ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်း
Vol. 90 Ch. 1245
“ဥက္ကာပျံ သတ်ဖြတ်အစီအရင်...”
ကျန်းရီ၊ ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများ၏ မျက်လုံးများ လင်းလက်သွားသည်။ မျှော်လင့်ချက်ရှိနေလျှင် ကြိုးစား၍ရသည်။ သူတော်စင်အင်ပါယာက အသေးစိတ် ရှင်းပြပြီးနောက်တွင် အားလုံး အခြေအနေကို နားလည်သွားလေသည်။
လွန်ခဲ့သော နှစ်ပေါင်းခုနစ်သိန်းကျော်က ဤဆန်းကြယ်နယ်မြေထဲတွင် မည်သည့် စွမ်းအင်မှ မရှိခဲ့ပေ။ ဆန်းကြယ်ဧကရာဇ်က ဧရာမ ကောင်းကင်အစီအရင်ကြီးတစ်ခု ဖန်တီး၍ ဟင်းလင်းပြင်ထဲမှ စွမ်းအင်များကို ဤနယ်မြေထဲသို့ ဆွဲယူခဲ့သည်။ ထိုကောင်းကင်အစီအရင်၏ အောက်တွင် စွမ်းအင်များ စုဝေးလာခဲ့သည်။ ထို့ကြောင့် ဤဆန်းကြယ်နယ်မြေထဲတွင် မိုးမြေအတွင်းအားက သိပ်သည်းနေခြင်းဖြစ်သည်။ ထိုမိုးမြေအတွင်းအား ရှိနေလျှင် သက်ရှိများက ရှင်သန်နိုင်ပေသည်။ သစ်ပင်များက အလွယ်တကူ ကြီးထွားလာနိုင်ပြီး သားရဲရိုင်းများလည်း သားပေါက်ကာ မျိုးပွားနိုင်သည်။ သို့ဆိုလျှင် ဤနေရာမှ လူသားများသည် အစာရှားပါးမှုကြောင့် ငတ်၍ မသေနိုင်တော့ပေ။
ကောင်းကင်အစီအရင်အောက်မှ မိုးမြေအတွင်းအားက အလွန်သိပ်သည်းသည်။ ထို့ကြောင့် ဤနေရာမှ သစ်ပင်များက အသိစိတ်ဝင်လာကြပြီး သားရဲရိုင်းများက အလွန်သန်မာလာခဲ့ခြင်းဖြစ်သည်။ ပင်လယ်ကလည်း ထူးခြားသော ကျောက်သားရဲများနှင့် အခြားသားရဲမျိုးစုံကို မွေးထုတ်လာနိုင်သည်။
ထို့ပြင် ဤနေရာတွင် နေထိုင်သော လူသားများကလည်း သန်မာလာခဲ့သည်။ ကလေးများက ထူးခြားသော စွမ်းအားများနှင့် မွေးဖွားလာကြသည်။ အရွယ်ရောက်လာသောအခါ သူတို့၏ အင်အား၊ အမြန်နှုန်းနှင့် ခံနိုင်ရည်တို့က ကောင်းကင်ဧကရာဇ်များနှင့်ပင် ယှဉ်နိုင်လာသည်။ ထို့ကြောင့် သူတို့သည် ဤနေရာမှ သားရဲရိုင်းများကို ကောင်းစွာ အမဲလိုက်နိုင်ကြသည်။
သို့သော် ကောင်းကင်အစီအရင်တွင်လည်း ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေသည်။ ကောင်းကျိုးများမှာ အထက်ဖော်ပြပါများ ဖြစ်ပြီး ဆိုးကျိုးများမှာ အာကာပြင်က အလွန်ခိုင်မာသွား၍ မည်သူမှ မပျံသန်းနိုင်တော့သလို မည်သူကမှလည်း ကောင်းကင်အစီအရင်ကို ဖောက်၍ အပြင်လောကသို့ ပြန်မထွက်နိုင်တော့ခြင်းဖြစ်သည်။ ဆန်းကြယ်ဧကရာဇ်က ၎င်းအချက်ကို ထည့်သွင်းစဉ်းစား၍ ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်း ချန်ထားခဲ့သည်။ အပြင်သို့ ထွက်လိုသူ၊ အရှေ့ဘက် တော်ဝင်နယ်မြေသို့ သွားလိုသူများသည် ထိုလမ်းကြောင်းကို ဖြတ်၍ သွားနိုင်သည်။
