လိုက်ဖက်သော သားအဖ
Vol. 90 Ch. 1248
ကျန်းရီ၏ အတွေးထဲတွင် ပုံရိပ်တစ်ခုနှင့် ပြည့်နှက်လာသည်။ လောကတစ်ခုတွင်၊ ဆန်းကြယ်သောဘုံတစ်ခုတွင် ရီဖျောင်ဖျောင်က တောင်တစ်လုံး၏ ဖိနှိပ်မှုကို အရှင်လတ်လတ် ခံနေရသည်။ သူမသည် ဖိအားကို တစ်ယောက်တည်း တောင့်ခံနေရပြီး အချိန်ပြည့် လှောင်ပြောင်ခံနေရသည်။
ရီဖျောင်ဖျောင်သည် စွမ်းအင်ဆေးလုံးများဖြင့်သာ အသက်ဆက်နေရသည်။ သူမ၏ ဆံပင်များက ရှုပ်ပွနေသည်။ သူမ၏ မျက်နှာထားက မျှော်လင့်ချက်မဲ့နေသည်။ သူမ၏ မျက်ဝန်းများထဲတွင် မျက်ရည်များနှင့် ပြည့်နေသည်။ အသက်လည်း ကင်းမဲ့နေသည်။ သူမကို ရှင်သန်နေစေသည့် တစ်ခုတည်းသောအရာမှာ အလွန်ဝေးသော ကောင်းကင်ကြယ်တာရာနယ်နမိတ်ရှိ သူမ၏ သားငယ်လေးသာဖြစ်သည်။
“သားလေး... အမေ့ကို လိုက်ရှာဖို့ မကြိုးစားပါနဲ့။ အမေ ဘယ်ကိုသွားတယ်ဆိုတာကိုလည်း သိရဖို့ မကြိုးစားပါနဲ့။ သားရဲ့ အဖေတောင် အမေ ဘယ်ကလာခဲ့လဲဆိုတာကို မသိပါဘူး။ သား ဒီသစ်သားရုပ်တုကို မြင်ရရင် အမေ ပြန်ရောက်မလာသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ အမေ့ကို ယုံပါ... သားကို ပြန်လာရှာနိုင်ဖို့ အမေ အကောင်းဆုံး ကြိုးစားမှာပါ...”
“သားလေး... အမေတို့ ဒီဘဝမှာ တစ်ယောက်ကိုတစ်ယောက် ထပ်မတွေ့ရခဲ့ရင် ဝမ်းမနည်းပါနဲ့။ အဲ့ဒါက ကောင်းကင်က အမေတို့ကို ပေးထားတဲ့ ကံကြမ္မာပဲ။ ပြီးတော့... သားရဲ့ အဖေကိုလည်း အပြစ်မတင်ပါနဲ့။ အရင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေက အမေက အရမ်းစိတ်ကြီးခဲ့လို့ပါ။ ဖြစ်နိုင်ရင် သားကို သားရဲ့အဖေကို အသိအမှတ်ပြုစေချင်တယ်။ သူက သားရဲ့ အဖေအရင်းပဲ မဟုတ်လား။ နောက်ဆုံးအနေနဲ့ သား ကျန်းမာပါစေလို့ အမေ မျှော်လင့်ပါတယ်။ အမေက သားကို အမြဲ ချစ်နေမှာ၊ လွမ်းနေမှာ၊ သားအကြောင်းကို အမြဲတွေးနေမှာပါ...”
