အရှင်ငယ်
Vol. 90 Ch. 1244
သူတော်စင်အင်ပါယာက စွမ်းအားကြီးသူတစ်ယောက်ဖြစ်သည်။ သူ၏လက်သီးချက်က ယင်ကောင်တစ်ကောင်ကိုပင် မလွဲနိုင်ပေ။
သူတော်စင်အင်ပါယာ၏ ဆက်လက်လုပ်ဆောင်မှုများကလည်း သူ လွဲသွားခြင်း မဟုတ်ကြောင်း သက်သေပြနေသည်။ သူသည် ဧရာမခြေထောက်ကြီးကို မြှောက်၍ ရှင်းမိုကို မြေကြီးထဲ နစ်ဝင်သွားအောင် နင်းချလိုက်သည်။
ဝုန်း...
မြေပြင်က အက်ကွဲသွားပြီး ရှင်းမို၏ ကိုယ်အပေါ်ပိုင်းက မြေကြီးထဲ နစ်ဝင်သွားသည်။ သူ၏ ခြေထောက်များသာ မြေပြင်ပေါ်တွင် ကျန်ခဲ့သည်။ သူ့ခန္ဓာကိုယ်သည် ပုံပျက်ပန်းပျက်ဖြစ်ကာ လုံးဝ ဖျက်ဆီးခံလိုက်ရပေပြီ။
နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ယဉ်ဧကရာဇ်၊ ညဧကရီနှင့် အခြားသူများထံ ပြေးသွားနေသော မျိုးနွယ်စုခေါင်းဆောင်များနှင့် အခြားလူရိုင်းများက မှင်တက်သွားပြီး နားမလည်နိုင်ဟန်ဖြင့် သူတော်စင်အင်ပါယာကို ကြည့်လိုက်ကြသည်။ ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများလည်း အံ့အားသင့်နေကြသည်။ သူတို့သည် အဘယ်ကြောင့် သူတော်စင်အင်ပါယာက ရုတ်တရက်ကြီး ရူးသွပ်သွားပြီး ရှင်းမိုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မသိကြပေ။
ရွှစ်...ရွှစ်...
ထိုစဉ်တွင် ထူးဆန်းသောအရာ နောက်တစ်ခု ဖြစ်ပေါ်လာသည်။ သူတော်စင်အင်ပါယာ၏ ခြေထောက်အောက်မှနေ၍ မြူခိုးနက်များ ထွက်လာပြီး လေထဲသို့ ပျံတက်သွားကာ ရှင်းမို၏ ပုံစံအဖြစ် စုစည်းသွားသည်။ ရှင်းမိုက သူတော်စင်အင်ပါယာကို ဒေါသတကြီးကြည့်ကာ အော်ပြောလိုက်သည်။
“လုံချူ... မင်းက ငါ့ရဲ့ရုပ်ခန္ဓာကို ဖျက်ဆီးရဲတယ်လား။ တစ်နေ့ကျရင် ငါ စစ်တပ်ကို ဦးဆောင်ပြီး မင်းရဲ့ သေမင်းကုန်းမြေကို ဖျက်ဆီးပစ်မယ်”
ဝှစ်...
ရှင်းမို၏ ပုံရိပ်သည် စကားပြောပြီးနောက် မြူခိုးနက်များ ပြန်ဖြစ်သွားကာ ကောင်းကင်ထက်သို့ တက်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
“သူက ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရပေမယ့် အသက်ရှင်နေတုန်းလား”
ကျန်းရီနှင့် မရေမတွက်နိုင်သော လူရိုင်းများ အံ့အားသင့်သွားကြသည်။ သို့သော် ယဉ်ဧကရာဇ်နှင့် ညဧကရီတို့က တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်သည်။ ဗုဒ္ဓဧကရာဇ်ကလည်း တီးတိုးရေရွတ်လိုက်သည်။
“အဲ့မိုအဘိုးကြီးရဲ့ နတ်ဘုရားဝိညာဉ်က နတ်ဘုရားလိပ်ပြာအဆင့်ကို ရောက်နေပြီထင်တယ်။ ငါတို့ သူ့ရဲ့ နတ်ဘုရားလိပ်ပြာကို မဖျက်ဆီးနိုင်ရင် သူက တခြားခန္ဓာကိုယ်တစ်ခုကို ရှာပြီး အဲ့ခန္ဓာကိုယ်ထဲမှာ ရှင်သန်နိုင်လိမ့်မယ်”
ဝုန်း...ဝုန်း...ဝုန်း...
