← Chapters

ဧရာမသတ်ဖြတ်လက်နက်

Vol. 90 Ch. 1246

ဧရာမသတ်ဖြတ်လက်နက်

Vol. 90 Ch. 1246

မြောက်ဘက်ဧကရာဇ်မြို့အထက်တွင် ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ ထို့ကြောင့် စွမ်းအားကြီး သိုင်းပညာရှင်များက အာရုံစိုက်လိုက်ကြသည်။ သူတို့သည် ကောင်းကင်စိတ်အာရုံများဖြင့် ကောင်းကင်ကို အာရုံခံလိုက်သော်လည်း မည်သည်ကိုမှ မတွေ့ပေ။ ထိုလေပြင်းကလည်း ရုတ်တရက် ပျောက်ကွယ်သွားသည်။ သိုင်းပညာရှင်အချို့သည် နားမလည်နိုင်ဖြစ်သွား၍ အတော်ကြာသည်အထိ ပတ်ဝန်းကျင်ကို ဆက်၍ အာရုံခံလိုက်ကြသည်။ သို့သော် မြောက်ဘက်ဧကရာဇ်တို့က မည်သို့မှ မလှုပ်ရှားကြောင်းကို တွေ့ရသောအခါ သူတို့ ကောင်းကင်စိတ်အာရုံများကို ပြန်ရုတ်သိမ်းလိုက်ကြသည်။

မြို့ထဲရှိ အကြီးဆုံး ရဲတိုက်ကြီးထဲမှနေ၍ အရိပ်လေးခု ပျံထွက်လာကာ အဝေးရှိ ရဲတိုက်လေးတစ်ခုထံ ဦးတည်သွားကြသည်။ ထိုအရိပ်လေးခုမှာ မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ရှင်းမုန့်ဝမ်တို့ ဖြစ်သည်။ သူတို့၏ မျက်နှာထားများက အလွန်တည်နေသည်။ သူတို့က ချိပ်ပိတ်ထားသော ရဲတိုက်ငယ်တစ်ခုသို့ သွားနေကြခြင်းပင်။ သူတို့လေးယောက် ရဲတိုက်ထဲသို့ ဝင်သွားပြီးသည်နှင့် ရဲတိုက်ဂိတ်တံခါးက ချက်ချင်း ပြန်ပိတ်သွားသည်။ အပြင်ဘက်ရှိ သိုင်းသမား ဒါဇင်အနည်းငယ်သည် နားမလည်နိုင်ဖြစ်သွားကြသည်။

ရွှီး...

ရဲတိုက်၏ အလယ်ခန်းမထဲတွင် ဧရာမဖန်လုံးကြီးတစ်လုံး ရှိသည်။ ထိုအခိုက်တွင် ဖန်လုံးက လင်းလက်လာပြီး ပုံရိပ်ခပ်မှိန်မှိန်တစ်ခု ထွက်ပေါ်လာသည်။ ရှင်းမုန့်ဝမ်သည် ပုံရိပ်ကို တွေ့သောအခါ ဒူးထောက်၍ ငိုကြွေးလိုက်သည်။

“အဖေ... ဘာဖြစ်ခဲ့တာလဲ။ ဘယ်သူက အဖေ့ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးလိုက်တာလဲ”

ဒုတ်...ဒုတ်...

မြောက်ဘက်ဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့ကလည်း ဒူးထောက်ကာ ပြောလိုက်ကြသည်။

“ဂိုဏ်းချုပ်ကို နှုတ်ခွန်းဆက်ပါတယ်”

အကယ်၍ အပြင်လူများသာ ထိုမြင်ကွင်းကို မြင်သွားလျှင် အလွန်အံ့အားသင့်သွားပေလိမ့်မည်။ ဧကရာဇ်သုံးပါးက လူတစ်ယောက်ကို ဒူးထောက် ဦးညွှတ်နေသည်လော။ ထိုဧကရာဇ်သုံးပါးထဲမှ တစ်ပါးက ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်ဖြစ်ပြီး လူသားမဟာမိတ်စစ်တပ်၏ ခေါင်းဆောင်လည်းဖြစ်သည်။ သူ၏ အဆင့်အတန်းက ပြိုင်ဘက်ကင်းပင်။

ဖန်လုံးထဲမှ ပုံရိပ်က အလွန်အားနည်းနေပုံပေါ်သည်။ သူက ထိုနေရာရှိ လူအားလုံးကို ကြည့်၍ ပြောလိုက်သည်။

“အားလုံး ထကြပါ။ ဒီတစ်ခေါက် ငါ သတိလက်လွတ် ဖြစ်သွားခဲ့တာ။ ကျန်းရီက ငါ့ကို အခက်တွေ့စေခဲ့တာ”

“ကျန်းရီ...”