သို့သော် ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းက အလွန်အန္တရာယ်များသည်။ ထိုသို့အန္တရာယ်များအောင်လည်း ဆန်းကြယ်ဧကရာဇ်က တမင်လုပ်ခဲ့ခြင်းဖြစ်သည်။ လုံလောက်သော စွမ်းအားမရှိလျှင် မည်သူမှ ဤဆန်းကြယ်နယ်မြေထဲက မထွက်နိုင်ပေ။ ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းထဲတွင် ဥက္ကာပျံ သတ်ဖြတ်အစီအရင် ရှိသည်။ သူတော်စင်အင်ပါယာ၏ ခန္ဓာကိုယ်သည်ပင် ထိုအစီအရင်ကို မခံနိုင်ပေ။
ဆန်းကြယ်ဧကရာဇ်၏ ဆိုလိုရင်းက ရှင်းသည်။ လုံလောက်သော စွမ်းအားမရှိလျှင် အပြင်လောကသို့ မထွက်နိုင်ဘဲ ဤနယ်မြေထဲမှာသာ ဆက်နေရမည်။ အပြင်လောကတွင် စွမ်းအားကြီး သိုင်းပညာရှင်များစွာ ရှိသည်။ သို့ဖြစ်ရာ လုံလောက်အောင် မသန်မာဘဲ အပြင်လောကကို ယောင်လည်လည်နှင့် ထွက်သွားလျှင် ကိုယ့်သေလမ်းကိုယ်ရှာသလို ဖြစ်နေပေလိမ့်မည်။
“သူတော်စင်အင်ပါယာတောင် မခံနိုင်ဘူးလား”
ညဧကရီနှင့် ယဉ်ဧကရာဇ်တို့၏ မျက်နှာများ တည်သွားကြသည်။ သူတော်စင်အင်ပါယာ၏ ခံနိုင်ရည်နှင့် ပြန်လည်ကောင်းနိုင်စွမ်းက အလွန်အစွမ်းထက်သည်။ သူက ဗုဒ္ဓဧကရာဇ်ထက်ပင် ပိုစွမ်းအားကြီးသည်။ သို့ဖြစ်ရာ သူတော်စင်အင်ပါယာပင် မခံနိုင်လျှင် ကျန်းရီက ခံနိုင်ပါမည်လော။
သို့သော် ကျန်းရီတွင် ဆန်းကြယ်နတ်ဘုရားချပ်ဝတ် ရှိကြောင်း သူတို့ တွေးမိသွားသည်။ ထို့ပြင် သူက ရှင်းမို၏ ဒိုင်းတံဆိပ်ပြားကိုလည်း ရထားသည်။ ဥက္ကာပျံ သတ်ဖြတ်အစီအရင်က ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို အာရုံခံမိပြီး သတ်ဖြတ်မှုများကို အလိုလို ရပ်တန့်လိုက်နိုင်သည်။ သို့ဖြင့် ထိုနေရာရှိ လူအားလုံး ပြန်၍ မျှော်လင့်ချက် ရှိလာကြသည်။
“ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းက ဘယ်မှာပါလဲ။ ကျွန်တော့်ကို ကြည့်ခွင့်ပေးပါ”
ကျန်းရီသည် လုပ်စရာရှိသည်ကို မတုံ့ဆိုင်းဘဲ ချက်ချင်း လုပ်တတ်သူဖြစ်သည်။ သူ့တွင် ဆန်းကြယ်နတ်ဘုရားနန်းတော်ရှိ၍ အားလုံးကို နန်းတော်ထဲ ထည့်ထားနိုင်သည်။ သူ ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းကို ဖြတ်ကျော်ပြီးမှ သူတို့ကို ပြန်ထုတ်ပေးနိုင်သည်။
