ရီဖျောင်ဖျောင်၏ တည်နေရာ
Vol. 90 Ch. 1247
“အာ...”
ကျန်းရီသည် ဆယ်ငုံကျော် သောက်ပြီးနောက် ရပ်လိုက်ရ၏။ သူ့အစာအိမ်အတွင်းသို့ ဝင်သွားသော သွေးများက ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။ သူ့တစ်ကိုယ်လုံး ပူလာပြီး မခံမရပ်နိုင်သော နာကျင်မှုကို ခံစားလာရသည်။ ထိုနာကျင်မှုက နဂါးညှိုးရော်မြက်ပင်ကို အသုံးပြုခဲ့စဉ်က နာကျင်မှုထက် ပိုဆိုးပေသည်။ သူ၏ ကြွက်သားများ၊ အရေပြားနှင့် အမွေးအမျှင်တို့က မီးလောင်ကျွမ်းလာသလိုပင်။ စူးရှသော နာကျင်မှုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ အလွန်အမင်း နာကျင်နေသော်လည်း သူ မည်သို့မှ မတတ်နိုင်ချေ။
“ကောင်းကင်နဲ့လူသား ပေါင်းစည်းခြင်း”
ကျန်းရီသည် အသိစိတ်ပြန်စုစည်း၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကို ခွဲထုတ်လိုက်သည်။ ထိုမှ သူ၏ စိတ်ဝိညာဉ်က အဆက်မပြတ် နာကျင်မှု၏ ဒဏ်ကို မခံရမည်ဖြစ်သည်။
ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ပြီးနောက်တွင် ကျန်းရီ မည်သည့် နာကျင်မှုကိုမှ မခံစားရတော့ပေ။ ထို့ကြောင့် သူ့ကြွက်သားများ တုန်ယင်ကာ ကြီးထွားလာသည်ကိုပင် ကြည့်နေနိုင်သည်။ သူသည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ တော်ဝင်သားရဲ၏ သွေးကို ဆက်သောက်လိုက်သည်။ ထို့နောက် အမည်မဲ့ကျင့်စဉ်ကိုသုံး၍ ကိုယ်ထဲဝင်ရောက်သွားသော စွမ်းအင်များကို သန့်စင်လိုက်သည်။ ထိုအခါ သူ၏ အစာအိမ်က သက်သာရာရသွားလေသည်။
ကျန်းရီသည် ထိုနည်းဖြင့် တစ်နာရီကြာအောင် သွေးသောက်လိုက်၏။ တော်ဝင်သားရဲ၏ ကိုယ်ထဲမှ သွေးအားလုံး ကုန်သွားမှ ရပ်လိုက်သည်။ ထို့နောက် ကျန်းရီ မြေပြင်ပေါ်တွင် လှဲချလိုက်သည်။ သူ့တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင်နေသည်။ သူက တက်နေသကဲ့သို့ပင်။
“ကျွတ်...ကျွတ်... အရှင်ငယ်က တကယ့်ကို သူတော်စင်အရှင်ရဲ့ ဆက်ခံသူပဲ။ ကျွန်တော် တော်ဝင်သားရဲသွေးကို ပထမဆုံးအကြိမ် သောက်တုန်းက နာလွန်းလို့ သုံးရက်၊ သုံးည လူးလွန့်နေခဲ့ရတယ်။ ကျွန်တော် သွေးကို ကုန်အောင် မသောက်နိုင်လို့ သူတော်စင်အင်ပါယာဟောင်းက ကျွန်တော့်ပါးစပ်ကို ဖြဲပြီး အတင်း တိုက်ခဲ့ရတယ်”
လုံချူသည် ကျန်းရီကို ချီးကျူးလိုက်ပြီး သွေးခမ်းသွားပြီဖြစ်သော တော်ဝင်သားရဲအလောင်းကို သူ့လက်အောက်ငယ်သားများအား ပေး၍ ပြောလိုက်သည်။