ရှင်းမုန့်ဝမ်၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်အရှိန်အဝါ ထွက်ပေါ်လာသည်။ ထို့နောက် အေးစက်စက် ပြောလိုက်သည်။

“အဖေ... ကျန်းရီက အဲ့လောက်တောင် စွမ်းအားကြီးနေပြီလား။ အဖေကတောင် သူ့ကို မယှဉ်နိုင်တော့ဘူးလား။ သေမင်းဆန်းကြယ်နယ်မြေက အပြင်လူတွေရဲ့ စွမ်းအားကို ကန့်သတ်ပစ်နိုင်တယ် မဟုတ်ဘူးလား။ ဗုဒ္ဓဧကရာဇ်တို့တောင် အဖမ်းခံခဲ့ရတာပဲ။ ကျန်းရီက ဗုဒ္ဓဧကရာဇ်ထက်တောင် ပိုစွမ်းအားကြီးနေပြီလား”

“အဲ့အကြောင်းကို မပြောကြရအောင်”

ရှင်းမိုက ဒေါသတကြီးဖြင့် ရှင်းမုန့်ဝမ်၏ စကားကို ဖြတ်ပြောလိုက်သည်။

“သေမင်းဆန်းကြယ်နယ်မြေက ကျန်းရီတို့ကို ဆက်ထိန်းမထားနိုင်လောက်တော့ဘူး။ မြန်မြန် ငါ့အတွက် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်တစ်ခု ရှာပေးပါ။ ငါ စွမ်းအားပြန်ဖြည့်ရမယ်။ ဝမ်အာ.. ကျန်းရီတို့ အပြင်လောကကို ထွက်လာရင် သူတို့ကို ကိုင်တွယ်ဖို့ နည်းလမ်းတွေ ရှိလား”

မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့တွင် မည်သည့်အကြံမှ မရှိချေ။ အကယ်၍ ကျန်းရီ၊ ဗုဒ္ဓဧကရာဇ်၊ ယဉ်ဧကရာဇ်နှင့် ညဧကရီတို့က သေမင်းဆန်းကြယ်နယ်မြေထဲမှ ပြန်ထွက်လာလျှင် သူတို့၏ အစီအစဉ်အားလုံး ပျက်သုဉ်းသွားပေလိမ့်မည်။ ကျန်းရီကြောင့် သူတို့ အတော်လေး မချင့်မရဲ ဖြစ်နေရသည်။ သူတို့သည် ကျန်းရီကို သတ်ရန် အကြိမ်များစွာ ကြိုးစားခဲ့သည်။ သို့သော် ကျန်းရီက မသေသည့်အပြင် စွမ်းအား ကြီး၍ ကြီး၍ လာသည်။

ရှင်းမုန့်ဝမ်က စဉ်းစားကာ ပြန်ပြောသည်။

“သမီးတို့ရဲ့ အစီအစဉ်ကို စောစော အကောင်အထည်ဖော်ဖို့ပဲ ရှိတယ်။ အရင်ဆုံး အောင်းလုကို ရှင်းပစ်ကြတာပေါ့။ ပြီးရင် နှင်းဒေသကို ဆက်တိုက်မယ်။ အဲ့တိုက်ပွဲနှစ်ပွဲ ဖြစ်လာတာနဲ့ အရှေ့ဘက် တော်ဝင်နယ်မြေက စွမ်းအားကြီး သိုင်းသမားတွေနဲ့ တပ်သားတွေကို ထိန်းချုပ်ဖို့ ပိုလွယ်သွားလိမ့်မယ်။ အဲ့ကျမှ ဗုဒ္ဓဧကရာဇ်တို့ အပြင်ကို ပြန်ထွက်လာရင်တောင် ဘာမှ တတ်နိုင်တော့မှာ မဟုတ်ဘူး...”

