← Chapters

ဝှက်ဖဲ

Vol. 89 Ch. 1240

ဝှက်ဖဲ

Vol. 89 Ch. 1240

အရာအားလုံး အဓိပ္ပာယ်ရှိလာပေပြီ။ ကြိုးကိုင်သူများမှာ မြောက်ဘက်ဧကရာဇ်နှင့် ကောင်းကင်တမလွန်ဂိုဏ်းချုပ်ဖြစ်သည်။ ယခုတွင် အရာအားလုံး ရှင်းလင်းသွားပေပြီ။

စွမ်းအားကြီး အင်အားစုများနှင့် ဆန်းကြယ်သော နတ်ဘုရားတစ်ပိုင်းများ...

ထိပ်တန်းလျှို့ဝှက်ဂိုဏ်းဆယ်ဂိုဏ်းထဲမှ နံပါတ်(၁)ဂိုဏ်းနှင့် ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲမှ မျိုးနွယ်တစ်ခုက ပူးပေါင်းခဲ့ခြင်းဖြစ်ရာ အရာအားလုံးကို အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့ပေလိမ့်မည်။ ကောင်းကင်တမလွန်ဂိုဏ်းက နောက်ကွယ်တွင် ပုန်းနေခဲ့ပြီး ဝူမျိုးနွယ်က လူရှေ့သူရှေ့တွင် နေခဲ့သည်။ သူတို့၏ အာဏာနှင့် လွှမ်းမှုနိုင်မှုက ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲရှိ မျိုးနွယ်ကြီးတိုင်းကို အလွယ်တကူ လမ်းလွှဲနိုင်မည်ဖြစ်သည်။

ကျန်းရီကို ဖမ်းချုပ်ခဲ့သော ကောင်းကင်မိုးကြိုးအစီအရင်က ရှင်းမုန့်ဝမ်၏ ထူးဆန်းသော တိုက်ပွဲအစီအရင်များထဲမှ တစ်ခု ဖြစ်ရမည်။ ယခုတွင် ရှင်းသွားပေပြီ။ ကောင်းကင်တမလွန်ဂိုဏ်းက အမှောင်ထဲမှနေ၍ နေရာအနှံ့တွင် တိုက်ပွဲများ ဖြစ်လာအောင် လိုက်လုပ်နေခဲ့ခြင်းပင်။ ထို့နောက် မြောက်ဘက်ဧကရာဇ်က အရှေ့ထွက်လာကာ လူသားမျိုးနွယ်အတွက် လက်စားချေမည်ဟုဆို၍ မဟာမိတ်စစ်တပ်ကို ဖွဲ့စည်းခဲ့သည်။ အလျင်စလိုဖြင့် တိုက်ခဲ့သော စစ်ပွဲတွင် လူသားမျိုးနွယ်ဘက်မှ စွမ်းအားကြီး သိုင်းပညာရှင်များစွာ ကျဆုံးခဲ့ရသည်။ ထိုမှလည်း သူတို့က ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို အလွယ်တကူ ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ကောင်းကင်တမလွန်ဂိုဏ်းချုပ်က ဗုဒ္ဓဧကရာဇ်တို့ကို မျှားခေါ်ရန် ရည်ရွယ်ချက်ဖြင့် ဤဆန်းကြယ်နယ်မြေထဲ ဝင်ခဲ့သည်။ ကျန်းရီတို့ကလည်း ကိုယ့်သေလမ်းကိုယ်ရှာသည်ဆိုသလို ဤဆန်းကြယ်နယ်မြေထဲသို့ လိုက်ဝင်ခဲ့ကြသည်။ ကျန်းရီ၊ ဗုဒ္ဓဧကရာဇ်တို့နှင့် ဗုဒ္ဓအင်ပါယာတို့ အပြင်လောကတွင် မရှိလျှင် မြောက်ဘက်ဧကရာဇ်သည် အရှေ့ဘက် တော်ဝင်နယ်မြေကို အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။

ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အရှေ့ဘက် တော်ဝင်နယ်မြေကို နှစ်ပေါင်းခုနစ်သိန်းကျော် ထိန်းချုပ်ခဲ့သည်။ ထိုမျှခြေက မြောက်ဘက်ဧကရာဇ်နှင့် ကောင်းကင်တမလွန်ဂိုဏ်းချုပ်တို့၏ အာဏာမက်မှုကြောင့် ပျက်သွားပေပြီ။ ထို့ပြင် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံးကလည်း ပရမ်းပတာဖြစ်ကာ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်ဝင်များစွာလည်း သေခဲ့ရသည်။ အကယ်၍ ဗုဒ္ဓဧကရာဇ်တို့နှင့် ဗုဒ္ဓအင်ပါယာတို့သာ အပြင်လောကတွင် ရှိနေခဲ့လျှင် အားလုံးကို စုစည်းကာ အချင်းချင်း ရိုင်းပင်းလာအောင် လုပ်နိုင်သည်။ သို့ဆိုလျှင် ကောင်းကင်တမလွန်ဂိုဏ်းနှင့် မြောက်ဘက်ဧကရာဇ်တို့က အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခုလုံးကို အုပ်စိုးနိုင်မည် မဟုတ်ချေ။

ဆန်းကြယ်နတ်ဘုရားနန်းတော် ထပ်မံ ပေါ်ထွက်လာလျှင် ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်ရမည်။ လူသားမျိုးနွယ်လည်း ဖျက်ဆီးခံရမည်။ ယင်းမှာ ဆန်းကြယ်ဧကရာဇ် ချန်ခဲ့သော ရှေ့ဖြစ်ဟောကိန်းပင်။ ထို့ပြင် ကျန်းရီက ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရသွား၍လည်း မြောက်ဘက်ဧကရာဇ်က လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်မည်။ ကျန်းရီနှင့် ဝူမျိုးနွယ်က ကမ္ဘာ့ရန်ဘက်များဖြစ်သည်။ ကျန်းရီက အနှေးနှင့်အမြန်ဆိုသလို ‌မြောက်ဘက်ဧကရာဇ်မြို့ကို တိုက်ခိုက်မည်ဖြစ်သည်။ ထို့ကြောင့် မြောက်ဘက်ဧကရာဇ်သည် ရွေးချယ်စရာ မရှိတော့ဘဲ လက်ဦးမှုရယူဖို့ ကြိုးစားကာ တိုက်ပွဲများ စခဲ့ရတော့သည်။ သို့ဖြင့် ကပ်ဘေးကြီး ရောက်လာခဲ့သည်။

အဓိက ကြိုးကိုင်သူက မြောက်ဘက်ဧကရာဇ်လော သို့မဟုတ် ရှင်းမိုလောဆိုသည်မှာမူ မရှင်းလင်းသေးပေ။ ကျန်းရီထံတွင် သံသယတစ်ခု ရှိနေသေးသည်။ တိုက်ပွဲများနှင့် စစ်ပွဲက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့သည် မဟုတ်လော။ ထိုနှစ်ယောက်သည် ထိုမျှ အကြီးအကျယ်လုပ်ရန် လူသးများစွာကို သတ်ရန် မလိုပေ။ သူတို့သာ အသေအချာပြင်ဆင်ထားခဲ့လျှင် သူတို့လမ်းတွင် ဝင်ရှုပ်မည့် အရေးကြီးသူများအားလုံးကိုသာ ‌ရွေးထုတ်၍ သတ်ပစ်နိုင်သည်။

