← Chapters

သူသေကိုယ်သေ တိုက်ရမည်

Vol. 89 Ch. 1238

သူသေကိုယ်သေ တိုက်ရမည်

Vol. 89 Ch. 1238

“သူတော်စင်မရှင်းအာ”

ဗုဒ္ဓဧကရာဇ်တို့ကို ဖမ်းချုပ်ထားသော ရဲတိုက်အပြင်ဘက်တွင် ကိုယ်ခန္ဓာထွားကြိုင်းပြီး အရပ်မြင့်သော အသက်လတ်ပိုင်းအရွယ် လူရိုင်းတစ်ယောက်သည် ဝူရှင်းအာ လျှောက်လာသည်ကို တပ်မက်သော မျက်ဝန်းများဖြင့် ကြည့်နေသည်။ သူတော်စင်အင်ပါယာမြို့ထဲမှ မျိုးနွယ်စုခေါင်းဆောင်များအတွက် ဝူချွယ်အာနှင့် ဝူရှင်းအာတို့ကသာ တကယ့်မိန်းမများဖြစ်ကြသည်။ သူတို့၏ မျိုးနွယ်စုများမှ မိန်းမများက သူမတို့နှစ်ယောက်၏ အလှအပကို မယှဉ်နိုင်ကြပေ။

ဝူရှင်းအာက အတော်လေးလွယ်သော်လည်း လူတိုင်း သူမနှင့် အိပ်နိုင်သည် မဟုတ်ပေ။ သူမ၏ အဆင့်အတန်းက အလွန်မြင့်သည်။ မျိုးနွယ်စုခေါင်းဆောင်များပင် သူမကို အပြစ်မပြုမိဝံ့ကြပေ။ သူတို့သည် ခွေး အရိုးမျှော်သကဲ့သို့ အဝေးမှ ကြည့်၍သာ တောင့်တနေကြရသည်။

“ဂိတ်တံခါးကို ဖွင့်လိုက်၊ ကျွန်မ အဲ့အဘိုးကြီးတွေကို စစ်ဆေးစရာရှိတယ်”

ဝူရှင်းအာက ခါးလှုပ်၊ တင်ယမ်းကာ လျှောက်လာသည်။ ယင်းက သူမ၏ အကျင့်ပင်။ သူမသည် ယောက်ျားများကို ဆွဲဆောင်ရန် သူမ၏ခန္ဓာကိုယ်ကို အသုံးချရာတွင် အလွန်တော်ပေသည်။ သူမသည် မျိုးနွယ်စုများမှ လူရိုင်းအားလုံးကို ဆွဲဆောင်နိုင်သည်။ သို့သော် နောက်ဆုံးအခိုက်တွင်တော့ အမြဲ ပေးရန်ငြင်းပယ်ခဲ့သည်။ သူမသည် သူမ၏ ကစားမှုကို ခံလိုက်ရသော ယောက်ျားများကို ကြည့်ကာ ပျော်ပေသည်။ ယင်းမှာ ဤနေရာရှိ တစ်ခုတည်းသော ဖျော်ဖြေမှုပင်။

“ဂိတ်တံခါးကိုဖွင့်”

စောင့်ကြပ်ရန် တာဝန်ယူရသော မျိုးနွယ်စုခေါင်းဆောင်က အသံမြှင့်၍ အမိန့်ပေးလိုက်သည်။ သူသည် ဝူရှင်းအာ၏ ပရော်ပရည်လုပ်မှုကြောင့် မှင်တက်နေသည်။ ထို့ပြင် ဝူရှင်းအာသည် ရဲတိုက်ထဲသို့ ဝင်ခွင့်ရှိသည်။ ထို့ကြောင့် သူသည် သူမကို တားမည်မဟုတ်ပေ။