သူတော်စင်အင်ပါယာက ထပ်မံလှုပ်ရှားလိုက်ပြီး ကျန်းရီဆီ ဦးတည်လိုက်သည်။ ကျန်းရီနှင့် အခြားသူများ လန့်သွားကြသည်။ ရှင်းမို၏ ရုပ်ခန္ဓာက ဖျက်ဆီးခံလိုက်ရပြီဖြစ်သော်လည်း သူတောင်အင်ပါယာက ကျန်းရီကို သတ်လိုမည်ဆိုလျှင် အလွယ်တကူ သတ်နိုင်ဦးမည်ဖြစ်သည်။ ကျန်းရီသေသွားလျှင် ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများလည်း သေဆုံးရပေလိမ့်မည်။
ဒုတ်...
သို့သော် သူတော်စင်အင်ပါယာက မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ဦးညွှတ်ကာ အော်ပြောလိုက်သည်။
“လုံချူ အရှင်ငယ်ကို အရိုအသေပေးပါတယ်”
“အရှင်ငယ်တဲ့လား...”
ကျန်းရီသည် အဝေးရှိ ဗုဒ္ဓဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ယောက်စလုံး နားမလည်နိုင်ဖြစ်နေကြသည်။ ယဉ်ဧကရာဇ်နှင့် ညဧကရီတို့မှာလည်း ထို့အတူပင်။ သူတော်စင်အင်ပါယာက ကျန်းရီအရှေ့တွင် ဒူးထောက်ကာ ကျန်းရီကို အရှင်ငယ်ဟု ခေါ်နေသည်လော။ ကျန်းရီ၏ အဖေက သူတော်စင်အင်ပါယာ၏ ဆရာသခင်လော။
“အရှင်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်”
သူတော်စင်အင်ပါယာက ဒူးထောက်လိုက်ပြီဖြစ်၍ အခြားလူရိုင်းများသည် မည်သည်များ ဖြစ်ပျက်နေသည်ကို မသိသော်လည်း ခပ်သွက်သွက် ဒူးထောက်ကာ အော်၍ နှုတ်ဆက်လိုက်ကြသည်။ သေမင်းကုန်းမြေတွင် သူတော်စင်အင်ပါယာက ဩဇာအာဏာအရှိဆုံးသူ ဖြစ်သည်။ သူက အားလုံးကို သေရန် အမိန့်ပေးမည်ဆိုလျှင်ပင် မည်သူကမှ တုံ့ဆိုင်းနေမည် မဟုတ်ချေ။
“ဂလု..ဂလု...”
ကျန်းရီသည် တံတွေး နှစ်ကြိမ်မျိုချလိုက်ပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်လာအောင် လုပ်လိုက်သည်။ အတော်ကြာမှ သူ မေးသည်။
“အာ... ခင်ဗျား လူမှားနေတာလား”
သူတော်စင်အင်ပါယာက ခေါင်းမော့ကာ ကျန်းရီ၏ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို အေးစက်စက်မျက်ဝန်းများဖြင့် ကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
“အရှင်ငယ်က ဆရာ့ရဲ့ နတ်ဘုရားချပ်ဝတ်ကို ဝတ်ထားပါတယ်။ ဘယ်လိုလုပ် လူမှားနိုင်မှာပါလဲ။ ဒီကုန်းမြေပေါ်က ပထမသူတော်စင်အင်ပါယာကို ကျွန်တော်တို့က သူတော်စင်အရှင်လို့ ခေါ်ကြပါတယ်။ သူတော်စင်အရှင်က လွန်ခဲ့တဲ့ နှစ်ပေါင်းခုနစ်သိန်းကျော်တုန်းက ဒီကုန်းမြေပေါ်ကို ရောက်လာခဲ့တာပါ။ သူက ဆန်းကြယ်ဧကရာဇ်ဆိုတဲ့ နာမည်ကို သုံးပါတယ်”
