မြင်ရခဲသော မြင်ကွင်း
Vol. 89 Ch. 1235
ဝူကန်းသည် ခက်ထန်သူရဲကောင်း ဒါဇင်အနည်းငယ်ကို ခေါ်၍ ဗုဒ္ဓအင်ပါယာတို့ကို ခေါ်သွားစေလိုက်သည်။ ကျန်းရီသည် မည်သို့လုပ်ရမည်ကို မသိ၍ ဗုဒ္ဓအင်ပါယာတို့ ဆွဲခေါ်ခံသွားရသည်ကို ရပ်ကြည့်၍သာ နေရသည်။ ဗုဒ္ဓအင်ပါယာတို့က ရဲတိုက်များကြားတွင် ပျောက်ကွယ်သွားသည်။ သူတို့က မည်သည့်နေရာတွင် ဖမ်းထားခံရမည်ကို မည်သူက သိမည်နည်း။
ယခုတွင် ဝူချွယ်အာကလည်း ဘေး၌ မရှိတော့ပေ။ ထို့ကြောင့် ကျန်းရီ မည်သို့မှ ဝင်မပြောနိုင်ချေ။ ထိုအခိုက်တွင် သူ စကားတစ်ခွန်း ပြောမိပါက အပိုင်းပိုင်း ပိုင်းဖြတ်ခံရပေလိမ့်မည်။ ထို့ကြောင့် သူသည် မူမမှန်သော မျက်နှာထား မပြမိအောင် ခေါင်းငုံ့၍သာ နေရလေသည်။
“လုံရို့... ဒီလူတွေကို တည်းခိုရမယ့်နေရာ လိုက်ပြပေးလိုက်”
ဝူကန်းက လုံရို့ကို အမိန့်ပေးလိုက်သည်။ ထို့နောက် သူ့လူများကို ခေါ်၍ သူ့ရဲတိုက်ထဲသို့ ဝင်သွားသည်။ လုံရို့သည် မျိုးနွယ်စုမှ လူသုံးထောင်ကို စစ်တန်းလျားများသို့ ခေါ်သွားပြီး ရက်အနည်းငယ် အနားယူစေလိုက်သည်။
လုံရို့သည် အားလုံးကို နေရာချထားပေးပြီးနောက် ကျန်းရီနှင့် ကျန်ကိုယ်ရံတော်များကို ဧရာမရဲတိုက်ကြီးတစ်ခုထဲသို့ ခေါ်သွားသည်။ ထိုရဲတိုက်က ဝူချွယ်အာ၏ ရဲတိုက်ပင်။ သို့သော် ဝူချွယ်အာက ရဲတိုက်ထဲတွင် ရှိမနေပေ။ သူမက ဝူရှင်းအာ၏ ရဲတိုက်တွင် ရှိနေလောက်သည်။ ကျန်းရီသည် အတန်ကြာ စောင့်ပြီးနောက် စိတ်လှုပ်ရှားလာသဖြင့် လုံရို့ကို လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။
“သူတော်စင်မကို ကာကွယ်ဖို့ လိုက်ရှာသင့်လား”
“မြို့ထဲမှာ အရမ်းလုံခြုံပါတယ်။ အဲ့တော့ သူတော်စင်မ ပြန်လာတာကို စောင့်နေရုံပါပဲ”
လုံရို့သည် အတန်ငယ် ဒွိဟဖြစ်နေပုံ ပေါ်၏။ သူသည် ခေတ္တမျှ တွေးတောပြီးနောက် ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်တော် အရှင့်ကို လက်ထောက်ခေါင်းဆောင်ရာထူး ပေးလိုက်ရင် ကျွန်တော်တို့နှစ်ယောက် သူတော်စင်မကို သွားကြိုပြီး ဒီကို ပြန်ခေါ်လာလို့ရပါတယ်”
“ကောင်းပြီ... အဲ့လို လုပ်ကြတာပေါ့”