ဂိတ်တံခါး ပွင့်သွားပြီး ဝူရှင်းအာနှင့် လုံကျဲအဖြစ် ရုပ်ဖျက်ထားသော ကျန်းရီတို့ အထဲသို့ ဝင်သွားလိုက်ကြသည်။ မျိုးနွယ်စုခေါင်းဆောင်ကလည်း သူမတို့နောက်သို့ လိုက်ကာ ဝူရှင်းအာကို ပိုးပန်းလိုနေသည်။ ယခင်ကဆိုလျှင် ဝူရှင်းအာသည် သူ့ကို လိုက်လာခွင့် ပေးမည်ဖြစ်သည်။ သို့သော် ဤတစ်ခေါက်တွင် သူမ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“လုံကျန့်... အပြင်မှာ စောင့်နေပါ။ ပြီးမှ ကျွန်မရဲ့ ရဲတိုက်ကိုလာခဲ့။ ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာ ရှိတယ်”

“ဟုတ်ကဲ့ပါ...ဟုတ်ကဲ့ပါ”

ဝူရှင်းအာက မျိုးနွယ်စုခေါင်းဆောင်ကို နွေးထွေးစွာကြည့်လိုက်၍ မျိုးနွယ်စုခေါင်းဆောင်သည် ရုတ်ခြည်းဝမ်းမြောက်သွားပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ အပြင်သို့ ခပ်သုတ်သုတ်ထွက်၍ ဂိတ်တံခါးကို ပြန်ပိတ်လိုက်လေသည်။

ဖြန်း...

ဂိတ်တံခါး ပိတ်သွားသည်နှင့် ကျန်းရီက ဝူရှင်းအာ၏ တင်ပါးကို ရိုက်လိုက်သည်။ ထို့ကြောင့် သူမ လန့်အော်၏။ ကျန်းရီသည် ရဲတိုက်ကို လှည့်ပတ်ကြည့်လိုက်၏။ ရဲတိုက်က အတော်လေးကြီးသည်။ အလယ်ခန်းမက ဗလာဖြစ်နေပြီး မည်သူမှ ရှိမနေပေ။ တင်းတင်းကြပ်ကြပ် ပိတ်ထားသော အခန်းအချို့သာ ရှိသည်။

“သူတို့ကို အခန်းငါးခန်းထဲမှာ ခွဲပြီး ချုပ်ထားပါတယ်။ ဗုဒ္ဓဧကရာဇ်က ဒီမှာပါ”

ဝူရှင်းအာက သိမ်မွေ့စွာ ရှင်းပြလိုက်ပြီး ကျန်းရီကို အခန်းတစ်ခန်းဆီသို့ ခေါ်သွားလိုက်သည်။ ထို့နောက် သူမ၏ လက်သည် အတွင်းအားဖြင့် လင်းလက်လာ၏။ အခန်း၏ အကာအရံများ ပျောက်သွားသည်။

‘အကာအရံတွေ ရှိတာပဲ’

ကျန်းရီ ခေါင်းဆတ်လိုက်သည်။ ထိုအချုပ်ခန်းများတွင် အကာအရံအစီအရင်များရှိလျှင် သူတော်စင်ဘုန်းတော်ကြီး၊ ဝူရှင်းအာနှင့် သူမ၏ မောင်နှမနှစ်ယောက်တို့မှ လွဲ၍ ဤနေရာရှိ မည်သည့် လူရိုင်းကမှ အခန်းထဲသို့ ဝင်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ လူရိုင်းများသည် ထိန်းချုပ်ခံထားရလျှင်လည်း ဗုဒ္ဓဧကရာဇ်တို့ကို ကယ်တင်နိုင်မည် မဟုတ်ချေ။

အခန်းက မည်းမှောင်နေသည်။ ကျန်းရီသည် တင်ပျဉ်ခွေထိုင်နေသော လူရိပ်ရေးရေးကို မြင်ရ၏။ ဝူရှင်းအာက အတွင်းအား ထုတ်လိုက်ရာ အခန်းနံရံများက ရုတ်တရက် လင်းလက်လာသည်။ ယခုတွင် ကျန်းရီသည် ပို၍ရှင်းလင်းစွာ မြင်လာရပြီဖြစ်သည်။ သူ ဗုဒ္ဓဧကရာဇ်ကို ကြည့်လိုက်သည်။