ကျန်းရီသည် ရီဖျောင်ဖျောင်၏ အသံကို ပြန်ကြားယောင်လာသည်။ သူ့ရင်ထဲတွင် နာကျင်မှုများ ပြည့်နှက်လာလေသည်။
ထိုအခိုက်တွင် ကျန်းရီသည် ရီဖျောင်ဖျောင် ထွက်သွားခဲ့စဉ်က မည်သို့ ခံစားခဲ့ရကြောင်း အပြည့်အဝ နားလည်လာသည်။ နောက်ဆုံးတွင် သူမက မည်သို့သော အခက်အခဲမျိုးနှင့် ရင်ဆိုင်ခဲ့ရကြောင်း သူ သိသွားပြီဖြစ်သည်။ ရီဖျောင်ဖျောင်၏ မိသားစုက ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ဖျက်ဆီးနေခဲ့သည်ဟု ရွှမ်ဧရာဇ်က ပြောသည်။ သို့ဖြစ်ရာ သူမ၏ မိသားစုက မည်မျှ အင်အားကြီးသည်ကို တွေးကြည့်၍သာ ရပေသည်။ သူမသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ လူများနှင့် သူမတို့ ဇနီးမောင်နှံ၏ သားလေးအတွက် သူမ၏ မိသားစုမျိုးနွယ်နှင့်အတူ ပြန်လိုက်သွားရန် ရွေးချယ်ခဲ့သည်။ လှောင်ပြောင်သရော်မှုများနှင့် အပြစ်ပေးမှုကို ခံယူခဲ့သည်။ သူမသည် တော်ဝင်တောင်ကြီး၏ အောက်တွင် အထီးကျန်အတွေးများနှင့် အသက်ဆက်နေရသည်။
နှစ်တစ်ထောင်...
ရီဖျောင်ဖျောင်၏ သက်တမ်းက မည်မျှရှိသည်မှာ အရေးမပါပေ။ သူမက နှစ်တစ်ထောင်ကျော် ရှင်သန်နိုင်လျှင်ပင် ကျန်းရီက ရှင်သန်နိုင်လောက်မည် မဟုတ်ချေ။ နှစ်တစ်ထောင်ပြည့်သည်အထိ ကျန်းရီက ရှင်သန်နေလျှင်လည်း ထိုအချိန်တွင် အဘိုးကြီးတစ်ယောက် ဖြစ်နေကာ လမ်းပင် ကောင်းကောင်းမလျှောက်နိုင်လောက်တော့ချေ။ ရီဖျောင်ဖျောင်က သူ့ကို လာရှာလျှင် သူမ၏သားက အဘိုးကြီးဖြစ်နေသည်ကိုသာ တွေ့ရပေလိမ့်မည်။ ထိုအခါ သူမ မည်သို့ ခံစားရမည်နည်း။
နှစ်နှစ်ဆယ်ကျော် ကြာခဲ့ပြီဖြစ်သည်။ တစ်နည်းဆိုရလျှင် ရီဖျောင်ဖျောင်က တောင်နှင့်ဖိထားခံခဲ့ရသည်မှာ နှစ်နှစ်ဆယ်ကျော်သွားပေပြီ။ ထိုနှစ်နှစ်ဆယ်အတွင်း သူမ၏သားက သူမအတွေးထဲမှ တစ်ခါပင် ထွက်မသွားဖူးလောက်ပေ။ သူမသည် ယခုဆိုလျှင် သူမ၏သားက အတော်လေးအရွယ်ရောက်နေလောက်ပြီဟု တွေးနေလောက်သည်။ သူက မည်သည့်ပုံစံရှိသနည်း။ မည်သို့သော ဘဝမျိုးတွင် နေထိုင်နေပါသနည်း။
“အမေ...”
ကျန်းရီသည် ထိုအကြောင်းများကို တွေးရုံဖြင့်ပင် မျက်ရည်များ စီးကျလာသည်။ မိဘကျေးဇူးကို ဆပ်ချင်သော်လည်း အမိနှင့်အဖက အနားတွင် မရှိသော ကလေးတစ်ယောက်၏ဘဝမှာ နာကျင်ဖွယ်ပင်။ သို့သော် ကျန်းရီ၏ အဖြစ်က ထိုထက်ပိုဆိုးသည်။ သူ့အမေက ထိုအခိုက်တွင်ပင် ဒုက္ခခံနေရကြောင်း သူ သိသည်။ သို့သော် သူ မည်သို့မှ မလုပ်နိုင်ပေ။ သူမ၏ နာကျင်မှုများကို ဖြေလျှော့ပေးရန် သို့မဟုတ် သူမ၏ ဝန်ထုပ်ဝန်ပိုးကို မျှဝေယူရန် သူ မတတ်နိုင်ပေ။ သူသည် သူမကို တွေ့ပင်မတွေ့နိုင်ပါချေ။
ထိုအခိုက်တွင်...