အရိုးရှင်းဆုံး နည်းလမ်းမှာ လောကဖျက်ဆီး ကောင်းကင်မိုးကြိုးအစီအရင် ဖြစ်သည်။ တိုက်ပွဲဧကရာဇ်တို့က မြောက်ဘက်ဧကရာဇ်မြို့တွင် စုဝေးနေချိန်တွင် ထိုအစီအရင်ကို ဆင်လိုက်ပါက သူတို့အားလုံး အသတ်ခံရပေလိမ့်မည်။ ထိုစွမ်းအားကြီး ပညာရှင်များ သေသွားပြီးနောက်တွင် မြောက်ဘက်ဧကရာဇ်နှင့် ရှင်းမို၏ အင်အားအရ တစ်လောကလုံးကို ထိန်းချုပ်ရန် လွယ်ပေလိမ့်မည်။ ထိုနည်းလမ်းက အလုပ်မဖြစ်လျှင်ပင် သူတို့သည် ဤဆန်းကြယ်နယ်မြေထဲသို့ အားလုံးကို မျှားခေါ်၍ သတ်ပစ်နိုင်သေးသည်။ သို့သော် ယခုတွင်မူ လူသားပေါင်း သန်းထောင်နှင့်ချီ၍ သေခဲ့ရသည်။ ယင်းက ကောင်းကင်နှင့် မဆန့်ကျင်သလော။

“ငါက အဲ့လူရိုင်းဘုရင်ကို ရင်ဆိုင်လိုက်မယ်။ မင်းတို့က အတူပူးပေါင်းပြီး ရှင်းမိုကို တိုက်ပါ။ သူ့ရဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို သတိထားပါ။ မိုအဘိုးကြီးရဲ့ စိတ်ဝိညာဉ်က အရမ်းကြောက်စရာကောင်းတယ်။ ကျန်းရီ... တကယ်လို့ အခြေအနေမဟန်တော့ဘူးဆိုရင် ချက်ချင်း ဖောက်ထွက်ပြီး ထွက်ပြေးပါ”

ဗုဒ္ဓဧကရာဇ်က ပြောလိုက်သည်။ ကျန်းရီသည် များစွာ တွေးတောမနေတော့ဘဲ လက်ထဲမှ မီးနဂါးဓားတွင် ဖြည်းဖြည်းချင်း စွမ်းအားစုလိုက်လေသည်။ ကျန်လူများကလည်း တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။ ဗုဒ္ဓအင်ပါယာတို့သည် အတွင်းအားပြန်သုံး၍ ရနေပြီဖြစ်၍ တိုက်ခိုက်ရန် စိတ်အားထက်သန်နေကြသည်။

ဗုဒ္ဓဧကရာဇ်က ရဲတိုက်ထိပ်ရှိ ရှင်းမိုကို ကြည့်၍ နောက်ဆုံးမေးခွန်းတစ်ခု မေးလိုက်သည်။

“မိုအဘိုးကြီး... ကျုပ်က သိချင်လို့ပါ။ ခင်ဗျားရဲ့ ဉာဏ်ရည်အရဆို အဲ့လိုအကြံအစည်ကြီးတစ်ခုကို မထုတ်နိုင်လောက်ပါဘူး။ ဝူရှန်းကလည်း အဲ့လောက်ဉာဏ်ကောင်းတဲ့ကောင် မဟုတ်ဘူး။ ဒီတစ်ခေါက် အကြံအစည်ကို ဘယ်သူထုတ်တာလဲ။ ကျုပ်တို့အားလုံး အဲ့ဒါကို အခုထိ မသိကြသေးဘူး”

“ဟားဟားဟား...”

ရှင်းမို၏ မျက်ဝန်းများထဲတွင် ဂုဏ်ယူသော အရိပ်အယောင်များ ပေါ်လာသည်။ သူသည် ရယ်မော၍ ဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။

“ကျုပ်ရဲ့သမီး ရှင်းမုန့်ဝမ်က ထုတ်တာပဲ။ ဘုန်းကြီး... ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား ဉာဏ်အထက်ဆုံးလို့ ခံယူထားတာမလား။ ဟားဟားဟား...”

ဝုန်း...