ဗုဒ္ဓဧကရာဇ်ကလည်း ဖြည်းဖြည်းချင်း မျက်လုံးများ ဖွင့်လာသည်။ သူသည် ဝူရှင်းအာကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။ ထို့နောက် ကျန်းရီကို ဆက်ကြည့်သည်။ နောက်ဆုံးတွင် ကျန်းရီနှင့် အကြည့်ဆုံသွားသည်။ ဗုဒ္ဓဧကရာဇ်၏ မျက်နှာထားက ချက်ချင်း ဝင်းပသွားသည်။

ကျွီ...ကျွီ...

အခန်းတံခါးက ဖြည်းဖြည်းချင်း ပြန်ပိတ်သွားသည်။ ဗုဒ္ဓဧကရာဇ်၏ တောက်ပနေသော မျက်ဝန်းများက ပြန်၍ အရောင်မှိန်လာသည်။ သူသည် ကျန်းရီကို ကြည့်၍ သက်ပြင်းချကာ ပြောလိုက်သည်။

“ကျန်းရီ... မင်း မလာခဲ့သင့်ဘူး”

“ဗုဒ္ဓဧကရာဇ်”

ကျန်းရီက လက်ဆုပ်၍ လေးလေးစားစား ဦးညွှတ်လိုက်သည်။ ထို့နောက် အပြစ်ရှိဟန်ဖြင့် ပြောလိုက်သည်။

“ကျွန်တော် လာတာ နောက်ကျသွားပါတယ်။ ဧကရာဇ်တို့ ဒုက္ခခံခဲ့ရပါပြီ”

ဗုဒ္ဓဧကရာဇ်က လက်ဝှေ့ယမ်းကာ ပြန်ပြောသည်။

“ငါတို့ ဒုက္ခခံခဲ့ရတာက အရေးမကြီးပါဘူး။ ဒါပေမဲ့ မင်း ဒီနေရာထဲကို ဝင်လာခဲ့ပြီဆိုတော့ လူသားမျိုးနွယ်က ဖျက်ဆီးခံရတော့မှာ ငါ စိုးရိမ်မိတယ်။ ပြီးတော့... မင်း ဒီကို ရောက်လာတာက ကိုယ့်သေတွင်းကိုယ်တူးသလိုပဲ”

“အန်...”

ကျန်းရီ မျက်မှောင်ကြုတ်သွားပြီး အလေးအနက် မေးလိုက်သည်။

“ဗုဒ္ဓဧကရာဇ်... ကျွန်တော်တို့မှ မျှော်လင့်ချက်တစ်ခုတောင် မရှိတော့ဘူးလား”

“ဘာမျှော်လင့်ချက်မှ မရှိဘူး”

ဗုဒ္ဓဧကရာဇ်က အခြေအနေကို ရှင်းရှင်းလင်းလင်း သိထားဟန်ဖြင့် ပြတ်ပြတ်သားသား ပြောသည်။ ပြောပြီးနောက် ရုတ်တရက် ထရပ်ကာ လက်ဆန့်၍ ဆက်ပြောသည်။

“ငါ့ကို ဖြေဆေးပေးပါ။ မင်းတို့ ဝင်လာချင်းချင်း ထူးဆန်းတဲ့အဘိုးကြီးက သတိပြုမိသွားလောက်ပြီ။ သူက ဒီရဲတိုက်ထဲမှာ ထောင်ချောက်တစ်ခု ဆင်ထားနိုင်တယ်။ စကားတွေအများကြီး ပြောမနေနဲ့တော့.. ကျန်တဲ့လူတွေကိုလည်း မြန်မြန် ဖြေဆေးသွားပေးလိုက်။ ငါတို့ သူသေကိုယ်သေ တိုက်ခိုက်ရမှာပဲ။ သေရမယ်ဆိုရင်တောင် ဂုဏ်သိက္ခာရှိရှိ သေရမယ်”