သူတော်စင်အင်ပါယာက ခေါင်းညိတ်လိုက်၏။ ကျန်းရီသည် ဗုဒ္ဓဧကရာဇ်တို့ကို ဒဏ်ရာများ ကုသရန် ပြောလိုက်ပြီး သူက သူတော်စင်အင်ပါယာနောက်သို့ လိုက်သွားလိုက်သည်။ သူတို့သည် သူတော်စင်အင်ပါယာမြို့မှ ထွက်လာကြပြီး မြောက်ဘက်ရှိ ဧရာမတောင်တစ်လုံးဆီသို့ သွားလိုက်ကြသည်။
“ဝူကန်း၊ ဝူချွယ်အာနဲ့ ဝူရှင်းအာတို့က ဒီနေရာအကြောင်းကို မသိကြဘူးလား”
ကျန်းရီသည် လမ်းတွင် သိလိုစိတ်ဖြင့် မေးလိုက်သည်။ သူတော်စင်အင်ပါယာက ခေါင်းခါကာ ပြောသည်။
“ဒီကုန်းမြေတစ်ခုလုံးမှာ ကျွန်တော်တစ်ယောက်ပဲ အဲ့အကြောင်းကို သိပါတယ်။ အဲ... မိုအဘိုးကြီးလည်း အဲ့အကြောင်းကို သိထားပါတယ်။ သူက တကယ်ကို ရက်စက်လွန်းပါတယ်။ အရှင်ငယ်ကြောင့်သာ မဟုတ်ရင် ကျွန်တော်ရဲ့ မြို့သူမြို့သားတွေနဲ့ ကျွန်တော်က ထာဝရ ကျွန်ဖြစ်နေတော့မှာပါ”
မြောက်ဘက်ရှိ ဧရာမတောင်ကြီးက အလွန်အန္တရာယ်များသည်။ သူတို့သည် တောင်ပေါ်သို့ စတက်သည်နှင့် သားရဲရိုင်းများစွာနှင့် ရင်ဆိုင်ရသည်။ ထိုသားရဲအားလုံးက အလွန်သန်မာကာ ခက်ထန်ကြသည်။ သို့သော် သူတော်စင်အင်ပါယာ ရှိနေ၍ ကျန်းရီသည် လက်တစ်ချောင်း မြှောက်ရန်ပင် မလိုခဲ့ပေ။ သူတော်စင်အင်ပါယာ၏ ရုပ်ခန္ဓာအင်အားက ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်နှင့်ပင် ယှဉ်နိုင်သည်။ သူ မည်သို့ ထိုအဆင့်အထိ ရောက်ခဲ့ကြောင်းမှာ စိတ်ဝင်စားစရာပင်။
တစ်နာရီကြာ သွားပြီးနောက် ကျန်းရီတို့သည် တောင်ထိပ်သို့ ရောက်သွားသည်။ သူတော်စင်အင်ပါယာက အရှေ့ရှိ တောင်ကမ်းပါးကို ညွှန်ပြကာ ပြောသည်။
“ဒီကနေ ခုန်ချသွားမယ်ဆိုရင် ဟင်းလင်းပြင်ရှေးဟောင်းခန်းမထဲကို ရောက်သွားလိမ့်မယ်။ ဒါပေမဲ့ ခုန်ချလိုက်ပြီဆိုတာနဲ့ ပြန်တက်လာနိုင်တော့မှာ မဟုတ်ဘူး။ အဲ့မှာ ဥက္ကာပျံ သတ်ဖြတ်အစီအရင်ကြောင့် အသတ်ခံလိုက်ရမလား ဒါမှမဟုတ် အပြင်ဘက်ကို တည်နေရာပြောင်းရွှေ့ခံလိုက်ရမလားဆိုတာပဲ ရှိတယ်။ လွန်ခဲ့တဲ့ နှစ်သိန်းကျော်လောက်က တော်တော်လေး သန်မာတဲ့ လူဆယ်ယောက်က ခုန်ချဖူးတယ်။ ဒါပေမဲ့ တစ်ယောက်မှ ပြန်မလာခဲ့ဘူး။ သူတို့က အထဲမှာ သေသွားတာလား ဒါမှမဟုတ် အပြင်ဘက်ကို ရောက်သွားတာလားဆိုတာကို ဘယ်သူမှ မသိဘူး”
“အာ...”
