← Chapters

အထက်ဘုံမှ ဆန်းကြယ်စွမ်းရည်

Vol. 90 Ch. 1249

အထက်ဘုံမှ ဆန်းကြယ်စွမ်းရည်

Vol. 90 Ch. 1249

ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရဲတိုက်အပြင်ရှိ မြို့ရင်ပြင်ထဲတွင် ထားလိုက်သည်။ ဤနေရာမှ မိုးမြေအတွင်းအားက အပြင်ကထက် ဆယ်ဆလောက် ပိုသိပ်သည်းသည်။ ၎င်းကို ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အဆတစ်ထောင်နှုန်း၊ နဂါးညှိုးရော်မြက်ပင်ကြောင့် ပြောင်းလဲထားသော ခန္ဓာကိုယ်တို့နှင့် ပေါင်းလိုက်သောအခါ ကျန်းရီသည် အဆတစ်သိန်းလောက် ပိုမြန်စွာ တိုးတက်နေပေသည်။

ထိုနှုန်းက မည်မျှ မြန်သနည်း။

ထိုအခြေအနေများအောက်တွင် တစ်နှစ်ကြာ ကျင့်ကြံခြင်းက သာမန်သိုင်းသမားတစ်ယောက် နှစ်တစ်သိန်းကြာ ကျင့်ကြံခြင်းနှင့် ညီသည်။ ယင်းမှာ အလွန်မြန်သော နှုန်းပင်။ တိုက်ပွဲဧကရာဇ်၏ မျိုးနွယ်ဝင်များပင် သူ၏ တိုးတက်နှုန်းကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။ ဆန်းကြယ်ဧကရာဇ်မြို့ထဲတွင် ကျင့်ကြံခြင်းက လူတစ်ယောက်၏ ကျင့်ကြံနှုန်းကို ဆယ်ဆပိုမြန်စေသည်။ ၎င်းကို သူတို့တွင်ရှိသော အဆတစ်ထောင် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများနှင့် ပေါင်းလိုက်သောအခါ တိုက်ပွဲဧကရာဇ်၏ မျိုးနွယ်ဝင်များသည် အဆတစ်သောင်း ပိုမြန်စွာ ကျင့်ကြံနိုင်ကြသည်။ ယခုတွင် ကျန်းရီ၏ ကျင့်ကြံနှုန်းက သူတို့ထက် ဆယ်ဆပိုမြန်နေပေသည်။

ပုံမှန်ဆိုလျှင် ကျန်းရီသည် သူ၏ သတ္တမမြောက်ကြယ်စက်လုံးကို အတွင်းအား ဖြည့်နိုင်ရန် နှစ်နှစ်လောက် ကျင့်ကြံရမည်ဖြစ်သည်။ သို့သော် သူက ဤဆန်းကြယ်နယ်မြေထဲတွင် ရှိနေသဖြင့် လပိုင်းလောက်သာ ကျင့်ကြံရန် လိုတော့သည်။ ထို့ပြင် သူသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင်လည်း အချိန်တစ်ခုအထိ ကျင့်ကြံခဲ့ပြီးဖြစ်၍ နှစ်လ၊ သုံးလလောက်သာ ထပ်ကျင့်ကြံရတော့မည်ဖြစ်သည်။

သတ္တမမြောက် ကြယ်စက်လုံး၏ ပြောင်းလဲမှုက ကျန်းရီ၏ စွမ်းအားကို များစွာ တိုးတက်စေမည် မဟုတ်ပေ။ သို့သော် နတ်ဘုရားဇီဝိန်ခြွေက သေချာပေါက် ပိုအစွမ်းထက်လာပေလိမ့်မည်။ သူ၏ အမြန်နှုန်းနှင့် အခြားစွမ်းရည်များကလည်း အနည်းငယ် တိုးတက်လာမည်ဖြစ်သည်။ ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ဝင်ပြီးနောက် ရီချန်ကို သွားမရှာလိုက်ပေ။ ဗုဒ္ဓဧကရာဇ်နှင့် ဗုဒ္ဓအင်ပါယာတို့က ရီချန်ကို သွားရှာရန် ပြောခဲ့သော်လည်း လက်မထပ်ရသေးဘဲ အတူနေခြင်းက ရီချန်အပေါ် မလေးစားရာကြသည်ဟု ကျန်းရီ ထင်သည်။ သူ ယဉ်ရို့ပင်းနှင့် လက်မထပ်ရသေးဘဲ အတူနေခဲ့ခြင်းမှာမူ ထိုစဉ်က ရွေးချယ်စရာ မရှိခဲ့၍ ဖြစ်သည်။