“ဟုတ်ကဲ့ပါ”

ဗုဒ္ဓဧကရာဇ်သည်ပင် လွတ်လမ်းကို မသိသဖြင့် ကျန်းရီသည် အချိန်ဖြုန်းမနေလိုတော့ပေ။ သူတို့သည် အတူပူးပေါင်း၍ သူသေကိုယ်သေ တိုက်ခိုက်ရန်သာ ရှိတော့သည်။ သူတို့၏ ကံကြမ္မာကို ကောင်းကင်ကသာ ဆုံးဖြတ်ပေလိမ့်မည်။ သူ ချက်ချင်း အမိန့်ပေးလိုက်သည်။

“ဝူရှင်းအာ... ကျန်တဲ့သူတွေကို မြန်မြန် ဖြေဆေးသွားပေးလိုက်။ ပြီးရင် ဗုဒ္ဓအင်ပါယာတို့ကိုလည်း ဒီကို ခေါ်လာခဲ့။ ထိန်းချုပ်ခံထားရတဲ့ လူတွေအကုန်လုံးကိုလည်း စုဝေးထားပြီး အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ပြင်ခိုင်းထားလိုက်”

“ဟုတ်ကဲ့”

ဝူရှင်းအာ၏ မျက်ဝန်းထဲတွင် တုန်လှုပ်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ အကယ်၍ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာလျှင် သူမတို့ သေချာပေါက် သေရပေလိမ့်မည်။ သို့သော် သူမသည် ဝိညာဉ်ကျွန်တစ်ယောက် ဖြစ်နေ၍ သူမသခင်၏ အမိန့်ကို မလွန်ဆန်နိုင်ပေ။ ဆိုရလျှင်မူ မေ့ရူက သူမ၏ သခင်ဖြစ်သော်လည်း ‌မေ့ရူ၏ သခင်က ကျန်းရီ ဖြစ်နေလေသည်။

ဝူရှင်းအာသည် အချုပ်ခန်းအားလုံးကို ဖွင့်၍ အားလုံးကို ဖြေဆေးပေးလိုက်သည်။ ရွှမ်ဧကရာဇ်၊ ညဧကရီ၊ ယဉ်ဧကရာဇ်နှင့် နတ်ဘုရားတစ်ပိုင်း ပညာရှင် အယောက်ခုနစ်ဆယ်၊ ရှစ်ဆယ်စလုံးသည် ဗုဒ္ဓဧကရာဇ်၏ အခန်းသို့ တုန်လှုပ်စွာဖြင့် ရောက်လာကြသည်။ သူတို့သည် ကျန်းရီကို မြင်မှ စိတ်အေးသွားကြသည်။ အားလုံး၏ မျက်ဝန်းများထဲတွင် ပြတ်သားမှု ရှိနေသည်။ သူတို့သည် တင်ပျဉ်ခွေထိုင်လိုက်ကြပြီး တိုက်ပွဲမစခင် ရနိုင်သမျှ စွမ်းအင်ကို စုစည်းရန် ကြိုးစားလိုက်ကြသည်။

“အပြင်က မျိုးနွယ်စုခေါင်းဆောင်ကို အထဲကို ခေါ်လိုက်ပါ။ ငါ သူ့ကိုလည်း ထိန်းချုပ်လိုက်မယ်”