ဗုဒ္ဓဧကရာဇ်၏ အတွင်းအားက အရှေ့သို့ ထွက်သွားသည်။ ရဲတိုက်တစ်ခုလုံး ပျက်စီးသွား၏။ ထို့နောက် ဗုဒ္ဓဧကရာဇ်သည် အရှေ့သို့ လျင်မြန်စွာ ပြေးသွားကာ အော်ပြောလိုက်သည်။

“သတ်ကြ...”

“သတ်ကြ...”

သူတော်စင်အင်ပါယာကလည်း အော်ပြောလိုက်သည်။ မရေမတွက်နိုင်သော ခက်ထန်သူရဲကောင်းများနှင့် မျိုးနွယ်စုခေါင်းဆောင်များက တိုက်ခိုက်လိုက်ကြသည်။ သူတို့သည် ကျန်းရီတို့ထံ ပြေးဝင်သွားကြသည်။ သို့သော် ဝူကန်းနှင့် သူ၏ညီမများကမူ မတိုက်ခိုက်ပေ။ ထိုအစား လျင်မြန်စွာ ပြန်ဆုတ်သွားကြ၏။ သူတို့က မတုံးအပေ။ အကယ်၍ သူတို့သာ ဝင်တိုက်ပါက သူတို့သည် ကျန်းရီ၏ ပစ်မှတ်များ ဖြစ်သွားပေလိမ့်မည်။

ဝုန်း...ဝုန်း...ဝုန်း...

ဗုဒ္ဓဧကရာဇ်က လျှော်သင်္ကန်းကို ဝတ်ဆင်ထားသည်။ သူ၏ မျက်နှာပေါ်တွင်လည်း အပြုံးသဲ့သဲ့ ရှိနေသည်။ သူသည် လျှပ်စီးကဲ့သို့ လျင်မြန်ပြီး သူ၏အင်အားကလည်း မယုံနိုင်လောက်အောင်ပင်။ ယနေ့တွင် ကျန်းရီသည် ‘နတ်ဆိုးအပြုံး’၏ စွမ်းအားအစစ်အမှန်ကို မြင်လိုက်ရပေပြီ။ ဗုဒ္ဓဧကရာဇ်၏ အပြုံးမှ ထွက်လာသော ဆန်းကြယ်သည့်စွမ်းအင်က သူ့အရှေ့ရှိ ခက်ထန်သူရဲကောင်းများနှင့် မျိုးနွယ်စုခေါင်းဆောင်အားလုံးအပေါ် သက်ရောက်သွားသည်။ ဗုဒ္ဓဧကရာဇ်၏ လက်များက လှုပ်ယမ်းသွားသောအခါ ထိုမျိုးနွယ်စုခေါင်းဆောင်များနှင့် ခက်ထန်သူရဲကောင်းများက လွင့်ပျံထွက်သွားကြပြီး ပတ်ဝန်းကျင်မှ ရဲတိုက်များနှင့် ဝင်ဆောင့်သွားကြသည်။ ဗုဒ္ဓဧကရာဇ်၏ တိုက်ခိုက်မှုက မယုံနိုင်စရာပင်။

‘ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ’

ကျန်းရီသည် အနောက်မှ လိုက်သွားရင်း မှင်တက်နေမိသည်။ ယဉ်ဧကရာဇ်၊ ရွှမ်ဧကရာဇ်နှင့် ညဧကရီတို့ကလည်း အလွန်စွမ်းအားကြီးသည်။ သူတို့သည် ဗုဒ္ဓဧကရာဇ်ဘေးမှ ကပ်လိုက်သွားကြပြီး မြားများအလား ရန်သူများကို ထိုးဖောက်သွားသည်။ သူတို့အားလုံးတွင် ရှေး‌ဟောင်းအသုံးအဆောင်များ မရှိတော့ပေ။ ထို့ကြောင့် တာအိုပုံသဏ္ဌာန်များကိုသာ ထုတ်လွှတ်နေသည်။ သူတို့သည် ရပ်တန့်၍ မရနိုင်ချေ။

