မိုက်ရူးရဲဆန်သော နောက်ဆုံးတိုက်ကွက်
Vol. 89 Ch. 1242
ယွီဝမ်သည်သာ ကျန်းရီ၏အမေ ရှိသောနေရာကို သိသည်။ ဗုဒ္ဓဧကရာဇ်သည်လည်း ကျန်းရီက ယွီဝမ်ကို ယခင်က တွေ့ခဲ့ဖူးသည်ဟု ပြောခဲ့သည်။
ကျန်းရီသည် အမှန်ပင် ရွှမ်ဧကရာဇ်ကို ဆန်းကြယ်နတ်ဘုရားတောင်တွင် မြင်ခဲ့ဖူးပေသည်။ ထို့ပြင် ထိုစဉ်က ရွှမ်ဧကရာဇ်က အလွန်ထူးဆန်းနေခဲ့သည်။ သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို မတိုက်ခိုက်ခဲ့သလို ကျန်းရီနှင့်လည်း ရန်သူအဖြစ် မခံခဲ့ပေ။ သူသည် ပွဲကြည့်ပရိသတ်တစ်ယောက်ကဲ့သို့ ရပ်၍သာ ကြည့်နေခဲ့သည်။ ယခုတွင်လည်း ရှင်းမိုသည် ရွှမ်ဧကရာဇ်၏ ဆန်းကြယ်စွမ်းရည်က ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ မဟုတ်ဟု ပြောလိုက်ပေပြီ။ ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။ ထိုစွမ်းရည်မှာ ရီဖျောင်ဖျောင်က ရွှမ်ဧကရာဇ်ကို သင်ပေးထားသော စွမ်းရည် ဖြစ်နိုင်သည်။
ယွီဝမ်ဆိုသည်မှာ အမည်တုတစ်ခုပင်။
ကျန်းရီသည် ယွီဝမ်၏ ရုပ်ရည်ကို နှစ်ကြိမ်မြင်ခဲ့ဖူးသည်။ ထိုရုပ်ရည်က ယခု ရွှမ်ဧကရာဇ်၏ ရုပ်ရည်နှင့် ကွာခြားသည်။ သူက ယခင်တွင် ရုပ်ဖျက်ထားခဲ့ခြင်း ဖြစ်မည်။ ကျန်းရီသည် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို တွေးပြီးနောက်တွင် ကိစ္စတော်တော်များများက စတင်၍ အဓိပ္ပာယ်ရှိလာကြောင်း သိလိုက်ရသည်။
ရီဖျောင်ဖျောင်က အထက်ဘုံမှနေ၍ ရောက်လာခဲ့ပြီး ရွှမ်ဧကရာဇ်နှင့် တွေ့ဆုံခဲ့သည်။ သူမသည် ရတနာများနှင့် ဆန်းကြယ်သော စွမ်းရည်များကို အသုံးပြု၍ ရွှမ်ဧကရာဇ်ကို အနိုင်ယူကာ သူမ၏ လက်အောက်ငယ်သား ဖြစ်လာစေခဲ့သည်။ ရွှမ်ဧကရာဇ်က ဧကရာဇ်ကိုးပါးထဲမှ တစ်ပါးဖြစ်သည်။ သူ့အတွက် မိန်းမပျိုတစ်ယောက်၏ လက်အောက်ငယ်သား ဖြစ်ရခြင်းက အလွန်အရှက်ရဖွယ်ကောင်းသည်။ ထို့ကြောင့် ရွှမ်ဧကရာဇ်သည် ရုပ်ဖျက်ကာ အမည်တုတစ်ခုကို ယူခဲ့ခြင်းဖြစ်မည်။
သို့သော် အထက်ပါအကြောင်းများမှာ ကျန်းရီ၏ ခန့်မှန်းချက်များသာ ဖြစ်သည်။ အသေးစိတ်ကိုမူ ရွှမ်ဧကရာဇ်သာ သိပေလိမ့်မည်။
ကျန်းရီသည် ထွက်သွားရမည်လော၊ ဆက်နေရမည်လောကို ဒွိဟဖြစ်နေဆဲဖြစ်သည်။ ရွှမ်ဧကရာဇ်က ရှင်းမိုနှင့် စတင် တိုက်ခိုက်နေပေပြီ။ သူတို့နှစ်ယောက်က အနီးကပ်တိုက်ခိုက်နေသည်။ သူတို့၏ လက်သီးချက်များမှနေ နားပင်းလောက်ဖွယ် အသံများကို ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်လေထုကလည်း တွန့်ခေါက်လာသည်။ သို့သော် နောက်ဆုံးအခိုက်အတန့်တွင် ရှင်းမို၏ မျက်လုံးများက အနက်ရောင်အလင်း တောက်ပလာသည်။ ထိုအလင်းတန်းနှစ်တန်းက ရွှမ်ဧကရာဇ်၏ မျက်လုံးများထဲသို့ ဝင်သွားလေသည်။
ဝုန်း...
