← Chapters

ကောင်းကင်တမလွန်ဂိုဏ်း၏ ဂိုဏ်းချုပ်

Vol. 89 Ch. 1239

ကောင်းကင်တမလွန်ဂိုဏ်း၏ ဂိုဏ်းချုပ်

Vol. 89 Ch. 1239

“ချန်အာလေးက အခု ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာ အခန်းအောင်း ကျင့်ကြံနေပါတယ်။ ကျွန်တော် သူ့ကို အပြင်ထုတ်လိုက်ရမလား”

ကျန်းရီက ရှင်းပြလိုက်သောအခါ ဗုဒ္ဓဧကရာဇ်၏ မျက်ဝန်းများထဲတွင် အတန်ငယ် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် သူ ပြောလိုက်သည်။

“အဲ့ဒါဆိုလည်း ထားလိုက်ပါတော့။ ကျန်းရီ... တကယ်လို့ အခြေအနေမဟန်တော့ရင် ငါတို့ မင်းကို ကာကွယ်ကြမယ်။ မင်းက ချက်ချင်း လွတ်လမ်းရှာရမယ်။ မင်း ငါ့ကို အဲ့ဒါ ကတိပေးပါ”

ဗုဒ္ဓဧကရာဇ်၏ မျက်နှာထားက အလွန်လေးနက်နေသည်။ သူ့လေသံထဲတွင် တောင်းဆိုသည့်အရိပ်အယောင်များ ပါနေသည်။ ကျန်းရီသည် ငြင်းလိုသော်လည်း မတတ်သာသဖြင့် ခေါင်းညိတ်ကာ လက်ခံလိုက်ရသည်။ အားလုံးက ဆေးလုံးများ သောက်ထားပြီဖြစ်၍ အင်အား ပြန်ပြည့်နေကြပေပြီ။ သူတို့သည် ဒဏ်ရာများ ရခဲ့သော်လည်း ဤနေရာတွင် အကြာကြီး အချုပ်ခံထားရသဖြင့် ဒဏ်ရာများက ပြန်ကောင်းနေပြီဖြစ်သည်။ သို့သော် သူတို့၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်များက သိမ်းယူခံထားရသည်။ ထို့ကြောင့် သူတို့တွင် မည်သည့်ရှေးဟောင်းအသုံးအဆောင်မှ ရှိမနေကြပေ။

ဝှစ်...ဝှစ်...ဝှစ်...

ထိုဘက်သို့ လာနေသော လူများက တစ်စထက်တစ်စ ပိုများလာသည်။ ဝူကန်းသည် တိုက်မိန့်မပေးဝံ့သေးပေ။ ဝူရှင်းအာက အထဲတွင် ရှိနေသည်။ သူမက သူ၏ ညီမအရင်း မဟုတ်လော။ ထို့ပြင် ဝူချွယ်အာကလည်း ကျန်းရီ၏ ထိန်းချုပ်မှုကို ခံထားရကြောင်း သူ အတည်ပြုပြီုးသွားပြီဖြစ်သည်။ ကျန်းရီသည် အလိုရှိလျှင် သူမတို့နှစ်ယောက်စလုံးကို ချက်ချင်း သတ်ပစ်နိုင်ပေသည်။

“ကောင်လေး... ဆန်းကြယ်ဧကရာဇ်မြို့အပြင်မှာ ငါပြောခဲ့စကားကို ငါ ပြန်ရုတ်သိမ်းတယ်။ တကယ်လို့ ဒီတစ်ခေါက် မင်း လွတ်မြောက်နိုင်မယ်ဆိုရင် ရို့ပင်းကိုခေါ်ပြီး အေးချမ်းတဲ့ဘဝ တည်ဆောက်ပါတော့”

ယဉ်ဧကရာဇ်က ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။ ကျန်းရီက ခေါင်းညိတ်ပြ၏။ ရွှမ်ဧကရာဇ်နှင့် ညဧကရီတို့ကလည်း လှမ်းကြည့်နေကြသည်။ အတိတ်တွင် မည်သို့ပင် ဖြစ်ခဲ့ပါစေ ကျန်းရီက သူတို့ကို ကယ်တင်ရန် သေမင်း၏ သိပ်သည်းပင်လယ်ထဲသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။ ယင်းကို သူတို့ အသိအမှတ်ပြုရပေမည်။

“ကျန်းရီ... ထွက်လာခဲ့။ စကားပြောကြရ‌အောင်”

ဝူကန်းသည် ခေတ္တမျှ စောင့်ပြီးနောက် အော်ပြောလိုက်သည်။ ကျန်းရီသည် ဗုဒ္ဓဧကရာဇ်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး ဂိတ်တံခါးဆီသို့ လျှောက်သွားလိုက်သည်။ ဂိတ်တံခါးသို့ ရောက်သောအခါ သူ ပြောသည်။

“ဝူကန်း... မင်းက ငါနဲ့ စကားပြောရအောင် အဆင့်မမီသေးဘူး။ သူတော်စင်ဘုန်းတော်ကြီးနဲ့ သူတော်စင်အင်ပါယာတို့ကို ထွက်လာခိုင်းလိုက်”

“ဟားဟား...”