ယဉ်ဧကရာဇ်က အလင်းတာအိုပုံသဏ္ဌာန်ကို ထုတ်လွှတ်လိုက်ရာ ခက်ထန်သူရဲကောင်းတစ်စု လွင့်ပျံထွက်သွားသည်။ ထိုသို့ဖြင့် ခက်ထန်သူရဲကောင်းများစွာ ဒဏ်ရာ အပြင်းအထန်ရသွားပြီး ခြေလက်များ ပြတ်ကုန်ကြသည်။

ရွှမ်ဧကရာဇ်ကမူ အာကာသတာအိုပုံသဏ္ဌာန်ကို ထုတ်လွှတ်သည်။ သူ၏ အာကာသတာအိုပုံသဏ္ဌာန်က အလွန်ဆန်းကြယ်သည်။ ထိုနေရာရှိ အာကာပြင်က အလွန်ခိုင်မာသော်လည်း ထိုတာအိုပုံသဏ္ဌာန်သည် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကို လွင့်ပျံထွက်သွားစေသေးသည်။ မျိုးနွယ်စုခေါင်းဆောင်က ဒဏ်ရာအပြင်းအထန် မရသွားသော်လည်း ထိုကဲ့သို့သော် နေရာတွင် အာကာသတာအိုပုံသဏ္ဌာန်ကို ထုတ်လွှတ်နိုင်သည်ကပင် ချီးကျူးစရာ ဖြစ်နေပြီဖြစ်သည်။

ညဧကရီက အမှောင်တာအိုပုံသဏ္ဌာန်ကို ထုတ်လွှတ်သည်။ ယင်းက ဖုန်းလန်သုံးခဲ့သော တာအိုပုံသဏ္ဌာန်နှင့် ဆင်တူသည်။ ကီလိုမီတာငါးဆယ် အဝန်းအဝိုင်းအတွင်း၌ မည်းမှောင်သွား၍ လူရိုင်းများ မှင်တက်သွားကြသည်။ သို့သော် ကျန်းရီတို့ကမူ ရန်သူများကို အလွယ်တကူ မြင်နိုင်ပေသည်။

“သတ်ကြ...”

ဗုဒ္ဓအင်ပါယာ၊ ယဉ်အင်ပါယာနှင့် အခြားသူများကလည်း အရှေ့သို့ ပြေးထွက်သွားကြပြီး တိုက်ခိုက်မှုများ ထုတ်လွှတ်လိုက်ကြသည်။ သို့သော် သူတို့ တိုက်ခိုက်မှုများ ထုတ်လွှတ်နေသည့်အခိုက်တွင် အားလုံး မြေပေါ်သို့ ရုတ်တရက် လဲကျသွားသည်။ သူတို့၏ မျက်နှာများကလည်း အစိမ်းရောင်သန်းလာသည်။ ဗုဒ္ဓအင်ပါယာက အံ့ဩတကြီးဖြင့် အော်ပြောသည်။

“အို့..သွားပြီ၊ ငါတို့ အဆိပ်ခတ်ခံလိုက်ရပြီ”

“ဟားဟားဟား”

လူရိုင်းတစ်ခုကြားတွင် ပုန်းနေသော ဝူကန်းက ရယ်၍ ဂုဏ်ယူစွာ ပြောလိုက်သည်။

“ကျန်းရီ... မင်းက ငါ့ကို ငတုံးလို့ ထင်နေတာလား။ မင်းရဲ့ လူတွေကို ငါက အကောင်းအတိုင်း ပြန်ပေးပါ့မလား။ အဲ့အဆိပ်က... ကုလို့မရဘူးကွ”

“အန်...”

ကျန်းရီသည် အတွင်းအားစုစည်း၍ နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်ရန် ဟန်ပြင်နေဆဲဖြစ်သည်။ ထိုအခိုက်တွင် သူ့အကြည့်က သူ့ကိုဝန်းရံပိတ်ဆို့ရန် လာနေသော လူရိုင်းတစ်စုအပေါ် ကျရောက်သွားသည်။ သူ လျင်မြန်စွာ ပြန်ဆုတ်လိုက်ပြီး လူရိုင်းများ သူ့အနားမကပ်လာနိုင်စေရန် သောင်းချီသော မီးနဂါးလေးများကိုသာ ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်ကာ ဗုဒ္ဓအင်ပါယာတို့ကို အထဲသို့ ပို့လိုက်သည်။

“ဟွန်း...”