“ဆန်းကြယ်ဧကရာဇ်”
နောက်ဆုံးတွင် ကျန်းရီနှင့် အခြားသူများ နားလည်သွားပေပြီ။ ဆန်းကြယ်ဧကရာဇ်က ဤဆန်းကြယ်နယ်မြေထဲသို့ ဝင်လာခဲ့ပြီး ပထမဆုံး သူတော်စင်အင်ပါယာ ဖြစ်ခဲ့ခြင်းပင်။ ကျန်းရီက ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် သူတော်စင်အင်ပါယာက မှတ်မိသွားခြင်းဖြစ်သည်။ ထို့နောက်တွင် ဆက်ဖြစ်ခဲ့သည့် အရာများကို နားလည်ရန်မှာမူ လွယ်သွားပေပြီ။
သို့သော် မေးခွန်းအချို့တော့ ကျန်သေးပေသည်။ ဥပမာ အဘယ်ကြောင့် သူတော်စင်အင်ပါယာက အစကတည်းက ရှင်းမိုကို တိုက်ခိုက်ရန် နည်းလမ်းမရှာခဲ့ဘဲ ဗုဒ္ဓဧကရာဇ်၊ ယဉ်ဧကရာဇ်၊ ညဧကရီနှင့် ကျန်းရှောင်နူတို့ကို ဒဏ်ရာရသွားအောင် လုပ်ခဲ့ရသနည်း။ အကယ်၍ ဗုဒ္ဓဧကရာဇ်က ဒဏ်ရာမရခဲ့ဘဲ သူတို့အားလုံး အင်အားပူးပေါင်းကာ ရှင်းမိုကို တိုက်ခဲ့လျှင် အောင်မြင်နိုင်မည့် ရာခိုင်နှုန်းက ပိုများမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ...
အနည်းဆုံးတော့ အားလုံး ရှင်သန်ခဲ့သည်။ ယခုတွင် ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်ကို ပို၍ကျေးဇူးတင်နေပေပြီ။ သူသည် အမှန်ပင် ခေတ်အဆက်ဆက်၏ ဧကရာဇ်ပင်။ သူ၏ဒဏ္ဍာရီများက နေရာအနှံ့တွင် ပျံ့နှံ့နေသည်။ ကျန်းရီတွင် ဆက်မေးနေရန် အချိန်မရှိပေ။ သူသည် လေထဲတွင် ဝဲနေသော ရှင်းမို၏ ဒိုင်းတံဆိပ်ပြားကို သိမ်းလိုက်သည်။ ၎င်းက နတ်ဘုရားအသုံးအဆောင်တစ်ခု မဟုတ်ပါလော။
ထို့နောက်တွင် ကျန်းရီသည် ကျန်းရှောင်နူဘေးသို့ သွားလိုက်ပြီး သူမကို အားဖြည့်ဆေးလုံးနှစ်လုံး တိုက်၍ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ပြန်ပို့ပေးလိုက်သည်။ ပြီးမှ သူသည် ယဉ်ဧကရာဇ်၊ ရွှမ်ဧကရာဇ်၊ ညဧကရီနှင့် အခြားသူများဆီ သွား၍ တူညီသော အားဖြည့်ဆေးလုံးများ ပေးလိုက်သည်။ နောက်ဆုံးတွင် သူ ဗုဒ္ဓဧကရာဇ်ဆီ သွားလိုက်လေသည်။
သူတော်စင်အင်ပါယာကလည်း လူရိုင်းများအား တိုက်ပွဲပြင်ကို ရှင်းလင်းရန်နှင့် ဒဏ်ရာရသူများကို ကုသပေးရန် အမိန့်ပေးလိုက်သည်။ မေ့ရူက သေသွားပြီဖြစ်၍ သူမ၏ ဝိညာဉ်ကျွန်အားလုံးလည်း သေသွားသည်။ အလှပဂေးလေးနှစ်ယောက် ဖြစ်သော ဝူရှင်းအာနှင့် ဝူချွယ်အာတို့မှာ အစောက တိုက်ပွဲထဲတွင်ပင် သေသွားခဲ့ပြီးဖြစ်သည်။ ယခုတွင် သူမတို့က အသားတုံးများသာ ဖြစ်နေပေပြီ။
