မမျှော်လင့်ထားသော
Vol. 89 Ch. 1234
ကျန်းရီသည် အနီးမှ ရေကန်တစ်ကန်သို့ သွား၍ သူ့ခန္ဓာကိုယ်မှ အပူများ ထွက်သွားသည်အထိ တစ်နာရီကြာ ရေကူးနေလိုက်သည်။ ထို့နောက်တွင် သူ ပြန်သွားပြီး ဝူချွယ်အာကို ချက်ချင်း ထွက်ခွာရန် ပြောလိုက်သည်။
ဝူချွယ်အာက မြောက်ဘက်ဧကရာဇ်၏ မြေးမ ဖြစ်သည်။ ကျန်းရီ၏ အဖေကို ဝူမျိုးနွယ်က သတ်ခဲ့ခြင်းပင်။ ထို့ကြောင့် ဝူမျိုးနွယ်နှင့် ကျန်းရီကြားတွင် နက်ရှိုင်းသော ရန်ငြိုးရှိသည်။ ထို့ပြင် ဝူချွယ်အာကလည်း သူ့ကို သတ်လုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် ကျန်းရီသည် ဝူချွယ်အာကို သူ၏ ဝိညာဉ်ကျွန်ဖြစ်သွားအောင် လုပ်၍ သတ်ပစ်ခြင်း သို့မဟုတ် နှိပ်စက်ခြင်းများ လုပ်နိုင်သည်။ သို့သော် အဓမ္မပြုကျင့်ခြင်းမှာတော့ သူ၏ အခြေခံကိုယ်ကျင့်တရားနှင့် လူသားဆန်မှုကို ဆုံးရှုံးစေလိမ့်မည်ဟု ကျန်းရီ ခံစားနေရသည်။
တစ်ခါလုပ်မိသွားလျှင် ထပ်ခါထပ်ခါ လုပ်မိတော့မည်ဖြစ်သည်။ လူတစ်ယောက်သည် အခြေခံကိုယ်ကျင့်တရားနှင့် လူသားဆန်မှုကို ဆုံးရှုံးလိုက်ရလျှင် လူယုတ်မာတစ်ယောက် ဖြစ်လာပေလိမ့်မည်။ နောက်ဆုံးတွင် မိမိကိုယ်ကိုယ်လည်း ဆုံးရှုံးလိုက်ရကာ မိစ္ဆာတစ်ကောင် ဖြစ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် မိမိ၏ ဆန္ဒကို ချိုးနှိမ်ရန် အပြင်သို့ ပြေးထွက်သွားခဲ့ခြင်းပင်။
တပ်ဖွဲ့က ဆက်၍ ခရီးနှင်သည်။ နောက်ရက်အနည်းငယ်အတွင်း၌ ကျန်းရီသည် သူတို့ကို မနားစေခဲ့ပေ။ သူသည်လည်း ဝူချွယ်အာနှင့် နှစ်ယောက်တည်း မနေတော့ပေ။ မိမိ၏ တည်ငြိမ်မှုကို ဆက်ထိန်းထားရပေမည်။ ထိုမှသာ သူတော်စင်အင်ပါယာမြို့တွင် ရှင်သန်နိုင်မည်ဖြစ်သည်။
ကျန်းရီသည် ဗုဒ္ဓအင်ပါယာတို့အပေါ် မမှီခိုနိုင်ပေ။ သူတို့က ဗုဒ္ဓဧကရာဇ်တို့နားသို့ ရောက်သွားမှ ကျန်းရီအတွက် အထောက်အကူဖြစ်မည် ဖြစ်သည်။ ယခုတွင် အားလုံးက ကျန်းရီအပေါ်တွင် မူတည်နေသည်။ အကယ်၍ သူ အနည်းငယ် လွဲချော်သွားလျှင် ဤဆန်းကြယ်နယ်မြေမှာပင် အားလုံး ခေါင်းချသွားရပေလိမ့်မည်။
သုံးရက်ကြာပြီးနောက် ကျန်းရီ၏ မြင်ကွင်းထဲတွင် ဧရာမမြို့ကြီးတစ်မြို့ ထွက်ပေါ်လာသည်။ ထိုမြို့က အလွန်ရှေးကျကာ ယိုယွင်းနေပြီဖြစ်သည်။ မြို့ရိုးပေါ်တွင် ရေညှိများ တွယ်နေသည်။ ထိုမြို့ကြီး တည်ရှိခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ရှိပြီဖြစ်ကြောင်း တွေးရုံသာ တွေးကြည့်နိုင်ပေသည်။
