← Chapters

ဒုတိယမဟာစစ်ပွဲ စတင်ပြီ

Vol. 90 Ch. 1250

ဒုတိယမဟာစစ်ပွဲ စတင်ပြီ

Vol. 90 Ch. 1250

‘ငါက အရမ်းမြန်တဲ့နှုန်းနဲ့ တိုးတက်နေတာပဲ။ မျိုးနွယ်စုကြီးတွေက တပည့်တွေက အတွင်းအား ကျင့်ကြံဖို့ ဝန်မလေးကြတာ အံ့ဩစရာ မရှိတော့ပါဘူး’

ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ကျန်းရီတစ်ယောက် သူ၏အတွင်းအာက လျင်မြန်စွာ တိုးတက်နေကြောင်း ခံစားနေရသည်။ သူသည် မယုံနိုင်လောက်အောင် ဝမ်းမြောက်နေသည်။ သူ ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်တွင် ရှိခဲ့စဉ်က အဆတစ်ရာ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းတွင် ကျင့်ကြံခဲ့ဖူးသည်။ ထိုစဉ်က ၎င်းနှုန်းကပင် ကောင်းနေပြီဟု သူ ခံစားခဲ့ရသည်။ ယခုတွင်မူ သူ၏ ကျင့်ကြံနှုန်းက ထိုထက် အဆတစ်ထောင်လောက် ပိုမြန်နေသည်။ သူ့၏ မွေးညင်းပေါက်များကပင် ပတ်ပတ်လည်ရှိ မိုးမြေအတွင်းအားကို စုပ်ယူနိုင်နေသည်။ သူ၏ ကြွက်သားများ၊ အရိုးများနှင့် သွေးကြောများထဲတွင် အတွင်းအားများ ပြည့်လာသည်။ ထိုခံစားချက်က အတုမရှိပေ။

‘အဲ့သတ္တမမြောက် ကြယ်စက်လုံးက အတွင်းအား အများကြီးပိုလိုတာ ဆိုးတာပဲ။ ဒီနှုန်းနဲ့တောင် ငါ နှစ်လခွဲလောက် ကျင့်ကြံရလိမ့်မယ်။ အဲ့မှာ အဲ့လောက်အချိန် ရှိသေးရဲ့လား”

တော်ဝင်သားရဲဆယ်ကောင်၏ သွေးကို သောက်လိုက်ပြီး ထောင်ဧကရာဇ်၏ ဒိုင်းကို သန့်စင်နိုင်လိုက်လျှင် ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းထဲရှိ ဥက္ကာပျံ သတ်ဖြတ်အစီအရင်ကို ဖြတ်ကျော်နိုင်လောက်သည်။ ထို့ကြောင့် ကျန်းရီသည် အပြင်လောကမှ အခြေအနေများကို စတင် တွေးတောကြည့်လိုက်သည်။ ရှင်းမိုသည် အပြင်ရောက်လျင်ရောက်ချင်း စတင် လှုပ်ရှားလောက်သည်။ ထို့ကြောင့် ကျန်းရီသည် တတ်နိုင်သမျှ အမြန်ဆုံး အပြင်လောကကို ထွက်ဖို့ လိုသည်။ သူ အကြာကြီးနှောင့်နှေးနေ၍ မဖြစ်ပေ။

ငါးရက် ကုန်ဆုံးသွားသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်၏ အကာအရံများက လင်းလက်လာသည်။ ကျန်းရီသည် ကျင့်ကြံခြင်းကို ရပ်လိုက်ပြီး အပြင်သို့ တည်နေရာပြောင်းရွှေ့လိုက်သည်။ သူတော်စင်အင်ပါယာ ပြန်ရောက်လာပေပြီ။ သူက ဧရာမငှက်ကြီးတစ်ကောင်ကို ဖမ်းခဲ့သည်။ ထိုငှက်ကြီး၏ အတောင်များနှင့် ခြေထောက်များက ကျိုးနေသည်။ ဓားသွားများနှင့် ဆင်သည့် ၎င်း၏အမွေးတော်တော်များများကလည်း ကျွတ်နေသည်။ ထိုငှက်သည် မြေပြင်ပေါ်တွင် လဲကာ နာကျင်တကြီး အော်နေပေသည်။

