← Chapters

ဆန်းကြယ်သိုင်းမြို့ ကျိုးပေါက်ပြီ *

Vol. 90 Ch. 1251

ဆန်းကြယ်သိုင်းမြို့ ကျိုးပေါက်ပြီ *

Vol. 90 Ch. 1251

တစ်လပင် ရှိသွားပေပြီ။

ကျန်းရီတို့၏ အရိပ်အယောင်ကိုပင် မမြင်ရသေးချေ။ သေမင်း၏ သိပ်သည်းပင်လယ်တစ်ဝိုက်နှင့် ပင်လယ်နက်တစ်ခွင်လုံးတွင် မြောက်ဘက်ဧကရာဇ်၏ သူလျှိုများ ခြေချင်းလိမ်နေကြသည်။ သို့သော် မည်သည့် မူမမှန်မှုမှ ဖြစ်မလာသေးပေ။ အရှေ့ဘက် တော်ဝင်နယ်မြေတွင်လည်း မည်သည့် ထူးထူးခြားခြား သတင်းမှ မရှိသေးချေ။ မြောက်ဘက်ဧကရာဇ်သည် ကျန်းရီက ပြန်ထွက်မလာသေးဟု သေချာသည်။ သူက ပြန်မထွက်နိုင်ခြင်း ဖြစ်နိုင်သည်။

ရှင်းမိုသည် ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်း အကြောင်းကို သိထား၏။ သို့သော် သူတော်စင်အင်ပါယာက ထိုလမ်းကြောင်းထဲသို့ ဝင်သွားခဲ့ဖူးသော အင်အားကြီး လူဆယ်ယောက်စလုံး ပြန်မထွက်လာခဲ့ဟု ဆိုခဲ့သဖြင့် သူပင် ဝင်မကြည့်ဝံ့ခဲ့ပေ။ စစ်တပ်မထွက်ခွာမီတွင် မြောက်ဘက်ဧကရာဇ်နှင့် ရှင်းမုန့်ဝမ်တို့က ရှင်းမိုကို သွားတွေ့ခဲ့ကြသည်။ ရှင်းမိုသည်ပင် ကျန်းရီက အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည်၊ မနိုင်မည်ကို မသေချာပေ။

ထို့ကြောင့် မြောက်ဘက်ဧကရာဇ်နှင့် ရှင်းမုန့်ဝမ်တို့သည် ယခုတစ်‌ခေါက်တွင် အလွန်ယုံကြည်မှု ရှိနေကြသည်။ ကျန်းရီတို့ ပိတ်မိနေပါက သူတို့အနေဖြင့် အဆုံးမဲ့ပင်လယ်နက်ကို အလွယ်တကူ သိမ်းပိုက်နိုင်မည်ဖြစ်သည်။

စစ်တပ်သည် ‌နေ့ရော၊ ညပါ ချီတက်နေသည်။ ဤတစ်ကြိမ်တွင် အောင်းလုက သူတို့ကို လမ်းတစ်ဝက်မှာပင် တားရန် စစ်တပ် မစေလွှတ်ခဲ့ချေ။ ထို့ကြောင့် လူသား မဟာမိတ်စစ်တပ်၏ လမ်းတွင် မိစ္ဆာတစ်ကောင်ပင် ရှိမနေခဲ့ပေ။ အောင်းလုသည် အဆင့်နိမ့် မိစ္ဆာအားလုံးကို အဆုံးမဲ့ပင်လယ်နက်၏ အရှေ့ဘက်သို့ ရွှေ့ပြောင်းကြရန် အမိန့်ပေးထားပြီးဖြစ်သည်။ ထို့ကြောင့် ရက်ပေါင်းများစွာ ပျံသန်းပြီးနောက်တွင်ပင် မိစ္ဆာတစ်ကောင်မှ မတွေ့ခဲ့ရချေ။

“ဟွန်း.. ခင်ဗျားက ဆန်းကြယ်သိုင်းမြို့ထဲမှ ပုန်းနေရန် လုံခြုံမယ်လို့ ထင်နေတာလား”