“ကျန်းရီနဲ့ ဗုဒ္ဓဧကရာဇ်အတွက်ကတော့...”

ရှင်းမုန့်ဝမ်က အေးစက်စက် မျက်ဝန်းများဖြင့် ဆက်ပြောသည်။

“အဖေ ဘာမှ စိုးရိမ်ဖို့ မလိုပါဘူး။ သမီးမှာ ဝှက်ဖဲတစ်ချပ် ရှိပါသေးတယ်။ ကျန်းရီ သူ့သေလမ်းသူ လာရှာပါစေ။ အဲ့ဝှက်ဖဲက အလုပ်မဖြစ်ရင်လည်း... သမီးတို့ နောက်ဆုံးနည်းလမ်းဖြစ်တဲ့ ဧရာမသတ်ဖြတ်လက်နက်ကြီးကို ထုတ်သုံးရုံပေါ့။ အဖေက အနားယူပြီးသာ အားပြန်ဖြည့်နေပါ။ ကိစ္စအားလုံးကို သမီးကိုသာ လွှဲပေးထားလိုက်ပါ။ သမီး အဖေ့အတွက် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို အမြန်ဆုံး ရှာပေးပါမယ်”

“ကောင်းပြီ”

ရှင်းမိုက နွမ်းနယ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ၏ ရုပ်ခန္ဓာက ဖျက်ဆီးခံခဲ့ရပြီး စိတ်ဝိညာဉ်က သေမင်းဆန်းကြယ်နယ်မြေထဲမှ ပျံထွက်ခဲ့ရသည်။ ထို့ပြင် ခရီးရှည်ကြီးကိုလည်း ဖြတ်ကျော်ခဲ့ရသည်။ ထို့ကြောင့် ယခုတွင် သူ အလွန်ပင်ပန်းနေပေပြီ။ ရှင်းမုန့်ဝမ်က အရာအားလုံးကို စီစဉ်ထားကြောင်း တွေ့လိုက်ရသောအခါ သူ စိတ်အေးသွားသည်။ ထို့ကြောင့် ဖန်လုံးထဲမှ ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

“ဝူရှန်း...”

ရှင်းမုန့်ဝမ်က မြောက်ဘက်ဧကရာဇ်ကို ကြည့်၍ အေးစက်စက် ပြောလိုက်သည်။

“နောက်တစ်လနေရင် စစ်ချီမယ်လို့ စစ်တပ်ကို မနက်ဖြန်ကျ အမိန့်ပေးလိုက်ပါ။ ကျွန်မတို့ အောင်းလုကို အရင်ဆုံး ရှင်းပစ်ကြမယ်။ ဓားဧကရာဇ်... စစ်တပ်ရဲ့ လေ့ကျင်မှုကို အရှိန်တင်လိုက်ပါ။ သားရဲဧကရာဇ်က မပြတ် ကင်းလှည့်နေပါ။ တကယ်လို့ အမိန့်တွေကို ဆန့်ကျင်ချင်တဲ့သူတွေ ရှိရင် ဒါမှမဟုတ် ထူးထူးဆန်းဆန်း ပြုမူနေတဲ့သူတွေရှိရင် ချက်ချင်း သတ်ပစ်လိုက်ပါ”

“နားလည်ပါပြီ”

ဧကရာဇ်သုံးပါးက တစ်ချိန်တည်း ဦးညွှတ်ကာ ပြောလိုက်သည်။ သူတို့က အလွန်ရိုကျိုးနေပေသည်။

ဧကရာဇ်သုံးပါး ထွက်သွားသည်နှင့် ရှင်းမုန့်ဝမ်က ဖန်လုံးကို ထပ်ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းထဲတွင် အမုန်းတရားများ ထွက်ပေါ်လာသည်။ သူမသည် အံကြိတ်ကာ အော်ပြောလိုက်သည်။

“ကျန်းရီ... ကျွန်မတို့ကို ဧရာမသတ်ဖြတ်လက်နက် ထုတ်သုံးရအောင် ဖိအားမပေးနဲ့။ မဟုတ်ရင် အကုန်လုံး ဒုက္ခရောက်ကုန်လိမ့်မယ်...”