ကျန်းရီသည် အဘယ်ကြောင့် ရီဖျောင်ဖျောင်နှင့် ရွှမ်ဧကရာဇ်တို့က ထိုအကြောင်းများကို သူ့အား စောစောမပြောခဲ့ခြင်းဖြစ်ကြောင်း နားလည်သွားသည်။ အဘယ်ကြောင့် ရွှမ်ဧကရာဇ်က သူ့ကို မတွေ့လိုခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သဘောပေါက်သွားသည်။ သူက ဗာဂျရာအဆင့် သို့မဟုတ် ကောင်းကင်ဧကရာဇ်အဆင့်တွင်သာ ရှိနေသေးလျှင် သူနှင့်တွေ့သော်လည်း မည်သည့်အဓိပ္ပာယ်မှ ရှိမည်မဟုတ်ပေ။ ထိုအကြောင်းများကို သိသွားလျှင် သူ ပို၍နာကျင်ရမည်သာ ရှိမည်။ သူ ပို၍ စိတ်ဓာတ်ကျလာကာ မချိတင်ကဲ ခံစားလာရပေလိမ့်မည်။
“အရှင်ငယ်”
ရွှမ်ဧကရာဇ်က သက်ပြင်းလေးလေး ချလိုက်၏။
“အခု အရှင်ငယ် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်သင့်ပါဘူး။ အခြေအနေကို ပြောင်းလဲဖို့ အရှင်ငယ် ဘာမှ မလုပ်နိုင်ပါဘူး။ အရှင်ငယ်အနေနဲ့ ပိုပြီး သန်မာလာအောင် လုပ်ဖို့ကိုပဲ အာရုံစိုက်ထားသင့်ပါတယ်။ အဲ့ဒါမှ အရှင်ငယ်က ဝူရှန်းနဲ့ ရှင်းမိုကို သတ်နိုင်မှာပါ။ အရှင်ငယ်က အသက်နှစ်ဆယ်ကျော်နဲ့ နတ်ဘုရားတစ်ပိုင်း ဖြစ်နေပါပြီ။ အရှင်ငယ်ရဲ့ တိုက်ခိုက်စွမ်းအားက ကြယ်ကိုးပွင့်အဆင့်မှာ ရှိနေလောက်ပြီ။ အရှင်ငယ် နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ဖို့က ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ အရင်ဆုံးတော့ ကောင်းကင်ကြယ်တာရာနယ်နမိတ်က လူသားတွေကို ကာကွယ်ပေးရပါမယ်။ မဟုတ်ရင် အရှင်ငယ်က ဆန်းကြယ်ဧကရာဇ်ကို စိတ်ပျက်စေပြီး၊ အရှင်ငယ့်အမေရဲ့ စွန့်လွှတ်အနစ်နာခံခဲ့မှုတွေကို အလကားဖြစ်သွားစေပါလိမ့်မယ်။ အရှင်ငယ် နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် ကျုပ် အရှင်ငယ်ကို အတိတ်ကအကြောင်းတွေ ထပ်ပြောပြပါမယ်”
“အွန်း...”