ဝူကန်း၏ လက်ထဲတွင် နှင်းကဲ့သို့ ဖြူဆွတ်သော သစ်သားလှံတစ်စင်း ထွက်ပေါ်လာသည်။ သူသည် လှံဖြင့် ဗုဒ္ဓအင်ပါယာ၏ ရင်ဘတ်ကို ထောက်ကာ ပြောလိုက်သည်။

“ထပ်ပြောစမ်းပါဦး”

“ဟားဟားဟား”

ကျန်းရီ ကျယ်လောက်စွာ ရယ်လိုက်သည်။ သူ၏ ရုပ်သွင်ကလည်း ရုပ်အစစ်အမှန်အဖြစ် ပြောင်းလဲလာသည်။ ထို့နောက် သူသည် ဝူရှင်းအာကို လှမ်းခေါ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“ငါတို့က ဒီမှာ သေရတော့မှာပဲ ဆိုတော့.. လုပ်ပါ.. သူ့ကို သတ်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် မင်းရဲ့ ညီမနှစ်ယောက်က ငါတို့ဘက်မှာ ရှိနေပြီပဲ”

“မင်း...”

ဝူကန်း ဒေါသထွက်သွားသည်။ သူသည် အသက်ပြင်းပြင်း ရှူသွင်း၍ ဆက်ပြောသည်။

“တစ်ယောက်ချင်းလဲမယ်ဆိုရင်ရော ဘယ်လိုလဲ”

“မရဘူး”

ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“မင်း လဲချင်ရင် နှစ်ယောက်နဲ့ အကုန်လုံး လဲမှရမယ်”

“ကောင်းပြီ”

ဝူကန်းက ပြန်အော်ပြောလိုက်၏။ ဗုဒ္ဓအင်ပါယာတို့က အသုံးဝင်သည်ဟု သူမထင်ပေ။ သူတော်စင်ဘုန်းတော်ကြီးနှင့် သူတော်စင်အင်ပါယာတို့ ရှိနေလျှင် ဗုဒ္ဓဧကရာဇ်တို့သည်ပင် သေရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ဝူချွယ်အာကို အရှေ့သို့ ခေါ်လာရန် လူတစ်ယောက်ကို အချက်ပြလိုက်သည်။ ထို့နောက် သူ ဆက်ပြောသည်။

“ဒီမှာ မင်းရဲ့လူ ဆယ်ယောက်ရှိတယ်။ ငါ ငါးယောက်ကို အရင်ဆုံး လွှတ်ပေးမယ်။ မင်းက ဝူချွယ်အာကို လွတ်လပ်ခွင့် ပြန်ပေးလိုက်ပါ”

“ဒါပေါ့...”

ဝူချွယ်အာနှင့် ဝူရှင်းအာတို့ကို ထိန်းချုပ်ခံထားရကြောင်း ပေါ်သွားပြီဖြစ်၍ အသုံးမဝင်တော့ပေ။ တိုက်ပွဲတွင် ဗုဒ္ဓအင်ပါယာတို့ပါ သူတို့ဘက်မှ ပါဝင်လာနိုင်လျှင် သူတို့နိုင်နိုင်ခြေ ပိုများလာမည်ဖြစ်သည်။ ဗုဒ္ဓဧကရာဇ်ကလည်း ခေါင်းညိတ်ပြကာ ထိုလဲလှယ်မှုကို သူတို့ သဘောတူကြောင်း ပြသည်။ သူတို့၏ ကလေးများနှင့်အတူ တိုက်ခိုက်ကာ သေရမည်က အရှုံးထဲမှ အမြတ်ပင်ဖြစ်သည်။

ဝူကန်းသည် နတ်ဘုရားတစ်ပိုင်း ပညာရှင်ငါးယောက်ကို အရင်ဆုံး လွှတ်ပေးသည်။ ကျန်းရီက ဝူရှင်းအာထံမှ ဖြေဆေးများ ယူလိုက်ပြီး ထိုနတ်ဘုရားတစ်ပိုင်းများကို ပေးလိုက်သည်။ ထိုမှ သူတို့ အတွင်းအားပြန်သုံးနိုင်မည်ဖြစ်သည်။