ကျန်းရီသည် အောက်ခြေမဲ့သော ချောက်နက်ကြီးကို လှမ်းကြည့်လိုက်၏။ တောင်ကမ်းပါး တစ်ဝိုက်တွင် တိမ်များလည်း ရစ်သိုင်းနေသည်။ ကျန်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ဆန်းကြယ်ဧကရာဇ်၏ စီစဉ်မှုများက အလွန်မတော်မတရားနိုင်သည်။ ကျန်းရီ ခုန်ချပြီးမှ အစီအရင်ကို မခံနိုင်ကြောင်း သိလိုက်ရလျှင် မည်သို့ လုပ်မည်နည်း။ ဆန်းကြယ်နတ်ဘုရားနန်းတော်က အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပြီး သူတို့အားလုံး အသတ်ခံလိုက်ရပေလိမ့်မည်။
“ဆန်းကြယ်ဧကရာဇ်က ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းကို ဖြတ်နိုင်ဖို့ ဘယ်အဆင့်ကို ရောက်နေရမယ်ဆိုတာမျိုး ပြောသွားခဲ့သေးလား”
ကျန်းရီသည် ချောက်နက်ကြီးကို ခေတ္တမျှ ကြည့်ပြီးနောက် ခေါင်းမော့၍ သူတော်စင်အင်ပါယာကို မေးလိုက်သည်။ သူတော်စင်အင်ပါယာက အလွန်အရပ်မြင့်ကာ ထွားကြိုင်း၍ ကျန်းရီသည် သူ့ကို စကားပြောလိုတိုင်း ခေါင်းမော့၍ ပြောရလေသည်။ သူတော်စင်အင်ပါယာ၏ အရှေ့တွင် ကျန်းရီသည် မွေးကင်းစကလေးငယ်တစ်ယောက်ကဲ့သို့ ခံစားနေရပေသည်။
သူတော်စင်အင်ပါယာက တွေးလိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်ပြောသည်။
“ကျွန်တော်သာ တော်ဝင်သားရဲဆယ်ကောင်ရဲ့ သွေးစွမ်းအင်ကို စုပ်ယူလိုက်မယ်ဆိုရင် ဥက္ကာပျံ သတ်ဖြတ်အစီအရင်ကို ခံနိုင်လောက်တယ်”
“တော်ဝင်သားရဲတွေရဲ့ သွေးစွမ်းအင်လား”
ကျန်းရီ မှင်တက်သွားပြီး ထပ်မေးလိုက်သည်။
“ဒီကုန်းမြေပေါ်မှာ တော်ဝင်သားရဲ ဆယ်ကောင် ရှိသေးရဲ့လား”
“ရှိပါတယ်”
သူတော်စင်အင်ပါယာက ယုံကြည်မှုရှိရှိ ပြန်ပြောသည်။
“ဒါပေမဲ့ အဲ့သားရဲတွေကို နောက်တက်မယ့် သူတော်စင်အင်ပါယာအတွက် ချန်ထားတာပါ။ အဲ့တော့ ကျွန်တော် သူတို့ကို သုံးမှာ မဟုတ်ပါဘူး။ အခုတော့ အရှင်ငယ် အပြင်ကို ပြန်ထွက်ဖို့က အဓိကဖြစ်နေတာပဲ။ အရှင်ငယ်သာ တော်ဝင်သားရဲ ဆယ်ကောင်ရဲ့ သွေးစွမ်းအင်ကို စုပ်ယူလိုက်မယ်ဆိုရင် အရှင်ငယ်ရဲ့ ရုပ်ခန္ဓာအင်အားက ကျွန်တော်နဲ့ သိပ်မကွာလောက်တော့ပါဘူး။ အဲ့အင်အားနဲ့ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ပေါင်းလိုက်ရင် အရှင်ငယ်က ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းကို အခက်အခဲမရှိ ဖြတ်ကျော်နိုင်လောက်ပါတယ်”