ကျန်းရီသည် အရင်ဆုံး အစွမ်းကုန်ကြိုးစား၍ ကျင့်ကြံကာ သူ့အစွမ်းနှင့်သူ အဆင့်တက်နိုင်မည်၊ မတက်နိုင်မည်ကို စမ်းကြည့်လိုသေးသည်။ ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းကို ဖြတ်ကျော်နိုင်လိမ့်မည်ဟု သူ ယုံကြည်မှုရှိလာသည်နှင့် အပြင်လောကကို ပြန်ထွက်ကာ ရှင်းမိုနှင့် မြောက်ဘက်ဧကရာဇ်တို့ကို သတ်ပစ်မည်ဖြစ်သည်။ ထို့နောက်တွင် သူသည် ယဉ်ရို့ပင်း၊ ရီချန်နှင့် စုလောရွှယ်တို့ကို တခမ်းတနား လက်ထပ်ယူမည်ဖြစ်သည်။ လက်ထပ်ပြီးကာမှ သူတို့နှင့် အတူနေရပေမည်။

ကျန်းရှောင်နူက အနားယူနေသေးပြီး၊ ရှောင်ဖေးက အိပ်နေသေးသည်။ ယဉ်ရို့ပင်းနှင့် ရီချန်တို့ကလည်း အခန်းအောင်း ကျင့်ကြံနေဆဲပင်။ ကျန်းရီသည် သူမတို့ကို မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်ပြီး သူ့ကိုယ်အခန်းသို့ သွားကာ အခန်းအောင်း၍ ကျင့်ကြံလိုက်လေသည်။

ထို့နောက် ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကာအရံအစီအရင်များက လင်းလက်လာ၏။ ၎င်းက မိုးမြေအတွင်းအားကို စတင် စုပ်ယူနေပေပြီ။ ဤနယ်မြေရှိ မိုးမြေအတွင်းအားက သိပ်သည်းသဖြင့် ဆန်းကြယ်နတ်ဘုရားနန်းတော်သည်လည်း ၎င်း၏စွမ်းအင်ကို ပြန်ဖြည့်နိုင်ပေသည်။ ကျန်းရီသည် ရွှေအိုရောင် ဒိုင်းတံဆိပ်ပြားကို ထုတ်၍ ခေတ္တမျှ လေ့လာကြည့်လိုက်သည်။ ထိုအခါမှ ဒိုင်းတံဆိပ်ပြားပေါ်တွင် စာလုံးများ ရေးထိုးထားသည်ကို တွေ့လိုက်သည်။

ထောင်ဧကရာဇ်...

“ထောင်ဧကရာဇ်ဒိုင်းလား”

ကျန်းရီ မျက်မှောင်ကြုတ်လိုက်၏။ ထိုပုဂ္ဂိုလ်က ဧကရာဇ်ဘွဲ့ကို ရခဲ့သဖြင့် အရေးပါသူတစ်ယောက် ဖြစ်လောက်သည်။ သို့သော် ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် ထောင်ဧကရာဇ်ဆိုသောသူ မရှိပေ။ ကောင်းကင်တမလွန်ဂိုဏ်းချုပ်ကလည်း ထိုပုဂ္ဂိုလ်ကို တစ်ခါမှ မကြားဖူးခဲ့ချေ။ ထိုအခိုက်တွင် ကျန်းရီသည် ထိုလူက မည်သူဖြစ်ကြောင်း စိတ်ဝင်စားနေသည်။