“အရိုးတွေ ထုတ်လိုက်၊ အသားကိုတော့ မင်းတို့တွေ ဝေမျှ စားလိုက်ကြ”
“ကျေးဇူးအများကြီးတင်ပါတယ် သူတော်စင်အင်ပါယာ”
မျိုးနွယ်စုခေါင်းဆောင် တစ်ဒါဇင်လောက်သည် အလွန်ပျော်သွားကြ၏။ တော်ဝင်သားရဲ၏ အဖိုးတန်ဆုံးအပိုင်းမှာ သွေးစွမ်းအင်ဖြစ်သည်။ ၎င်းပြီးလျှင် အရိုးဖြစ်သည်။ အသားက တန်ဖိုးအနည်းဆုံးပင်။ သို့သော် တော်ဝင်သားရဲ၏ အသားကို စားလျှင်လည်း အင်အားများစွာ တိုးလာနိုင်ပေသည်။
လူရိုင်းအချို့ဆိုလျှင် လေးဘက်ထောက်ကာ မြေပြင်ပေါ်တွင် ကျနေသော တော်ဝင်သားရဲ၏ သွေးများကို ယက်ကြသည်။ သူတော်စင်အင်ပါယာသည် သူတို့ကို အရေးစိုက်မနေတော့ဘဲ ကျန်းရီကို သယ်၍ ရဲတိုက်ထဲသို့ ဝင်သွားလိုက်သည်။
“အဲ့ဒါက တကယ့်ကို ကောင်းတာပဲ”
ကျန်းရီသည် စူးစမ်းလိုက်ရာ သူ့ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်ကာ သန်မာလာကြောင်း သိလိုက်ရသည်။ သူသည် ထိုခံစားချက်ကို နဂါးညှိုးရော်မြင်ပင်ကို သန့်စင်ခဲ့စဉ်ကလည်း ခံစားခဲ့ဖူးသည်။ သို့ဖြစ်ရာ ထိုတော်ဝင်သားရဲ၏ သွေးကို သောက်ခြင်းက နဂါးညှိုးရော်မြက်ပင်ကို အသုံးပြုခြင်းနှင့် အတူတူပင်ဟူသော အဓိပ္ပာယ်ပင်။ နဂါးညှိုးရော်မြက်ပင်ကို တစ်သက်တွင် တစ်ပင်သာ အသုံးပြုနိုင်သည်။ နောက်တစ်ပင် ထပ်သုံးမည်ဆိုလျှင်လည်း အပင်၏ အာနိသင်ကို ထပ်ရတော့မည် မဟုတ်ပေ။
‘ဒီသွေးက တော်ဝင်အရိုးစွပ်ပြုတ်ထက် အဆတစ်ရာလောက် ပိုကောင်းတယ်။ ပြောင်းလဲမှုတွေ ပြီးသွားရင် ငါ့ရဲ့ခန္ဓာကိုယ်က အနည်းဆုံးတော့ ဝူချွယ်အာလောက် သန်မာလာမှာပဲ’
ကျန်းရီသည် ဖန်ဆင်းရှင်၏ အံ့ချီးမှုကို ကျေးဇူးတင်လိုက်၏။ သို့သော် ဤဆန်းကြယ်နယ်မြေကို ပြောင်းလဲပေးခဲ့သူက ဆန်းကြယ်ဧကရာဇ်ပင်ဖြစ်ကြောင်း တွေးမိသောအခါ ကျယ်လောင်စွာ ရယ်လိုက်လေသည်။ ဆန်းကြယ်ဧကရာဇ်သည်ပင် နှစ်ပေါင်းသိန်းချီကြာပြီးနောက်တွင် ဤဆန်းကြယ်နယ်မြေထဲ၌ ထိုကဲ့သို့သော သားရဲများ ရှိလာလိမ့်မည်ဟု မခန့်မှန်းမိခဲ့လောက်ပေ။ ဆင့်ကဲပြောင်းလဲမှုက အမှန်ပင် အံ့ချီးဖွယ်ကောင်းပေသည်။
“သူ ပြန်တည်ငြိမ်လာပါပြီ။ မင်းတို့ အရှင်ငယ်ကို စောင့်ရှောက်ထားကြပါ။ သူ့ကို မထိပါနဲ့။ ငါက နောက်တော်ဝင်သားရဲတစ်ကောင်ကို အမဲသွားလိုက်လိုက်ဦးမယ်”