ကျန်းရီသည် ဒဏ်ရာရသူများကို ဆေးလုံးများ ပေးပြီးနောက် အခြားသူများနှင့်အတူ သူတော်စင်အင်ပါယာနောက်သို့ လိုက်သွားလိုက်သည်။ သူတို့သည် တိုက်ပွဲတွင် ဖျက်ဆီးမခံလိုက်ရသော ရဲတိုက်တစ်ခုထဲသို့ ဝင်သွားကြသည်။ သူတော်စင်အင်ပါယာက လျှို့ဝှက်စက်ခလုတ်ကို လက်ဝါးဖြင့် ရိုက်လိုက်ရာ အလယ်ခန်းမထဲတွင် လျှို့ဝှက်ခန်းတစ်ခန်း ပေါ်လာသည်။ သူက အားလုံးကို ထိုအခန်းထဲသို့ ခေါ်သွားသည်။
“ဆန်းကြယ်ဧကရာဇ်”
အခန်းထဲသို့ ဝင်လိုက်သည်နှင့် ကျန်းရီတို့၏ မျက်လုံးများ အရောင်လက်သွားကြသည်။ ထိုအခန်းထဲရှိ ရုပ်တုက ဆန်းကြယ်ဧကရာဇ်နှင့် တစ်ပုံစံတည်း တူပေသည်။ သူတော်စင်အင်ပါယာက ဒူးထောက်ကာ ဆန်းကြယ်ဧကရာဇ်၏ရုပ်တုကို အရိုအသေပေးသည်။ ကျန်းရီနှင့် အခြားသူများလည်း ဒူးထောက်ကာ အရိုအသေးပေးလိုက်ကြသည်။ ညဧကရီနှင့် ယဉ်ဧကရာဇ်တို့က အပြင်းအထန် ဒဏ်ရာရထားသော်လည်း လိုက်၍ ဒူးထောက်ကြသည်။ ဆန်းကြယ်ဧကရာဇ်က လူသားမျိုးနွယ်၏ သူရဲကောင်းဖြစ်သည်။ သူ၏ရုပ်တုကို မြင်သူတိုင်း ဒူးထောက်ရပေမည်။
“အရှင်ငယ်”
သူတော်စင်အင်ပါယာသည် ဆန်းကြယ်ဧကရာဇ်၏ ရုပ်တုကို အရိုအသေပေးပြီးနောက် ကျန်းရီကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“အရှင်ငယ်က သူတော်စင်အရှင်ရဲ့ ဆက်ခံသူပါ။ ကျေးဇူးပြုပြီးတော့ သူတော်စင်အင်ပါယာအဖြစ် နန်းတက်ပေးပါ။ လုံချူနဲ့ ကုန်းမြေတစ်ခုလုံးက အရှင်ငယ်ရဲ့ အမိန့်ကို နာခံကြမှာပါ”
“သူတော်စင်အင်ပါယာလား”
ကျန်းရီသည် လုံးဝ စိတ်မဝင်စားသဖြင့် အကြည့်လွှဲလိုက်သည်။ ထို့နောက် လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“လုံချူ... ခင်ဗျားက ဒီနတ်ဘုရားချပ်ဝတ်ကို မြင်မြင်ချင်း မှတ်မိမှတော့ ဘာလို့ ကျွန်တော်တို့နဲ့ တန်းပူးပေါင်းပြီး ရှင်းမိုကို အစကတည်းက မသတ်ရတာလဲ”
“အဟင်း...”
လုံချူက ခါးသက်သက် ပြုံးကာ ခေါင်းမော့၍ ပြောလိုက်သည်။
“အဲ့အဘိုးကြီးက ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ကို အဆိပ်ခတ်ထားခဲ့တာပါ။ အရှင်ငယ်သာ သူ့ရဲ့ စိတ်ဝိညာဉ်ကို မတိုက်ခိုက်ခဲ့ရင် ကျွန်တော့်ရဲ့ အဆိပ်က တစ်သက်လုံး ပြယ်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်လည်း ကိုယ့်စိတ်နဲ့ကိုယ် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး”
“အဲ့လိုကိုး...”
