သူ လွဲသွားခြင်းလော
Vol. 89 Ch. 1243
“အာ...”
မီးနဂါးဓားလေးက ရှင်းမို၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ရောက်သွား၏။ ရှင်းမို တစ်ကိုယ်လုံး တုန်ယင်သွားသည်။ မီးနဂါးဓားကို ဖမ်းရန် ဟန်ပြင်နေသော သူ့လက်ကလည်း လေထဲမှာပင် ရပ်တန့်သွားသည်။ ထိုအခိုက်တွင် ကျန်းရီနှင့် ရှင်းမိုတို့ နှစ်ယောက်စလုံးသည် မျက်လုံးမှိတ်ကာ ရပ်တန့်သွားကြသည်။ ယခုတွင် ပြင်းထန်သော တိုက်ပွဲနောက်တစ်ခုက ရှင်းမို၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ဖြစ်နေပေပြီ။
ဝုန်း...
တစ်ဘက်မှနေ၍ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထိုတစ်ချိန်လုံး ဗုဒ္ဓဧကရာဇ်သည် အကြိမ်ရာချီ တိုက်ခိုက်ခံခဲ့ရသည်။ သူ၏လက်တစ်ဘက်က စုတ်ပြတ်နေပြီဖြစ်ပြီး သူ့ကိုယ်ပေါ်တွင်လည်း ဒဏ်ရာများ ပြည့်နှက်နေသည်။ ကျိုးသည့်အရိုးများကလည်း ကျိုးနေပေပြီ။ ဤတစ်ကြိမ်တွင် သူသည် အခြားရဲတိုက်တစ်ခုအတွင်းသို့ လွင့်သွားပြီး ပြန်ထွက်မလာတော့ပေ။ သူက သေလောက်သောဒဏ်ရာ ရသွားကြောင်း ထင်ရှားပေသည်။
သူတော်စင်အင်ပါယာသည် ဗုဒ္ဓဧကရာဇ်အား တိုက်ခိုက်နေမှုကို ရပ်တန့်လိုက်ပြီး ကျန်းရီနှင့် ရှင်းမိုတို့ကို လှမ်းကြည့်လိုက်သည်။ ကျန်းရီနှင့် ရှင်းမိုတို့က မျက်လုံးမှိတ်ကာ ရပ်တန့်နေကြောင်း တွေ့လိုက်ရသည်။ သူတို့က အသိစိတ်ကင်းမဲ့နေပုံပင်။
“ဟွန်း...”
သူတော်စင်အင်ပါယာ၏ မျက်လုံးများထဲတွင် သတ်ဖြတ်အရှိန်အဝါ ထွက်ပေါ်လာသည်။ သူ၏ စူးရှသော အကြည့်က ကျန်းရီအပေါ် ကျရောက်နေသည်။ သူ၏ ဆင်ခြေထောက်ကဲ့သို့ ကြီးမားသော ခြေထောက်ကြီးက မြေပြင်ကို ဆောင့်ချလိုက်ရာ မြေပြင်တွင် အက်ကြောင်းများ ထင်သွားသည်။ ထို့နောက် သူသည် အမြောက်ဆံတစ်ခုကဲ့သို့ ပြေးထွက်သွားပြီး ကျန်းရီကို ထိုးရန် လက်သီးမြှောက်လိုက်လေသည်။
“သူ့ကိုတား”
အဝေးရှိ အပျက်အစီးပုံကြားမှနေ၍ ဗုဒ္ဓဧကရာဇ်၏ ဖျော့တော့သော အသံကို ကြားလိုက်ရသည်။ အဆောင်အဆိပ်မိထားသော ယဉ်ဧကရာဇ်နှင့် စိတ်ဝိညာဉ်ထိခိုက်ထားသော ညဧကရီတို့က အံကြိတ်ကာ ထပြေးလိုက်ကြသည်။ သူတို့သည် အခြေအနေကို မျက်ခြေမပြတ် စူးစမ်းနေခဲ့ကြသည်။ ထို့ကြောင့် မေ့ရူနှင့် မီးနဂါးဓားလေးက ရှင်းမို၏ မျက်ခုံးနှစ်ခုကြားထဲ ဝင်သွားသည်ကို တွေ့ခဲ့ကြသည်။ သူတို့နှစ်ယောက်သည် ကျန်းရီ၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုက ထိရောက်လိမ့်မည်ဟု မထင်သော်လည်း ဗုဒ္ဓဧကရာဇ်က သူတော်စင်အင်ပါယာကို တားရန် ပြောလိုက်ပြီဖြစ်၍ သူတော်စင်အင်ပါယာကို အကောင်းဆုံးကြိုးစား၍ တားကာ ကျန်းရီအတွက် အချိန်ဆွဲပေးထားရပေတော့မည်။
ကျန်းရီသည် သူတော်စင်အင်ပါယာက သူ့ထံသို့ လာနေကြောင်းကို လုံးဝမသိပေ။ ယဉ်ဧကရာဇ်နှင့် ညဧကရီတို့က သူတော်စင်အင်ပါယာကို အလွန်ဆုံးမှ ဆယ်စက္ကန့်လောက်သာ တားနိုင်လောက်သည်။ သူတော်စင်အင်ပါယာက ကျန်းရီအနားသို့ ကပ်သွားနိုင်သည်နှင့် ကျန်းရီသည် သူတော်စင်အင်ပါယာ၏ လက်သီးချက်ကြောင့် အနောက်သို့ လွင့်ပျံထွက်ကာ သေချာပေါက် သေသွားမည်ဖြစ်သည်။ ကျန်းရီ၏ မူလစိတ်ဝိညာဉ်က ရှင်းမို၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ရှိနေသဖြင့် ထိုအခါ မည်သို့ ဆက်ဖြစ်လိမ့်မည်ကို ကောင်းကင်ကသာ သိပေလိမ့်မည်။
သို့သော် ကျန်းရီသည် သိလျှင်ပင် အရေးစိုက်မည် မဟုတ်လောက်ပေ။ သူ့တွင် များစွာတွေးတောနေရန် အချိန်မရှိချေ။
‘ရှင်းမိုရဲ့ စိတ်ဝိညာဉ်က အရမ်းသန်မာတာပဲ’
ကျန်းရီ၏ မူလစိတ်ဝိညာဉ်က ရှင်းမို၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ရောက်သောအခါ အထဲရှိ စိတ်ဝိညာဉ်၏ အရှိန်အဝါကို ခံစားလိုက်ရလေသည်။ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် စတုဂံပုံစံ သလင်းကျောက်တစ်ခု ရှိနေသည်။ ထိုသလင်းကျောက်ထဲတွင် အကန့်အသတ်မရှိသော စိတ်ဝိညာဉ်စွမ်းအင်များ ရှိသည်။ ရှင်းမို၏ စိတ်ဝိညာဉ်က ကျန်းရီ၏ စိတ်ဝိညာဉ်ထက် အဆတစ်ရာကျော် ပိုသန်မာသည်။ သို့တည်းမဟုတ် အဆတစ်ထောင် ပိုသန်မာသည်လည်း ဖြစ်နိုင်သည်။
ရှင်းမိုကဲ့သို့ စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက်ထံတွင် သူ၏စိတ်ဝိညာဉ်ကို ကာကွယ်ပေးမည့် စိတ်ဝိညာဉ်ကာကွယ် မူလရတနာတစ်ခု ရှိနိုင်သည်။ ကျန်းရီနှင့် မေ့ရူတို့သည် အထဲသို့ ရောက်လာချင်းချင်း ထိုမူလရတနာကို တွေ့လိုက်သည်။ သူတို့နှစ်ယောက်စလုံး၏ ရင်ထဲတွင် သံသယများ ပြည့်နှက်သွားသည်။ သူတို့သည် ထိုရတနာကို ခုခံမှုများကို ဖောက်၍ ရှင်းမို၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်ပါမည်လော။
ရွှီး...ရွှီး...