မြေပြင်ကိုပင် တုန်ဟည်းသွားစေသော ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် အဟုန်လှိုင်းတစ်ခုကလည်း ပြန့်ကားထွက်သွားသည်။ ပတ်ဝန်းကျင်မှ လူရိုင်းများ လွင့်ပျံထွက်သွားကြသည်။ မျိုးနွယ်စုခေါင်းဆောင်များကလည်း ခြွင်းချက်မဟုတ်ပေ။ ရဲတိုက် တစ်ဒါဇင်လောက်လည်း ပြိုကျပျက်စီးသွားပြီး ကောင်းကင်ထဲတွင် ဖုန်မှုန့်များ ပြည့်နှက်သွားသည်။
ရွှမ်ဧကရာဇ်နှင့် ရှင်းမိုတို့၏ လက်သီးများက တစ်ချိန်တည်း အက်လာ၏။ အက်ကြောင်းက လက်တစ်လျှောက် တက်သွားသည်။ သွေးများနှင့် အသားစများက နေရာအနှံ့သို့ လွင့်ပျံသွားသည်။ သူတို့၏ အရိုးများကလည်း ကျိုးသွားပေပြီ။ ထိုမြင်ကွင်းက ခေတ္တမျှ ရပ်တန့်သွားသည်ဟု ထင်ရပြီး အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။
ထိုနှစ်ယောက်သည် ဂုံနီအိတ်များအလား အနောက်သို့ လွင့်သွားကြသည်။ ရွှမ်ဧကရာဇ်၏ အရှိန်အဝါက အားနည်းလာ၏။ သူ လေထဲမှာပင် သွေးအန်လိုက်ပြီး သတိလစ်ကာ ပြုတ်ကျသွားလေသည်။ ရှင်းမို၏ လက်တစ်ဘက်ကလည်း မွစာကြဲနေသည်။ သူသည် လက်တစ်ဘက် သိုင်းသမား ဖြစ်သွားပေပြီ။ သို့သော် သူ ကျေနပ်စွာ ရယ်၍ ပြောလိုက်သည်။
“ဟားဟားဟား... ရွှမ်ဧကရာဇ် ခင်ဗျားသာ ကြယ်ကိုးပွင့်အဆင့်ဆိုရင် ကျုပ် သေချာပေါက် သေသွားမှာပဲ။ ဆိုးတာက...”
ဝှစ်...