‘ထားလိုက်‌တော့ကွာ... အရင်ဆုံး သန့်စင်တာပေါ့’

ကျန်းရီသည် ဒိုင်းအတွင်းသို့ အတွင်းအား သွင်းလိုက်ပြီး တစ်နာရီကြာ သန့်စင်လိုက်သည်။ သို့သော် မည်သည့် ပြောင်းလဲမှု အရိပ်လက္ခဏာမှ ထွက်ပေါ်မလာပေ။ ထိုနတ်ဘုရားအသုံးအဆောင်ဒိုင်းကို သန့်စင်ရန် မဖြစ်နိုင်ချေ။

ကျန်းရီသည် မျက်လုံး ပြန်ဖွင့်၍ အတော်ကြာ အလေးအနက် တွေးတောလိုက်သည်။ ထို့နောက် သူ့ခေါင်းသူ ရိုက်ကာ ရေရွတ်လိုက်၏။

“ရှင်းမိုရဲ့ ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရပေမယ့် သူ့ရဲ့ စိတ်ဝိညာဉ်ကမှ ပျက်စီးမသွားသေးတာ။ ဒီဒိုင်းပေါ်မှာ သူ့ရဲ့ စိတ်ဝိညာဉ်အမှတ်အသား ကျန်နေဦးမှာပဲ။ အဲ့တော့ ငါက အဲ့ဒါကို ဘယ်လိုလုပ် သန့်စင်နိုင်မှာလဲ”

ကျန်းရီသည် အပြင်သို့ လျင်မြန်စွာ တည်နေရာပြောင်းရွှေ့၍ ဗုဒ္ဓဧကရာဇ်တို့ကို သွားရှာလိုက်သည်။ သူတို့ထံတွင် ဖြေရှင်းနည်းတစ်ခု ရှိလောက်သည်။ ထိုနတ်ဘုရားအသုံးအဆောင်ဒိုင်းကို သုံး၍မရလျှင် ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းကို ဖြတ်ကျော်နိုင်မည့် အခွင့်အရေးက သိသိသာသာ လျော့ကျသွားပေလိမ့်မည်။

ဗုဒ္ဓဧကရာဇ်တို့သည်လည်း ထိုအကြောင်းကို မတွေးမိခဲ့ကြပေ။ ယခု ကျန်းရီ လာပြောမှ သူတို့ စတင် ဆွေးနွေးကြရသည်။ နောက်ဆုံးတွင် သူတို့ စိတ်ပျက်စွာ ပြောလိုက်သည်။

“နည်းလမ်းမရှိဘူး။ စိတ်ဝိညာဉ်က ရှင်သန်နေသေးရင် စိတ်ဝိညာဉ်အမှတ်အသားက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ဒီဒိုင်းပေါ်က စိတ်ဝိညာည်အမှတ်အသားက တခြားတစ်ယောက်ရဲ့ဟာဆိုရင် အဲ့ဒါကို အတင်းဖယ်ပစ်ဖို့ မခက်လောက်ဘူး။ ဒါပေမဲ့ ရှင်းမိုရဲ့ စိတ်ဝိညာဉ်က အရမ်းသန်မာလွန်းတယ်...”

“နှမြောစရာပဲ”

ကျန်းရီ သက်ပြင်းချလိုက်သည်။ ထို့နောက် သူ ပြန်ထွက်သွားရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုအခိုက်တွင် ရွှမ်ဧကရာဇ်က ထပြောသည်။

“ကျုပ် ကြည့်ကြည့်ပါရစေ။ သူ့ရဲ့ စိတ်ဝိညာဉ်အမှတ်အသားကို ကျုပ် ဖျက်ပစ်နိုင်လောက်တယ်”

ရွှီး...