ထိုအခိုက်တွင် ရှင်းမို၏ မူလစိတ်ဝိညာဉ် ပတ်ပတ်လည်တွင် အလင်းလွှာတစ်ခု ထွက်ပေါ်လာသည်။ ၎င်းအလင်းလွှာကို ရွှေရောင်ချိပ်စည်းလေးက ဖန်တီးလိုက်ခြင်းဖြစ်သည်။ ထိုချိပ်စည်းမှာ ဝူချွယ်အာ၏ ချိပ်စည်းနှင့် ကွာခြားသည်။ အလင်းလွှာအတွင်းသို့ လျှပ်စီးတန်းများ ဝင်နေသည်။ ထိုအလင်းလွှာသည် မေ့ရူနှင့် ကျန်းရီတို့ကို အလွန်ရင်ထိတ်နေစေသည်။ စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုက မည်မျှ စွမ်းအားကြီးစေကာမူ ထိုအလင်းလွှာနှင့် ထိတွေ့သွားလျှင် လျှပ်စီးတန်းများကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလိမ့်မည်ဟု သူတို့ ခံစားနေရသည်။
‘ကြိတ်ကွာ...’
ထိုအခြေအနေအထိပင် ရောက်နေပြီဖြစ်၍ ကျန်းရီအတွက် ပြန်ဆုတ်စရာမြေ မရှိတော့ပေ။ သူသည် မေ့ရူထံသို့ အတွေးပို့လွှတ်လိုက်၏။ မေ့ရူက ရုတ်ခြည်း အရှေ့သို့ ထွက်သွားပြီး ရှင်းမို၏ မူလစိတ်ဝိညာဉ်ထံသို့ မြူခိုးနက်များ ထုတ်လွှတ်လိုက်သည်။ ကျန်းရီသည် အလင်းလွှာ၏ စွမ်းအားကို စမ်းသပ်ကြည့်လိုခြင်းပင်။
ရွှစ်...ရွှစ်...
အလင်းလွှာက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ မြူခိုးနက်များက အလင်းလွှာအနီးသို့ ရောက်သွားသည်နှင့် လျှပ်စီးတန်းများက စတင် လင်းလက်လာကြသည်။ အနားသို့ ရောက်လာသော မြူခိုးနက်အားလုံး ရုတ်ခြည်း လွင့်ပြယ်သွားသည်။ မြူခိုးနက်များသည် အလင်းလွှာကို ဖောက်နိုင်ရန် မဆိုထားနှင့် အနားသို့ပင် မကပ်နိုင်ကြချေ။
“သတ်...”
ဤတစ်ခေါက်တွင် မေ့ရူကို အားကို၍ ရတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီသည် သူ၏ မီးနဂါးဓားလေးကို အလင်းလွှာဆီ ပျံသန်းသွားစေလိုက်သည်။ အကယ်၍ မီးနဂါးဓားလေးက အလင်းလွှာကို မဖျက်ဆီးနိုင်လျှင် ကျန်းရီ သေရပေလိမ့်မည်။
ဝုန်း... ရွှစ်...ရွှစ်...
မီးနဂါးဓားလေးက အလင်းလွှာကို ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။ အလင်းလွှာက လင်းလက်သွားသော်လည်း ပွင့်ထွက်မသွားပေ။ တစ်စက္ကန့်အတွင်း လျှပ်စီးတန်းများက ရှေ့ထွက်လာကာ မီးနဂါးဓားလေးထဲသို့ ဝင်သွားသည်။ ကျန်းရီ၏ စိတ်ဝိညာဉ်တစ်ခုလုံး ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
သို့သော် ထိုအခိုက်တွင် မီးနဂါးဓားလေးပေါ်၌ မီးနဂါးသုံးကောင် ကူးခတ်လာသည်။ ကျန်းရီ၏ မူလစိတ်ဝိညာဉ်က အတန်ငယ် လင်းလက်လာလေသည်။ ခံစားနေရသော နာကျင်မှုကလည်း လျော့နည်းသွားသည်။ ကျန်းရီသည် ရူးသွပ်လာ၏။ သူသည် အခြားမည်သည့်အရာကိုမှ အရေးမစိုက်ရန် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။ သူသည် မီးနဂါးဓားလေးကို အာရုံစိုက်ကာ အလင်းလွှာကို ထပ်မံ တိုက်ခိုက်စေလိုက်သည်။ အလင်းလွှာအတွင်းရှိ လျှပ်စီးတန်းများက သူ၏မူလစိတ်ဝိညာဉ်ကို မဖျက်ဆီးသေးဿ သူ တိုက်ခိုက်မှုကို ရပ်မည် မဟုတ်ပေ။
နှစ်ကြိမ်၊ ဆယ်ကြိမ်... ဆယ့်ငါးကြိမ်...