နှစ်နာရီကြာပြီးနောက် ကျန်းရီက မည်သည့်ထူးခြားမှုလက္ခဏာမှ မပြတော့သောအခါ သူတော်စင်အင်ပါယာ စိတ်အေးသွားသည်။ တော်ဝင်သားရဲများက တောင်များ၊ ရှေးဟောင်းတောအုပ်များထဲတွင် ပုန်းအောင်းနေကြသည်။ ပင်လယ်ထဲမှာပင် တော်ဝင်သားရဲတစ်မျိုးရှိသည်။
သူတော်စင်အင်ပါယာက အစွမ်းကုန်ကြိုးစား၍ အမဲလိုက်မည်ဆိုလျှင်ပင် တော်ဝင်သားရဲဆယ်ကောင်ကို ဖမ်းနိုင်ရန် အချိန်နှစ်လခန့် လိုအပ်ပေလိမ့်မည်။ ကျန်းရီသည် အပြင်လောကသို့ ပြန်ထွက်လိုနေပြီဖြစ်သည်။ သူတော်စင်အင်ပါယာသည် ကျန်းရီ၏ ဆန္ဒကို မဆန့်ကျင်ဝံ့ပေ။
သူတော်စင်အင်ပါယာသည် သူတော်စင်အင်ပါယာမြို့အပြင်သို့ လျင်မြန်စွာ ပြေးထွက်သွားသည်။ သူသည် သားရဲကြီးတစ်ကောင်ကဲ့သို့ ခုန်သွားနေပြီး မကြာခင်မှာပင် တောင်များအကြား၌ ပျောက်ကွယ်သွားသည်။ ကျန်းရီက ရဲတိုက်ထဲမှာပင် ဆက်လှဲနေသည်။ သူ့ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်လာရန် တစ်ရက်လုံး အချိန်ယူခဲ့ရသည်။ နောက်ဆုံးတွင် သူ မျက်လုံးဖွင့်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် အကန့်အသတ်မဲ့ စွမ်းအင်များ ရှိနေသည်ဟု ခံစားရသည်။ သူ၏ခန္ဓာကိုယ်သည် ယခင်ကထက် နှစ်ဆပို၍ သန်မာလာ၏။ ဝူချွယ်အာ၏ခန္ဓာကိုယ်ထက်တော့ သေချာပေါက် ပိုသန်မာနေပေပြီ။
“အားလုံးပဲ ထွက်သွားကြပါ”
ကျန်းရီက ပြောလိုက်ရာ မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်က ရိုကျိုးစွာဖြင့် ထွက်သွားသည်။ ကျန်းရီသည် ရေသွားချိုးလိုက်ပြီး ဝတ်စုံအသစ်တစ်ထည် လဲဝတ်လိုက်သည်။ ထို့နောက် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်၍ ကျန်းရှောင်နူ၏ အခြေအနေကို စစ်ဆေးလိုက်သည်။ သူမ၏ ဒဏ်ရာများက ပြန်ကောင်းလာပြီဖြစ်၍ သူ စိတ်အေးသွားသည်။
ကျွီ...ကျွီ...
ကျန်းရီက နံရံမှ စက်ခလုတ်ကို နှိပ်လိုက်သောအခါ လျှို့ဝှက်အခန်း ပေါ်လာသည်။ သူသည် လျှို့ဝှက်အခန်းထဲ ဝင်၍ ဗုဒ္ဓဧကရာဇ်တို့နှင့် တွေ့လိုက်သည်။ ထိုနေ့က တိုက်ပွဲကြီး ပြီးသွားပြီးနောက် သုံးရက်မြောက်နေ့ဖြစ်သည်။ ဗုဒ္ဓဧကရာဇ်တို့က အနည်းနှင့်အများဆိုသလို ပြန်ကောင်းနေကြပေပြီ။ သူတို့က အတွင်းအားသုံး၍ ဒဏ်ရာကုသနိုင်၏။ ထို့ပြင် သူတို့၏ ခန္ဓာကိုယ်များက နဂိုကတည်းက သန်မာပေရာ ဒဏ်ရာများက အချိန်တိုအတွင်း ပြန်ကောင်းလာခြင်းဖြစ်သည်။
“အာ...”