အားလုံး၏ မျက်ဝန်းများ အရောင်တောက်သွားသည်။ ကျန်းရီသည် ရွှမ်ဧကရာဇ်ထံ လျှောက်သွားလိုက်ပြီး ရွှေအိုရောင် ဒိုင်းတံဆိပ်ပြားကို ပေးလိုက်သည်။ ညဧကရီနှင့် ယဉ်ဧကရာဇ်တို့၏ မျက်ဝန်းများက မီးတဝင်းဝင်း တောက်နေပေသည်။ ထိုဒိုင်းတံဆိပ်ပြားက နတ်ဘုရားအသုံးအဆောင်တစ်ခု ဖြစ်သည်။ သို့သော် ကျန်းရီကြောင့်သာ မဟုတ်လျှင် သူတို့ အသက်ရှင်နေတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် အားကျမှုသာ ဖြစ်ကြသည်။ ရှင်းမို၏ ရုပ်ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့သူမှာ သူတော်စင်အင်ပါယာဖြစ်သည်။ သို့သော် သူတော်စင်အင်ပါယာက ထိုနတ်ဘုရားအသုံးအဆောင်ကို မလိုချင်သဖြင့် ၎င်းကို ကျန်းရီကသာ ရမည်ဖြစ်သည်။

ကျန်းရီကလည်း ထိုနတ်ဘုရားအသုံးအဆောင်ကို သူများအား မပေးလိုပေ။ ရူးနေသူကသာ ထိုကဲ့သို့သော အဖိုးတန်လက်နက်တစ်ခုကို သူများအား ပေးမည်ဖြစ်သည်။ ကျန်းရီတွင် နတ်ဘုရားအသုံးအဆောင်များစွာ ရှိနေ၍ အခြားသူများကို နှစ်ခု၊ သုံးခု ပေးခြင်းဆိုလျှင် နားလည်ပေးနိုင်သည်။ သို့သော် သူ့တွင် နတ်ဘုရားအသုံးအဆောင် သုံးခုသာ ရှိပေသည်။ လူတိုင်း၏ ရင်ထဲတွင် တစ်ကိုယ်ကောင်းဆန်မှုက အနည်းနှင့်အများဆိုသလို ရှိကြသည်သာ။ ယင်းက လူသား သဘာဝပင်။ ကျန်းရီက တရားပေါက်နေသော သူတော်စင်တစ်ပါး မဟုတ်ပါပေ။

ရွှမ်ဧကရာဇ်သည် ဒိုင်းတံဆိပ်ပြားကို ခေတ္တမျှ စေ့စေ့စပ်စပ် ကြည့်လိုက်ပြီးနောက် မျက်လုံးပြူးသွားသည်။

“ဒီဒိုင်းတံဆိပ်ပြားကို ထားခဲ့ပြီး အရှင်ငယ် လုပ်စရာရှိတာတွေကို သွားလုပ်ပါ။ တစ်လလောက်နေမှ ပြန်လာခဲ့ပါ။ အဲ့အချိန်ကျရင် စိတ်ဝိညာဉ်အမှတ်အသားကို ဖယ်ပြီးလောက်ပါပြီ”

“ကောင်းပါပြီ”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် တုံ့ဆိုင်းမှု အလျင်းမရှိဘဲ ဆန်းကြယ်နတ်ဘုရားနန်းတော်သို့ ပြန်သွားကာ အတွင်းအား ကျင့်ကြံလိုက်သည်။ သူသည် ရွှမ်ဧကရာဇ်အပေါ် ယုံကြည်မှုအပြည့်အဝ ရှိသည်။ ယဉ်ဧကရာဇ်နှင့် ညဧကရီတို့သည် ကျန်းရီ၏ ရွှမ်ဧကရာဇ်အပေါ်ထားသော ယုံကြည်မှုကြောင့် အံ့အားသင့်သွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကျန်းရီသည် ရွှမ်ဧကရာဇ်က နတ်ဘုရားအသုံးအဆောင်ကို သူ့ဘာသာ သန့်စင်ပစ်လိုက်မည်ကို မစိုးရိမ်သည်လော။