ကျန်းရီ အလေးအနက် ခေါင်းညိတ်လိုက်ပြီး ရင်ထဲမှ ခံစားမှုများကို ဖိနှိပ်ထားရန် ကြိုးစားလိုက်သည်။ သူသည် အတွေးမလွန်စေရန် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။ ယခုအချိန်တွင် အတွေးလွန်ခြင်းက မည်သည့်အကျိုးမှ မရှိပေ။ သူ နတ်ဘုရားအဆင့်ကို မတက်လှမ်းနိုင်လျှင် ထိုင်ငိုနေရုံသာရှိသည်။ ထိုင်ငိုနေခြင်းက ရီဖျောင်ဖျောင်ကို လွတ်မြောက်စေမည်မဟုတ်ပေ။ ကျန်းရီသည် သူ့ပါးထက်မှ မျက်ရည်စများကို သုတ်လိုက်ပြီး ထရပ်လိုက်သည်။
“ရွှမ်ဧကရာဇ်... အားပြန်ဖြည့်ဖို့ပဲ အာရုံစိုက်ထားပါ။ ပြီးတော့ ကျွန်တော့်ကို အရှင်ငယ်လို့ မခေါ်ပါနဲ့တော့။ ကျန်းရီလို့ပဲ ခေါ်ပါ”
ရွှမ်ဧကရာဇ်သည် အခန်းအပြင်သို့ ပြန်ထွက်သွားသော ကျန်းရီကို ကျေနပ်အားရသော မျက်နှာထားဖြင့် ကြည့်ကာ ခေါင်းတဆတ်ဆတ်ညိတ်၍ ရေရွတ်လိုက်သည်။
“အရှင်မရဲ့ သားက တကယ့်ကို ထူးကဲတာပဲ။ သူက ပြတ်သားတယ်။ ကျုပ်တို့ အဘိုးကြီးတွေ အရှက်ရရပါပြီ။ နဂါးအစစ်အမှန်က ကောင်းကင်ကိုးဘုံအထက်ကို တက်နိုင်လိမ့်မယ်။ အင်း... သူ ရှင်းမိုနဲ့ ဝူရှန်းကို အနိုင်ယူနိုင်မလား”
***
ဗုဒ္ဓဧကရာဇ်တို့က ဒဏ်ရာများ သက်သာနေပြီဖြစ်သော်လည်း သူတို့၏ခန္ဓာကိုယ်များထဲတွင် အဆောင်အဆိပ် ရှိနေပေသေးသည်။ လက်ရှိတွင် သူတို့သည် အတွင်းအားကို သုံး၍ ထိုအဆိပ်ကို ဖိနှိပ်ထားရသည်။
“အဆောင်အဆိပ်...”
ကျန်းရီသည် စုလောရွှယ်၏ စိတ်ဝိညာဉ်ထဲရှိ အဆောင်အဆိပ်ကို တွေးမိလိုက်၍ ဗုဒ္ဓဧကရာဇ်တို့ထံ ပြန်သွားကာ မေးမြန်းလိုက်သည်။
“အဆောင်အဆိပ်က အဲ့လောက်ပြင်းထန်တယ်လား။ ဧကရာဇ်တို့ထဲက ဘယ်သူမှ အဲ့အဆိပ်ကို မဖြေနိုင်ဘူးလား”
“ဖြေနိုင်ပါတယ်...”
ဗုဒ္ဓဧကရာဇ်က ပြန်ဖြေသည်။
“ဒါပေမဲ့ အဲ့အဆိပ်ကို ဖြေနိုင်ဖို့ ဆေးတွေ ဖော်စပ်ပြီး စမ်းသပ်ကြည့်ရမယ်။ အခု ငါ့မှာ ဆေးပင်တွေ ရှိမနေဘူး။ ဖြေဆေးကို ရှာနိုင်ဖို့ ဗုဒ္ဓဧကရာဇ်မြို့ကို ပြန်သွားဖို့ လိုတယ်။ ငါတို့ရဲ့ ရှေးဟောင်းနတ်ဘုရားလက်စွပ်တွေကို ရှင်းမိုက သိမ်းသွားတယ်”
“တကယ်လား”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။
“ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်ကလည်း စိတ်ဝိညာဉ်မှာ အဆောင်အဆိပ်မိနေပါတယ်။ သူ အဆိပ်မိနေခဲ့တာကတော့ ကြာပါပြီ။ အခု အဆိပ်က ပျံ့နှံ့နေပြီ။ ဖြေဆေးက သူ့အတွက်ရော အလုပ်ဖြစ်လောက်လား”
“အဲ့ဒါက...”
ဗုဒ္ဓဧကရာဇ်သည် တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။
“ငါလည်း မသေချာဘူး။ ငါတို့ရဲ့ အဆိပ်က မပြင်းထန်လို့ အခုလောလောဆယ် အဆိပ်ကို ဖိနှိပ်ထားနိုင်သေးတာ။ မင်းမိတ်ဆွေရဲ့ အခြေအနေကိုတော့ ငါ သူ့ကို စမ်းသပ်ကြည့်ပြီးမှ ပြောနိုင်မယ်။ ဒါပေမဲ့ ဖြေရှင်းနည်းတစ်ခုတော့ ရှိလိမ့်မယ်ဆိုတာ ငါ သေချာပြောနိုင်ပါတယ်။ မင်း မစိုးရိမ်ပါနဲ့”
“ဟုတ်..ဟုတ်...”