မြောက်ဘက်ဧကရာဇ်က သရော်သည့်လေသံဖြင့် ရေရွတ်လိုက်သည်။ ရှင်းမုန့်ဝမ်ထံတွင် ထူးခြားသော တိုက်ပွဲအစီအရင်များစွာ ရှိနေသေးသည်။ ယခင်တစ်ခေါက်က သူမသည် အပြစ်သားကျွန်းမှ နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့် ဆန်းကြယ်သိုင်းမြို့မှ အစီအရင်ကြီးက သူမအတွက် မပြောပလောက်ပေ။

လဝက်ကြာပြီးနောက် စစ်တပ်က အဆုံးမဲ့ပင်လယ်နက်၏ အလယ်သို့ ရောက်ရှိသွားသည်။ ဆန်းကြယ်သိုင်းမြို့က ပင်လယ်အောက်ခြေတွင် တည်ရှိသည်။ မြောက်ဘက်ဧကရာဇ်၏ ထောက်လှမ်းရေးများက ဆန်းကြယ်သိုင်းမြို့ တစ်ဝိုက်တွင် မရေမတွက်နိုင်သော မိစ္ဆာများ စုဝေးနေကြောင်း သိရှိထားသည်။ ထိုမိစ္ဆာများထဲတွင် သွေးညအကြောက်တရားပင်လယ်မှ မိစ္ဆာများလည်း ပါဝင်သည်။ သူတို့က သေသည်အထိ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီဖြစ်ကြောင်း ထင်ရှားပေသည်။

“ဟင်းဟင်း...”

မြောက်ဘက်ဧကရာဇ်က ယုံကြည်မှုရှိရှိ ပြုံးလိုက်သည်။ သူသည် လက်ဝှေ့ယမ်း၍ ထောက်လှမ်းရေးခေါင်းဆောင်များကို ပြန်ဆုတ်ခိုင်းလိုက်၏။ ထို့နောက် သင်္ဘောအခန်းထဲရှိ ရာချီသော နတ်ဘုရားတစ်ပိုင်းများကို ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

“အားလုံးပဲ ပင်လယ်ထဲကို သွားပြီး အောင်းလုက ဘာကြံနေသလဲဆိုတာကို ကြည့်ကြတာပေါ့”

“သွားကြမယ်”

ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့က ဦးဆောင်၍ နတ်ဘုရားတစ်ပိုင်းများစွာက နောက်မှ လိုက်သွားကြသည်။ ထန်ရှန်းကျိနှင့် အခြားမျိုးနွယ်ကြီးအချို့မှ မျိုးနွယ်ခေါင်းဆောင်အချို့ကလည်း နှုတ်ဆိတ်စွာဖြင့် လိုက်သွားကြသည်။

ရွှီး...

ကောင်းကင်ကံကြမ္မာသင်္ဘော အစီးတစ်သန်းက လေထဲမှာပင် ပျောက်ကွယ်သွားပြီး သန်းဆယ်ချီသော ကောင်းကင်ဧကရာဇ်များ ထွက်ပေါ်လာသည်။ သူတို့သည် တပ်စုဆယ်စု ခွဲ၍ စည်းစနစ်ကျကျ စီတန်းလိုက်ကြသည်။ သူတို့၏ စစ်ရေးက ယခင်ကထက် ပိုအားကောင်းလာပြီဖြစ်ကြောင်း ထင်ရှားပေသည်။ တပ်သားအယောက်တိုင်း၏ သတ်ဖြတ်အရှိန်အဝါကလည်း ပို၍အားကောင်းနေသည်။

“ပင်လယ်ထဲကို သွားကြ”

မြောက်ဘက်ဧကရာဇ်က အော်ပြောလိုက်သည်။ ရုတ်ခြည်းပင် တပ်သားများက ဒိုင်းများကိုကိုင်၍ အောက်ဘက်သို့ ပျံဆင်းသွားကြသည်။ ထိုမြင်ကွင်းက အံ့မခန်းပင်။ ပင်လယ်ရေများက အထက်သို့ ထိုးတက်သွားပြီး တပ်သားများက ပင်လယ်ထဲ ဝင်သွားကြသည်။ ရေမျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များလည်း ထသွားသည်။ လေပြင်းများလည်း တိုက်ခတ်လာသည်။ မိုးမြေက တုန်ခါနေသကဲ့သို့ပင်။