သို့သော် အရှေ့ဘက် တော်ဝင်နယ်မြေမှ မြို့ကြီးများနှင့် ယှဉ်လျှင် ထို့မြို့က အတော်လေး သေးသည်။ သာမန်မြို့တစ်မြို့နှင့်သာ ယှဉ်နိုင်သည်။ မြို့ရိုးပေါ်တွင် တပ်သားများစွာ စောင့်ကြပ်နေသည်။ ထိုလူရိုင်းတပ်သားများက အခြားလူရိုင်းများထက် ပိုယဉ်ကျေးပုံ ပေါ်သည်။ သူတို့၏ ကိုယ်အပေါ်ပိုင်းတွင် သားရဲသားရေ ချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။ လက်ထဲတွင်လည်း မည်းနက်သော သစ်သားလှံကို ကိုင်ထားကြသည်။ ကျန်းရီသည် သူတို့ကို လှမ်းကြည့်ပြီးနောက် အနည်းဆုံး လူရိုင်းထောင်ကျော် ရှိလိမ့်မည်ဟု တွေးလိုက်သည်။ သူတို့ထဲတွင် ခက်ထန်သူရဲကောင်းများလည်း ဆယ်ယောက်ကျော် ပါပေသည်။
“သူတော်စင်မ ပြန်ရောက်လာပြီ။ မြို့တံခါး ဖွင့်ကြ”
အစောင့်အဖွဲ့ခေါင်းဆောင်တစ်ယောက်က ဝူချွယ်အာကို တွေ့လိုက်၍ ချက်ချင်း အော်ပြောလိုက်သည်။ သူတို့သည် မြို့တံခါးကို ဖွင့်ကြ၏။ ဝူချွယ်အာက တပ်ဖွဲ့ကို ဦးဆောင်၍ မြို့ထဲသို့ ဝင်သွားသည်။ ကျန်းရီသည် မြို့ထဲသို့ ရောက်သောအခါ မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများက သူ့ခန္ဓာကိုယ်ကို စစ်ဆေးနေကြောင်း ခံစားလိုက်ရ၏။ သူ့ဘေးမှ လူအားလုံးလည်း ထိုသို့ စစ်ဆေးခံရသည်။
ထိုအခိုက်တွင်...
ကျန်းရီ အလွန်စိတ်လှုပ်ရှားသွား၏။ သူ၏ စိတ်ဝိညာဉ်က စတင် တုန်ယင်လာသည်။ သို့သော် မျက်နှာပေါ်တွင် မည်သည့်အရိပ်အယောင်မှ မပြမိရန် သူ ကြိုးစားနေရသည်။ ထို့နောက် စိတ်ဝင်စားဟန်ဖြင့် ဟိုကြည့်ဒီကြည့် လုပ်လိုက်သည်။ ကောင်းကင်စိတ်အာရုံများက သူ့ကိုယ်ပေါ်တွင် ကြာရှည် မနေခဲ့ပေ။ အားလုံးကို အာရုံခံပြီးနောက် ၎င်းတို့ ပြန်ဆုတ်သွားကြသည်။
ထိုအခါမှ ကျန်းရီ သက်ပြင်းလေးလေးတစ်ချက် ချလိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။ သူ ရင်လေးလာပေပြီ။
ကျန်းရီသည် အစောတွင် ကိစ္စတစ်ခုကို သေချာသိသွားခဲ့သည်။ သူတော်စင်ဘုန်းတော်ကြီး၏ စိတ်ဝိညာဉ်ကို သူ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ မေ့ရူကို သူတော်စင်ဘုန်းတော်ကြီး၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်ဖို့ ခိုင်းလိုက်လျှင် သူ သေချာပေါက် သေရပေလိမ့်မည်။
ထိုနေရာရှိ အာကာပြင်က ထူးဆန်းစွာ ခိုင်မာနေသည်။ သူသာမဟုတ် ဗုဒ္ဓအင်ပါယာသည်လည်း ထိုနေရာတွင် သူတို့၏ ကောင်းကင်စိတ်အာရုံများကို ထုတ်လွှတ်၍ မရကြောင်း သိလိုက်သည်။ သို့ဆိုလျှင် အစောမှ ကောင်းကင်စိတ်အာရုံများက မည်သို့ ရောက်ရှိလာခြင်းနည်း။ ထို့ပြင် ၎င်းကောင်းကင်စိတ်အာရုံများက သူတို့ မြို့ထဲဝင်လာချင်းချင်း အားလုံးကို အာရုံခံနိုင်ခဲ့သည်။ ယင်းမှာ ထိုလူ၏ စိတ်ဝိညာဉ်များက ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်နေပြီဆိုသော အဓိပ္ပာယ်ပင်။ သူက အနိမ့်ဆုံး ဗုဒ္ဓအင်ပါယာထက် အဆများစွာ ပိုသန်မာပေလိမ့်မည်။