“အဲ့ဒါ... ကျွန်တော်က အဲ့လိုမျိုး ဘယ်လိုလုပ် လုပ်နိုင်မှာလဲ”
ကျန်းရီက နှာခေါင်းကုတ်၍ ပြောလိုက်သည်။
“ခင်ဗျားက ကျွန်တော့်ကို တော်ဝင်သားရဲ ဆယ်ကောင် ပေးမယ်ဆိုရင် နောက်တက်မယ့် သူတော်စင်အင်ပါယာက ဘယ်လိုလုပ်မလဲ”
“အဲ့ဒါက အရေးမကြီးပါဘူး”
သူတော်စင်အင်ပါယာက သူ၏ ဧရာမလက်ကြီးကို ဝှေ့ယမ်းကာ ပြောသည်။
“နှစ်တစ်ရာပြည့်တိုင်း တော်ဝင်သားရဲတစ်ကောင် မွေးဖွားပါတယ်။ ကျွန်တော်က နောက်နှစ်ပေါင်းများစွာ ရှင်သန်နိုင်ပါသေးတယ်။ အဲ့တော့ သူတော်စင်အင်ပါယာအသစ် နန်းတက်ဖို့က အများကြီး လိုပါသေးတယ်။ ပြီးတော့ အရှင်ငယ်က သူတော်စင်အရှင်ရဲ့ ဆက်ခံသူပါ။ အရှင်ငယ်အတွက် တော်ဝင်သားရဲဆယ်ကောင် ပေးရတာက ဘာမှ မပြောပလောက်ပါဘူး။ ဒါပေမဲ့... အရှင်ငယ်မှာ အခွင့်အရေးရှိခဲ့ရင် ကျွန်တော့်အတွက် အဲ့မိုအဘိုးကြီးကို သတ်ပြီး လက်စားချေပေးပါလို့တော့ တောင်းဆိုပါရစေ”
“မပူပါနဲ့”
ကျန်းရီက ခေါင်းညိတ်၍ ပြန်ပြောသည်။
“ခင်ဗျား မတောင်းဆိုရင်တောင် ကျွန်တော်က သူ့ကို သေချာပေါက် သတ်မှာပါ။ အဲ့လူယုတ်မာအဘိုးကြီးနဲ့ ဝူရှန်းက အင်အားပူးပေါင်းပြီး ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးကို သိမ်းပိုက်ဖို့လုပ်ခဲ့တာ။ အပြစ်မဲ့တဲ့ လူတွေအများကြီးကိုလည်း သတ်ခဲ့တယ်။ သူတို့ မသေရင် ကျွန်တော်တို့ ရှင်သန်နိုင်မှာ မဟုတ်ဘူး...”
“အို့... ဟုတ်သား...”
ကျန်းရီသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၍ မေးလိုက်သည်။
“တကယ်လို့ ကျွန်တော်က တော်ဝင်သားရဲဆယ်ကောင်ရဲ့ သွေးစွမ်းအင်ကို စုပ်ယူလိုက်မယ်ဆိုရင် ခင်ဗျားလောက် အရပ်ရှည်သွားမှာလား”
ကျန်းရီသည် သူက လုံချူလောက် အရပ်ရှည်သွားလျှင် ယဉ်ရို့ပင်း၊ ရီချန်၊ စုလောရွှယ်နှင့် အခြားမိန်းမပျိုလေးများက သူ့အား သဘောမကျတော့မည်ကို စိုးရိမ်ပေသည်။ သူ ဧရာမကြီး ဖြစ်သွားလျှင် မည်သည့်မိန်းကလေးက သူနှင့် ဆက်ရှိနေလိုတော့မည်နည်း။
“အာ... ကွဲပြားမှုတွေတော့ ရှိလောက်ပါတယ်”
သူတော်စင်အင်ပါယာက ရိုးရိုးသားသား ပြန်ဖြေသည်။
“အရှင်ငယ်က အခုထက် အများကြီး ပိုအရပ်ရှည်လာပြီး ပိုသန်မာလာမှာ ဆိုပေမယ့် ကျွန်တော့်အရွယ်ထိတော့ ရောက်မှာ မဟုတ်ပါဘူး”
‘လခွမ်း...’