အဆုံးမဲ့ပင်လယ်နက်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ဧရာမ ဆန်းကြယ်သိုင်းမြို့ကြီးက တိတ်ဆိတ်စွာ တည်ရှိနေသည်။ မြို့ထဲတွင် မည်သည့်လှုပ်ရှားမှု၊ မည်သည့်အသံမှ ရှိမနေပေ။ တစ်မြို့လုံးကို စက်ဝိုင်းခြမ်းပုံစံ ဧရာမအလင်းလွှာကြီးက ဖုံးလွှမ်ထားသည်။ ထိုအလင်းလွှာအတွင်း၌ မရေမတွက်နိုင်သော မိစ္ဆာများက တည်ငြိမ်စွာရပ်နေသည်။ မြို့ရင်ပြင်၊ လမ်းများနှင့် ရဲတိုက်များထဲတွင်း မိစ္ဆာများနှင့် ပြည့်နှက်နေသည်။ မိစ္ဆာများသည် မြို့ကို ချဉ်းကပ်လာသော လူသားစစ်တပ်ကို ကြည့်နေကြသည်။

ဝှစ်...

မြောက်ဘက်ဧကရာဇ်က နတ်ဘုရားတစ်ပိုင်း ပညာရှင်ရာကျော်ကို ဦးဆောင်၍ မြို့ဆီသို့ ရှေ့ဆုံးမှ သွားလိုက်သည်။ သူတို့က နတ်ဘုရားဒိုင်းများကို ထုတ်ထားသဖြင့် သူတို့နှင့် သုံးကီလိုမီတာ ပတ်လည်ရှိ ပင်လယ်ရေများက အလိုလို ကွဲသွားကြသည်။ မြောက်ဘက်ဧကရာဇ်က အောက်ဘက်ရှိ မိစ္ဆာများကို ကြည့်၍ ပြုံးသဲ့သဲ့ဖြင့် အော်ပြောလိုက်သည်။

“အောင်းလု၊ ကျန်းရီ... ထွက်လာပြီး တိုက်ခိုက်ကြ”

မည်သည့် လှုပ်ရှားမှုမှ မရှိပေ။ မရေမတွက်နိုင်သော ကောင်းကင်ဧကရာဇ်များသည် အောင်းလုနှင့် ကျန်းရီတို့ကို အရေးမစိုက်ကြသလို မိစ္ဆာများကိုလည်း မကြည့်ကြပေ။ သူတို့သည် ဆန်းကြယ်သိုင်းမြို့ကိုသာ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ မြို့ထဲမှ ရဲတိုက်အားလုံးကို ကောင်းကင်ကျောက်တုံးများနှင့် တည်ဆောက်ထားခြင်းဖြစ်သည်။ မြို့က ကြီးမားရာ ကောင်းကင်ကျောက်တုံးများ မရေမတွက်နိုင်အောင် ရှိနေလောက်သည်။ ထို့ပြင် မြို့ထဲ၌ အခြားရတနာများလည်း ရှိမည်ဖြစ်သည်။ ဆန်းကြယ်သိုင်းမြို့ကို သိမ်းပိုက်ပြီးသည်နှင့် အသက်ရှင်ကျန်ရစ်သော တပ်သားများက ရတနာများကို ခွဲဝေယူနိုင်ပေလိမ့်မည်။ သူတို့သည် ကောင်းကင်ကျောက်တုံးများစွာ ရပေလိမ့်မည်။ သူတို့၏ မျိုးဆက်များကလည်း တစ်သက်လုံး ချမ်းချမ်းသာသာနှင့် နေနိုင်ပေမည်။

ရွှစ်...ရွှစ်...

ရွှမ်ဝူနန်းတော်၏ ဂိတ်တံခါးများမှနေ၍ ဆံပင်အစိမ်းရောင်ရှိသော အဘိုးအိုတစ်ယောက်က ခပ်ဖြည်းဖြည်း လျှောက်ထွက်လာသည်။ သူက မြောက်ဘက်ဧကရာဇ်နှင့် လူသားစစ်တပ်ကို အေးစက်စက် ကြည့်လိုက်ပြီး ခပ်လှောင်လှောင်ပြုံးလိုက်သည်။ ထို့နောက် သူသည် အေးစက်သောလေသံဖြင့် အော်ပြောလိုက်သည်။

“ဝူရှန်း... မင်းက လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတာလား။ ကျန်းရီက ဗုဒ္ဓဧကရာဇ်တို့ကို ကယ်ဖို့ လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကတည်းက ပင်လယ်နက်ကို သွားတယ်ဆိုတာ မင်းလည်း ကောင်းကောင်း သိထားတာပဲ။ ဟုတ်တယ်မလား။ မင်းနဲ့ ကောင်းကင်တမလွန်ဂိုဏ်းချုပ်က ဘာတွေလုပ်ခဲ့တယ်ဆိုတာကို ငါ တစ်ခုချင်း ပြောပြရမှာလား...”