ကျန်းရီသည် တစ်ခဏပင် ထပ်မစောင့်နိုင်တော့ပေ။ ဗုဒ္ဓအင်ပါယာတို့ကို ဗုဒ္ဓဧကရာဇ်တို့နှင့်အတူ အချုပ်ခံရအောင် လုပ်နိုင်မည့် နည်လမ်းကို ချက်ချင်း ရှာနိုင်ရန် သူ ဝူချွယ်အာကို လိုအပ်ပေသည်။ ထိုမှ ဗုဒ္ဓဧကရာဇ်တို့က ဖြစ်ပျက်ခဲ့သော အကြောင်းအရာအားလုံး သိရှိကာ မည်သို့ဆက်လုပ်ရမည်ကို စဉ်းစားနိုင်မည်ဖြစ်သည်။ ဗုဒ္ဓအင်ပါယာတို့နှင့် ဗုဒ္ဓဧကရာဇ်တို့က အတူအချုပ်မခံရလျှင်ပင် အနည်းဆုံးတော့ ဗုဒ္ဓဧကရာဇ်တို့ထံ ဖြေဆေးပို့ပေးနိုင်မည့် နည်းလမ်းကို ရှာရပေမည်။
အချိန်ဆက်ဆွဲနေလျှင် ပိုအန္တရာယ်များလာနိုင်သည်။ သူတော်စင်ဘုန်းတော်ကြီးက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ကျန်းရီသည် စက္ကန့်တိုင်းကို အကျိုးရှိစွာ အသုံးချရပေမည်။ ထို့ကြောင့် ဝူချွယ်အာနှင့် ချက်ချင်းတွေ့ဆုံရန် လိုအပ်နေသည်။ ဝူချွယ်အာ မရှိလျှင် ကျန်းရီ မည်သို့မှ မလုပ်နိုင်ပေ။
ကျန်းရီနှင့် လုံရို့တို့သည် ခပ်သွက်သွက် လျှောက်နေကြ၏။ လမ်းတွင် ကင်းလှည့်တပ်သားများစွာနှင့် တွေ့ခဲ့သည်။ သို့သော် လုံရို့က ဝူချွယ်အာ၏ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်၍ လူများစွာက သူ့ကို သိကြသည်။ မည်သူကမှ သူ့ကို မေးခွန်းမထုတ်ရဲသလို၊ တားလည်းမတားဝံ့ကြပေ။ သူတော်စင်အင်ပါယာမြို့တွင် ဝူချွယ်အာ၏ အဆင့်အတန်းက မြင့်မားပေသည်။
ကျန်းရီတို့သည် တစ်လမ်းဝင်၊ တစ်လမ်းထွက်နှင့် သွားနေသည်။ ရဲတိုက်များက အလွန်များပြား၏။ စုစုပေါင်း ရာချီနိုင်သည်။ ကျန်းရီသည် လမ်းများကို မမှတ်မိတော့ပေ။ သို့သော် လုံရို့က မြို့နှင့် အတော်လေး ရင်းနှီးသည်။ ခေတ္တကြာပြီးနောက် သူ ရုတ်တရက် ရပ်တန့်လိုက်သည်။ ထို့နောက် အရှေ့ရှိ ဧရာမရဲတိုက်ကြီးကို ကြည့်၍ နူးညံ့စွာ ပြောလိုက်သည်။
“ချွေးခွမ်း... အပြင်လူတွေကို ဒီနေရာမှ ဖမ်းထားတာပဲ”
“အို့...အို့...”
ကျန်းရီသည် မျက်နှာထားတည်တည်ဖြင့် ပြန်ပြောလိုက်၏။ သူသည် ရဲတိုက်ကို သေချာကြည့်လိုက်ပြီး ပတ်ဝန်းကျင်မှ ထင်ရှားသော နေရာများကို မှတ်သားထားလိုက်သည်။ လုံရို့က တမင်ရပ်၍ပင် ပြောခဲ့သည်ဖြစ်၍ ထိုနေရာက အမှန်ပင် ဗုဒ္ဓဧကရာဇ်တို့ကို ဖမ်းထားသောနေရာ ဖြစ်နိုင်သည်။ ရဲတိုက်ခြံစည်းရိုးအပေါ်တွင် အစောင့် ဒါဇင်အနည်းငယ် ရှိနေသည်။ သူတို့ထဲမှ တစ်ယောက်က မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်သည်။
“သွားကြစို့...”