နောက်ဆုံးတွင် ကျန်းရီ လှုပ်ရှားလိုက်သည်။ သူသည် ထွက်မပြေးလိုက်ပေ။ ထို့ပြင် ထွက်ပြေးလိုလျှင်လည်း မည်သည့်နေရာသို့ ပြေးနိုင်ပါမည်နည်း။ အစောတွင် သူသည် အခွင့်အရေးရလျှင် ထွက်ပြေးမည်ဟု ဗုဒ္ဓဧကရာဇ်နှင့် ယဉ်ဧကရာဇ်တို့ကို ကတိပေးခဲ့သည်။ သို့သော် ထိုအခိုက်တွင် သူ စိတ်ပြောင်းသွားပေပြီ။ ရှင်းမိုက လက်တစ်ဘက် ဆုံးရှုံးလိုက်ရပြီး အတွင်းအား ကုန်ခမ်းနေသည်။ ယင်းမှာ အကောင်းဆုံး အခွင့်အရေးဖြစ်သည်။ ကျန်းရီသည် အားလုံးအတွက် အစွမ်းကုန် ကြိုးစားလိုနေသည်။
ကျန်းရီသည် ကျားသစ်နက်တစ်ကောင်အလား ပြေးသွားသည်။ သူသည် လက်တစ်ဘက်ဖြင့် ဝိညာဉ်လေများ ထုတ်လွှတ်လိုက်ပြီး သူ့ကိုယ်ပတ်ပတ်လည်တွင် ဝိညာဉ်လေနတ်ဘုရားဒိုင်း ဖန်တီးလိုက်သည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်လေဓားဆယ်ချောင်းကိုလည်း ဖန်တီးကာ ရှင်းမိုထံသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်လေသည်။ ထို့ပြင် မိုင်တစ်ထောင်ရေခဲလွှမ်းကိုလည်း ထုတ်လွှတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှနေ၍ အအေးလှိုင်းများ ထွက်သွားပြီး ကီလိုမီတာငါးဆယ်အတွင်းရှိ လူအားလုံးကို အေးခဲသွားစေလေသည်။
ဝိညာဉ်လေဓားများ၏ အမြန်နှုန်းကလည်း ဤနယ်မြေထဲတွင် ကန့်သတ်ခံထားရသည်။ ၎င်းတို့က ရှင်းမိုကို မထိမှန်နိုင်ခဲ့ပေ။ မိုင်တစ်ထောင်ရေခဲလွှမ်း၏ စွမ်းအားကလည်း ရှင်းမို၏ စွမ်းအားနှင့်ယှဉ်လျှင် နိမ့်ကျသည်။ တဒင်္ဂအတွင်းမှာပင် ရေခဲက အရည်ပျော်သွားလေသည်။ သို့သော် ကျန်းရီကလည်း ထိုတဒင်္ဂကိုသာ လိုအပ်ခဲ့ခြင်းဖြစ်သည်။ သူသည် မီးနဂါးဓားကို အားကုန်ပိုင်း၍ နတ်ဘုရားဇီဝိန်ခြွေကို ထုတ်လွှတ်လိုက်လေသည်။
ရွှစ်...ရွှစ်...
ဧရာမ မီးနဂါးကြီး သုံးကောင်က အရှေ့သို့ ပျံထွက်သွားသည်။ ရှင်းမိုက ဒဏ်ရာရထားသဖြင့် တုံ့ပြန်မှုက အတန်ငယ် နှေးနေသည်။ နောက်ဆုံးတွင် ကျန်းရီသည် သူ့ကို ပစ်မှတ်ထားနိုင်ခဲ့ပေပြီ။ မိုးမြေစွမ်းအားက ရှောင်ထွက်ရန် ဟန်ပြင်နေသော ရှင်းမိုကို ဖိနှိပ်သွားသည်။ ရှင်းမို၏ အမြန်နှုန်းက နှေးကွေးလာလေသည်။ ထို့ကြောင့် သူသည် သူ့ထံသို့ လာနေသော မီးနဂါးသုံးကောင်ကို ကြည့်၍သာ နေရတော့သည်။
“ဟွန်း... ကျန်းရီ မင်းလိုကောင်က ငါ့ကို သတ်ချင်တာလား”
ရှင်းမို၏ လက်စွပ်က လင်းလက်လာပြီး အနက်ရောင်ဒိုင်းတံဆိပ်ပြားလေးတစ်ခု ထွက်ပေါ်လာသည်။ ထိုဒိုင်းတံဆိပ်ပြားက ရုတ်တရက် ပုံစံပြောင်းလဲသွားပြီး ပေသုံးဆယ်မြင့်သော ဧရာမဒိုင်းတစ်ခု ဖြစ်သွားသည်။ ထို့နောက် ရှင်းမို၏ အရှေ့တွင် ကာရံလိုက်သည်။ ထိုဒိုင်းက ကြယ်တာရာအလင်း လင်းလက်နေသည်။ ၎င်းပတ်ပတ်လည်တွင်လည်း သင်္ကေတပုံသဏ္ဌာန်များ ဝဲနေသည်။ ၎င်း၏ အရှိန်အဝါက ကြောက်မက်ဖွယ်ပင်။ ထိုအရှိန်အဝါက ဆန်းကြယ်နတ်ဘုရားချပ်ဝတ်၏ အရှိန်အဝါနှင့် ဆင်တူပေသည်။