အကယ်၍ မေ့ရူသာ ထိုကဲ့သို့ ကြောက်မက်ဖွယ် စိတ်ဝိညာဉ်များကို ပိုင်ဆိုင်ထားသော လူ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ရန် ကြိုးစားမိလျှင် ရုတ်ခြည်း သေသွားနိုင်သည်။ ကျန်းရီ၏ မီးနဂါးဓားလေးကလည်း သူ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ ထိုလူသည် သူ၏ စိတ်ဝိညာဉ်များကိုပင် ကျင့်ကြံထားသော စွမ်းအားကြီး သိုင်းပညာရှင်များပင်။
ကျန်းရီသည် မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်သူက သူတော်စင်အင်ပါယာမဟုတ်ဘဲ သူတော်စင်ဘုန်းတော်ကြီးဖြစ်မည်ဟု သေချာသည်။ အဘယ်ကြောင့်ဆိုသော် ဒေသခံများက စိတ်ဝိညာဉ်ကို ကျင့်ကြံရန် မဆိုထားနှင့် ခန္ဓာကိုယ်ကိုပင် မကျင့်ကြံကြ၍ဖြစ်သည်။
‘ငါတို့တော့ ပြဿနာတက်ပြီ’
ကျန်းရီသည် အလွန်ရင်လေးလာ၏။ သူတို့က စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် သူ ပို၍ စိုးရိမ်လာသည်။ သူတော်စင်အင်ပါယာမြို့ထဲသို့ ဝင်ရုံသာ ရှိသေးသော်လည်း ကမ်းပါးစွန်းတွင် လျှောက်နေရသကဲ့သို့ ခံစားနေရသည်။ ခြေတစ်လှမ်းမှားသည်နှင့် အောက်ခြေမဲ့သော ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားနိုင်သည်။
ကျန်းရီတို့ ရင်ဆိုင်နေရသူမှာ မိမိ၏ စိတ်ဝိညာဉ်ကိုပင် ကျင့်ကြံထားပြီး သေမင်းကုန်းမြေတစ်ခုလုံးကို တစ်ကိုယ်တော် သိမ်းပိုက်ထားသည့် စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ အကယ်၍ ထိုလူက ဝူချွယ်အာကို ဆင့်ခေါ်လိုက်လျှင် ဝူချွယ်အာ၏ စိတ်ဝိညာဉ်က တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံနေရကြောင်း ချက်ချင်း သိသွားပေလိမ့်မည်။ ဝူချွယ်အာဘေးတွင် သူထည့်ထားသော သူလျှိုနှစ်ယောက်ကို ဆင့်ခေါ်လိုက်လျှင်လည်း ရလဒ်က ထို့အတူသာ ဖြစ်မည်လော။ သို့တည်းမဟုတ် အစောတွင် ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်၍ အာရုံခံလိုက်ကတည်းက ထိုအကြောင်းများကို သိပြီးသွားပြီလော။
ကျန်းရီ မသိပေ။ သူသိသည်မှာ သူ့ရင်ဘတ်ကို တောင်ကြီးတစ်လုံး ဖိထားသည်ဟု ခံစားနေရပြီး အသက်ရှူရန်ပင် ခက်ခဲနေခြင်းဖြစ်သည်။ ယခုကိစ္စမှာ သူ၏ သေရေး၊ ရှင်ရေးသာမဟုတ်။ သူ့ဘေးမှ လူအားလုံး၏ သေရေး၊ ရှင်ရေးဖြစ်သည်။ ယဉ်ရို့ပင်း၊ ရီချန်၊ ကျန်းရှောင်နူနှင့် မြေခွေးလေးတို့က ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ရှိနေသည်။ အကယ်၍ သူ တစ်စုံတစ်ခု ဖြစ်သွားလျှင် မည်သူမှ ပြန်ထွက်နိုင်တော့မည် မဟုတ်ချေ။
ဟူး...ဟူး...