ဝူချွယ်အာက ထိုနေရာတွင် မရှိသဖြင့် လုံရို့သည် အကြာကြီး ရပ်မနေဝံ့ဘဲ ကျန်းရီကို ခေါ်၍ ဆက်လျှောက်သွားသည်။ နောက်ထပ်ငါးမိနစ် လျှောက်ပြီးနောက် သူတို့သည် လှပသော အဖြူရောင်နန်းတော်တစ်ခုသို့ ရောက်သွားသည်။ နန်းတော်အပြင်တွင် အစောင့် နှစ်ရာလောက် ရှိနေသည်။ လုံရို့ကို မြင်သောအခါ အရပ်ရှည်၍ တုတ်ခိုင်သော လူတစ်ယောက်က လှမ်းနှုတ်ဆက်သည်။
“လုံရို့... ပြောင်ပြောင်မြောက်မြောက် လုပ်နိုင်ခဲ့တာပဲ။ အပြင်လူတွေ အများကြီးကို ဖမ်းလာနိုင်ခဲ့တယ်”
ထိုလူက ဝူရှင်းအာ၏ ကိုယ်ရံတော်တပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်ကြောင်း ထင်ရှားသည်။ သူက ကျန်းရီကို ကြည့်၍ စိတ်ဝင်စားဟန်ဖြင့် မေးလိုက်သည်။
“သူက ဘယ်သူလဲ။ ငါ လာလို့ သူ့ကို အရင်က မမြင်ဖူးရတာလဲ။ ဘာလို့ သူက အရမ်းငယ်နေရတာလဲ”
“အို့... သူက ချွေးခွမ်းပါ”
လုံရို့က ထိုလူနှင့် အလွန်ရင်းနှီးသဖြင့် ပုံမှန်အတိုင်းပင် ကျန်းရီကို ချွေးခွမ်းအဖြစ် မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် ဆက်ပြောသည်။
“သူက သက်ရှည်မျိုးနွယ်စုက ပါရမီရှင်တစ်ယောက်ပါ။ သူက သူတော်စင်မရဲ့ အသက်ကို ကယ်ခဲ့တာလေ... အဲ့ဒါကြောင့် လက်ထောင်ခေါင်းဆောင်ရာထူး ရခဲ့တာ။ ချွေးခွမ်း... သူက လုံကျဲတဲ့။ သူတော်စင်မရှင်းရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က ခေါင်းဆောင်ပဲ.. ငါတို့မျိုးနွယ်က အစ်ကိုကြီးလည်း ဖြစ်တယ်”
“အို့...”
လုံကျဲက ကျန်းရီကို ကြည့်၍ အတန်ငယ် အံ့အားသင့်သွားသည်။ ထို့နောက် သူသည် ကျန်းရီ၏ ပခုံးကို ခပ်ပြင်းပြင်းပုတ်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။
“မဆိုးဘူး... မင်းက ငယ်ရွယ်ပြီး ပါရမီပါတာပဲ။ မင်းရဲ့ အနာဂတ်ကတော့ အကန့်အသတ်မဲ့ပဲ။ အလုပ်ကို ကောင်းကောင်းကြိုးစားပါ”
“ကျေးဇူးတင်ပါတယ် အရှင်လုံကျဲ”
ကျန်းရီက ကြောက်ရွံ့ဟန်ဖြင့် ခပ်သွက်သွက် ဦးညွှတ်လိုက်သည်။
ရှပ်...ရှပ်...ရှပ်...
