားရဲကို စွပ်ပြုတ်လုပ်ပြီး ချက်ချင်း သူတော်စင်မဆီ ယူလာပေးတာပါ”

“အို့... ချထားလိုက်ပါ”

ဝူချွယ်အာက ဟွင်းကန်ကို အေးစက်စက် ကြည့်သည်။ ကျန်းရီသည် ဝင်မပါလိုသော်လည်း ထိုစွပ်ပြုတ်က ထိပ်တန်းတော်ဝင်သားရဲဆယ်ကောင်ထဲမှ တစ်ကောင်ကို ပြုတ်ထားခြင်း ဖြစ်ကြောင်း ကြားလိုက်ရသောအခါ စိတ်ဝင်စားသွားသည်။ ဟွင်ကန်းသည် ကျန်းရီကို တွေ့လိုက်၍ အဘယ်ကြောင့် ကျန်းရီက ကောင်းကင်ကံကြမ္မာရွက်ဖျင်တဲထဲတွင် သူတော်စင်မနှင့် နှစ်ယောက်တည်း ရှိနေရခြင်းနည်းဟု တွေးမိလိုက်သည်။

ဟွင်းကန်သည် ကျန်းရီကို ခြေဆုံး‌ခေါင်းဆုံး ကြည့်လိုက်ပြီး အပြင်သို့ ထွက်သွားရန် မျက်နှာရိပ် မျက်နှာကဲ ပြလိုက်သည်။ ထိုမှ သူသည် ဝူချွယ်အာကို အနှောင့်အယှက်မရှိဘဲ ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ကျန်းရီကမူ ဟွင်ကန်း၏ မျက်နှာရိပ် မျက်နှာကဲကို သတိမထားမိဘဲ စွပ်ပြုတ်နံ့က မွှေးသည်ဟု တွေးကာ ရပ်၍ အနံ့ခံနေလေသည်။ ထို့ကြောင့် ဟွင်းကန် ဒေါသထွက်လာကာ အော်ပြောလိုက်သည်။

“ထွက်သွားစမ်း”

“အန်...”

ကျန်းရီသည် ထွက်သွားပေးရန် ဆန္ဒရှိခဲ့သော်လည်း ယခု ထွက်မသွားတော့ဖို့ ဆုံးဖြတ်လိုက်သည်။ နေ့တိုင်း ဟွင်ကန်း၏ နှောင့်ယှက်မှုကို ခံနေရသည်ကို သူ အတော်လေး စိတ်ပျက်နေပေပြီ။ ထို့ကြောင့် သူသည် ဟွင်ကန်း၏ မျက်လုံးကို စိုက်ကြည့်ကာ မေးလိုက်သည်။

“မင်းက ငါ့ကို ထွက်သွားစေချင်တယ်ဆိုတာ သေချာလား”

ဟွင်းကန်သည် ကျန်းရီ၏ စကားကြောင့် မျက်နှာထား ပြောင်းသွား၏။ သူ့မျက်စိထဲတွင် ကျန်းရီမှာ အိမ်ခြေရာမဲ့ ကလေးတစ်ယောက်သာဖြစ်သည်။ သက်ရှည်မျိုးနွယ်စုကသာ သူ့ကို ခေါ်ယူမစောင့်ရှောက်ထားခဲ့လျှင် သူက အပြင်ဘက်တွင် ခြေဦးတည့်ရာ သွားနေရမည်ဖြစ်သည်။ ယခုတွင် သူက ဝူချွယ်အာကို ကယ်နိုင်ခဲ့ပြီး သူမ၏ ကိုယ်ရံတော် ဖြစ်လာ၍ မခန့်လေးစား ပြုမူနေသည်လော။

ဟွင်းကန်က မျိုးနွယ်စုခေါင်းဆောင်ငယ်ဖြစ်သည်။ ထိုရာထူးကို ဟွင်းနုန်ကိုယ်တိုင် ချီးမြှင့်ထားခြင်းပင်။ ထို့ကြောင့် သူသည် သက်ရှည်မျိုးနွယ်စုထဲတွင် မောက်မာခဲ့သည်။ ယခုတွင် ကလေးတစ်ယောက်၏ စော်ကားမှုကို ခံလိုက်ရ၍ သူ လက်မြှောက်ကာ ကျန်းရီအနားသို့ ကပ်သွားပြီး ပါးပိတ်ရိုက်ရန် ဟန်ပြင်လိုက်သည်။ ဟွင်းကန်က ခက်ထန်သူရဲကောင်းများထက် ပိုသန်မာ၍ အတော်လေး လျင်မြန်ပေသည်။ စက္ကန့်ဝက်အတွင်းမှာပင် သူ၏လက်က ကျန်းရီ၏ မျက်နှာနှင့် မီလီမီတာအနည်းငယ်သာ ကွာတော့လေသည်။ သူ၏ လက်က လေကို ခွင်း၍ ကျန်းရီ၏ မျက်နှာဆီသို့ အားအပြည့်နှင့် သွားနေသည်။

ဝှစ်...