‘နောက်ထပ် နတ်ဘုရားအသုံးအဆောင်လား။ အဲ့ကောင်းကင်တမလွန်ဂိုဏ်းက ဘာလဲဟ။ ရှင်းမုန့်ဝမ်မှာလည်း နတ်ဘုရားအသုံးအဆောင်တစ်ခု ရှိတယ်၊ ရှင်းမို့မှာလည်း တစ်ခုရှိတယ်။ သူတို့အတွက် နတ်ဘုရားအသုံးအဆောင်တွေဆိုတာ တို့ဟူးတွေလို ဈေးပေါပြီး လွယ်လွယ်ရနိုင်တာလား’
ကျန်းရီ၏ မျှော်လင့်ချက်ကလေးက ရုတ်ခြည်း ပျောက်ကွယ်သွားသည်။
ရှင်းမိုသည် ရွှမ်ဧကရာဇ်ကို ဒုက္ခိတဖြစ်သွားအောင် လုပ်လိုခဲ့သည်။ သို့သော် ထိုနတ်ဘုရားအသုံးအဆောင် ဒိုင်းတံဆိပ်ပြားကို မသုံးခဲ့ပေ။ ထိုဒိုင်းက ချပ်ဝတ်မဟုတ်သဖြင့် ရှင်းမို၏ တစ်ကိုယ်လုံးကို ကာကွယ်မပေးနိုင်။ ထို့ပြင် ရွှမ်ဧကရာဇ်၏ အမြန်နှုန်းကလည်း အလွန်လျင်မြန်ခဲ့သည်။ ထို့ကြောင့် အစောတွင် ၎င်းကို မသုံးခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် ကျန်းရီ၏ အမြန်နှုန်းက နှေးသဖြင့် နတ်ဘုရားအသုံးအဆောင် ဒိုင်းတံဆိပ်ပြားက နတ်ဘုရားဇီဝိန်ခြွေ၏ တိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်ပေသည်။
‘စွန့်စားကွာ’
ကျန်းရီသည် နောက်ဆုံးအကွက်ကို ထုတ်သုံးရန် ပြင်ဆင်လိုက်သည်။ ယင်းမှာ စိတ်ဝိညာဉ်တိုက်ခိုက်မှုပင်။ ထိုတိုက်ခိုက်မှုက မထိရောက်လျှင် သူ သေရပေတော့မည်။ သူ့မျက်ဝန်းများထဲတွင် ရူးသွပ်သည့် အရိပ်အယောင် ပေါ်လာသည်။ ထို့နောက် သူ အရှေ့သို့ ဝုန်းခနဲ ပြေးသွားလိုက်လေသည်။
ဝုန်း...ဝုန်း...ဝုန်း...
မီးနဂါးသုံးကောင်က နတ်ဘုရားအသုံးအဆောင် ဒိုင်းတံဆိပ်ပြားကို ဝင်တိုက်လိုက်ကြသည်။ ဒိုင်းက လှုပ်သည်ဆိုရုံသာ လှုပ်သွားသည်။ ပေါက်ကွဲသံခပ်အုပ်အုပ် သုံးသံလည်း ထွက်ပေါ်လာသည်။ ထိရောက်မှု သိပ်မရှိပုံပင်။ ဒိုင်း၏ ခုခံနိုင်စွမ်းက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။
ရွှီး...
ကျန်းရီ၏ လက်ထဲတွင် ဆန်းကြယ်နတ်ဘုရားနန်းတော် ထွက်ပေါ်လာသည်။ နန်းတော်က တောက်ပလာကာ နန်းတော်ထဲမှနေ၍ လှပကာ အငြိုးကြီးသော မိန်းမပျိုလေးတစ်ယောက် ထွက်လာသည်။ ကျန်းရီ အော်ပြောလိုက်သည်။
“ရှောင်နူ... တိုက်”
ကျန်းရီသည် စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အသုံးပြုလို၏။ ထို့ကြောင့် သူ ရှင်းမို၏ အနားသို့ ကပ်နိုင်ရန်လိုအပ်သည်။ သို့သော် ဤဆန်းကြယ်နယ်မြေထဲတွင် သူ၏ အမြန်နှုန်းက အလွန်နှေးနေသည်။ သူ၏ လက်ရှိအမြန်နှုန်းနှင့်ဆိုလျှင် ရှင်းမိုအနားသို့ ကပ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူ ကျန်းရှောင်နူကို အပြင်ထုတ်လိုက်ခြင်းဖြစ်သည်။ သူသေသွားလျှင် ကျန်းရှောင်နူတို့လည်း အသက်ရှင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ စွန့်စား၍ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေသည်။
ဝှစ်...