ထိုစဉ် ရဲတိုက်ထဲမှ ထွက်လာသော ခြေသံများကို ကြားလိုက်ရသည်။ ဝူရှင်းအာနှင့် ဝူချွယ်အာတို့က လက်ချင်းချိတ်၍ ထွက်လာကြသည်။ ဝူရှင်းအာက သူမ၏ ညီမလေးကို အလွန်ချစ်ခင်သဖြင့် အပြင်ထိ ကိုယ်တိုင် လိုက်ပို့ခြင်းပင်။ ဝူရှင်းအာက ပြောသည်။
“ညီမလေး.. ပြန်သွားပြီး ခဏလောက် အနားယူလိုက်ပါဦး။ အပင်ပန်းမခံပါနဲ့။ အခြေအနေတွေကို သူတော်စင်ဘုန်းတာ်ကြီးဆီ မမပဲ တင်ပြလိုက်ပါမယ်”
“အွန်း... မမ၊ ပြန်ဝင်သွားပါတော့”
ဝူချွယ်အာက ခေါင်းညိတ်ကာ ဆို၍ လုံရို့နှင့် ကျန်းရီတို့ထံ လျှောက်သွားလိုက်သည်။ ဝူရှင်းအာက ကျန်းရီကိ စိတ်ဝင်စားဟန်ဖြင့် ကြည့်လိုက်ပြီး ဝူချွယ်အာတို့ အဝေးသို့ ရောက်သွားမှ မေးလိုက်သည်။
“အဲ့လူငယ်လေးက ဘယ်သူလဲ။ ဘာလို့ သူ့ကို အရင်က မမြင်ဖူးရတာလဲ”
လုံကျဲက တလေးတစားဖြင့် ပြန်ဖြေသည်။
“သူက သက်ရှည်မျိုးနွယ်စုက ပါရမီရှင်လေးပါ။ သူတော်စင်မချွယ်ရဲ့ အသက်ကို သူက ကယ်ခဲ့တာလို့ ပြောပါတယ်... အဲ့ဒါကြောင့် သူ့ကို လက်ထောက်ခေါင်းဆောင်ရာထူး ပေးထားတာပါတဲ့”
“အို့...”
ဝူရှင်းအာက ကျန်းရီတို့ဘက်ကို ထပ်ကြည့်လိုက်ပြီး နောက်လှည့်ကာ တင်ယမ်း၍ ရဲတိုက်ထဲသို့ ပြန်ဝင်သွားလိုက်လေသည်။
***
“မင်းရဲ့ အစ်မခြောက်က တစ်ခုခုကို သံသယဖြစ်သွားသေးလား။ သူက ဘာတွေ မေးလဲ”
ဝူချွယ်အာ၏ ရဲတိုက်သို့ ပြန်ရောက်သောအခါ ကျန်းရီက ခပ်သွက်သွက် မေးလိုက်သည်။ ဝူချွယ်အာက တွေးတော၍ ပြန်ဖြေသည်။
“သူက ဘာကိုမှ သံသယဖြစ်သွားမလောက်ပါဘူး။ မေးတာကတော့ သက်ရှည်မျိုးနွယ်စုရဲ့ အခြေအနေကိုပါပဲ။ အဲ... အရှင်နဲ့ အရှင့်ရဲ့မိတ်ဆွေတွေ ဘယ်ကို ရောက်သွားလဲဆိုတာကိုလည်း မေးပါသေးတယ်။ အရှင်တို့ လွတ်သွားတယ်လို့ ကျွန်မ ပြောလိုက်ပါတယ်။ အရှင်တို့ကို သက်ရှည်မျိုးနွယ်စုက နေရာအနှံ့မှာ လိုက်ရှာနေတယ်လို့ ပြောထားပါတယ်။ အစ်မခြောက်က အဲ့ကိစ္စကို သူတော်စင်ဘုန်းတော်ကြီးဆီ သူပဲ တင်ပြပေးမယ်လို့ ပြောတယ်၊ ပြီးတော့ အရှင်တို့ကို စုံစမ်းဖို့ လူစေလွှတ်မယ်လို့လည်း ပြောပါတယ်”
“လုံရို့... အပြင်မှာ စောင့်နေ။ ဘယ်သူ့ကိုမှ ဝင်မလာခိုင်းနဲ့”
ကျန်းရီသည် လက်ဝှေ့ယမ်း၍ လုံရို့ကို အပြင်ထွက်သွားရန် အမိန့်ပေးလိုက်သည်။ ပြီးမှ ဆက်ပြောသည်။
“ဗုဒ္ဓအင်ပါယာတို့ကို မင်းအစ်ကိုက ခေါ်သွားတယ်။ သူတို့ကို ဗုဒ္ဓဧကရာဇ်တို့နဲ့အတူ မချုပ်ထားဘူးလို့ ပြောတယ်။ သူတို့ကို အတူတူထားနိုင်မယ့်နည်းလမ်း မင်းဆီမှာ ရှိလား”
“အဲ့ဒါက...”