ကျန်းရီ၊ ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများသည် နောက်ဆုံးတွင် နားလည်သွားပေပြီ။ ရှင်းမိုက အမှန်ပင် စွမ်းအားကြီးသည်။ သူတော်စင်အင်ပါယာကဲ့သို့သော လူတစ်ယောက်ပင် သူ၏ ထိန်းချုပ်မှုကို ခံခဲ့ရသည်။ ကျန်းရီ၏ နောက်ဆုံးတိုက်ကွက်က ရှင်းမို၏ စိတ်ဝိညာဉ်ကို အပြင်းအထန် ထိခိုက်သွားအောင် မလုပ်နိုင်ခဲ့သော်လည်း တစ်နည်းနည်းဖြင့် သူတော်စင်အင်ပါယာက ရှင်းမို၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားခဲ့သည်။
ဝဋ်ဆိုသည်မှာ လည်တတ်ပေသည်။ မိမိ၏ မကောင်းမှုများအတွက် တစ်နေ့နေ့တွင် အပြစ်ပေးခံရမည်ဖြစ်သည်။ လောကကြီး၏ စည်းမျဉ်းမှာ ထိုအတိုင်းပင်။
ကျန်းရီသည် ဆန်းကြယ်ဧကရာဇ်ရုပ်တုကို ကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ထို့နောက် သူ မေးလိုက်သည်။
“လုံချူ... အတိတ်တုန်းက ဆန်းကြယ်ဧကရာဇ်က ဒီဆန်းကြယ်နယ်မြေထဲမှာ ဘယ်လောက်ကြာကြာ နေခဲ့လဲ။ နောက်ဆုံးကျ သူ ဘယ်လိုပြန်ထွက်သွားခဲ့တာလဲ။ ပြီးတော့ ရှင်းမိုရဲ့ ရုပ်ခန္ဓာက ဖျက်ဆီးခံလိုက်ရပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ် သူ့ရဲ့ စိတ်ဝိညာဉ်က လွတ်မြောက်သွားနိုင်တာလဲ။ သူ့ရဲ့ စိတ်ဝိညာဉ်က ဒီနေရာကနေ ထွက်သွားပြီလား”
လုံချူက တွေးတော၍ ပြန်ဖြေသည်။
“သူတော်စင်အရှင်က ဒီမှာ တစ်နှစ်လောက် နေခဲ့ပါတယ်။ အဲ့တုန်းက ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက မိစ္ဆာတွေကြောင့် ဒီနေရာကို ထွက်ပြေးလာခဲ့ရတာပါ။ အတိတ်တုန်းက ဒီနေရာရဲ့ အခြေအနေတွေက အရမ်းဆိုးဝါးခဲ့ပါတယ်။ ဒီနယ်မြေထဲမှာ ဘာစွမ်းအင်မှ မရှိလို့ လူသားတွေအတွက် အခြေချနေထိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ သူတော်စင်အရှင်က ဒီကလူသားတွေကို အပြင်ကို ပြန်ခေါ်ချင်ခဲ့တာပါ။ ဒါပေမဲ့ ဒီကလူတွေက အပြင်လောကထဲမှာ ဆက်ပြီးဒုက္ခတွေ မခံစားချင်တော့လို့၊ မိစ္ဆာတွေရဲ့ လိုက်သတ်တာကို ထပ်မခံချင်တော့လို့ ဒီထဲမှာပဲ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်...”
“အဲ့ဒါနဲ့ သူတော်စင်အရှင်လည်း ဒီမှာ စွမ်းအင်တွေကို စုစည်းနိုင်မယ့် အစီအရင်တစ်ခု တည်ဆောက်ပေးခဲ့ပါတယ်။ သူတော်စင်အရှင်ကြောင့်သာ မဟုတ်ရင် ဒီနေရာက လူသားတွေက အတိတ်မှာကတည်းက သေပြီးနေပါပြီ။ သူတော်စင်အရှင်က ဘယ်လို ပြန်ထွက်သွားခဲ့တာလဲဆိုတော့... ကျွန်တော်တို့ရဲ့ မှတ်တမ်းတွေအရ သူက ကောင်းကင်ထက်သို့ တည့်တည့်မတ်မတ်ကြီး ပျံတက်သွားခဲ့တယ်လို့ သိရပါတယ်။ နောက်တော့ ကောင်းကင်ထက်မှာ အက်ကြောင်းတစ်ခု ပေါ်လာပြီး သူလည်း ပျောက်ကွယ်သွားပါတယ်။ မိုအဘိုးကြီးရဲ့ ကိစ္စကိုတော့ ကျွန်တော်လည်း နားမလည်ပါဘူး”
“ရှင်းမို့ရဲ့ စိတ်ဝိညာဉ်က ဆန်းကြယ်ဧကရာဇ်ရဲ့ အဆင့်ကို ရောက်နေတာ ဖြစ်လောက်တယ်”
ဗုဒ္ဓဧကရာဇ်က ဘေးမှ ဝင်ပြောလိုက်သည်။
“နတ်ဘုရားအစစ်အမှန်တစ်ပါးအဖြစ်ကို တက်လှမ်းနိုင်ဖို့ လိုအပ်ချက်သုံးခုရှိတယ်။ ပထမတစ်ခုက ကိုယ့်ရဲ့အတွင်းအာကို အဆုံးစွန်အဆင့်အထိ ကျင့်ကြံပြီး နတ်ဘုရားအမြုတေတစ်ခု ဖန်တီးရမယ်။ ဒုတိယလိုအပ်ချက်က ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန် သုံးခုကို ပေါင်းစည်းပြီး အထွတ်အထိပ်တာအိုပုံသဏ္ဌာန်တစ်ခုကို ဖန်တီးနိုင်ရမယ်။ တတိယကတော့ ကိုယ့်ရဲ့ နတ်ဘုရားဝိညာဉ်က နတ်ဘုရားလိပ်ပြာအဖြစ် ဆင့်ကဲပြောင်းလဲရမယ်။ ရှင်းမိုရဲ့ စိတ်ဝိညာဉ်က နတ်ဘုရားလိပ်ပြာ ဖြစ်နေပြီထင်တယ်...”