“မင်းက ကျန်းရီနဲ့ ငါ့ကို ကြိုးကိုင်သူတွေဆိုပြီး စွပ်စွဲတယ်။ ဒါပေမဲ့ ငါတို့က တကယ်ပဲ ကြိုးကိုင်သူတွေဆိုရင် တိုက်ပွဲဧကရာဇ်ကို အရင်ဆုံး သတ်ပစ်မှာ မဟုတ်ဘူး... မင်းကို အရင်သတ်မှာ။ တိုက်ပွဲဧကရာဇ်၊ မင်း၊ သားရဲဧကရာဇ်၊ ဓားဧကရာဇ်နဲ့ ရှင်းမုန့်ဝမ်တို့က တစ်ကြိတ်တည်းတစ်ဉာဏ်တည်းတွေ မဟုတ်လား”

“ဝိုး...”

အောင်းလု၏ စကားများက စစ်တပ်တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ထိုစကားများက ထန်ရှန်းကျိတို့ကို တုန်လှုပ်သွားစေသည်။ သူတို့သည် တစ်စုံတစ်ခု မှားနေပြီဖြစ်ကြောင်း သံသယရှိခဲ့ကြသည်။ အကယ်၍ မြောက်ဘက်ဧကရာဇ်နှင့် ကောင်းကင်တမလွန်ဂိုဏ်းတို့က ဤကိစ္စတစ်ခုလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူများဆိုလျှင် အခြေအနေက အတော်လေး ဆိုးပေပြီ။ ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခုလုံးသည် ပြန်ခေါင်းထောင်လာနိုင်တော့မည် မဟုတ်ပေ။

“ဟားဟားဟား...”

မြောက်ဘက်ဧကရာဇ်က ကျယ်လောင်စွာ ရယ်လိုက်သည်။ ရှင်းမုန့်ဝမ်ကလည်း ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ မြောက်ဘက်ဧကရာဇ်သည် စက္ကန့်သုံးဆယ်လောက်ကြာအောင် ရယ်ပြီးမှ အော်ပြောသည်။

“အောင်းလု... ခင်ဗျားက သေရတော့မှာကိုတောင် လုပ်ဇာတ်တွေဖန်တီးပြီး ပြောနေသေးတယ်ပေါ့လေ။ အရှေ့ဘက် တော်ဝင်နယ်မြေမှာရှိတဲ့ ခင်ဗျားရဲ့ သူလျှိုတွေ အကုန်လုံးကို ဖမ်းပြီးသွားပြီ။ သက်သေတွေက ထင်ရှားနေပြီ။ ခင်ဗျားရဲ့ စကားတွေက ကျုပ်စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားသွားအောင် လုပ်နိုင်မယ်လို့ ထင်လို့လား...”

“ရှေးခေတ်ကတည်းက လူသားတွေနဲ့ မိစ္ဆာတွေက မတည့်ခဲ့ကြဘူး။ ဒီနှစ်တွေအတွင်း ခင်ဗျားတို့ မိစ္ဆာတွေက လူသားဘယ်နှစ်ယောက်လောက်ကို သတ်ခဲ့ကြလဲ။ ခင်ဗျားက လူသားသစ္စာဖောက်ရယ်၊ အပြစ်သားကျွန်းက အပြစ်သားတွေရယ်နဲ့ ပူးပေါင်းပြီး ကျုပ်တို့ရဲ့ ရဲဘက်ရဲဘက်တွေကို သတ်ပစ်ခဲ့တယ်။ ခင်ဗျားက မိစ္ဆာတွေရဲ့ ခေတ်ကောင်းကို ပြန်လိုချင်နေတာ၊ အရှေ့ဘက် တော်ဝင်နယ်မြေကို သိမ်းပိုက်ချင်နေတာ။ ကျုပ်ပြောတာ မှားလား”

“အဟင်း...”