ဝူချွယ်အာသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ခေါင်းခါကာ ပြန်ပြောလိုက်သည်။
“အစ်ကိုသုံးနဲ့ အစ်မခြောက်တို့ နှစ်ယောက်စလုံးက ကျွန်မထက်ပိုပြီး အာဏာရှိပါတယ်။ ကျွန်မက သူတို့နှစ်ယောက်ရဲ့ အစီအစဉ်တွေထဲမှာ ဘယ်တုန်းကမှ ဝင်မပါခဲ့ဖူးပါဘူး။ ပြီးတော့ ဒီတစ်ခေါက် အစ်ကိုသုံးက သူတော်စင်ဘုန်းတော်ကြီးဆီက တိုက်ရိုက်အမိန့်ရထားတာထင်တယ်။ ကျွန်မက ကြားကနေပြီး ဗုဒ္ဓအင်ပါယာတို့ကို ဗုဒ္ဓဧကရာဇ်တို့နဲ့အတူ ချုပ်ထားလိုက်ရင် သေချာပေါက် သံသယဝင်ခံရမှာပဲ”
“အဲ့ဒါဟုတ်တယ်”
ကျန်းရီသည် စိတ်ရှုပ်ဟန်ဖြင့် ခေတ္တမျှ တွေးတောလိုက်၏။
“ငါတို့ ဗုဒ္ဓဧကရာဇ်တို့ကို တိုက်ရိုက်သွားရှာပြီး ဖြေဆေးပေးလိုက်ရင်ရော။ အနည်းဆုံးတော့ တစ်ခုခု ဖြစ်လာရင် သူတို့က တိုက်ပွဲမှာ ကူပေးနိုင်တယ်”
“သွားလို့မရဘူး...”
ဝူချွယ်အာက ထပ်၍ခေါင်းခါကာ ပြတ်ပြတ်သားသား ပြေသည်။
“ကျွန်မက အခုမှ ပြန်ရောက်ခါစပဲ ရှိသေးတယ်။ ဗုဒ္ဓဧကရာဇ်တို့ကို သွားတွေ့ရင် သံသယဝင်ခံရလိမ့်မယ်။ အနည်းဆုံး သုံးရက်လောက်အနားယူပြီး သူတော်စင်ဘုန်းတော်ကြီးနဲ့ အရင်သွားတွေ့ပြီးမှ သူတို့ကို သွားတွေ့တာပိုကောင်းမယ်။ ဗုဒ္ဓဧကရာဇ်တို့ကို စောင့်ကြပ်နေတာက သူတော်စင်ဘုန်းတော်ကြီးရဲ့ လူတွေပဲ။ ကျွန်မတို့ မဆင်မခြင် လုပ်ရင် အသတ်ခံရလိမ့်မယ်”
“သုံးရက်...”
ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ ထိုသုံးရက်အတွင်း မည်သည့်ကိစ္စများ ဖြစ်လာနိုင်သည်ကို မည်သူ သိမည်နည်း။ သို့သော် ဝူချွယ်အာ၏ စကားများက အဓိပ္ပာယ်ရှိသည်။ ကျန်းရီသည် သူတော်စင်ဘုန်းတော်ကြီးက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း တွေး၍ တိတ်တဆိတ်သာ ထိုင်၍ အခြားနည်းလမ်းတစ်ခုကို တွေးတောနေလိုက်သည်။
ကျန်းရီနှင့် ဝူချွယ်အာတို့သည် နှစ်နာရီကြာ ထိုင်နေကြ၏။ သို့သော် ပိုကောင်းသော နည်းလမ်းကို မတွေးနိုင်ကြပေ။ ထို့ကြောင့် မည်သို့မှ ဆက်မလုပ်ခင် သုံးရက်စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်ကြရသည်။ ကျန်းရီသည် သက်ပြင်းလေးလေးတစ်ချက် ချ၍ ဝူချွယ်အာကို ကြည့်ကာ ပြောလိုက်သည်။
“တကယ်လို့ သူတော်စင်ဘုန်းတော်ကြီးက မင်းကို ဆင့်ခေါ်ရင် မင်း စိတ်ဝိညာဉ်ထိန်းချုပ်ခံထားရတာကို သိသွားလောက်လား”
“မသေချာပါဘူး”
ဝူချွယ်အာက မရေမရာ ဖြေသည်။
“သူတော်စင်ဘုန်းတော်ကြီးက အရမ်း ဆန်းကြယ်လွန်းပါတယ်။ ကျွန်မတောင် သူ့ရဲ့ မျက်နှာကို မမြင်ဖူးပါဘူး။ သူက အမြဲ ကန့်လန်ကာတစ်ခုနောက်ကနေပြီး တွေ့ဆုံတာပါ။ သူက ကျွန်မရဲ့ စိတ်ဝိညာဉ်က ထိန်းချုပ်ခံထားရတာကို သိနိုင်၊ မသိနိုင်ဆိုတာကို ကောင်းကင်ကပဲ သိနိုင်ပါလိမ့်မယ်”
“အဲ့လိုဆိုမှတော့ နောက်သုံးရက်နေရင် ကံစမ်းကြည့်ရတော့မှာပေါ့”
ကျန်းရီသည် ကူကယ်ရာမဲ့စွာဖြင့် ထရပ်ရန် ဟန်ပြင်လိုက်၏။ သူနှင့် ဝူချွယ်အာက ယခုတွင် အလျင်စလို လုပ်လိုက်လျှင် သေသွားလောက်သည်။ သုံးရက်နေပြီးမှ လုပ်ဆောင်လျှင်မူ အောင်မြင်နိုင်မည့် အခွင့်အရေးတစ်ခု ရှိလာနိုင်သည်။ သူတော်စင်ဘုန်းတော်ကြီးက ဝူချွယ်အာ၏ စိတ်ဝိညာဉ်က ထိန်းချုပ်ခံထားရကြောင်းကို မသိလျှင် ကျန်းရီထံတွင် အခွင့်အရေးတစ်ခု ရှိဦးမည်ဖြစ်သည်။
ကျွီ...
ထိုအချိန်တွင် ရဲတိုက်တံခါးက ရုတ်တရက် ပွင့်လာ၏။ ကျန်းရီနှင့် ဝူချွယ်အာတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။ အပြင်ဘက်တွင် လုံရို့ စောင့်ကြပ်နေသည်။ စွမ်းအားကြီး ပညာရှင်တစ်ယောက်သာ လုံရို့ကိုကျော်၍ ဝင်လာနိုင်မည်ဖြစ်သည်။ ဝူချွယ်အာက ထရပ်လိုက်ပြီး ကျန်းရီက ထိုင်နေသေးသည်။
ထိုအခိုက်တွင်...
ကျန်းရီ၏ ဦးနှောက်က အသည်းအသန် အလုပ်လုပ်နေသည်။ သူသည် ရုတ်တရက် အကြံတစ်ခု ရလိုက်၍ ဝူချွယ်အာကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူမ၏ အဝတ်အစားများကို ဖရိုဖရဲဖြစ်သွားအောင် လုပ်လိုက်သည်။ ထို့နောက် သူသည် သူမ၏ ရင်ဘက်ထဲသို့ ခေါင်းဝှေ့၍ သဘာဝအမှုကို ပြုနေသကဲ့သို့ ဟန်ဆောင်လိုက်သည်။
“ဟိုးဟိုး...”
နူးညံ့သော ရယ်သံလေး ထွက်ပေါ်လာပြီး ဝူရှင်းအာက ဖြည်းဖြည်းချင်း လျှောက်ဝင်လာသည်။ သူမသည် ဝူချွယ်အာတို့နှစ်ယောက်ကို ရွှင်ပြစွာကြည့်၍ ပြောလိုက်သည်။
“ညီမလေး... ညီမလေးက ယောက်ျားဖော်တစ်ယောက်ကို ခေါ်ထားတာပဲ။ ဘယ်လိုတောင် မြင်ရခဲတဲ့ မြင်ကွင်းလဲ”
***