“ဝူချွယ်အာကို ဒီကို လွှတ်လိုက်”

ကျန်းရီက အေးစက်စက် ပြောလိုက်သည်။ ဝူကန်းသည် ခေတ္တမျှ ချီတုံချတုံဖြစ်သွားပြီးမှ ဝူချွယ်အာကို သွားစေလိုက်သည်။ ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားက လင်းလက်သွားပြီး မေ့ရူ ထွက်ပေါ်လာသည်။ သူမသည် ဝူချွယ်အာ၏ စိတ်ဝိညာဉ်အတွင်းမှ အဆိပ်ငွေ့များအားလုံးကို ပြန်စုပ်ထုတ်လိုက်သည်။ ဝူချွယ်အာသည် လွတ်လပ်မှု ပြန်ရသွားပြီဖြစ်၍ အနောက်သို့ လျင်မြန်စွာ ပြန်ဆုတ်သွားသည်။ လုံခြုံသွားမှ သူမ အော်ပြောလိုက်သည်။

“ကျန်းရီ... ဒီနေ့ ရှင် သေချာပေါက် သေရမယ်...”

ကျန်းရီက အရေးမစိုက်ဟန်ဖြင့် လှမ်းကြည့်လိုက်ရာ ဝူချွယ်အာ တုန်ယင်သွားပြီး စကားရပ်သွားကာ ဝူကန်း၏အနောက်တွင် ဝင်ပုန်းလိုက်သည်။ ဝူကန်းသည် ဝူချွယ်အာ၏ ကိုယ်ထဲသို့ အတွင်းအားအနည်းငယ် ထည့်ပေးလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ ဝူချွယ်အာက အမှန်ပင် လွတ်လပ်မှု ပြန်ရသွားပြီဖြစ်ကြောင်း အတည်ပြုပြီးမှ သူ အော်ပြောသည်။

“ကျန်းရီ... ငါက ဗုဒ္ဓအင်ပါယာတို့ကို လွှတ်ပေးပြီးမှ မင်းက ငါ့ညီမခြောက်ကို လွှတ်မပေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ”

ကျန်းရီက ခပ်လှောင်လှောင်ပြုံးကာ ပြန်ပြောလိုက်သည်။

“မင်းမှာ ‌ရွေးချယ်စရာ မရှိဘူး။ သူတို့ကို မြန်မြန် လွှတ်ပေးလိုက်”

“မင်းက ပါးတာပဲ”

ဝူကန်းက အံကြိတ်၍ အော်ပြောလိုက်သည်။ ထို့နောက် ဗုဒ္ဓအင်ပါယာတို့ကို လွှတ်ပေးလိုက်ရန် လက်ဟန်ပြလိုက်သည်။ ကျန်းရီသည် သူတို့ကို ဖြေဆေး မြန်မြန်ပေးလိုက်သည်။ သူတို့၏ အတွင်းအားကို ချိပ်ပိတ်ထားသောချိပ်စည်း ပျောက်သွားသောအခါ ‌မေ့ရူက ဝူရှင်းအာ၏ စိတ်ဝိညာဉ်ထဲမှ အဆိပ်ငွေ့များကို ပြန်ထုတ်ပေးလိုက်သည်။ ထို့နောက် ကျန်းရီသည် ဝူရှင်းအာကို အပြင်သို့ ကန်ထုတ်လိုက်သည်။

“အာ့...”

ဝူရှင်းအာသည် ရုတ်တရက် အကန်ခံလိုက်ရ၍ မြေပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။ သူမ ဒေါသထွက်သွားပြီး ကြိမ်း‌‌မောင်းလိုက်သည်။

“ကျန်းရီ... မျိုးမစစ်ကောင်၊ ဒီနေ့ ငါ နင့်ရဲ့ အရိုးတွေကို ချိုးပစ်ပြီး နင့်အရိုးပြာကို လေထဲ မျှောမပစ်ရရင် ငါ့ကိုယ်ငါ လူလို့ မခေါ်တော့ဘူး”

“ပါးစပ်ပိတ်ထား”