ကျန်းရီသည် ပေတစ်သောင်းအကွာရှိ ဝူကန်းကို လှမ်းကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ ထိုအခိုက်တွင် ဝူကန်းဘေးရှိ ဝူရှင်းအာနှင့် ဝူချွယ်အာတို့က တိုက်ခိုက်လိုက်ကြသည်။ သူမတို့သည် လက်နက်များထုတ်၍ ဝူကန်းကို ထိုးချလိုက်ကြသည်။ သူမတို့၏ မျက်ဝန်းများထဲတွင် နာကျင်မှုနှင့် အေးစက်မှုတို့ ရောယှက်နေသည်။

“အား...”

ဝူကန်းသည် မထင်မှတ်ထားဘဲ တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်၍ မရှောင်နိုင်လိုက်ပေ။ သူ့ညီမနှစ်ယောက်၏ တိုက်ခိုက်စွမ်းအားက သူ့ထက် မနိမ့်ချေ။ ယခုတွင် သူသည် ဓားပျော့နှစ်ချောင်း၏ ထိုးစိုက်မှုကို ခံလိုက်ရပေပြီ။ သူသည် ဝေဝါးနေသော မျက်ဝန်းများဖြင့် သူ့ညီမနှစ်ယောက်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ သူမတို့၏ မျက်ဝန်းများထဲတွင် နာကျင်မှုများ ရှိနေသည်ကို တွေ့လိုက်သောအခါ သူသည် လက်ဆန့်တန်း၍ သူ့အရှေ့ရှိ မည်းမှောင်နေသော မြင်ကွင်းကို လက်ညှိုးထိုးလိုက်သည်။ ထို့နောက် သွေးအန်ကာ အော်ပြောလိုက်သည်။

“ကျန်းရီ... ခွေးကောင်။ မင်းမှာ ဝှက်ဖဲတစ်ခု ရှိနေတာပေါ့လေ။ မင်း မချိမဆန့် သေစေရမယ်”

ဝူချွယ်အာနှင့် ဝူရှင်းအာတို့သည် ရင်နာနေသော်လည်း မေ့ရူ၏ အမိန့်များကို မဆန့်ကျင်နိုင်ကြပေ။ ယင်းမှာ ဝိညာဉ်ကျွန်များ၏ ဆိုးရွားသော ကံကြမ္မာပင်။ အစောတွင် ကျန်းရီသည် မေ့ရူကို ဝှက်ဖဲတစ်ခု ချန်ထားရန် ပြောခဲ့သည်။ ထို့ကြောင့် ဝူချွယ်အာတို့က လွတ်လပ်မှုကို အပြည့်အဝ ပြန်မရသွားခဲ့ပေ။ ထိုညီအစ်မနှစ်ယောက်၏ စိတ်ဝိညာဉ်၏ နက်ရှိုင်းသောနေရာတွင် အဆိပ်များ ချန်ထားရန် ကျန်းရီက မေ့ရူကို ခိုင်းခဲ့သည်။ ထို့ပြင် သူမတို့နှစ်ယောက်ကို လွတ်လပ်သွားသလိုမျိုး ဟန်ဆောင်ဖို့လည်း မေ့ရူကို အမိန့်ပေးစေခဲ့သည်။

ရွှက်...ရွှက်...

ညီအစ်မနှစ်ယောက်သည် ဝူကန်းကို ဓားပျော့ဖြင့် အကြိမ်အနည်းငယ် ထပ်ထိုးလိုက်ကြသည်။ ဝူကန်းသည် မျက်လုံးပြူးကာ လဲကျသွား‌ပြီး မပြေနိုင်သော နောင်တဖြင့် သေဆုံးသွားလေတော့သည်။

ဝှစ်...