အဖြူရောင်အရိပ်တစ်ခုက ဟွင်ကန်း၏လက်ထက် ပိုမြန်သည်။ ဝူချွယ်အာက သူ့ဘေးတွင် ပေါ်လာသည်။ သူမလက်ထဲတွင် ဓားပျော့တစ်ချောင်း ရှိနေသည်။ ဟွင်ကန်း၏ လက်က ကျန်းရီ၏ မျက်နှာကို မထိခင်မှာပင် သူမ၏ ဓားပျော့က ဟွင်ကန်း၏ လည်ပင်းပေါ်သို့ ရောက်သွားသည်။

“အာ...”

ဟွင်ကန်း၏ လက်သည် ကျန်းရီ၏ ပါးဘေးတွင် ရပ်တန့်သွားသည်။ ကျန်းရီသည် တစ်ချက်ပင် တွန့်မသွားခဲ့ပေ။ သူက သရော်သည့်ဟန်ဖြင့်သာ ပြုံးနေသည်။ ဝူချွယ်အာ၏ စွမ်းရည်နှင့် အမြန်နှုန်းက ဟွင်းကန်ထက် များစွာပိုသာသည်။ သို့ဖြစ်ရာ ကျန်းရီသည် မည်သည်ကို ကြောက်ရမည်နည်း။

“အရူး...”

ကျန်းရီသည် ဟွင်းကန်ကို လေသံတိုးတိုးဖြင့် ဆဲလိုက်ပြီး ဘေးသို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်၏။ ထို့နောက် သူသည် စားပွဲတွင် ထိုင်ကာ စွပ်ပြုတ်ပန်းကန်ကို ယူ၍ စက္ကန့်ပိုင်းအတွင်း အကုန်သောက်ပစ်လိုက်သည်။ ကျန်းရီ စွပ်ပြုတ် သောက်ပြီးသွားသည်အထိ ဟွင်းကန်က မှင်တက်နေဆဲပင်။ စွပ်ပြုတ်က တစ်စက်ပင် မကျန်တော့ချေ။ ကျန်းရီသည် လက်ဖြင့် ပါးစပ်သုတ်လိုက်ပြီး ထရပ်ကာ ဟွင်းကန်ကို ပါးဖြတ်ရိုက်လိုက်သည်။ ဟွင်းကန်တစ်ယောက် လွင့်ထွက်သွားသည်။

ဟွင်းကန်သည် ကြမ်းပြင်ပေါ်တွင် ခွေခွေလေး လဲကျသွား၏။ သူသည် အလွန်ဒေါသူပုန်ထသွားပြီး ကျန်းရီကို သတ်ရန် ထရပ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် ဝူချွယ်အာက သူ့အရှေ့သို့ ထပ်မံရောက်လာကာ သူ့လည်ပင်းကို ဓားပျော့ဖြင့် ထောက်လိုက်သည်။ ဝူချွယ်အာ၏ အကြည့်က အေးစက်နေပေသည်။ သူ လှုပ်သည်နှင့် ဝူချွယ်အာက သူ့ကို သတ်ပစ်ပေလိမ့်မည်။

“သူတော်စင်မ... ဘာတွေ လုပ်နေတာပါလဲ...”

ဟွင်းကန်သည် ဝူချွယ်အာကို မေးလိုက်၏။ သို့သော် ဝူချွယ်အာက ဓားကို ဟွင်းကန်၏ လည်ပင်းထဲသို့ ပိုနက်နက် ဖိချလိုက်သည်။ ထို့ကြောင့် ဟွင်းကန် စကားတစ်ဝက်တစ်ပျက်ဖြင့် ရပ်လိုက်ရသည်။ ကျန်းရီက ဟွင်းကန်ဆီသို့ ခပ်လေးလေး လျှောက်သွားကာ သူ့ရင်ဘတ်ပေါ်သို့ ခြေတစ်ချောင်းတင်လိုက်သည်။ ထို့နောက် အေးစက်စက် လေသံဖြင့် ပြောသည်။

“ငါက မင်းလို အရူးကို ထိတောင်မထိချင်ဘူး။ ဒါပေမဲ့ မင်းက ယင်ကောင်တစ်ကောင်လို ငါတို့နှစ်ယောက်စလုံးကို စိတ်ရှုပ်အောင် လုပ်ပြီး ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲ။ အဲ့တော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

***

All Chapters