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းရီသည် အလင်းလွှာကို ဆယ့်ငါးကြိမ် တိုက်ခိုက်လိုက်သည်။ သူ၏မူလစိတ်ဝိညာဉ်ကလည်း အကြိမ်အနည်းငယ် ပြန်တိုက်ခိုက်ခံရသည်။ မီးနဂါးသုံးကောင်ကသာ နာကျင်မှုကို လျှော့ချပေးမနေလျှင် ကျန်းရီသည် အမှန်တကယ် ရူးသွပ်သွားလောက်ပေပြီ။
နောက်ဆုံးတွင် အလင်းလွှာပေါ်၌ အက်ကြောင်းလေးများ ထွက်ပေါ်လာသည်။
သို့သော် မီးနဂါးဓားလေးက ခြစ်ရာပင် မထင်သေးပေ။ ၎င်းက အလွန်ခိုင်မာပေသည်။ ကျန်းရီနှင့် မေ့ရူတို့သည် မျှော်လင့်ချက် ပြန်ရှိလာကြ၏။ မေ့ရူသည်လည်း အဆိပ်ငွေ့များ ထုတ်လွှတ်ကာ အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ သူမတို့နှစ်ယောက်သည် အလင်းလွှာကို ဖျက်ဆီးကာ ရှင်းမို၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားနေကြသည်။
“ဆက်တိုက်”
ကျန်းရီက အတွေးဖြင့် အမိန့်ပေးလိုက်ရာ မီးနဂါးဓားလေးက အလင်းလွှာကို အဆက်မပြတ် ဝင်တိုက်လေသည်။ မရူးသွပ်လျှင် မရှင်သန်နိုင်။ ကျန်းရီသည် ချောင်ပိတ်ခံနေရပြီဖြစ်၍ မနိုင်လျှင် သေရမည်ဖြစ်ကြောင်း သိပေသည်။
ဝုန်း...
ကျန်းရီ၏ အခြေအနေက အလွန်မရေရာပေ။ သို့သော် အပြင်ဘက်မှ အခြေအနေက ပိုဆိုးနေသည်။ ယဉ်ဧကရာဇ်နှင့် ညဧကရီတို့က သူတော်စင်အင်ပါယာကို စက္ကန့်ပိုင်းမျှ တားနိုင်အောင် ကြိုးစားခဲ့ကြသည်။ သို့သော် သူတော်စင်အင်ပါယာက သူတို့နှစ်ယောက်စလုံးကို လက်သီးဖြင့်ထိုးကာ လွင့်ပျံထွက်သွားစေလိုက်သည်။ လက်သီးချက်ကြောင့် သူတို့၏ ရင်ဘတ်များက ချိုင့်ဝင်သွားပြီး အရိုများ အက်သွားကြသည်။ သူတို့ သေလုမြောပါး ဒဏ်ရာရသွားပေပြီ။
“သခင်လေး...”
နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာသည်။ ကျန်းရှောင်နူသည် ဒဏ်ရာများ ရထားသော်လည်း လျှပ်စီးတန်းတစ်တန်းအလား သူတော်စင်အင်ပါယာထံသို့ ပျံသန်းသွားလိုက်သည်။ သူတော်စင်အင်ပါယာက ကျန်းရီအနားသို့ ရောက်သွားလျှင် အကျိုးဆက်ကို တွေးကြည့်၍ပင် ရနိုင်တော့မည် မဟုတ်ကြောင်း သူမသိပေသည်။ ထို့ကြောင့် သူမသည် အပြင်းအထန် ဒဏ်ရာရထားသော်လည်း သူတော်စင်အင်ပါယာကို တားရန် အသည်းအသန် ပျံသန်းသွားလိုက်ခြင်းပင်။
“ကျောက်တောင်ကို ဆီးစေ့နဲ့ ပေါက်နေတာပဲ”
ဗုဒ္ဓဧကရာဇ်က အပျက်အစီးများကြားမှ ဒယိမ်းဒယိုင်ဖြင့် ပြန်ထွက်လာသည်။ သူသည် သွေးများရွှဲနေသော ကျန်းရှောင်နူကို ကြည့်ကာ ခေါင်းခါလိုက်သည်။ ထို့နောက် သူသည် ကျန်းရီကို ဆက်ကြည့်ကာ ဆန်းကြယ်မှုတစ်ခု ဖြစ်ပေါ်လာစေရန် မျှော်လင့်လိုက်သည်။ ညဧကရီနှင့် ယဉ်ဧကရာဇ်တို့က သေလုမြောပါး ဒဏ်ရာရထားသော်လည်း အင်အားပူးပေါင်းကာ ပတ်ဝန်းကျင်မှ ခက်ထန်သူရဲကောင်းများကို လွင့်ပျံထွက်သွားအောင် တိုက်ခိုက်နေကြသည်။ သူတို့သည်လည်း ကျန်းရီကို လှမ်းကြည့်လိုက်သည်။ ကျန်းရီသာ ရှင်းမိုကို မထိန်းချုပ်နိုင်လျှင် သူတို့အားလုံး သေရပေလိမ့်မည်။
ဝုန်း...