“ဒါက ခွန်းဖမ်းသားရဲပါ။ အရှင်ငယ် သူ့ရဲ့ သွေးကို သောက်လိုက်ပါ”

သူတော်စင်အင်ပါယာက ကျယ်လောင်သော အသံဖြင့် ပြောသည်။ သူ ပင်ပန်းနေပုံ‌ပေါ်သည်။ ကျန်းရီသည် စိတ်ဝင်တစားဖြင့် သူ၏ မျက်နှာကိုကြည့်၍ မေးလိုက်သည်။

“သူတော်စင်အင်ပါယာ... ဒါက တကယ်ပဲ ခွန်းဖမ်းသားရဲလား။ သူတို့က ပျံနိုင်တယ် မဟုတ်ဘူးလား။ သူ့ကို ခင်ဗျား ဘယ်လို ဖမ်းခဲ့တာလဲ”

“ဟီးဟီး...”

သူတော်စင်အင်ပါယာက ပြုံး၍ ပြန်ပြောသည်။

“ဒီသားရဲတွေက ပျံနိုင်တယ်ဆိုပေမယ့် ဒီက အာကာပြင်က အရမ်းခိုင်မာနေတယ်လေ။ မြေဆွဲအားကလည်း အရမ်းကြီးတယ်။ အဲ့တော့ ခွင်းဖမ်းသားရဲတွေတောင် လေထဲမှာ ကြာကြာ မပျံနိုင်ပါဘူး။ ကျွန်တော်က အဲ့သားရဲ‌နောက်ကို ရက်နဲ့ချီအောင် ပြေးလိုက်ခဲ့ရတာ။ နောက်ဆုံး သူ မြေပေါ် ပြန်ဆင်းလာတဲ့အချိန်မှာ ဖမ်းလိုက်တာပဲ။ အရှင်ငယ် မြန်မြန် သူ့ရဲ့သွေးကို သောက်လိုက်ပါ။ ခဏနေရင် ကျွန်တော် နောက်ထပ်သားရဲတစ်‌ကောင်ကို သွားဖမ်းရဦးမယ်”

“သူတော်စင်အင်ပါယာကို. ကျေးဇူးတင်ပါတယ်”

ကျန်းရီက ကျေဇူးတင်စွာဖြင့် ဦးညွှတ်လိုက်သည်။ လုံချူက ပျာပျာသလဲ လက်ခါကာ ပြောလိုက်သည်။

“အရှင်ငယ်... ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ အရှင်ငယ်ကြောင့်သာ မဟုတ်ရင် ဒီကုန်းမြက လူတွေက ကျွန်တွေဆက်ဖြစ်နေကြမှာပါ။ ကျွန်တော်က အရှင်ငယ်အတွက် ဒီလောက်ပဲ ပြန်လုပ်ပေးနိုင်လို့ စိတ်မကောင်းတောင် ဖြစ်နေတာပါ”

ကျန်းရီ ဆက်မပြောလိုက်တော့ပေ။ သူသည် မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်ကို ခွန်းဖမ်းသားရဲကို ချုပ်ထားရန် ပြောလိုက်ပြီး မီးနဂါးဓား ထုတ်လိုက်သည်။ ထို့နောက် မီးနဂါးဓားဖြင့် ခွန်းဖမ်းသားရဲ၏ လည်ပင်းကို လေး၊ငါးချက် လှီး၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ သွေးသောက်လိုက်လေသည်။

ခွန်းဖမ်းသားရဲ၏ ကိုယ်ထဲရှိ သွေးအားလုံး ကုန်သွားရန် တစ်နာရီကြာ သောက်ခဲ့ရသည်။ ဤတစ်ခေါက်တွင်လည်း ကျန်းရီကို ထမ်း၍ ခေါ်သွားရသည်။ မြို့ထဲမှ မျိုးနွယ်စုခေါင်းဆောင်များသည် ထိုနေရာတွင် စုဝေးနေကြသည်။ သူတို့သည် သူတော်စင်အင်ပါယာ ပြန်ထွက်သွားသည်အထိ စောင့်၍ ခွန်းဖမ်းသားရဲ၏ အသားများကို မျှဝေလိုက်ကြသည်။ မြေပြင်ပေါ်တွင် ကျနေသော သွေးများကိုလည်း ထိုမျိုးနွယ်စုခေါင်းဆောင်များ၏ ကလေးများက စက္ကန့်ပိုင်းအတွင်းမှာပင် ကုန်အောင် ယက်လိုက်ကြသည်။