ကျန်းရီသည် အခန်းထဲကို ကြည့်လိုက်ပြီးနောက် ရွှမ်ဧကရာဇ်က တင်ပျဉ်ခွေထိုင်နေသည်ကို တွေ့လိုက်ရ၏။ ရွှမ်ဧကရာဇ်သည်လည်း ကျန်းရီဝင်လာသည်နှင့် မျက်လုံးဖွင့်လိုက်သည်။ ကျန်းရီသည် ဗုဒ္ဓဧကရာဇ်တို့ကို ခေါင်းဆတ်ပြကာ အခန်း၏ အကာအရံများကို နှိုးလိုက်သည်။
ရွှမ်ဧကရာဇ်က ကျန်းရီကို ကြည့်၍ ခါးသက်သက်ပြုံးသည်။ ထို့နောက် အတန်ငယ် ရှေ့သို့ကိုင်း၍ ပြောလိုက်သည်။
“လင်းယွီရွှမ် အရှင်ငယ်ကို အရိုအသေပေးပါတယ်။ ဒဏ်ရာတွေကြောင့် ဒူးထောက်ပြီး အရိုအသေမပေးနိုင်တာကို ခွင့်လွှတ်ပေးပါ”
“အရှင်ငယ်တဲ့လား”
ကျန်းရီ၏ မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူ မေးလိုက်သည်။
“ဧကရာဇ်က ယွီဝမ်ပါလား”
“ဟုတ်ပါတယ်”
ရွှမ်ဧကရာဇ်က ခေါင်းညိတ်ကာ ပြောသည်။
“ကျုပ်ကို လင်းယွီဝမ်လို့ သိကြပါတယ်။ ယွီဝမ်က ကျုပ်ရဲ့ နာမည်တုပါ။ အတိတ်တုန်းက ကျုပ် အရှင်မဖျောင်ဖျောင် နောက်ကို လိုက်ခဲ့တုန်းက အဲ့နာမည်ကိုသုံးပြီး ရုပ်လည်း ဖျက်ခဲ့ပါတယ်။ အရှင်ငယ်က အဲ့ဒါကို ခန့်မှန်းထားပြီးလောက်ပြီမလား။ ကျုပ်ရဲ့ အဆင့်အတန်းကြောင့် ကျုပ်က နာမည်အစစ်နဲ့ ရုပ်သွင်အစစ်ကို အသုံးမပြုနိုင်ခဲ့တာပါ”
ကျန်းရီ တိတ်ဆိတ်သွားသည်။ ရိုးရိုးသားသား ဆိုရလျှင် ယွီဝမ်နှင့် တွေ့ရခြင်းကို သူ မပျော်ပေ။ သူသည် သူ့ဘဝကို ထိန်းချုပ်ခဲ့သော လူတိုင်းကို မုန်းသည်။ ထို့ပြင် ယွီဝမ်သည် သူက ရီဖျောင်ဖျောင်ကို ရှာရန် ကြိုးစားနေခဲ့ကြောင်း သိခဲ့သည်။ သို့သော် အရေးမစိုက်ခဲ့ပေ။ ယွီဝမ်သည် ကျန်းရီက ရှီးဖေးနှင့် ကျန့်ဝူယင်းတို့၏ သတ်ဖြတ်မှုကို ခံရတော့မလို ဖြစ်ခဲ့သည်ကို ကြည့်နေခဲ့သည်။ ကျန်းရီ အပြစ်သားကျွန်းသို့ သွားသောအခါတွင်လည်း ဝင်မတားခဲ့။ ယွီဝမ်သည် ကျန်းရီ ကြုံတွေ့ခဲ့ရသည်များအားလုံးကို သိသော်လည်း တစ်ခါမှ ဝင်မကူခဲ့ဘဲ ဘေးမှသာ ရပ်ကြည့်နေခဲ့သည်။ ထို့ပြင် ကျန်းရီက အခက်အခဲများစွာ၊ စမ်းသပ်ချက်များစွာကို ဖြတ်ကျော်ရအောင်လည်း တမင်စီစဉ်ခဲ့သည်။
ဗုဒ္ဓဧကရာဇ်သည် သူတို့က ကျန်းရီကို လေ့ကျင့်ပေးလိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။ ကျန်းရီက အပြစ်သားကျွန်းတွင် သေခဲ့လျှင်ဖြစ်စေ သို့မဟုတ် နှင်းဒေသတွင် သေခဲ့လျှင်ဖြစ်စေ ယင်းမှာ သူ၏ ကံကြမ္မာသာဟု မျက်နှာလွှဲခဲပစ် စကားကို ပြောခဲ့သည်။ ကျန်းရီသည် ဗုဒ္ဓဧကရာဇ်တို့က သူ့အတွက် ကောင်းစေလို၍ဖြစ်ကြောင်း သိသော်လည်း ဝမ်းမသာပေ။ သူ့နေရာတွင် အခြားသူဆိုလျှင်လည်း ဝမ်းသာနိုင်မည် မဟုတ်ချေ။