ထိုအခိုက်တွင် ရှင်းမို၏ စိတ်ဝိညာဉ်ကို ကာရံထားသော အလင်းလွှာက ပွင့်ထွက်သွားလေသည်။ ရွှေရောင်ချိပ်စည်းလေးသည်လည်း တဖြည်းဖြည်း မှေးမှိန်လာပြီး နောက်ဆုံး အလင်းပျောက်ကွယ်သွားတော့သည်။ စိတ်ဝိညာဉ်ကာကွယ် မူလရတနာက အစွမ်းကုန် သွားပေပြီ။ ယခုတွင် ရှင်းမို၏ မူလစိတ်ဝိညာဉ်က အကာအကွယ်မဲ့သွားပြီဖြစ်သည်။ ယင်းမှာ အဝတ်ကင်းမဲ့သွားသော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ ကျန်းရီနှင့် မေ့ရူတို့ရှေ့တွင် အားနွဲ့သွားပေပြီ။
“ဟုတ်ပြီ”
မေ့ရူ၏ မျက်လုံးများ အရောင်လက်လာသည်။ ရုတ်ခြည်းပင် သူမသည် ရှင်းမို၏ မူလစိတ်ဝိညာဉ်ထံသို့ မြူခိုးနက်များ ထုတ်လွှတ်လိုက်သည်။ ကျန်းရီသည်လည်း သူ့စိတ်ဝိညာဉ်၏ နာကျင်မှုများကို မေ့လျော့သွားပြီး စိတ်တက်ကြွလာကာ မီးနဂါးဓားလေးကို ထိန်းချုပ်၍ ရှင်းမို၏ မူလစိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်သည်။ မေ့ရူက ရှင်းမိုကို ထိန်းချုပ်နိုင်အောင် သူ ကူညီပေးရပေမည်။
သို့သော်...
ကျန်းရီ၏ အပျော်က တဒင်္ဂပင် မခံလိုက်ချေ။
ရှင်းမို၏ မူလစိတ်ဝိညာဉ်မှနေ၍ မြူခိုးနက်များ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုမြူခိုးနက်များထဲတွင် မိစ္ဆာဆန်သော အေးစက်စက် အရှိန်အဝါတစ်ခု ပါသည်။ ကျန်းရီသည် ထိုမြူခိုးနက်ကို ယခင်က တွေ့ခဲ့ဖူးသည်။ ယင်းမှာ တမလွန်လောကမှ ဖုတ်ကောင်အရှိန်အဝါပင်။ သို့သော် ယခု သူ့ရှေ့ရှိ မြူခိုးနက်များက တမလွန်လောကရှိ မြူခိုးနက်များထက် အဆသောင်းချီပို၍ ကြောက်မက်ဖွယ်ကောင်းနေပေသည်။
“အား...”
မေ့ရူ၏ မြူခိုးနက်များက ထိုဖုတ်ကောင်အရှိန်အဝါ၏ ဝါးမျိုးမှုကို ရုတ်ခြည်း ခံလိုက်ရသည်။ မေ့ရူသည်လည်း နာကျင်တကြီး အော်လိုက်သည်။ ထို့နောက် မေ့ရူ၏ လူသားအသွင်သည် လျင်မြန်စွာ ပြာကျသွားသည်။
“ပြေးတော့...”