ဗုဒ္ဓဧကရာဇ်၏ ဒဏ်ရာများက အနည်းနှင့်အများဆိုသလို ပြန်ကောင်းနေပြီဖြစ်သည်။ သူသည် ရွှမ်ဧကရာဇ်ဆီသို့ သွား၍ ပြုံးကာ ပြောလိုက်သည်။

“လင်းအဘိုးကြီး... ခင်ဗျားက ခင်ဗျားရဲ့ အရှင်မဆီကနေ ဆန်းကြယ်စွမ်းရည်တွေ တစ်ခု၊ နှစ်ခုလောက် သင်ခဲ့တဲ့ပုံပဲ။ ခင်ဗျားက အဲ့စွမ်းရည်တွေကို ဘယ်တော့မှ ကျုပ်ကို သင်ပေးမှာလဲ”

“ခင်ဗျား သင်ချင်ရင် အခုကို သင်ပေးမှာပါ”

ရွှမ်ဧကရာဇ်က ရက်ရောစွာ ပြန်ဖြေလိုက်သည်။ သို့သော် သူထပ်ပြောသေ စကားက ဗုဒ္ဓဧကရာဇ်ကို မျက်လုံးပင့်သွားစေသည်။

“ဒီဆန်းကြယ်စွမ်းရည်က အထက်ဘုံကပဲ။ အဲ့ဒါကို သုံးနိုင်ဖို့ ခင်ဗျားမှာ ကောင်းကင်စွမ်းအားတွေ ရှိဖို့လိုတယ်။ အရှင်မက ကျုပ်ကို ကောင်းကင်စွမ်းအားနည်းနည်း ပေးခဲ့တယ်။ ဒါပေမဲ့ ကျုပ်မှာ သိပ်မကျန်တော့ဘူး။ ကဲ... ခင်ဗျားမှာ ကောင်းစွမ်းအားတွေရှိလား”

“ကျုပ် ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါတော့”

ဗုဒ္ဓဧကရာဇ်က စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး ပြန်လှည့်ထွက်သွားလေသည်။ ထိုစဉ် ရွှမ်ဧကရာဇ်က ဗုဒ္ဓဧကရာဇ်ထံ ရုတ်တရက် အသံပို့လွှတ်၍ တားလိုက်သည်။

“ဘုန်းကြီး... ခင်ဗျားက ကျုပ်ထက်ပိုပြီး စွမ်းအားကြီးပါတယ်။ ဒီစွမ်းရည်ကို ခင်ဗျား သုံးမယ်ဆိုရင် ဝူရှန်းနဲ့ ရှင်းမိုကို ယှဉ်နိုင်လောက်တယ်။ ဒီလိုလုပ်ကြရအောင်... ဒီဆန်းကြယ်စွမ်းရည်ကို ခင်ဗျား လေ့လာကြည့်ပါ။ ကျုပ်တို့ ဒီထဲက ပြန်မထွက်နိုင်ခင် ခင်ဗျား အဲ့စွမ်းရည်ကို သိမြင်နားလည်သွားမယ်ဆိုရင် ကျုပ်မှာ ကျန်နေသေးတဲ့ ကောင်းကင်စွမ်းအားရဲ့ တစ်ဝက်ကို ခင်ဗျားကို ပေးမယ်။ အဲ့လိုဆို ကျုပ်တို့နှစ်ယောက်စလုံး အဲ့ဆန်းကြယ်စွမ်းရည်ကို တစ်ကြိမ် သုံးနိုင်လိမ့်မယ်။ ခင်ဗျား မသိမြင်မနားလည်ရင်တော့ ကျုပ် ခင်ဗျားကို ကောင်းကင်စွမ်းအားပေးမှာ မဟုတ်ဘူး”