“ဒီနှစ်တွေထဲမှာ ကျုပ်က အရှင်ငယ်ကို မကူပေးခဲ့လို့ အရှင်ငယ် ကျုပ်ကို အပြစ်တင်နေတာမလား။ ပြီးတော့ ကျုပ်တို့ စီစဉ်ခဲ့တဲ့ ကိစ္စတွေအတွက်လည်း အရှင်ငယ် မကျေမနပ်ဖြစ်နေတယ်မလား”
ရွှမ်ဧကရာဇ်သည် ကျန်းရီ၏ မျက်နှာထားကို တွေ့လိုက်၍ နာကျင်စွာရယ်ကာ ပြောလိုက်သည်။
“တကယ်တော့ ကျုပ်မှာ ရွေးချယ်စရာ မရှိခဲ့လိုပါ။ ကျုပ်အနေနဲ့ ဒီဘဝမှာ ဘယ်တော့မှ နတ်ဘုရားအဆင့်ကို မတက်လှမ်းနိုင်ဘူးဆိုကို ကျွန်တော် သိပါတယ်။ ကျုပ်က အရှင်မရီဖျောင်ဖျောင်အပေါ်မှာ အကြွေးတင်နေပါတယ်။ သူ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတုန်းက ကျုပ် သူ့ကို မကူညီနိုင်ခဲ့ဘူး...”
“အရှင်ငယ်က အရှင်မရဲ့ သားပါ။ ပြီးတော့ အရမ်းလည်း သန်မာသလို အရမ်းလည်း ပါရမီထူးပါတယ်။ အရှင်ငယ်သာ ကောင်းကင်ကြယ်တာရာနယ်မြေထဲက ထွက်မလာခဲ့ရင် ကျုပ် အရှင်ငယ်ကို ဘာမှ လုပ်ဖို့ မရည်ရွယ်ထားပါဘူး။ ဒါပေမဲ့ အရှင်ငယ်က ထွက်လာခဲ့တော့ ကျုပ် အရှင်မဖျောင်ဖျောင်ကို ကတိပေးထားခဲ့တဲ့အတိုင်း လုပ်ဆောင်ခဲ့ရပါတယ်။ ကျုပ်က အရှင်ငယ် ပိုပြီး သန်မာလာပါစေလို့ အမြဲမျှော်လင့်ခဲ့ပါတယ်။ အဲ့ဒါမှ အရှင်ငယ်က နတ်ဘုရားအဆင့်ကို တက်လှမ်းပြီး အရှင်မရီဖျောင်ဖျောင်ကို ကယ်နိုင်မှာမလို့ပါ”
“ထပ်ပြီးတော့ အဲ့ကောင်းကင်ကြယ်တာရာနယ်မြေက ထွက်လာခဲ့လို ဆိုတာပဲလား”
ကျန်းရီ ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။
“အဲ့တုန်းက ကျွန်တော့်မှာ ရွေးချယ်စရာရော ရှိခဲ့လို့လား။ သိုင်းခန်းမက ကျွန်တော့်ကို သတ်ချင်နေခဲ့တာ။ အဲ့တော့ ကောင်းကင်ကြယ်တာရာနယ်မြေထဲက ထွက်လာဖို့ပဲ ရှိခဲ့တာပဲ”
“အရှင်ငယ် မှားနေပါပြီ”
ရွှမ်ဧကရာဇ်က ပြတ်သားစွာ ပြောလိုက်သည်။
“အရှင်ငယ့်မှာ ရွေးချယ်စရာ မရှိခဲ့တာ မဟုတ်ပါဘူး။ အရှင်ငယ်ရဲ့ အကျင့်စရိုက်အရ အနှေးနဲ့ အမြန်ဆိုသလို ကောင်းကင်ကြယ်တာရာနယ်မြေထဲက ထွက်လာခဲ့မှာပါပဲ။ အရှင်ငယ်က ကြုံတွေ့ရတဲ့ ပြဿနာတွေကို ခေါင်းငုံ့ခံတတ်တဲ့သူဆိုရင် သိုင်းခန်းမနဲ့ ပြဿနာတက်ခဲ့မှာ မဟုတ်ပါဘူး။ အရှင်ငယ်နဲ့ အရှင်မဖျောင်ဖျောင်ရဲ့ အကျင့်စရိုက်က အတူတူပါပဲ။ အရှင်ငယ်တို့လို လူတွေက အထွတ်အထိပ်ကို ရောက်မလား ဒါမှမဟုတ် သေမလားဆိုတဲ့ ကံကြမ္မာနဲ့ မွေးဖွားလာသူတွေပါ။ အရှင်ငယ်ရဲ့ ကံကြမ္မာက အရင်ကတည်းက အဲ့အတိုင်းပါပဲ”
“အဲ့ဒါတော့ဟုတ်တယ်...”