***

မြောက်ဘက်ဧကရာဇ်က နောက်တစ်ရက်တွင် ရှင်းမုန့်ဝမ် ပေးခိုင်းသည့် အမိန့်ကို ထုတ်ပြန်လိုက်သည်။ နောက်တစ်လနေလျှင် အဆုံးမဲ့ပင်လယ်နက်ဆီသို့ စစ်ချီမည်ဖြစ်သည်။ ဓားဧကရာဇ်သည်လည်း စစ်တပ်ကို နေ့ညမပြတ် လေ့ကျင်စေသည်။ သားရဲဧကရာဇ်မှာလည်း စစ်တပ်ထဲနှင့် ပတ်ဝန်းကျင်တွင် ကင်းလှည့်ကာ သူလျှိုများကို လိုက်ရှာသည်။

ထိုအချိန်အတောအတွင်း ကျန်းရီနှင့် အောင်းလုတို့က မည်သို့မှ မလှုပ်မရှားခဲ့ပေ။ မူလတွင် သဘောတူထားခဲ့သည်မှာ ကျန်းရီက သုံးလအတွင်း အရှေ့ဘက် တော်ဝင်နယ်မြေကို မတိုက်ခိုက်လျှင် မဟာမိတ်စစ်တပ်က အဆုံးမဲ့ပင်လယ်နက်ကို သွားတိုက်ခိုက်ရန် ဖြစ်သည်။ ယခုတွင်မူ အချိန်ဇယားက ရှေ့တိုးသွားပေပြီ။ ထန်ရှန်းကျိနှင့် အခြားမျိုးနွယ်ခေါင်းဆောင်များ၊ ဂိုဏ်းချုပ်များသည် အဘယ်ကြောင့် အချိန်ဇယားက ရှေ့တိုးသွားကြောင်းကို နားမလည်ပေ။ သူတို့ထဲမှ အချို့သည် မြောက်ဘက်ဧကရာဇ်ကို သွားရှာကြ၏။ သို့သော် မြောက်ဘက်ဧကရာဇ်က သူတို့ကို လက်ခံမတွေ့ဆုံပေ။

ရှင်းမုန့်ဝမ်ကသာ ကိုယ်စား တွေ့ဆုံ၍ အဆုံးမဲ့ပင်လက်နက်က နှင်းဒေသနှင့် လျှို့ဝှက်ဆွေးနွေးကာ ပူးပေါင်းတိုက်ခိုက်ရန် ပြင်ဆင်နေသဖြင့် စစ်ချီမည့်အချိန်ကို ရှေ့တိုးလိုက်ရခြင်းဖြစ်ကြောင်း ရှင်းပြသည်။ အဆုံးမဲ့ပင်လယ်နက်နှင့် နှင်းဒေသတို့က အင်အားမပူးပေါင်းနိုင်ခင် မဟာမိတ်စစ်တပ်က လက်ဦးမှုရယူရမည်ဖြစ်သည်။ ထို့ပြင် ရှင်းမုန့်ဝမ်သည် ဤကဲ့သို့ အရေးကြီးနေသည့်အခိုက်တွင် မြောက်ဘက်ဧကရာဇ်နှင့် လက်ထောက်ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များကို မည်သူကမှ မေးခွန်းထုတ်ရန်မသင့်ဟုလည်း ခြိမ်းခြောက်သလိုလိုလေသံဖြင့် ပြောလိုက်သေးသည်။ ထိုမေးခွန်းများက လူသားမျိုးနွယ်ကြားထဲတွင် ပဋိပက္ခများ ဖြစ်ပေါ်လာစေနိုင်သည်။ ထိုသို့ဖြစ်လာလျှင် လူသားမျိုးနွယ် ပျက်သုဉ်းသွားရပေလိမ့်မည်။