ကျန်းရီက သွေးအားလုံးကုန်အောင် သောက်ပြီးနောက်တွင် သူတော်စင်အင်ပါယာက ထပ်မံ ထွက်သွားခဲ့သည်။ သူ့ရင်ထဲတွင် ကျန်းရီက သူ့အရှင်သခင်ဖြစ်သည်။ သူသည် ကျန်းရီ၏ အရေးကိုသာ ဂရုစိုက်သည်။ ကျန်းရီကို ကူညီနိုင်ရန် အကောင်းဆုံး ကြိုးစားရမည်။ သူ မောပန်းကာ သေသွားမည်ဆိုလျှင်ပင် ကိစ္စမရှိပေ။

ထိုသို့ဖြင့် ကျန်းရီသည် ကျင့်ကြံလိုက်၊ သူတော်စင်အင်ပါယာ ပြန်ရောက်လာလျှင် တော်ဝင်သားရဲများ၏ သွေးကို သောက်လိုက်နှင့် လုပ်နေခဲ့သည်။ ရွှမ်ဧကရာဇ်ကလည်း ထောင်ဧကရာဇ်ဒိုင်းပေါ်တွင် ရှင်းမိုချန်ခဲ့သော စိတ်ဝိညာဉ်အမှတ်အသားကို ဖျက်ရန် ကြိုးစားနေသည်။ ဗုဒ္ဓဧကရာဇ်ကမူ ရီဖျောင်ဖျောင်က ရွှမ်ဧကရာဇ်ကို သင်ပေးခဲ့သော အထက်ဘုံမှ ဆန်းကြယ်စွမ်းရည်ကို လေ့လာနေသည်။ ယဉ်ဧကရာဇ်၊ ညဧကရီ၊ ဗုဒ္ဓအင်ပါယာနှင့် အခြားသူများကလည်း နေ့ညမပြတ် ကျင့်ကြံကာ အဆောင်အဆိပ်ကို သူတို့၏ခန္ဓာကိုယ်ထဲမှ တွန်းထုတ်နိုင်အောင် ကြိုးစားနေကြသည်။ ထို့ပြင် တိုက်ခိုက်စွမ်းအား ပြန်ပြည့်ဝလာအောင်လည်း အားဖြည့်နေကြသည်။

အားလုံးသည် ကြိုးစားကျင့်ကြံရင်း အပြင်လောကမှ အခြေအနေများကို မတွေးမိအောင် လုပ်နေကြသည်။ ရှင်းမိုက အပြင်လောကသို့ ပြန်ရောက်သွားပြီဖြစ်သည်။ သူက သူတို့၏ မိသားစုများကို မသတ်ဟု မည်သူက ပြောနိုင်မည်နည်း။ ထို့ပြင် သူတို့၏ မျိုးနွယ်ဝင်များလည်း အသတ်ခံရနိုင်သည်။ သူတို့ အပြင်လောကကို ပြန်ထွက်နိုင်သည့် အချိန်တွင် လောကတစ်ခွင်လုံးက ဗလာဖြစ်နေလောက်ပေပြီ။

***

အချိန်က အလွန်လျင်မြန်စွာ စီးဆင်းသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်နှစ်ဆယ်ကျော် ကုန်ဆုံးသွားသည်။

ရှင်းမုန့်ဝမ်သည် မျိုးနွယ်များကို မည်သို့မှ မလုပ်ခဲ့ပေ။ ထိုမျိုးနွယ်ဝင်အားလုံးသည် အလွန်နာခံခဲ့ကြသည်။ သူတို့အားလုံးက မဟာမိတ်စစ်တပ်နှင့် ပူးပေါင်းကာ လေ့ကျင့်ခဲ့ကြသည်။ ယင်းမှာ ဗုဒ္ဓအင်ပါယာတို့၏ ညွှန်ကြားချက်များကြောင့်ဖြစ်သည်။ စစ်ပွဲစတော့မည့် အချိန်တွင် ရှင်းမုန့်ဝမ်သည် စစ်တပ်၏ စိတ်ဓာတ်ကို ထိခိုက်စေမည်စိုး၍ မျိုးနွယ်ဝင်များကို တတ်နိုင်သမျှ အပြစ်မပေးလိုပေ။