ကျန်းရီသည် သေလောက်အောင် ကြောက်ရွံ့သွားသည်။ သူသည် ချက်ချင်းပင် မီးနဂါးဓားလေးကို ထိန်းချုပ်၍ ရှင်းမို၏ စိတ်ဝိညာဉ်ပင်လယ်ထဲမှ ပြန်ထွက်သွားစေလိုက်သည်။ ထိုအခိုက်တွင် သူ မျှော်လင့်ချက်ကုန်ဆုံးသွားပေပြီ။ ရှင်းမို၏ စိတ်ဝိညာဉ်က အလွန်သန်မာလွန်းသည်။ ၎င်းက ပြိုင်ဘက်ကင်းပင်။ မေ့ရူက အသတ်ခံလိုက်ရပေပြီ။ သို့ဖြစ်ရာ သူ ရှင်းမိုကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။
ဝုန်း...
မီးနဂါးဓားလေးက သူ၏ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် ကျန်းရီ မျက်လုံးဖွင့်လိုက်သည်။ ထိုအခိုက်တွင် သူတော်စင်အင်ပါယာက ကျန်းရှောင်နူကို လွင့်ထွက်သွားအောင် ထိုးလိုက်ကြောင်း သူ မြင်လိုက်သည်။ ထို့နောက် သူတော်စင်အင်ပါယာသည် သူ့ထံသို့ ပြေးလာကာ ထိုးချလိုက်လေသည်။ လူသားဦးခေါင်းတစ်လုံးစာလောက် ကြီးသော သူတော်စင်အင်ပါယာ၏ လက်သီးက ကျန်းရီ၏ ခေါင်းနားသို့ ကပ်လာလေလေ၊ ပိုကြီးလာလေလေပင်။
“ပြီးသွားပြီ...”
ကျန်းရီ မျက်လုံးမှိတ်ကာ လက်လျှော့လိုက်သည်။ သူ ဆက်၍ ရုန်းကန်မနေလိုတော့ပေ။ ရန်သူ၏ စွမ်းအားက သူ မျှော်လင့်ထားသည်ထက် များစွာပိုကြီးနေသည်။ သူသည် ခြင်္သေ့ရှေ့မှ သိုးငယ်လေးတစ်ကောင်ကဲ့သို့ ခံစားနေရသည်။ သူ မည်သို့ကြိုးစားပါစေ ခြင်္သေ့၏ လက်သည်များမှ လွတ်နိုင်မည် မဟုတ်ပေ။
ဝုန်း..
ပေါက်ကွဲသံခပ်အုပ်အုပ် ထွက်ပေါ်လာသည်။ ကျန်းရီသည် သူ၏ဦးခေါင်းက ပေါက်ကွဲထွက်သွားသည်ကို ကြားလိုက်ရခြင်းဟု တွေးလိုက်၏။ သို့သော် သူ မည်သည့်နာကျင်မှုကိုမှ မခံစားလိုက်ရသည်။ မည်သည့် စွမ်အားကြီးအဟုန်ကိုမှလည်း မခံစားလိုက်ရပေ။
ထို့ကြောင့် ကျန်းရီသည် နားမလည်နိုင်ဟန်ဖြင့် မျက်လုံးဖွင့်ကြည့်လိုက်၏။ ရှင်းမို၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်ထွက်သွားပြီး ရှင်းမို၏ ဦးခေါင်းက ပေါက်ထွက်သွားခြင်းဖြစ်ကြောင်းကို သူ တွေ့လိုက်ရသည်။ ဦးနှောက်အပိုင်းအစများနှင့် သွေးများက လေထဲတွင် လွင့်ပျံနေသည်။
“အာ...”
ထိုနေရာရှိ လူအားလုံး အံ့အားသင့်သွားကြသည်။ ဗုဒ္ဓဧကရာဇ်၊ ယဉ်ဧကရာဇ်နှင့် ညဧကရီတို့သည်ပင် ဆွံ့အသွားသည်။ သူတော်စင်အင်ပါယာ၏ လက်သီးချက်က ကျန်းရီ၏ ခေါင်းကို ထိုးလိုက်ခြင်းမဟုတ်ဘဲ ရှင်းမို၏ ခေါင်းကို ထိုးလိုက်ခြင်းပင်။
သူ... လွဲသွားခြင်းလော။
***