သို့ဖြင့် မြောက်ဘက်ဧကရာဇ်သည် ကောလာဟလဖြန့်သူများနှင့် အမိန့်ဆန့်ကျင်သူများကို စစ်စည်းမျဉ်းအတိုင်း အပြစ်ပေးမည်ဟု အမိန့်ထုတ်လိုက်လေတော့သည်။ ထိုအမိန့်က ထန်ရှန်းကျိနှင့် အခြားသူများ၏ ဝမ်းထဲမှ ဖီဆန်သောမီးတောက်ကို ငြှိမ်းလိုက်လေသည်။ ယခုတွင် ထန်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများပင် မဟာမိတ်စစ်တပ်ထဲ ရောက်နေပြီဖြစ်သည်။ အကယ်၍ မြောက်ဘက်ဧကရာဇ်က ထန်မျိုးနွယ်က ကျန်းရီနှင့် ပူးပေါင်းထားသည်ဟု ရုတ်တရက်ကြီး ထပြောလိုက်လျှင် မဟာမိတ်စစ်တပ်က ထန်မျိုးနွယ်ကို ရန်ရှာမည်ဖြစ်သည်။ ထိုအခါ ထန်မျိုးနွယ်လည်း ဆုံးခန်းတိုင်သွားပေလိမ့်မည်။

မြောက်ဘက်ဧကရာဇ်က အမိန့်ထုတ်ပြန်ပြီးနောက်တွင် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံး လက်နက်ဆွဲကိုင်လာကြသည်။ အားလုံးက စစ်ပွဲအတွက် ပြင်ဆင်လာပြီး ဒုတိယစစ်ပွဲကို စကာ အဆုံးမဲ့ပင်လယ်နက်ထဲမှ မိစ္ဆာများကို ရှင်းပစ်ရန် စောင့်ဆိုင်းနေကြသည်။ ထိုစစ်ပွဲတွင် ကောင်းကောင်းစွမ်းဆောင်နိုင်လျှင် သူတို့၏ အမည်က ခေတ်အဆက်ဆက် ‌ကျော်ကြားနေမည်ဖြစ်ပြီး သူတို့၏ မျိုးဆက်များက ထိုမှနေ၍ အကျိုးအမြတ်များ ရပေလိမ့်မည်။

မြောက်ဘက်ဧကရာဇ်သည် လူတိုင်းက သူတို့၏ စစ်ရေးစွမ်းဆောင်ချက်များအလိုက် ဆုချီးမြှင့်ခံရမည်ဟု ပြောထားသည်။ ဝူမျိုးနွယ်၊ ကျန့်မျိုးနွယ်နှင့် ထူမျိုးနွယ်တို့၏ ဒေသများရှိ မြို့များစွာတွင် မြို့အရှင်ရာထူးများက လစ်လပ်နေသည်။ စစ်ပွဲတွင် စွမ်းဆောင်နိုင်သည့် မည်သူ့ကိုမဆို မြောက်ဘက်ဧကရာဇ်က ရက်ရက်‌ရောရာ ဆုချီးမြှင့်မည်ဖြစ်သည်။

ထိုသတင်းက အဆုံးမဲ့ ပင်လယ်နက်ဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

မိစ္ဆာမျိုးနွယ်က ပရမ်းပတာဖြစ်လာသည်။ သို့သော် အောင်းလုသည် မည်သည့်အမိန့်မှ မပေးသေးပေ။ သူ အမိန့်ပေးလိုက်လျှင်လည်း အကျိုးသိပ်ရှိမည် မဟုတ်ချေ။ ကျန်းရီက သေမင်း၏ သိပ်သည်းပင်လယ်ထဲတွင် ပိတ်မိနေသဖြင့် မိစ္ဆာမျိုးနွယ်ကို ကူညီမည့်သူ မရှိပေ။ ထို့ပြင် အဆုံးမဲ့ပင်လယ်နက်က နှင်းဒေသနှင့် မဟာမိတ်ဖွဲ့ရန် ဆွေးနွေးနေသည်ဆိုသော စွပ်စွဲချက်ကလည်း ရယ်စရာပင် ဖြစ်သည်။ သူတော်စင်ဧကရီက ယင်းကို မည်သို့မှ သဘောတူမည် မဟုတ်ချေ။ အောင်းလုကလည်း သူမကို ‌တောင်းဆိုမည်မဟုတ်။ သူသည် သူသေကိုယ်သေသာ တိုက်ခိုက်မည်ဖြစ်သည်။

***

ဝုန်း...ဝုန်း...ဝုန်း...