မျိုးနွယ်အသီးသီးမှ အကြီးအကဲများကလည်း ဉာဏ်ကောင်းခဲ့သည်။ သူတို့သည် သူတို့မျိုးနွယ်များမှ ထိပ်တန်းမျိုးနွယ်ဝင်များကို နှင်းဒေသသို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့သည်။ ထိုမှ သူတို့၏ မျိုးနွယ်များက စစ်ပွဲအတွင်း ပျက်သုဉ်းသွားလျှင်ပင် မျိုးရိုးအမည်ကို ဆက်စောင့်ထိန်းမည့် မျိုးဆက်များ ရှိနေမည်ဖြစ်သည်။

သားရဲဧကရာဇ်က မျိုးနွယ်များကို စောင့်ကြည့်ရန် တာဝန်ယူထားရသဖြင့် ထိုအကြောင်းကိုများ သိထားသည်။ သို့သော် သူသည် မည်သည်ကိုမှ မမြင်ယောင်ဆောင်ထားသည်။

သားရဲဧကရာဇ်သည် သူလျှိုများစွာကို ရှာတွေ့ခဲ့သည်။ ထိုထဲတွင် ချီထျန်းချန်လည်း ပါသည်။ ချီထျန်းချန်က ထိုအတွက် ကြိုတင်ပြင်ဆင်ထားခဲ့၍သာ တော်သေးသည်။ သူသည် သူ့မျိုးနွယ်ဝင်များစွာကို အဆုံးမဲ့ပင်လယ်နက်သို့ မပို့ဘဲ နှင်းဒေသို့ ပို့ခဲ့သည်။ ဟူတန်နီနှင့် ကလေးနှစ်ယောက်လည်း ပါသွားခဲ့သည်။ ထို့ကြောင့် သူတို့ မထိခိုက်ခဲ့ကြပေ။

ချီထျန်းချန်က သူလျှိဖြစ်ကြောင်း ပေါ်သွားပြီး နောက်တစ်ရက်တွင် အလံနက်မြို့က စစ်တပ်၏ ဝန်းရံမှုကို ခံခဲ့ရသည်။ တိုက်ပွဲစတင်ပြီးနောက် လေးနာရီအကြာတွင် အလံနက်မြို့ထဲမှ စွမ်းအားကြီး သိုင်းပညာရှင်အားလုံး အသတ်ခံရသည်။ ချီထျန်းချန်သည် မဟာမိတ်စစ်တပ်မှ နတ်ဘုရားတစ်ပိုင်း ပညာရှင်သုံးယောက်ကို သတ်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် သားရဲဧကရာဇ်၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ချီထျန်းချန်နှင့် ချီမျိုးနွယ်မှ အကြီးအကဲများ၏ အလောင်းများကို သာဓကအဖြစ် မြောက်ဘက်ဧကရာဇ်မြို့အပြင်တွင် ချိတ်ဆွဲထားသည်။

အခြားမျိုးနွယ်တစ်ခုကလည်း သူလျှိုများ ဖြစ်ကြောင်း ပေါ်သွားခဲ့သည်။ ထိုမျိုးနွယ်မှာ ရှေးဟောင်းမျိုးနွယ်တစ်ခုပင်။

ထိုမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်မှာ အရိပ်ဧကရာဇ်၏လူ ဖြစ်သည်။ သူသည် မည်သူက ကျန်းရီဖြစ်ကြောင်း သိခဲ့သည့် လူသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ထိုမျိုးနွယ်သည် သူတို့၏မျိုးနွယ်ဝင်များကို နှင်းဒေသို့ အချိန်မီ မရွှေ့ပြောင်းနိုင်ခဲ့၍ တစ်မျိုးနွယ်လုံး ရှင်းပစ်ခံလိုက်ရသည်။ လူကြီးလူငယ်၊ ကျားမမရွေး အရေအတွက် သောင်းနှင့်ချီကာ သေဆုံးခဲ့သည်။ သူတို့သည် သားရဲဧကရာဇ် ဦးဆောင်သော စစ်တပ်၏ မညှာမတာ သတ်ဖြတ်မှုကို ခံခဲ့ရသည်။