“ကောင်းပြီ.. လင်းအဘိုးကြီး ခင်ဗျားက ယောက်ျားကောင်းတစ်ယောက်ပဲ။ ဒီနေ့ ခင်ဗျားရဲ့ စိတ်ဓာတ်အစစ်အမှန်ကို ကျုပ် မြင်လိုက်ရပြီ”

ဗုဒ္ဓဧကရာဇ်ကလည်း ရွှမ်ဧကရာဇ်ထံ အသံပြန်ပို့လွှတ်လိုက်သည်။

“လင်းအဘိုးကြီး... ကျုပ် ဝေ့ဝိုက်ပြောမနေတော့ဘူး။ ဒီနေ့ကစပြီး ကျုပ် ခင်ဗျားကို ညီနောင်တစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီ။ ကျုပ်တို့ အပြင်လောကကို ပြန်ရောက်ရင် သစ္စာဆိုကြမယ်”

“သစ္စာဆိုမှာလား”

ရွှမ်ဧကရာဇ်က ရှက်ရွံ့ဟန်ဖြင့် နှာခေါင်းကုတ်လိုက်သည်။

“ခင်ဗျားတို့ ဘုန်းကြီးတွေက ဒီသေမျိုးလောကကြီးအကြောင်းကို သိမြင်ပြီးပြီ မဟုတ်ဘူးလား။ သစ္စာဆိုညီနောင်၊ သွေးသောက်ညီနောင်တွေဆိုတာကို ခင်ဗျားက ယုံနေသေးတာလား။ ကောင်းကင်ကြယ်တာရာနယ်နမိတ်က ကပ်ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတာ။ အသိုက်ပျက်သွားရင် ဥလည်း အကောင်းအတိုင်း ရှိနေနိုင်မှာ မဟုတ်ဘူး။ ကျုပ်က ခင်ဗျားထင်သလောက် သဘောထားကြီးတဲ့သူ မဟုတ်ပါဘူး။ ခင်ဗျားကို ကောင်းကင်စွမ်းအား ပေးမယ်ဆိုတာက အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ သဘောပါပဲ”

ဗုဒ္ဓဧကရာဇ်က ခေါင်းညိတ်လိုက်သည်။ သူသည် ရွှမ်ဧကရာဇ်၏ လုပ်ရပ်များနောက်မှ အကြောင်းကို ဂရုမစိုက်ပေ။ သူသိသည်မှာ ရွှမ်ဧကရာဇ်နှင့် ညီနောင်ဖွဲ့ရခြင်းက တန်သည်ဆိုသည်ပင်။ မိမိ၏ စွမ်းအားအကြီးဆုံး ဆန်းကြယ်စွမ်းရည်ကို အခြားသူများနှင့် မျှဝေရန်ကို လူတိုင်း မလုပ်နိုင်ပေ။ ထို့ပြင် ရွှမ်ဧကရာဇ်ထံ၌ ကောင်းကင်စွမ်းအား အနည်းငယ်သာ ကျန်တော့သည်။ သို့ပင်လျှင် သူက လက်ကျန်ကောင်းကင်စွမ်းအား၏ တစ်ဝက်ကို ဗုဒ္ဓဧကရာဇ်နှင့် မျှဝေလိုနေသည်။ ဗုဒ္ဓဧကရာဇ်က ကောင်းကင်စွမ်းအားကို ရပြီးမှ ဖြုန်းပစ်လိုက်လျှင် ရွှမ်ဧကရာဇ်က မည်သို့မှ တတ်နိုင်မည် မဟုတ်ပေ။