ကျန်းရီက ခေါင်းညိတ်ကာ ဆက်မေးသည်။
“အဲ့အဆောင်အဆိပ်မှာ ထူးခြားတဲ့ အာနိသင်ရှိပါသလား။ အဲ့ဒါက ဧကရာဇ်တို့ရဲ့ စွမ်းအားအပေါ် သက်ရောက်ပါသလား”
“သက်ရောက်တယ်...”
ယဉ်ဧကရာဇ်က မျက်လုံးပင့်ကာ စိတ်မပါဟန်ဖြင့် ပြောလိုက်သည်။
“ငါတို့ရဲ့ စွမ်းအားကို ထုတ်သုံးရင် အဆိပ်က ခန္ဓာကိုယ်ထဲမှာ ပိုပြီးပျံ့နှံ့သွားလိမ့်မယ်။ အဲ့ကျ ငါတို့ရဲ့ တိုက်ခိုက်စွမ်းအား လျှော့ကျသွားလိမ့်မယ်။ အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းလောက် လျှော့ကျသွားမယ်”
ရွှီး...
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ထုတ်၍ ဗုဒ္ဓအင်ပါယာတို့ကို အပြင်သို့ တည်နေရာပြောင်းရွှေ့ပေးလိုက်သည်။ သူတို့သည် အခန်းအောင်း ကျင့်ကြံနေရာမှ ရုတ်တရက် အပြင်သို့ ရောက်သွားသောအခါ လန့်သွားကြပြီး နားမလည်နိုင်ဟန်ဖြင့် ဟိုကြည့်ဒီကြည့် ကြည့်လိုက်ကြသည်။ နောက်ဆုံးမှ ယဉ်အင်ပါယာက ကျန်းရီကို ဝမ်းသာအားရ ကြည့်၍ ပြောသည်။
“ကျန်းရီ... ငါတို့ လုံခြုံသွားပြီလား”
“ဟုတ်ပါတယ်... လုံခြုံသွားပါပြီ”
ကျန်းရီက ပြန်ဖြေသည်။ ထို့နောက် သူသည် အင်ပါယာများကို မေးလိုက်သည်။
“အင်ပါယာတို့ရော အဆိပ်မိခဲ့သေးလား”
“အွန်း...”
ယဉ်အင်ပါယာက ခါးသက်သက် ပြုံးလိုက်၏။
“အဆိပ်ကြောင့် ငါတို့ရဲ့ အတွင်းအားတွေ လျော့ကျလာတာကို ခံစားရတယ်။ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ထဲမှာ အဆောင်အဆိပ်ပမာဏ ဘယ်လောက်ရှိနေလဲဆိုတာကို မသိဘူး။ ငါ အဆိပ်ကို ဖိနှိပ်ထားပေမယ့် ငါ့ရဲ့ တိုက်ခိုက်စွမ်းအားက ငါးဆယ်ရာခိုင်နှုန်းပဲ ကျန်တော့တယ်”
“ကဲပါ... အဲ့အကြောင်းတွေကို အခုလောလောဆယ် မပြောကြရအောင်”
ဗုဒ္ဓအင်ပါယာက ရုတ်တရက် စကားဝင်ဖြတ်လိုက်သည်။ ထို့နောက် လေးလံသော လေသံဖြင့် ဆက်ပြောသည်။
“ကျန်းရီ... ငါတို့ကို အရေးစိုက်မနေပါနဲ့။ ငါတို့ သေမှာ မဟုတ်ပါဘူး။ အခု အရေးအကြီးဆုံးက မင်းရဲ့ စွမ်းအားပဲ။ မင်း ပိုသန်မာလာဖို့ လိုတယ်။ အဲ့ဒါမှ မင်း ငါတို့ကို အပြင်လောကဆီ ဘေးကင်းကင်းနဲ့ ပြန်ခေါ်သွားနိုင်မှာ။ ငါတို့ ဒီကနေ ပြန်မထွက်နိုင်ရင် အပြင်လောက,က သွားပြီပဲ”
“ဟုတ်ကဲ့ပါ”
ကျန်းရီသည် အခြေအနေက အရေးကြီးနေကြောင်းကို သိသည်။ သူ လှည့်ကြည့်ကာ ပြောလိုက်သည်။