“အဲ့တော့ သူ့ရဲ့ နတ်ဘုရားလိပ်ပြာကို မဖျက်ဆီးနိုင်ရင် သူက ဘယ်တော့မှ သေမှာ မဟုတ်ဘူး။ သူက သင့်တော်တဲ့ ခန္ဓာကိုယ်တွေကို လိုက်ရှာပြီး ပူးကပ်ရှင်သန်နိုင်တယ်။ စိတ်ဝိညာဉ်တွေမှာက ဒြပ်ထည်ရယ်လို့ အတိအကျမရှိဘူး။ အဲ့တော့ ရုပ်ခန္ဓာအချုပ်အနှောင်တွေကို ဖောက်ထွက်နိုင်တယ်။ မိုအဘိုးကြီးက အခုဆို အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်သွားနေလောက်ပြီ...”
“အို့..အို့...”
ကျန်းရီသည် သူတော်စင်အင်ပါယာကို ကြည့်၍ သူ အသိလိုဆုံးအရာကို ထပ်မေးလိုက်သည်။
“လုံချူ... ခင်ဗျား ကျွန်တော်တို့ကို ဒီဆန်းကြယ်နယ်မြေ အပြင်ဘက်ကို ပို့ပေးနိုင်လား”
ဝူချွယ်အာသည် ဤနေရာမှ အာကာပြင်ကို ခိုင်မာစေသည့် ကောင်းကင်အစီအရင်တစ်ခုရှိ၍ မည်သူမှ အပြင်သို့ ပြန်မထွက်နိုင်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူတော်စင်အင်ပါယာပင် အပြင်သို့ ပြန်ထွက်နိုင်မည့် နည်းလမ်းကို မသိလျှင် သူတို့အားလုံး ဤနေရာမှာပင် အိုမင်းကာ သေဆုံးရပေလိမ့်မည်။
“ကျွန်တော် ပို့မပေးနိုင်ပါဘူး။ ဒီမှာ ကောင်းကင်အစီအရင်တစ်ခု ရှိနေပါတယ်။ ဘယ်သူမှ ပြန်မထွက်နိုင်ပါဘူး”
သူတော်စင်အင်ပါယာက ခေါင်းခါသည်။ ကျန်းရီနှင့် အခြားသူများ စိတ်ဓာတ်ကျသွား၏။ သို့သော် သူတော်စင်အင်ပါယာ ဆက်ပြောသော စကားက ကျန်းရီကို မျှော်လင့်ချက်ပြန်ရှိလာစေသည်။
“ဒါပေမဲ့... အရှင်ငယ်ကတော့ ခြွင်းချက်ပါ။ အဲ့ကောင်းကင်အစီအရင်က သူတော်စင်အရှင် ချန်ခဲ့တဲ့ဟာပါ။ သူတော်စင်အရှင်ရဲ့ နတ်ဘုရားချပ်ဝတ် ရှိနေတယ်ဆိုတော့.. အရှင်ငယ်ရဲ့ စွမ်းအားကိုသာ နည်းနည်းလောက် ထပ်မြှင့်နိုင်မယ်ဆိုရင် ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းရဲ့ ဥက္ကာပျံ သတ်ဖြတ်အစီအရင်ကို ခံနိုင်လောက်ပါတယ်”
***