ကျန်းရှောင်နူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာကတည်းက ကျန်းရီ၏ အသံပို့လွှတ်မှုကို ရရှိထားပြီဖြစ်၍ ပုံစံပြောင်းလဲထားပြီးဖြစ်သည်။ ယခုတွင် သူမ၏ အမြန်နှုန်းက အဆုံးစွန်သို့ ရောက်နေသည်။ သူမသည် ဒိုင်းကို ကွေ့ပတ်ပျံသွားလိုက်ပြီး အစိမ်းရောင်တောက်ပနေသော လက်သည်းများနှင့် ရှင်းမိုကို ပြင်းထန်စွာ ကုတ်ချလိုက်သည်။ သူမ၏လက်သည်းများသာ ပစ်မှတ်ကို ထိသွားမည်ဆိုလျှင် ပစ်မှတ်က အထိနာသွားပေလိမ့်မည်။
“ဟွန်း...”
သို့သော် ရှင်းမိုသည် အန္တရာယ်ကို အာရုံခံမိလိုက်၍ မျက်လုံးများထဲမှနေ၍ အနက်ရောင်အလင်းတန်းနှစ်တန်း ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းများက ကျန်းရှောင်နူ၏ ခေါင်းထဲသို့ ဝင်သွားသည်။ သို့သော် ကျန်းရှောင်နူက စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို လုံးဝခံနိုင်သည်။ ထို့ကြောင့် သူမ၏ လက်သည်းများက ရှင်းမိုထံသို့ ကြောက်မက်ဖွယ်အရှိန်ဖြင့် ဆက်ဦးတည်သွားသည်။
“မင်းက တကယ့်ကို အထက်ဘုံကပဲ။ ဒါပေမဲ့ မင်းရဲ့ လက်ရှိစွမ်းအားက ငါ့ကို သတ်နိုင်ဖို့ မလုံလောက်သေးဘူး”
ရှင်းမိုသည် အော်ပြောလိုက်ပြီး သူ၏ ကျန်နေသေးသော လက်တစ်ဘက်ဖြင့် အတွင်းအား ထုတ်လွှတ်လိုက်သည်။ အတွင်းအားက စုဝေးသွားပြီး အနက်ရောင်မီးလုံးတစ်လုံး ဖြစ်သွားသည်။ ကျန်းရှောင်နူသည် အနက်ရောင်မီးလုံးကို လျစ်လျူရှုကာ ရှင်းမို၏ ရင်ဘတ်ကိုသာ ကုတ်ချလိုက်သည်။ ထို့ကြောင့် အနက်ရောင်မီးလုံးကြီးက သူမ၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားလေသည်။
ရွှက်...ရွှက်...
ရှင်းမို၏ ရင်ဘတ်က ကုတ်ဖြဲခံလိုက်ရ၏။ သူ၏အရိုးသုံးချောင်း ကျိုးသွားသည်။ သို့သော် ကျန်းရှောင်နူသည်လည်း ဆက်မတိုက်ခိုက်နိုင်တော့ပေ။ အနက်ရောင်မီးလုံးကြီးက ပြင်းထန်စွာ ပေါက်ကွဲသွား၍ သူမ အနောက်သို့ လွင့်ပျံထွက်သွားသည်။ သူမတစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများ ရသွားပြီး သူမ၏အတောင်များလည်း ထိခိုက်သွားသည်။ သူမ၏ နှုတ်ခမ်းစွန်းမှနေ၍ သွေးများ စီးကျလာသည်။
“ရှောင်နူ...”