ကျန်းရီသည် ထိုအကြောင်းများကို တွေးရင်း သက်ပြင်းရှည်များ ချလိုက်ကာ သူ့ကိုယ်သူ တည်ငြိမ်သွားအောင် လုပ်လိုက်သည်။ အနည်းဆုံးတော့ သူ မြို့ထဲသို့ ရောက်ပြီး မိနစ်များစွာ အကြာထိ သူတော်စင်ဘုန်းတော်ကြီးက ထွက်ပေါ်မလာသေးပေ။ သူတို့က ဝေးနေ၍ သူ၏ ကောင်းကင်စိတ်အာရုံများက မူမမှန်သည်များကို အာရုံမခံနိုင်ခဲ့ခြင်း ဖြစ်လောက်သည်။
‘ငါတို့ မြန်နိုင်သမျှ အမြန်ဆုံး အစီအစဉ်တစ်ခု ဆွဲရမယ်။ ငါတို့မှာ ရွေးချယ်စရာ မရှိဘူး၊ အနည်းဆုံးတော့ ဗုဒ္ဓဧကရာဇ်တို့ကို ရအောင်ကယ်ရမှာပဲ၊ နောက်မှ ဘာဆက်လုပ်ရမယ်ဆိုတာကို စဉ်းစားမယ်’
မူလတွင် ကျန်းရီသည် မေ့ရူက မြို့ထဲရှိ သိုင်းပညာရှင်များကို ထိန်းချုပ်ပြီးသည်အထိ စောင့်နေရန် တွေးထားခဲ့သည်။ သို့သော် ယခုတွင်မူ ထိုအကြံက မဖြစ်နိုင်ကြောင်း သိသွားသည်။ ထိုသူတော်စင်ဘုန်းတော်ကြီးက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သူ မြို့ထဲတွင် ကြာကြာဆက်နေလျှင် သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်ခြေ ပိုများလာပေလိမ့်မည်။ သူတော်စင်ဘုန်းတော်ကြီးသည် သန်မာသော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားရာ ဉာဏ်ရည်လည်း အလွန်ထက်လောက်သည်။ ထို့ကြောင့် ကျန်းရီ သူ့ကို လျှော့မတွက်ဝံ့ပေ။
ဒုန်း...ဒုန်း...ဒုန်း...