ကျန်းရီ မျက်လုံးပင့်လိုက်သည်။ သူ လူ့ဘီလူးတစ်ယောက်ဖြစ်လာလျှင် ပြန်ပေးရမည့် တန်ကြေးက ကြီးလွန်းပေသည်။ သူသည် ယခုထက် ပိုအရပ်ရှည်လာမည်ကို လက်မခံနိုင်၍ သူတော်စင်အင်ပါယာကို မော့ကြည့်ကာ ပြောလိုက်သည်။
“တခြားနည်းမရှိတော့ဘူးလား”
“မရှိတော့ပါဘူး”
သူတော်စင်အင်ပါယာက ခေါင်းခါသည်။ ထို့နောက် ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။
“တော်ဝင်သားရဲတွေကို ဖမ်းနိုင်ဖို့ အနည်းဆုံး အချိန်သုံးလ လိုပါလိမ့်မယ်။ ဖမ်းပြီးသွားရင်လည်း သူတို့ရဲ့ သွေးစွမ်းအင်ကို စုပ်ယူဖို့က ခက်ခဲပါတယ်။ အရှင်ငယ် တကယ်ပဲ သွေးစွမ်းအင်ကို စုပ်ယူချင်တယ်ဆိုရင် စိတ်ဓာတ်ရေးရာ ပြင်ဆင်ထားဖို့ လိုပါတယ်”
“သုံးလ...”
ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ ရှင်းမို၏ စိတ်ဝိညာဉ်က ထွက်သွားခဲ့ပြီဖြစ်သည်။ သူက အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးကို လျင်မြန်စွာ ထိန်းချုပ်နိုင်လောက်သည်။ သူတို့က သုံးလကြာပြီးမှ ထွက်ရမည်ဆိုလျှင် အပြင်လောကတစ်ခွင်လုံး ဇောက်ထိုးမိုးမျှော် ဖြစ်နေလောက်ပေပြီ။
“အရင်ဆုံး ပြန်သွားကြတာပေါ့”
ကျန်းရီသည် နောက်လှည့်၍ တောင်ပေါ်မှ လျင်မြန်စွာ ပြန်ဆင်းလိုက်သည်။ သူသည် ဗုဒ္ဓဧကရာဇ်တို့နှင့် ဆွေးနွေး၍ အခြားနည်းလမ်းများ ရှာလိုသေးသည်။ အခြားမည်သည့်နည်းလမ်းမှ မရှိတော့ဘူးဆိုမှ တော်ဝင်သားရဲများ၏ သွေးစွမ်းအင်ကို သန့်စင်ရပေမည်။
ကျန်းရီနှင့် သူတော်စင်အင်ပါယာတို့သည် သူတော်စင်အင်ပါယာမြို့ထဲသို့ ပြန်ရောက်လာပြီး လျှို့ဝှက်အခန်းဆီ သွားလိုက်ကြသည်။ ကျန်းရီက အခြေအနေကို ရှင်းပြလိုက်သောအခါ ဗုဒ္ဓဧကရာဇ်က ချက်ချင်း လက်ဝှေ့ယမ်း၍ ပြောသည်။
“ကျန်းရီ... သူတော်စင်အင်ပါယာကို တော်ဝင်သားရဲတွေ ချက်ချင်း သွားဖမ်းခိုင်းလိုက်ပါ။ မင်းက နဂါးညှိုးရော်မြက်ပင်ကို သုံးခဲ့ပြီးပြီဆိုတော့ မင်းရဲ့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ အများကြီး ထပ်ဖြစ်တော့မှာ မဟုတ်လောက်ဘူး။ မင်းက ဒီပြီးပြည့်စုံတဲ့ အခြေအနေမှာ ထာဝရရှိနေမှာပဲ။ သူတော်စင်အင်ပါယာကို မြန်မြန် သွားဖမ်းခိုက်လိုက်ပါ။ ငါတို့ သုံးလစောင့်ရမယ်ဆိုရင် အပြင်လောက,က စွမ်းအားကြီး သိုင်းပညာရှင် အများစုက သေနေလောက်ပြီ။ အဲ့ကျမှ အပြင်ကို ထွက်နိုင်ရင် ဘာမှ အကျိုးရှိတော့မှာ မဟုတ်ဘူး...”
***