သေမင်း၏ သိပ်သည်းပင်လယ်ထဲရှိ သူတော်စင်အင်ပါယာမြို့ထဲသို့ သူတော်စင်အင်ပါယာက လျင်မြန်စွာ ပြေးဝင်လာသည်။ သူ့လက်ထဲတွင် ကြောက်မက်ဖွယ် အရှိန်အဝါ ထွက်နေသော တော်ဝင်သားရဲတစ်ကောင်ကို ကိုင်ထားသည်။ သို့သော် ထိုသားရဲ၏ အရိုများအားလုံးက ကျိုးနေပေပြီ။ ၎င်း၏ တစ်ကိုယ်လုံးလည်း သွေးများ ရွှဲနေသည်။ ၎င်းသည် သေအံ့မူးမူး ဖြစ်နေပြီဖြစ်သည်။

ဝုန်း...

သူတော်စင်အင်ပါယာက တော်ဝင်သားရဲကို ရဲတိုက်တစ်ခု ရှေ့သို့ လွှင့်ပစ်လိုက်သည်။ ရဲတိုက်က အနည်းငယ် တုန်ခါသွားသည်။ ကျန်းရီသည် ရဲတိုက်အပြင်သို့ ထွက်လာပြီး အံ့ဩတကြီးနှင့် ကြည့်လိုက်သည်။ သူတော်စင်အင်ပါယာက တော်ဝင်သားရဲကို ညွှန်ပြကာ ပြောသည်။

“အရှင်ငယ်... အဲ့ဒါက တော်ဝင်သားရဲပါ။ ဖောင်ရှောင်းသားရဲလို့ ခေါ်ပါတယ်။ မြန်မြန် သူ့ရဲ့ သွေးကို အကုန်သောက်လိုက်ပါ”

“သောက်ရမယ်...”

ကျန်းရီက တော်ဝင်သားရဲကို ညွှန်ပြကာ ပြောလိုက်သည်။

“ဒီအတိုင်ကြီးလား... သွေးကို သောက်ရမှာလား”

“ဟုတ်ပါတယ်”

သူတော်စင်အင်ပါယာက ဆက်ပြောသည်။

“တော်ဝင်သားရဲတစ်ကောင်ရဲ့ အဖိုးတန်ဆုံးအရာက သွေးစွမ်းအင်ပါ။ သွေးကို ပူပူနွေးနွေး သောက်မှ အာဟာရအပြည့် ရတာပါ။ အရှင်ငယ် မြန်မြန် သောက်လိုက်ပါ။ သွေးတွေ ဆက်စီးထွက်နေရင် အရမ်းနှမြောစရာကောင်းပါတယ်”

လူရိုင်းတစ်ယောက်၏ ဘဝတွင် နေထိုင်ခြင်း...

ကျန်းရီသည် နောက်ဆုံးတွင် ၎င်း၏အဓိပ္ပာယ်ကို နားလည်သွားပေပြီ။ သူသည် သွေးစွမ်းအင်ကို စုပ်ယူရမည်ဖြစ်ကြောင်း သိထားသော်လည်း ထိုသို့ သွေးကို အစိမ်းလိုက် သောက်ရမည်ဟု ထင်မထားခဲ့ပေ။ သူ သွေးစိမ်းများကို သောက်နိုင်ပါမည်လော။ အနည်းငယ် သောက်နိုင်လျှင်ပင် သားရဲ၏ကိုယ်ထဲမှ သွေးအားလုံး ကုန်သွားသည်အထိ သောက်နိုင်ပါမည်လော။

“ဒီနည်းပဲ ရှိတာလား။ တခြားနည်း မရှိတော့ဘူးလား”

ကျန်းရီ အင်တင်တင်ဖြင့် ထပ်မေးလိုက်သည်။ သူတော်စင်အင်ပါယာက ခေါင်းခါပြသဖြင့် ကျန်းရီသည် အံကြိတ်၍သာ တော်ဝင်သားရဲဆီသို့ လျှောက်သွားရတော့သည်။ သူသည် မီးနဂါးဓားကို ထုတ်၍ သားရဲ၏ကိုယ်ကို ထိုး‌ဖောက်လိုက်သည်။ ပြီးနောက် ထိုးဖောက်ရာတွင် ပါးစပ်တေ့ကာ သွေးကို စုပ်သောက်လိုက်လေတော့သည်။

***

All Chapters