ကျန်းရီက စိုးရိမ်တကြီး အော်လိုက်သည်။ သို့သော် ရူးရူးမိုက်မိုက် မလုပ်လိုက်ပေ။ သူသည် ကျန်းရှောင်နူဆီ မသွားဘဲ ရှင်းမိုအနားသို့ ကပ်နိုင်ရန် ဒိုင်းကြီးကို မြန်နိုင်သမျှ အမြန်ဆုံး ကွေ့ပတ်သွားလိုက်သည်။ ယင်းက သူ၏ နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း သူသိသည်။ အကယ်၍ ယခုတွင် သူ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ထုတ်လွှတ်ရန် ရှင်းမိုအနားကို မကပ်နိုင်ပါက သူတို့အားလုံး ဤနေ့၊ ဤနေရာ၌ သေရပေလိမ့်မည်။
“မိုက်ရူးရဲပဲ... ငါ မင်းကို သတ်မယ်”
ရှင်းမို၏ ရင်ဘတ်က စုတ်ပြဲကာ သွေးချင်းချင်းရဲနေသည်။ ကျန်းရှောင်နူ၏ လက်သည်းချက်က ထိုမျှပြင်းထန်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူသည် ဒေါသတကြီးဖြင့် ကျန်းရှောင်နူကို သွားသတ်ရန် ဟန်ပြင်လိုက်ချိန်တွင် ကျန်းရီက သူ့ထံသို့ လာနေကြောင်း တွေ့လိုက်ရသည်။ ကျန်းရီ၏ မီးနဂါးဓားက တောက်ပစွာဖြင့် သူ့ကို ခုတ်ချလိုက်သည်။
“ဟွန်း... အဲ့နတ်ဘုရားအသုံးအဆောင်က မင်းဆီမှာ ရှိနေတာ နှမြောစရာပဲ”
ရှင်းမိုသည် အနည်းငယ်ပင် တုန်လှုပ်မသွားချေ။ ကျန်းရီ၏ စွမ်းအာက အလွန်အားနည်းနေသည်။ သူ့တွင် နတ်ဘုရားအသုံးအဆောင်နှစ်ခုသာ ရှိမနေလျှင် ရှင်းမို့က သူ့ကို အလွယ်တကူ သတ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ရှင်းမိုသည် လုံးဝမကြောက်ဘဲ ကျန်နေသေးသော လက်တစ်ဘက်ကို အသုံးပြု၍ ကျန်းရီထံမှ ဓားကို လုရန် ဟန်ပြင်လိုက်သည်။
“အခုပဲ”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားပြီး သူ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ အနက်ရောင်အလင်းတန်း တစ်တန်း ပျံထွက်သွားသည်။ မေ့ရူက ရှင်းမို၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ကြောက်မက်ဖွယ် အရှိန်ဖြင့် ဝင်သွားသည်။ ရှင်းမိုသည် ခေတ္တမျှ မှင်တက်သွားသော်လည်း ပြီးနောက်တွင် ခပ်လှောင်လှောင် ရယ်လိုက်သည်။
“ဟားဟား... စိတ်ဝိညာဉ်တိုက်ခိုက်မှုလား။ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ ငါ့ကို စိတ်ဝိညာဉ်တိုက်ခိုက်မှုနဲ့ တိုက်ခိုက်ရဲတဲ့သူ ရှိသေးတယ်လား။ ဟာသပဲ”
“ဟုတ်လား...”
ကျန်းရီက စကားနှစ်လုံး ပြောလိုက်၏။ သူ၏ မျက်ခုံးနှစ်ခုကြားက ထပ်မံလင်းလက်လာပြီး မီးနဂါးဓားလေး ပျံထွက်လာသည်။ မီးနဂါးဓားလေးသည် မေ့ရူအနောက်မှ လိုက်ကာ ရှင်းမို၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်သွားသည်။ ကျန်းရီသည် သူ၏ မူလစိတ်ဝိညာဉ်ကို ထုတ်သုံးလိုက်ပေပြီ။
စိတ်ဝိညာဉ်မှာ လူတစ်ယောက်၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ကျန်းရီသည် သူ၏ မူလစိတ်ဝိညာဉ်ကို အသုံးပြု၍ စိတ်ဝိညာဉ်ကို ကျင့်ကြံထားသော စွမ်းအားကြီးရန်သူကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ကျန်းရီက ဓားသွားထက်တွင် လမ်းလျှောက်နေခြင်းပင်။ သူ အောင်မြင်လျှင်အောင်မြင်၊ မအောင်မြင်လျှင် သေရတော့မည်ဖြစ်သည်။
***