ရွှမ်ဧကရာဇ်သည် ဆန်းကြယ်စွမ်းရည်၏ အရေးကြီးသော အချက်များကို ဗုဒ္ဓဧကရာဇ်ထံ အသံပို့လွှတ်၍ ပြောပြလိုက်သည်။ ထိုဆန်းကြယ်စွမ်းရည်က နက်ရှိုင်းကာ ရှုပ်ထွေးသည်။ သာမန်လူများသည် ၎င်းစွမ်းရည်ကို အချိန်တိုအတွင် သိမြင်နားလည်နိုင်မည် မဟုတ်ချေ။ ဗုဒ္ဓဧကရာဇ်သည် အချက်အလက်အားလုံးကို မှတ်သားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အဲ့ဒါက တကယ့်ကို အထက်ဘုံက ဆန်းကြယ်စွမ်းရည်ပဲ။ တကယ့်ကို အတုမဲ့လောက်အောင် ဆန်းကြယ်ပါပေတယ်။ အဲ့စွမ်းရည်ကို နှစ်လအတွင်း သိမြင်နားလည်နိုင်ပါ့မလားဆိုတာကို ကျုပ်မသိဘူး။ သိမြင်နားလည်သွားရင်တောင် ဝူရှန်းနဲ့ ရှင်းမိုတို့ကို အနိုင်ယူနိုင်ဖို့ မသေချာဘူး”

ရွှမ်ဧကရာဇ်က ခပ်သဲ့သဲ့ ပြုံးသည်။

“မိုအဘိုးကြီးက တကယ့်ကို ဆန်းကြယ်လွန်းတယ်။ သူ့မှာ နတ်ဘုရားအသုံးအဆောင် ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်ခဲ့မလဲ။ ပြီးတော့ သူ့သမီးမှာလည်း နတ်ဘုရားအသုံးအဆောင် စစ်ချပ်ဝတ်တစ်ထည် ရှိနေတယ်။ ပြီးတော့ ပြောင်မြောက်တဲ့ တိုက်ပွဲအစီအရင်တွေ အများကြီးကိုလည်း တတ်ထားတယ်။ သူက ကျန်းရီကို လောကဖျက်ဆီး ကောင်းကင်မိုးကြိုးအစီအရင်နဲ့ ဖမ်းထားနိုင်ခဲ့တာကိုက အတော်လေး ကြောက်ဖို့ကောင်းနေပြီ။ ဘုန်းကြီး... တစ်ခုခုတော့ မှားနေပြီလို့ ကျုပ် ခံစားနေရတယ်။ ဒီတစ်ခေါက် ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးက အမှန်တကယ် ပျက်စီးသွားလောက်တယ်...”

“ကျုပ်တို့က အကောင်းဆုံး ကြိုးစားရမှာပဲ။ ကျန်တာကတော့ ကောင်းကင်အလိုတော်အရပဲပေါ့”

ဗုဒ္ဓဧကရာဇ်သည် သက်ပြင်းလေးလေးတစ်ချက် ချလိုက်ပြီး လျှောက်ထွက်သွားသည်။ အခြေအနေက မည်သို့ပင်ဖြစ်စေ သူတို့ လုပ်နိုင်သမျှကို လုပ်ဆောင်ရပေမည်။ ယင်းက သူတို့အတွက်သာမဟုတ် သူတို့၏ မျိုးနွယ်များနှင့် လောကတစ်ခွင်လုံးအတွက်ဖြစ်သည်။

ဗုဒ္ဓဧကရာဇ် ထွက်သွားသောအခါ ရွှမ်ဧကရာဇ်သည် ဆက်၍ အားဖြည့်ရန် ဟန်ပြင်လိုက်သည်။ သူ၏ မျက်ဝန်းများက တောက်ပနေသည်။ သူ့မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ရှိနေသည်။ ထို့နောက် သူ တီးတိုးရေရွတ်လိုက်လေသည်။

“အရှင်ငယ်ရဲ့ ကိုယ်ထဲမှာ အရှင်မရဲ့ သွေးတွေ စီးဆင်းနေတယ်။ အရှင်မကလည်း တော်ဝင်မျိုးရိုးတစ်ခုကပဲ။ အခု ကျုပ်တို့ အရှင်ငယ်ကိုပဲ အားကိုရတော့မယ်ထင်တယ်။ သူ ကျုပ်တို့ကို စိတ်မပျက်ပါစေနဲ့လို့ မျှော်လင့်ပါတယ်”

***

All Chapters