ကျန်းရီ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူသာ ပြဿနာများကို ခေါင်းငုံ့ခံခဲ့လျှင် ယခုအထိ ကောင်းကင်တောင်ပံမြို့ရှိ အသုံးမကျသော သခင်လေးတစ်ယောက်သာ ဖြစ်နေပေလိမ့်ဦးမည်။ သူသည် အတိတ်အကြောင်းများကို ဆက်မတွေးလိုတော့ပေ။ ထို့ကြောင့် လက်ရှိတွင် အရေးပါသည်ကိုသာ မေးလိုက်သည်။
“အခု ကျွန်တော့်ရဲ့ အမေက ဘယ်မှာရှိနေတယ်ဆိုတာကို ပြောပြနိုင်ပါပြီလား”
“ဟင့်အင်း”
ရွှမ်ဧကရာဇ်က ခေါင်းခါ၍ ဆိုသည်။
“အရှင်မဖျောင်ဖျောင်နဲ့ သဘောတူညီထားချက်အရ ကျုပ်က ရိုးရှင်းတဲ့ ကိစ္စလေးတွေကိုပဲ ပြောပြနိုင်ပါတယ်။ အရှင်ငယ် နတ်ဘုရားအဆင့်ကို မတက်လှမ်းနိုင်သေးသ၍ ကျုပ်က ကိစ္စတွေအများကြီး ပြောပြလို့ မရပါဘူး။ ဒါပေမဲ့ တစ်ခုတော့ ပြောပြနိုင်ပါတယ်။ အရှင်ငယ်ရဲ့ အမေက အရမ်းဩဇာအာဏာကြီးတဲ့ မိသားစုတစ်ခုကပါ။ သူ ဒီဘုံကို ဆင်းလာခဲ့တာက လက်ထပ်ပွဲတစ်ခုကနေ ထွက်ပြေးဖို့ပါ။ အဲ့မှာ အရှင်ငယ်ရဲ့ အဖေနဲ့ တွေ့ခဲ့ပြီး အရှင်ငယ့်ကို ရခဲ့တာပါ...”
“နောက်တော့ အရှင်ငယ့်အမေရဲ့ မိသားစုက အဲ့ကိစ္စတွေ အကုန်လုံးကို သိသွားခဲ့ပါတယ်။ အတိတ်တုန်းက ကောင်းကင်ကြယ်တာရာနယ်နမိတ်က သူ့မိသားစုကြောင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပါတယ်။ အရှင်ငယ့်အမေက သူတို့နဲ့ ပြန်လိုက်သွားဖို့ သဘောတူခဲ့လို့ သူတို့က ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ချမ်းသာပေးခဲ့တာပါ။ ဒါပေမဲ့ အရှင်ငယ့်အမေက တန်ကြေးကြီးကြီးတစ်ခု ပေးခဲ့ရပါတယ်။ သူက အခု အဖမ်းခံထားရပါတယ်။ အရှင်ငယ့်အမေရဲ့ မိသားစုစည်းမျဉ်းတွေအရ သူ့ကို တော်ဝင်တောင်တစ်လုံးနဲ့ နှစ်တစ်ထောင် ဖိထားမှာပါ”
“ဗျာ...”
ကျန်းရီ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာပျက်သွားသည်။ သူ့အမေက တော်ဝင်တောင်တစ်လုံး၏ ဖိနှိပ်မှုကို ခံထားရသည်လော။ ထိုအပြစ်ဒဏ်ကို နှစ်တစ်ထောင်ကြာ ခံရမည်လော။ သူမ ထွက်သွားခဲ့သည်မှာ နှစ်နှစ်ဆယ်ကျော် ရှိပေပြီ။ သို့ဆိုလျှင် သူမက နှစ်နှစ်ဆယ်ကျော်လုံးလုံး တောင်တစ်လုံး၏ ဖိနှိပ်မှုကို ခံနေခဲ့ရသည်လော။
***