ညီအစ်မနှစ်ယောက်က လူရိုင်းအုပ်ထဲ နဂါးများအလား ပြေးဝင်သွားပြီး စတင်သတ်ဖြတ်လေသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီသည် မေ့ရူကို လုံကျဲ၊ လုံရို့၊ သက်ရှည်မျိုးနွယ်စုခေါင်းဆောင်ငယ်နှင့် ထိန်းချုပ်ခံထားရသော အခြားသူများ၏ အနှောင်အဖွဲ့ကို ဖြေပေးလိုက်ရန်နှင့် သူတို့ဘာသာ စတင် သတ်ဖြတ်ရန် အမိန့်ပေးဖို့ ခိုင်းလိုက်သည်။

ရဲတိုက်စောင့် မျိုးနွယ်စုခေါင်းဆောင်ကလည်း လူရိုင်းတပ်ထဲသို့ ပြေးဝင်သွားကာ စတင်သတ်ဖြတ်သည်။ ညဧကရီက အမှောင်တာအိုပုံသဏ္ဌာန်ကို ထုတ်လွှတ်ထား၍ ပတ်ဝန်းကျင်တစ်ခွင်လုံး မည်းမှောင်နေသည်။ ထို့ကြောင့် မိမိ၏အရှေ့ ဆယ်ပေမရှိတရှိအထိသာ မြင်ရသည်။ ဝူရှင်းအာတို့က တိုက်ပွဲထဲတွင် ဝင်ပါလာသောအခါ နေရာတစ်ခွင်လုံး ပရမ်းပတာဖြစ်သွားတော့သည်။ မည်သူမှ ဘာဖြစ်နေကြောင်းကို မသိတော့ပေ။ လူရိုင်းများသည် ရန်သူများ၏ ဝန်းရံတိုက်ခိုက်မှုကို ခံနေရသည်ဟု ခံစားလာရသည်။

တစ်ဘက်တွင်လည်း ဗုဒ္ဓဧကရာဇ်၊ ယဉ်ဧကရာဇ်၊ ရွှမ်ဧကရာဇ်နှင့် အခြားသူများက အုပ်စုနှစ်စု ခွဲလိုက်ကြသည်။ သူတို့သည် အဝေးရှိ ရဲတိုက်သို့ လူခွဲသွားနေကြသည်။ ဗုဒ္ဓဧကရာဇ်က သူတော်စင်အင်ပါယာနှင့် ရင်ဆိုင်မည်ဖြစ်ပြီး ရွှမ်ဧကရာဇ်၊ ယဉ်ဧကရာဇ်နှင့် ညဧကရီတို့က အင်အားပူးပေါင်း၍ သူတော်စင်ဘုန်းတော်ကြီးကို တိုက်ခိုက်ကြမည်ဖြစ်သည်။ ကြယ်ခုနစ်ပွင့်၊ ကြယ်ရှစ်ပွင့်အဆင့် နတ်ဘုရားတစ်ပိုင်းများက မျိုးနွယ်စုခေါင်းဆောင်များကို တားထားကြသည်။

“သတ်ကြ...”

ကျန်းရီလည်း အလျင်အမြန် ပြေးသွားလိုက်သည်။ သူသည် ဗုဒ္ဓဧကရာဇ်ကို မကူဘဲ အခြားသူများနှင့် ပေါင်း၍ ရှင်းမိုကို တိုက်ရန် ဆုံးဖြတ်လိုက်သည်။

ကျန်းရီသည် သူတို့ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်၊ မသွားနိုင်က ရှင်းမိုကို သတ်နိုင်၊ မသတ်နိုင်အပေါ်တွင် မူတည်နေကြောင်း သိပေသည်။ သူတော်စင်အင်ပါယာက ရှင်းမို၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် ရှင်းမိုက အခရာပင်။

***

All Chapters