ကျားများက အရှေ့သို့ ဆက်သွားနေသည်။ လမ်းတစ်လျှောက်တွင် ကျန်းရီသည် အဆောက်အဦများစွာနှင့် ရဲတိုက်များစွာကို မြင်ခဲ့ရသည်။ ဤနေရာမှ လူရိုင်းများက သက်ရှည်မျိုးနွယ်စုမှ လူရိုင်းများထက် ပိုတိုးတက်နေကြောင်း သိသာသည်။ သို့သော် အပြင်လောကနှင့် ယှဉ်မည်ဆိုလျှင်မူ ခေတ်နောက်ကျနေပေသေးသည်။ ကျန်းရီသည် သတ္တုလက်နက်တစ်ခုကိုမှ မမြင်ခဲ့ပေ။ လမ်းတစ်လျှောက်တွင် မြင်တွေ့ခဲ့ရသော လူများကလည်း တိရိစ္ဆာန်သားရေများကိုသာ ဝတ်ဆင်ထားသေးသည်။ သူတို့တွင် လှပသော ပိုးထည်များ မဆိုထားနှင့် ချည်ထည်ပင် မရှိကြချေ။
သူတော်စင်အင်ပါယာမြို့သည် အပြင်လောကမှ မြို့များနှင့် အတူတူပင်ဖြစ်သည်။ မြို့တည်ပုံက မဆိုးလှပေ။ လမ်းများကလည်း ချောမွေ့ကာ ဖြောင့်ဖြူးသည်။ တစ်နာရီကြာလျှောက်ပြီးနောက် တပ်ဖွဲ့သည် ရပ်ကွက်ကြီးတစ်ခုထဲသို့ ရောက်သွားသည်။ ထိုနေရာတွင် အခြားတပ်ဖွဲ့တစ်ဖွဲ့က စောင့်နေသည်။ ကျန်းရီသည် ထိုတပ်ဖွဲ့ကို တွေ့သောအခါ ခန္ဓာကိုယ်တောင့်တင်းသွား၏။
ထိုတပ်ဖွဲ့၏ အလယ်တွင် ခံ့ညားသော လုလင်ပျိုတစ်ယောက်နှင့် လှပသော မိန်းမပျိုတစ်ယောက် ရှိနေသည်။ သူတို့နှစ်ယောက်စလုံးက အတော်လေး မျက်စိပသာဒရှိသည်။
လုလင်ပျိုက ဝူနီနှင့် တူသည်။ သူ၏အရှိန်အဝါအရ သူသည် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်တွင် ရှိလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။ သို့သော် ဤနေရာမှ လူများသည် အရှိန်အဝါအကြောင်းကို မပြောကြပေ။ ရုပ်ခန္ဓာ၏ သန်စွမ်းမှုကိုသာ ပြောကြသည်။ ထိုလုလင်ပျိုက ဝူချွယ်အာ၏ အစ်ကိုသုံး ဝူကန်း ဖြစ်နိုင်သည်။
ဝူကန်း၏ဘေးမှ လှပသော မိန်းမပျိုလေးက ဝူချွယ်အာထက် တစ်နှစ်၊ နှစ်နှစ်သာ ကြီးပုံပေါ်သည်။ သို့သော် သူမသည် ဝူချွယ်အာထက် များစွာပို၍ လှပကာ ဆွဲဆောင်မှု ရှိနေသည်။ ထိုမိန်းမပျိုအနောက်ရှိ လူရိုင်းများ၏ မျက်နှာထားများနှင့် အကြည့်များကြောင့် ၎င်းမိန်းမပျိုသည် အလွန်ဆွဲဆောင်မှုရှိကာ ယောက်ျားများ၏ တပ်မက်မှုကို ခံရကြောင်း ပြောနိုင်ပေသည်။
မိန်းမပျိုသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ ကိုယ်လုံးကိုယ်ပေါက်ကလည်း ရှိုက်ကြီးဖိုငယ်အသွယ်သွယ်နှင့် ဖြစ်သည်။ အထူးသဖြင့် သူမ၏ လုံးဝန်းသောတင်၊ စူးရှသောမျက်လုံးများက ယောက်ျားများ၏ အနက်ရှိုင်းဆုံး ဆန္ဒကို နိုးထလာစေနိုင်ပေသည်။ သူမက ဝူချွယ်အာ၏ အစ်မခြောက် ဝူရှင်းအာ ဖြစ်ရမည်။
ဝူချွယ်အာသည် သူမ၏ အစ်ကိုနှင့်အစ်မအကြောင်းကို ကျန်းရီအား များစွာ မပြောပြခဲ့ပေ။ ထို့ကြောင့် ကျန်းရီသည် သူတို့နှစ်ယောက်ကို ကောင်းစွာ နားမလည်ပေ။ သို့သော် ဝူရှင်းအာကို ကြည့်ရုံဖြင့် သူမက အန္တရာယ်များကြောင်း သူ ပြောနိုင်သည်။ သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများအရ ထိုမိန်းမပျိုကို လျှော့မတွက်သင့်ကြောင်း သူသိသည်။ သူမသည် အနိမ့်ဆုံး ဝူချွယ်အာထက် ဆယ်ဆပို၍ ကိုင်တွယ်ရ ခက်ပေလိမ့်မည်။
“ညီမလေး... နောက်ဆုံးတော့ ပြန်လာပြီပေါ့။ မမက စိုးရိမ်နေခဲ့တာ”
ဝူရှင်းအာက တင်ပါးကို လှုပ်ယမ်း၍ ဝူချွယ်အာဆီသို့ လျှောက်လာသည်။ ထို့နောက် ဝူချွယ်အာကို ခေါ်ကာ အဆောက်အဦတစ်ခုအတွင်းသို့ ဝင်သွားသည်။ ဝူကန်းက ပြုံး၍ ဗုဒ္ဓအင်ပါယာတို့ထံ လျှောက်သွားပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ဝူကန်း... ဦးလေးတို့ကို နှုတ်ခွန်းဆက်ပါတယ်”
“ထွီ...”