ဝူရှင်းအာသည် အပြင်သို့ သွား၍ ဗုဒ္ဓအင်ပါယာတို့ကို သွားခေါ်ရန် လုပ်နေစဉ်တွင် ကျန်းရီက သူမကို ရုတ်တရက် တား၍ အထက်ပါအတိုင်း အမိန့်ပေးလိုက်သည်။ ဝူရှင်းအာသည် နာခံစွာဖြင့် မျိုးနွယ်စုခေါင်းဆောင် လုံကျန့်ကို အထဲသို့ ‌ခေါ်လိုက်သည်။ မကြာခင်မှာပင် ဝူရှင်းအာက လုံကျန့်ကို အထဲခေါ်လာသည်။ လုံကျန့်သည် ကျန်းရီကို တွေ့လိုက်သောအခါ ခေတ္တမျှ မှင်တက်သွားသည်။ ထိုအခိုက်တွင် ဝူရှင်းအာက လုံကျန့်၏ နောက်ကျောကို ပြင်းထန်စွာရိုက်လိုက်သည်။ လုံကျန့်တစ်ယောက် ကျန်းရီဆီသို့ လွင့်ပျံသွားလေသည်။

ရွှစ်...ရွှစ်...

လုံကျန့်သည် ကျန်းရီ၏ လက်ထဲတွင် ထွက်ပေါ်လာသော မီးနဂါးဓားကို ကြည့်လိုက်၏။ ကျန်းရီက မီးနဂါးဓားဖြင့် လုံကျန့်ကို ထိုးချလိုက်သည်။ လုံကျန့်သည် အန္တရာယ်ကို သဘောပေါက်သွားပြီး ချက်ချင်းပင် မီးနဂါးဓားကို လက်နှစ်ဘက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

“မေ့ရူ...”

ကျန်းရီ အော်လိုက်သည်။ မေ့ရူသည် အနိပ်နက်တစ်ခုအဖြစ် ပြောင်းလဲကာ အပြင်သို့ ပျံထွက်လာသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီ၏ မူလစိတ်ဝိညာဉ်ကလည်း ပျံထွက်လာပြီး သူမအနောက်သို့ လိုက်သွားသည်။ မျိုးနွယ်စုခေါင်းဆောင်က အလွန်သန်မာသည်။ သူ၏ စိတ်ဝိညာဉ်ကရော မည်မျှ သန်မာမည်နည်း။ ကျန်းရီ သတိလွတ်၍ မဖြစ်ပေ။

“အာ...”

မျိုးနွယ်စုခေါင်းဆောင်သည် စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခံလိုက်ရ၍ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ ထိုအခိုက်တွင် ကျန်းရီသည်လည်း မျက်လုံးမှိတ်ထားပြီး အသေကောင်တစ်ကောင်ကဲ့သို့ ရပ်နေသည်။ ထိုအချိန်၌ ရန်သူတစ်ယောက်ယောက် ရှိနေလျှင် ထိုရန်သူက သူ့ခေါင်းကို အလွယ်တကူ ဖြတ်နိုင်မည်ဖြစ်သည်။

“ရပြီ”

ဆယ်စက္ကန့်မျှ ကြာပြီးနောက် မီးနဂါးဓားလေးနှင့် မေ့ရူတို့က မျိုးနွယ်စုခေါင်းဆောင်၏ မျက်ခုံးနှစ်ခုကြားမှ ထွက်လာပြီး ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ပြန်ဝင်သွားကြသည်။ ထိုအခါမှ ကျန်းရီ မျက်လုံးပြန်ပွင့်လာပြီး အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ ထိုမျိုးနွယ်စု‌ခေါင်းဆောင်၏ စိတ်ဝိညာဉ်ကို မူလရတနာတစ်ခုက မကာရံထားသော်လည်း စိတ်ဝိညာဉ်ကိုယ်နှိုက်က အလွန်သန်မာပေသည်။ သူ၏ အကူအညီကြောင့်သာ မဟုတ်လျှင် မေ့ရူသည် မျိုးနွယ်စုခေါင်းဆောင်ကို ငါးမိနစ်ကြာလျှင်ပင် ထိန်းချုပ်နိုင်ဦးမည် မဟုတ်ပေ။

ထိုမျိုးနွယ်စုခေါင်းဆောင်က အမှန်ပင် သန်မာသည်။ ယခုတွင် ကျန်းရီသည် သူ့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်၍ အရေးကြုံချိန်တွင် သူက အတော်လေး အသုံးဝင်ပေလိမ့်မည်။