“ဒီတစ်လ၊ နှစ်လအတွင်း အဆင့်တက်နိုင်ဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ။ ပြီးတော့ ရှင်းမိုရဲ့ နတ်ဘုရားအသုံးအဆောင် ဒိုင်းတံဆိပ်ပြားကိုလည်း သန့်စင်ပါမယ်။ တော်ဝင်သားရဲတွေရဲ့ သွေးကိုလည်း သောက်မယ်။ အဲ့ဒါတွေအကုန် လုပ်ပြီးသွားရင် ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းရဲ့ ဥက္ကာပျံ သတ်ဖြတ်အစီအရင်ကို ခံနိုင်လောက်ပါတယ်”
“အဲ့လောက်နဲ့ မလုံလောက်သေးဘူး”
ဗုဒ္ဓဧကရာဇ်က လက်ဝှေ့ယမ်းလိုက်၏။
“မင်း တစ်ခုလုပ်ဖို့ လိုသေးတယ်။ ငါ မှန်းတာ မမှားဘူးဆိုရင် မင်း အဲ့ဒါကို လုပ်ပြီးသွားတာနဲ့ မင်းရဲ့ခန္ဓာကိုယ်က အနည်းဆုံး နှစ်ဆလောက် ပိုသန်မာလာမှာပဲ။ ပြီးမှ တော်ဝင်သားရဲတွေရဲ့ သွေးကို ဆက်သောက်လိုက်ရင် မင်း သူတော်စင်အင်ပါယာလောက် သန်မာလာလောက်တယ်”
“ဘာလုပ်ရမှာပါလဲ”
ယခုတွင် ကျန်းရီ စိတ်ဝင်စားနေပေပြီ။ သူက သူတော်စင်အင်ပါယာလောက် သန်မာလာနိုင်ပြီး ဆန်းကြယ်နတ်ဘုရားချပ်ဝတ်၊ ဒိုင်းတံဆိပ်ပြားတို့နှင့် ပေါင်းလိုက်ပါက ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းကို ဖြတ်ကျော်နိုင်မည့် အခွင့်အရေးက ပိုများလာပေလိမ့်မည်။
ဗုဒ္ဓဧကရာဇ်က ရယ်ကာ ပြောသည်။
“မင်း ချန်အာလေးနဲ့ အတူနေဖို့ လိုတာ။ ချန်အာလေးမှာ ကောင်းကင်မိုးကြိုးခန္ဓာရှိတယ်။ အဲ့ဝိညာဉ်ခန္ဓာက စွမ်းအားအကြီးဆုံးခန္ဓာတွေထဲက တစ်ခုပဲ။ သူက ထိပ်တန်းသခင်မမျိုးနွယ်ဆယ်ခုလောက် အစွမ်းထက်တယ်။ ဒါပေမဲ့... အဲ့ဒါက မင်းကို ဘယ်လောက်အကျိုးရှိစေမယ်ဆိုတာကတော့ မင်းရဲ့ ကံအပေါ်မှာပဲ မူတည်တယ်”
“အာ...”
ကျန်းရီ အိုးတိုးအန်းတန်းဖြစ်သွားပြီး နေရထိုင်ရခက်သွားသည်။ ဗုဒ္ဓဧကရာဇ်နှင့် ဗုဒ္ဓအင်ပါယာတို့ သားအဖက လိုက်ဖက်ပါပေသည်။ နှစ်ယောက်စလုံးက လူထူးဆန်းများဖြစ်သည်။ သူတို့သည် သူတို့၏ မြေးမနှင့်သမီး၏ အိမ်ထောင်မှုကိစ္စအကြောင်းကို ဤမျှ လူအများကြီးရှေ့တွင် အဘယ်သို့ ပြောနိုင်ရသနည်း။ ထို့ပြင် သူတို့ပြောနေသည့်ဟန်ပန်က ပေါ့ပေါ့ပါးပါးနှင့်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကျန်းရီသည် ထိုအကြောင်းကို တွေးမိသောအခါ အတော်လေး စိတ်လှုပ်ရှားလာသည်။ သူသည် ဗုဒ္ဓဧကရာဇ်ပြောသည့်အတိုင်း ရီချန်နှင့်အတူနေလိုက်ရမည်လော။
***