ထိုအခိုက်တွင် အသံအိုတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် အဝေးရှိ ရဲတိုက်တစ်ခုမှနေ၍ အနက်ရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ယောက်က ပျံထွက်လာလေသည်။ သူသည် ရဲတိုက်ထိပ်တွင် ရပ်လိုက်သည်။ သူက သေမင်းမျက်နှာဖုံး ဝတ်ထားသဖြင့် သူ့မျက်လုံးများကိုသာ မြင်ရသည်။ သူသည် ဝူရှင်းအာကို ကြည့်ကာ ပြောလိုက်သည်။

“အသုံးမကျတဲ့ကောင်မ... ငါက မင်းကို သွားစုံစမ်းခိုင်းတာ။ မင်းက ကျန်းရီရဲ့ ထိန်းချုပ်တာကို ခံလိုက်ရတယ်ပေါ့လေ။ ငါသာ အဲ့ရဲတိုက်ကို စောင့်ကြည့်မနေရင် မင်းကက အကုန်လုံးကို ဖျက်ဆီးမိသွားမှာပဲ”

“သူ‌တော်စင်ဘုန်းတော်ကြီး”

ဝူရှင်းအာသည် ထိုအဘိုးအိုကို ကြောက်ကြောက်ရွံ့ရွံ့ မော့ကြည့်လိုက်၏။ သူမ၊ ဝူကန်းနှင့် ဝူချွယ်အာတို့က လက်ဆုပ်ကာ နှုတ်ဆက်လိုက်ကြသည်။ မျိုးနွယ်စုခေါင်းဆောင်များ အပါအဝင် အခြားလူများအားလုံးကလည်း ကြောက်ရွံ့တကြီးဖြင့် ဒူးထောက်လိုက်ကြသည်။ ကျန်းရီတို့သည်လည်း အ‌ဝေးရှိ သူတော်စင်ဘုန်းတော်ကြီးကို လှမ်းကြည့်ကြသည်။ ဗုဒ္ဓဧကရာဇ်က အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်လာပြီး ကျန်းရီ၏အရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူသည် ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။

“မိုအဘိုးကြီး... ခင်ဗျားက နောက်ဆုံးတော့ လူလုံးထွက်ပြပြီပေါ့လေ။ တကယ်တော့... ခင်ဗျားဆိုတာကို ကျုပ် ခန့်မှန်းမိတာ ကြာပါပြီ”

ရွှီဧကရာဇ်၊ ညဧကရီနှင့် ယဉ်ဧကရာဇ်တို့ကလည်း ခန့်မှန်းပြီးထားသည့် ပုံစံဖြင့် ကြည့်နေကြသည်။ သို့သော် ဗုဒ္ဓအင်ပါယာတို့ကတော့ မသိကြသေးပေ။ ကျန်းရီလည်း မသိချေ။ ထိုအဘိုးကြီးက မည်သူနည်း။

“ဟင်းဟင်း...”

သူတော်စင်ဘုန်းတော်ကြီးကလည်း ခပ်သဲ့သဲ့ပြုံးကာ ပြန်ပြောသည်။

“ဘုန်းကြီး... ခင်ဗျား သိတာ အရမ်းနောက်ကျသွားပြီ။ ခင်ဗျားတို့ ဒီဆန်းကြယ်နယ်မြေထဲကို ဝင်လာကတည်းက သေဖို့ ကံပါလာပြီ။ ကဲ... ကိုယ့်ကိုယ်ကိုယ်သာ သတ်သေလိုက်ကြစမ်းပါ။ ဒီဆန်းကြယ်နယ်မြေထဲမှာ ခင်ဗျားတို့က ကျုပ်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ ခင်ဗျားတို့ သူတော်စင်အင်ပါယာနဲ့လည်း ယှဉ်နိုင်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်ဆိုရင် ခင်ဗျားတို့ရဲ့ အလောင်းတွေကို အကောင်းအတိုင်း ထားပေးမယ်”

ဝှစ်...

သူ‌တော်စင်ဘုန်းတော်ကြီး၏စကား ဆုံးသွားသောအခါ အနီးရှိ ရဲတိုက်တစ်ခုမှနေ၍ အရိပ်တစ်ခု ပျံထွက်လာသည်။ သူ၏ အမြန်နှုန်းက အလွန်လျင်မြန်ပေရာ သူက လေထဲတွင် ဖျတ်ခနဲ ပေါ်လာသလိုပင် ထင်ရလေသည်။ သူ ရဲတိုက်ပေါ်တွင် ရပ်လိုက်သောအခါ ရဲတိုက်တစ်ခုလုံး အတန်ငယ် တုန်ခါသွားသည်။