ယဉ်အင်ပါယာက ဝူကန်းကို တံတွေးဖြင့် ထွေးလိုက်သည်။ ညအင်ပါယာကလည်း အေးစက်စက် ကြည့်နေသည်။ ဗုဒ္ဓအင်ပါယာသာ သိမ်မွေ့စွာ ပြုံး၍ ပြန်ပြောလိုက်သည်။
“မင်းက မြောက်ဘက်အင်ပါယာရဲ့သားတော် မလား။ ဝူရှန်းက ငါတို့ကို ကစားခဲ့တာပဲ... အနိုင်ရသူက အားလုံးကို ပိုင်ဆိုင်ရတယ်။ ငါ အများကြီး မပြောလိုပါဘူး။ အနည်းဆုံးတော့ မင်း ငါတို့ကို ဧကရာဇ်တွေနဲ့ တွေ့ခွင့်ပေးနိုင်မလား”
“ဟင်းဟင်း”
ဝူကန်းက ပြုံးကာ ခေါင်းခါသည်။
“တောင်းပန်ပါတယ်။ အခုတော့ တွေ့ခွင့် မပေးနိုင်သေးပါဘူး။ အဲ... ဦလေးတို့ကို မပြန်လမ်းဆီ ပို့ပေးရမယ့်နေ့ကြရင်တော့ ပြန်ပေါင်းစုံခွင့် ပေးပါမယ်လို့ ကျွန်တော် ကတိပေးပါတယ်။ လုံကူ... သူတို့ကို ခေါ်သွားလိုက်”
‘လခွမ်း’
ကျန်းရီ ရင်ခုန်မြန်သွားသည်။ အခြေအနေက သူ မျှော်လင့်ထားသလို ဖြစ်မလာပေ။ ဗုဒ္ဓအင်ပါယာတို့တွင် တစ္ဆေဆေးလုံး၏ ဖြေဆေးများရှိသည်။ သို့သော် သူတို့က ဗုဒ္ဓဧကရာဇ်တို့နှင့်အတူ ချုပ်နှောင်မခံရလျှင် ဗုဒ္ဓဧကရာဇ်တို့ကို မည်ကဲ့သို့ ဖြေဆေးပေးနိုင်မည်နည်း။
ဗုဒ္ဓဧကရာဇ်က ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်ဖြစ်သည်။ ညဧကရီ၊ ရွှမ်ဧကရာဇ်နှင့် ယဉ်ဧကရာဇ်တို့ကလည်း ကြယ်ကိုးပွင့်အဆင့်သို့ ရောက်တော့မည့်သူများဖြစ်သည်။ သူတို့သာ စွမ်းအားပြန်မရလျှင် ကျန်းရီသည် ထိုတိုက်ပွဲကို တစ်ကိုယ်တော် တိုက်ခိုက်ရပေလိမ့်မည်။ သို့ဆိုလျှင် သူတို့အားလုံးအတွက် အန္တရာယ်ပိုများသွားနိုင်ပေသည်။
***