အရိပ်ဧကရာဇ်က အရှေ့ဘက် တော်ဝင်နယ်မြေရှိ မျိုးနွယ်သုံးခုကို ထိန်းချုပ်ထားခဲ့သည်။ အသံလှိုင်းဧကရာဇ်တို့မှာ ယခင်ကတည်းက ရွှေ့‌ပြောင်းသွားခဲ့ပြီဖြစ်သည်။ ချီမျိုးနွယ်နှင့် ယခု ရှေးဟောင်းမျိုးနွယ်တို့ကလည်း ရှင်းပစ်ခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် အရိပ်ဧကရာဇ်သည် အရှေ့ဘက် ‌တောင်ဝင်နယ်မြေရှိ မျက်လုံးများကို ဆုံးရှုံးလိုက်ရပေပြီ။ တော်ဝင်နယ်မြေထဲသို့ လျှို့ဝှက်ဝင်လာခဲ့သော မိစ္ဆာများလည်း သတ်ဖြတ်ခံခဲ့ရသည်။ သူတို့၏ အဆုံးအရှုံးက ကြီးပေသည်။

သူလျှိုများသာ အသတ်ခံရသည်ကား မဟုတ်ပေ။

ရှန်မျိုးနွယ်က ထိပ်တန်း‌ရှေးဟောင်းမျိုးနွယ်ဆယ်ခုထဲမှ တစ်ခုဖြစ်ပြီး ဝူမျိုးနွယ်၏ တောင်ဘက်မှ မြို့များကို သိမ်းပိုက်ထားသည်။ ရှန်မျိုးနွယ်ခေါင်းဆောင်က မူမမှန်မှုများကို သတိပြုမိသဖြင့် မဟာမိတ်စစ်တပ်နှင့် ပူးပေါင်းရန် ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် သားရဲဧကရာဇ်က ရှန်မျိုးနွယ်မှ အကြီးအကဲဆယ်ယောက်ကျော်ကို သတ်ပစ်ခဲ့သည်။ နောက်ဆုံးတွင် ရှန်မျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ်က မာန်လျှော့ကာ သူတို့မျိုးနွယ်က သေသည်အထိ မြောက်ဘက်ဧကရာဇ်ကို သစ္စာစောင့်သိပါမည်ဟု သားရဲဧကရာဇ်ထံ အသံပို့လွှတ်လိုက်ရသည်။ ထိုအခါမှ သားရဲဧကရာဇ်သည် ရှန်မျိုးနွယ်ကို ချမ်းသာပေးလိုက်လေသည်။

မဟာမိတ်စစ်တပ်ထဲမှ ပြန်ထွက်လိုခဲ့သော အခြားမျိုးနွယ်အနည်းငယ်လည်း ခြွင်းချက်မရှိ ရှင်းပစ်ခံခဲ့ရသည်။ မြောက်ဘက်ဧကရာဇ်သည် မဟာမိတ်စစ်တပ်ထဲမှ ပြန်ထွက်လိုသူတိုင်းကို မိစ္ဆာများနှင့် ပူးပေါင်းသည်ဟု သတ်မှတ်မည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

ထန်ရှန်းကျိတို့ အစိုးရိမ်ခဲ့ဆုံး အရာက ဖြစ်ပျက်နေပေပြီ။ မြောက်ဘက်ဧကရာဇ်၊ ဓားဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ရှင်းမုန့်ဝမ်တို့က အခွင့်အရေးကို အသုံးချ၍ လူသားမျိုးနွယ် မဟာမိတ်စစ်တပ်ကို တစ်သွေး၊ တစ်သံ၊ တစ်မိန့်နှင့် အုပ်ချုပ်နေပေသည်။ သူတို့လေးယောက်၏ အမိန့်များကို ဆန့်ကျင်ရန် မဆိုထားနှင့် အမြင်မတူကြောင်းကိုပင် မည်သူမှ ထုတ်မပြောဝံ့ကြပေ။ သူတို့ ဆန့်ကျင်မိလျှင် မြောက်ဘက်ဧကရာဇ်မြို့အပြင်တွင် ခေါင်းများ ထပ်တိုးသွားပေလိမ့်မည်။