ထိုအဘိုးအိုက အလွန်ထွားကြိုင်းကာ အရပ်မြင့်၍ အားလုံး ရင်လေးသွားသည်။ ထိုအဘိုးအိုသည် ဆယ်ပေလောက် မြင့်ပြီး လူသားနှင့်တူသော သားရဲတစ်ကောင်ဟုပင် ထင်ရသည်။ သူသည် တိရစ္ဆာန်သားရေ ခါးစည်းကိုသာ ဝတ်ထားသည်။ သူ့အသားအရေက ဝါကျင့်ကျင့်ဖြစ်သည်။ သူ၏ ဖောင်းကြွနေသော ကြွက်သားများက အကန့်အသတ်မဲ့သော စွမ်းအင်များကို ပိုင်ဆိုင်သည်။ သူ့ခန္ဓာကိုယ်တွင် မည်သည့်အရှိန်အဝါမှ မရှိသော်လည်း သူ၏အကြည့်ကို တစ်ချက်ခံလိုက်ရသည်နှင့် အကြည့်ခံလိုက်ရသူက တုန်လှုပ်သွားပေလိမ့်မည်။ သူက ပြိုင်ဘက်ကင်းဟု ထင်ရပေသည်။

“သူတော်စင်အင်ပါယာကို နှုတ်ခွန်းဆက်ပါတယ်”

ထိုလူရိုင်းကြီး ထွက်ပေါ်လာသောအခါ ထိုနေရာရှိ လူရိုင်းအားလုံးက မြေပြင်ပေါ်တွင် ပြားပြားဝပ်ကာ အရိုအသေပေးလိုက်ကြသည်။ ထိုသူတော်စင်အင်ပါယာက ဗုဒ္ဓဧကရာဇ်တို့ကို စူးရှသော အကြည့်ဖြင့် ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်က ကျန်းရီအပေါ်သို့ ရောက်လာသည်။ သူသည် စက္ကန့်အနည်းငယ်မျှ ကြည့်နေပြီးနောက် အေးစက်စက် ပြောလိုက်သည်။

“အပြင်လူတွေ... မင်းတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေမလား၊ ဒါမှမဟုတ် ငါက မင်းတို့ကို အသားပုံကြီးဖြစ်သွားအောင် လုပ်ပေးရမလား”

ယဉ်ဧကရာဇ်တို့ မျက်မှောင်ကြုတ်သွားသည်။ ထိုကြောက်မက်ဖွယ်လူရိုင်းကြီး၏ အစွမ်းကို သူတို့ တစ်ကြိမ် မြည်းကြည့်ခဲ့ပြီးပေပြီ။ ထိုလူရိုင်းက သူတို့အားလုံးကို တစ်ကိုယ်တော် တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် သူတို့အားလုံး အပြင်းအထန် ဒဏ်ရာရသွားခဲ့ရသည်။ ဗုဒ္ဓဧကရာဇ်ပင် သူ့ကို မယှဉ်နိုင်ခဲ့ပေ။

သူတော်စင်အင်ပါယာ၊ သူတော်စင်ဘုန်းတော်ကြီး၊ မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ကျော်နှင့် ခက်ထန်သူရဲကောင်း ထောင်ကျော်...

ကျန်းရီ၏ မျက်နှာထားက အလွန်တည်လာသည်။ သူသည် သေခြင်းတရား၏ အ‌ငွေ့အသက်ကိုပင် အနံ့ခံမိလာသလိုပင်။ ဤတစ်ကြိမ်တွင် ရန်သူက အလွန်အင်အားကြီးနေသည်။ ကျန်းရီတို့က သူတို့ကို မယှဉ်နိုင်ပေ။ သူ့ရုပ်ခန္ဓာက များစွာသန်မာလာခဲ့ပြီဖြစ်သော်လည်း စွမ်းအားကြီး ရန်သူနှင့် ယှဉ်ရာတွင်မူ များစွာအသုံးမဝင်ပေ။

ကျန်းရီသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ ဗုဒ္ဓဧကရာဇ်ကို အလေးအနက် မေးလိုက်သည်။

“အဲ့သူတော်စင်ဘုန်းတော်ကြီးက ဘယ်သူလဲ”

“ငါတို့မျိုးဆက်ကတော့ သူ့ကို မိုအဘိုးကြီးလို့ ခေါ်ကြတယ်”

ဗုဒ္ဓဧကရာဇ်က ခါးသက်သက် ရယ်ကာ ဖြေသည်။

“သူ့ရဲ့မျိုးရိုးနာမည်က ရှင်းတဲ့၊ သူ့နာမည်ကတော့ မို။ သူက ကောင်းကင်တမလွန်ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်ပဲ”

***

All Chapters