ကျန်းရီသည် ဗုဒ္ဓအင်ပါယာတို့ ရောက်လာပြီးနောက်တွင် မျိုးနွယ်စုခေါင်းဆောင်များကို တစ်ယောက်ပြီးတစ်ယောက် ထိန်းချုပ်ခံဖို့ ခေါ်လာပေးရန် ဝူရှင်းအာကို ခိုင်းရမည်ဟုလည်း တွေးလိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်များပါ ဝင်တိုက်မည်ဆိုလျှင် သူတော်စင်ဘုန်းတော်ကြီးနှင့် သူတော်စင်အင်ပါယာတို့ကို မသတ်နိုင်လျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်နိုင်လောက်သည်။

ဗုဒ္ဓဧကရာဇ်တို့က စွမ်းအင် ပြန်ဖြည့်နေကြဆဲပင်။ ကျန်းရီသည် ဝူရှင်းအာကို ထပ်မံ အမိန့်ပေးလိုက်သည်။

“ဗုဒ္ဓအင်ပါယာတို့ကို ဒီကို ခေါ်လာခဲ့။ ဘာပဲဖြစ်ဖြစ်၊ ဘယ်သူကပဲတားတား... တားတဲ့သူမှန်သမျှကို သတ်ပစ်ပြီး ဗုဒ္ဓအင်ပါယာတို့ကို ဒီကို အရခေါ်လာရမယ်။ မအောင်မြင်ရင်တော့ မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တော့”

“ဟုတ်ကဲ့ပါ”

ဝူရှင်းအာသည် လုံကျန့်ကို ခေါ်၍ အပြင်ထွက်သွားသည်။ ကျန်းရီသည်လည်း ဗုဒ္ဓဧကရာဇ်တို့ရှိနေသော အခန်းအပြင်သို့ သွား၍ စောင့်ကြပ်နေရန် လုပ်လိုက်သည်။ သို့သော် တံခါးဖွင့်လိုက်သောအခါ သူ ရပ်တန့်သွားသည်။

အပြင်ဘက်တွင် လူများ ပြည့်နှက်နေသည်။ မရေမတွက်နိုင်သော တပ်သားများက ဤနေရာသို့ လာနေကြသည်။ ဂိတ်တံခါး အပြင်ဘက်တွင် ဝူကန်းက မျိုးနွယ်စုခေါင်းဆောင် ဆယ်ယောက်ကျော်နှင့်အတူ ရပ်နေသည်။ သူသည် ကျန်းရီနှင့် အကြည့်ချင်းဆုံသွားသောအခါ ပြောလိုက်လေသည်။

“ကျန်းရီ... မင်းရဲ့ မိတ်ဆွေတွေကို သွားခေါ်နေစရာ မလိုတော့ပါဘူး။ ငါ ဗုဒ္ဓအင်ပါယာတို့ကို မင်းအတွက် ခေါ်လာခဲ့ပါပြီ”

‘အန်... ငါတို့ ပေါ်သွားပြီလား’

ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွားသည်။ သူ့လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာပြီး သူ့ကိုယ်ပေါ်တွင် ဆန်းကြယ်နတ်ဘုရားချပ်ဝတ် ပေါ်လာသည်။ ထို့အောက် သူ အော်ပြောလိုက်သည်။

“ဝူရှင်းအာ၊ လုံကျန့် အထဲကို ပြန်ဝင်လာခဲ့”

ထိုအခိုက်တွင် ဗုဒ္ဓဧကရာဇ်ကလည်း မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ မျက်နှာထားက မပြောင်းလဲသေးပေ။ သူသည် လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။

“ကျန်းရီ... ဒီတစ်ခေါက် ချန်အာလေးရော မင်းနဲ့အတူ လိုက်လာလား။ တိုက်ပွဲမစခင် ငါ့ကို သူနဲ့ တွေ့ခွင့်ပေးပါဦး...”

***

All Chapters