မည်သူကမှ လူသားမျိုးနွယ် ပျက်သုဉ်းမည်ကို မလိုလားပေ။ ထို့ကြောင့် မျိုးနွယ်များမှ နတ်ဘုရားတစ်ပိုင်းများက မဟာမိတ်စစ်တပ်နှင့် ပူးပေါင်းခဲ့ပြီး မျိုးနွယ်စည်းမျဉ်းများကို စွန့်ကာ စစ်စည်းများအတိုင်း လေ့ကျင့်ခဲ့သည်။ မျိုးနွယ်ခေါင်းဆောင်များ၊ ဂိုဏ်းချုပ်များက စစ်တပ်ရေးရာတွင် မည်သို့မှ ဝင်မပြောနိုင်ရာ မြောက်ဘက်ဧကရာဇ်သည် အခြေအနေကို အပြည့်အဝ ထိန်းချုပ်ထားနိုင်နေသည်။ အားလုံးသည် စစ်စည်းမျဉ်းများအရ အပြစ်ပေးခံရမည်ကို ကြောက်၍ မြောက်ဘက်ဧကရာဇ်ကို မဆန့်ကျင်ဝံ့ကြပေ။

ထိုသို့ဖြင့် တစ်လကုန်ဆုံးသွားသည်။

သန်းဆယ်ချီသော တပ်သားများ စတင်လှုပ်ရှားလာသည်။ မြောက်ဘက်ဧကရာဇ်က ဓားဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ရှင်းမုန့်ဝမ်တို့ကို ကိုယ်တိုင် ဦးဆောင်စေလိုက်သည်။ စစ်တပ်သည် နေ့ညမပြတ် တည်နေရာပြောင်းရွှေ့ခဲ့သည်။ သုံးရက်ကြာပြီးနောက် သူတို့ ယဉ်ဧကရာဇ်မြို့သို့ ရောက်သွားကြသည်။ ထိုမြို့အထက်တွင် သန်းချီသော ကောင်းကင်ကံကြမ္မာသင်္ဘောများ ရှိနေသည်။ ထို့ကြောင့် မြို့က အလင်းကောင်းစွာ မရတော့ဘဲ မှေးမှိန်နေလေသည်။

သာမန်ကောင်းကင်ဧကရာဇ်များနှင့် ယဉ်ဧကရာဇ်မြို့မှ မြို့သူမြို့သားများသည် နောက်ကွယ်မှ ကိစ္စများကို မသိကြ၍ အလွန်ဝမ်းမြောက်နေကြသည်။ ဤတစ်ခေါက်တွင် စွမ်းအားကြီး သိုင်းသမားအားလုံး စစ်တပ်ထဲ ဝင်ခဲ့သည်။ မြောက်ဘက်ဧကရာဇ်သည် လူသားမျိုးနွယ် မဟာမိတ်စစ်တပ်က အနိုင်ရလိမ့်မည်ဟု သူ ယုံကြည်ကြောင်း ပြောခဲ့သည်။

ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် ဒုတိယမဟာစစ်ပွဲ စတင်ပေပြီ။ ဤတစ်ကြိမ်တွင် လူသားများနှင့် မိစ္ဆာများက သူသေကိုယ်သေ တိုက်ခိုက်ကြပေတော့မည်။ သို့ဖြစ်ရာ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် သေချာပေါက် သွေးချောင်းစီးသွားပေလိမ့်မည်။

မြောက်ဘက်ဧကရာဇ်က အဖြူရောင် ကိုယ်လုံးပြည့်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ သူက အလွန်ခံ့ညားကာ အထင်ကြီးဖွယ်ကောင်းနေသည်။ သူသည် အရှေ့ဆုံးရှိ အကြီးဆုံး ကောင်းကင်ကံကြမ္မာသင်္ဘော၏ ကုန်းပတ်ပေါ်တွင် ရပ်နေ၏။ သူ့ကို လေက တိုးဝှေ့တိုက်ခတ်နေသည်။ သူ့မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။ သူသည် အနောက်ရှိ မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာသင်္ဘောများကို လှည့်ကြည့်ကာ လက်သီးလက်‌မောင်းတန်း၍ အော်ပြောလိုက်သည်။

“ချီတက်ကြစို့။ ဒီတစ်ခေါက် ငါတို့ အဆုံးမဲ့ပင်လယ်နက်က မိစ္ဆာတွေကို မျိုးမဖြုတ်နိုင်မချင်း ပြန်မဆုတ်ဘူး”

***

All Chapters