အောင်းလုက ခေါင်းခါ၍ ပြုံးလိုက်သည်။

“စကားတွေ ဆက်ပြောနေလည်း အပိုပဲ။ ငါက မင်းနဲ့ ပေါက်ကရတွေ ပြောဖို့ စိတ်မဝင်စားဘူး။ ကောင်းကင်ရဲ့ ပိုက်ကွန်က အကွက်ကျယ်တယ်ဆိုပေမဲ့ မင်း ပြေးမလွတ်နိုင်ပါဘူး။ ငါမှန်တယ်ဆိုတာကို ငါလိပ်ပြာလုံတယ်။ မိစ္ဆာတွေ အမိန့်ကို နာခံကြ... သတ်...”

“သတ်...”

ဆန်းကြယ်သိုင်းမြို့ထဲရှိ သန်းဆယ်ချီသော မိစ္ဆာများက မာန်သွင်း၍ အော်လိုက်ကြသည်။ မိစ္ဆာအားလုံးသည် အထက်သို့ ပျံတက်လိုက်ကြပြီး အကာအရံ အလင်းလွှာကို ဖောက်ထွက်သွားကြသည်။ ထိုအခိုက်တွင် ဆန်းကြယ်သိုင်းမြို့တစ်ခုလုံး လင်းလက်သွားသည်။ ကောင်းကင်ကျောက်တုံးများနှင့် တည်ဆောက်ထားသော ရဲတိုက်များက အလင်းတန်းများ ထုတ်လွှတ်လိုက်ပြီး အကာအရံအလင်းလွှာကို ပို၍ ပြန့်ကားလာစေသည်။ သို့ဖြင့် အလင်းလွှာက ကီလိုမီတာငါးထောင် အဝန်းအဝိုင်းအတွင်းရှိ အရာအားလုံးကို လွှမ်းခြုံသွားသည်။

“အန်...”

စွမ်းအားကြီး သိုင်းသမားများသည် ပြဿနာတစ်ခုကို သိရှိသွားကြသည်။ အလင်းလွှာထဲတွင် သူတို့၏ အတွင်းအာက အလွန်နှေးကွေးစွာ စီးဆင်းသည်။ သူတို့၏ တိုက်ခိုက်စွမ်းအားကလည်း အပြင်းအထန် ဖိနှိပ်ခံထားရသည်။ သို့သော် မိစ္ဆာများမှာမူ အဆများစွာ ပိုမြန်လာကြသည်။ အောင်းလု၏ အစီအရင်က မိုးမြေပုံစံကို အတုယူထားသည်။ ၎င်းက မယုံနိုင်ဖွယ်ပင်။ ထို့ကြောင့် ယခင်တွင် သူသည် ဆန်းကြယ်သိုင်းမြို့၌ တိုက်ခိုက်ရပါက အနိုင်ရရန် ပို၍ယုံကြည်မှုရှိသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

“ဟွန်း...”

ရှင်းမုန့်ဝမ်က ခြောက်ကပ်ကပ် ရယ်ကာ အော်ပြောလိုက်သည်။

“အစီအရင်ဆင်ကြ”

ဝှစ်...ဝှစ်...ဝှစ်...

ဤတစ်ခေါက်တွင် ရှင်းမုန့်ဝမ်သည် သူမနှင့်အတူ နတ်ဘုရားတစ်ပိုင်း ပညာရှင် လေးဆယ့်ကိုးယောက် ခေါ်လာခဲ့သည်။ ကောင်းကင်တမလွန်ဂိုဏ်းမှ လျှို့ဝှက်နတ်ဘုရားတစ်ပိုင်းအားလုံးကို ဆင့်ခေါ်ခဲ့ခြင်းပင်။ သူတို့ လေးဆယ့်ကိုးယောက်သည် ယခင်အခေါက်လိုပင် ထူးခြားသော အစီအရင်တစ်ခုကို ဖန်တီးလိုက်ကြသည်။ ရှင်းမုန့်ဝမ်၏ လက်ထဲမှနေ၍ ကြောက်မက်ဖွယ်ကြာပွတ်တစ်ချောင်း ထွက်သွားပြီး အကာအရံအလင်းလွှာထဲသို့ ဝင်သွားသည်။ ရုတ်ခြည်းပင် အလင်းလွှာ၌ အက်ကြောင်းများ ပေါ်လာသည်။ ၎င်းသည် မကြာခင်တွင် ပျက်စီးသွားတော့မည့်ပုံပင်။

“ချိုးဖျက်...”

မြောက်ဘက်ဧကရာဇ်၏ လက်ထဲတွင် အနက်ရောင် ဓားရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ ထိုဓား၏ အရှိန်အဝါက ကြောက်မက်ဖွယ်ပင်။ ၎င်းသည် သင်္ကေတပုံသဏ္ဌာန်များနှင့် တောက်ပနေသည်။ ၎င်းက နတ်ဘုရားအသုံးအဆောင်တစ်ခုပင်။ မြောက်ဘက်ဧကရာဇ်က ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ မီတာတစ်သောင်း ရှည်သော အလင်းတန်းကြီးက အလင်းလွှာကို ရိုက်ခတ်သွားသည်။ စွမ်းအားကြီးအစီအရင်ကြီးသည် ရုတ်ခြည်း ပျက်စီးသွားလေတော့သည်။

‘နတ်ဘုရားအသုံးအဆောင်လား’

ထန်ရှန်းကျိတို့ အံ့အားသင့်သွားကြပြီး ရင်တုန်သွားကြသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် နတ်ဘုရားအသုံးအ‌ဆောင်က နှစ်ခုသာ ရှိသင့်သည်။ သို့သော် နတ်ဘုရားအသုံးအ‌ဆောင်များက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေသည်။ သို့ဖြစ်၍ အလွန်သံသယဖြစ်ဖွယ် ကောင်းနေပေသည်။

“သတ်ကြ...”

မြောက်ဘက်ဧကရာဇ်က ဓားရှည်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ အားကောင်းသော စွမ်းအင်လှိုင်းတစ်လှိုင်း ထွက်သွားသည်။ ထိုအခိုက်တွင် မြောက်ဘက်ဧကရာဇ်သည် ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ပါးနှင့် ဆင်တူနေသည်။ ထို့ကြောင့် လူသားစစ်တပ်၏ ယုံကြည်မှုက မြင့်တက်လာသည်။ သူတို့ဘက်တွင် မြောက်ဘက်ဧကရာဇ် ရှိနေလျှင် သူတို့ သေချာပေါက် အနိုင်ရပေလိမ့်မည်။ မြောက်ဘက်ဧကရာဇ်က ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်ဖြစ်သည်။ ယခုတွင် သူ့ထံ၌ နတ်ဘုရားအသုံးအဆောင် ဓားရှည်တစ်ချောင်းလည်း ရှိနေသည်။ သို့ဖြစ်ရာ သူ၏ စွမ်းအားက နတ်ဘုရားအစစ်အမှန်တစ်ပါးနှင့်ပင် ယှဉ်နိုင်နေပေပြီ။ သေမျိုးလောကထဲတွင် မည်သူက သူ့ကို ယှဉ်နိုင်ပါဦးမည်နည်း။

“ခင်ဗျားတို့က အခုထိ မတိုက်ကြသေးဘူးလား”

စစ်တပ်က တိုက်ခိုက်နေသော်လည်း ထန်ရှန်းကျိတို့က မည်သို့မှ မလုပ်ဘဲ ရပ်နေကြသည်။ ထို့ကြောင့် မြောက်ဘက်ဧကရာဇ်က သူတို့ကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“ကျုပ်တို့က လူသားမျိုးနွယ် ရှင်သန်နိုင်ရေးအတွက် တိုက်ခိုက်နေကြတာ။ နောက်ဆုတ်ဝံ့တဲ့သူ၊ စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားအောင် လုပ်တဲ့သူတိုင်း ချက်ချင်း အသတ်ခံရမယ်”

“သတ်ကြ...”

ထန်ရှန်းကျိတို့သည် ရွေးချယ်စရာ မရှိ‌တော့သဖြင့် အံကြိတ်ကာ မိစ္ဆာများကို စတင် တိုက်ခိုက်ရတော့သည်။ ရက်စက်သော တိုက်ပွဲကြီး စတင်ပေပြီ။ ဆန်းကြယ်သိုင်းမြို့က ကျိုးပေါက် သွားပြီဖြစ်သည်။

***

All Chapters