ကျန်းရီ၊ ငါ့အတွက် လက်စားချေပေးပါ
Vol. 90 Ch. 1252
ဧရာမအစီအရင်ကြီး မရှိတော့သောအခါ လူသားတပ်သားများ၏ တိုက်ခိုက်စွမ်းအားက ဖိနှိပ်မခံရတော့ပေ။ မိစ္ဆာများကလည်း ပို၍အားကောင်းမနေတော့ချေ။ တိုက်ပွဲက မည်သို့အဆုံးသတ်မည်ဖြစ်ကြောင်း သိသာနေပေပြီ။
အတိတ်တွင်လည်း မိစ္ဆာများက လူသားများကို မယှဉ်နိုင်ခဲ့ပေ။ ဤတစ်ခေါက်တွင် လူသားစစ်တပ်ဘက်၌ မိစ္ဆာဧကရာဇ် မပါတော့သော်လည်း ကောင်းကင်တမလွန်ဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးဆယ့်ကိုးယောက်က သူတို့ကို ကူညီပေးနေသည်။ ထို့ပြင် မြောက်ဘက်ဧကရာဇ်ထံ၌ နတ်ဘုရားအသုံးအဆောင် ဓားရှည်တစ်ချောင်းလည်း ရှိနေရာ လူသားစစ်တပ်၏ အင်အားက ယခင်ကထက် များစွာပိုကြီးနေသည်။ တိုက်ပွဲကြာလာသည်နှင့်အမျှ မိစ္ဆာများဘက်က အရေးနိမ့်လာလေသည်။
သို့ပင်လျှင်...
မိစ္ဆာမျိုးနွယ်သည် အားလျှော့မသွားသေးပေ။ မိစ္ဆာများသည် ပို၍ ခက်ထန်၊ ကြမ်းတမ်းစွာ တိုက်ခိုက်လာသည်။ ဆန်းကြယ်သိုင်းမြို့နှင့် အဆုံးမဲ့ပင်လယ်နက်ကို ဆုံးရှုံးလိုက်ရလျှင် ၎င်းတို့တွင် နေရန်နေရာ မရှိတော့ကြောင်း ၎င်းတို့ သိပေသည်။ မိစ္ဆာအားလုံးသည် လူသားစစ်တပ်၏ သတ်ဖြတ်မှုကို ခံလိုက်ရမည်ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့၏အဖြစ်မှာ လွန်ခဲ့သော နှစ်ခုနစ်သိန်းကျော်က ဆန်းကြယ်ဧကရာဇ် မိစ္ဆာများကို ရှင်းပစ်ခဲ့စဉ်ကကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
မိစ္ဆာအားလုံးနှင့် မိစ္ဆာအရှင်အားလုံးသည် ၎င်းတို့၏ အသက်ကို ပဓာနမထားဘဲ အစွမ်းကုန် တိုက်ခိုက်နေကြသည်။ ၎င်းတို့ သေရမည်ဆိုလျှင်ပင် လူသားများကို ၎င်းတို့နှင့်အတူ အပါခေါ်သွားရပေမည်။ မိစ္ဆာအရှင်များက နတ်ဘုရားတစ်ပိုင်းများနှင့် ရင်ဆိုင်ကြသည်။ ၎င်းတို့သည် ဝူမျိုးနွယ်၊ ကျန့်မျိုးနွယ်၊ ထူမျိုးနွယ်နှင့် ကောင်းကင်တမလွန်ဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်းများကို အထူးပစ်မှတ်ထားသည်။ ယင်းမှာ အောင်းလု၏ အမိန့်ပင်။ မိစ္ဆာများက လူသားများကို သတ်ရမည်ဆိုလျှင် ဤပရမ်းပတာဖြစ်စဉ်ကြီး တစ်ခုလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူအစစ်အမှန်များကို သတ်သင့်သည်။ တိုက်ပွဲတွင် မိစ္ဆာအရှင်များ သေသွားလျှင်ပင် ကောင်းကင်တမလွန်းဂိုဏ်းနှင့် ဝူမျိုးနွယ်တို့ကလည်း အဆုံးအရှုံး ရှိသွားမည်ဖြစ်သည်။
ဟိန်း...
အောင်းလုက မူလပုံစံကို ပြန်ပြောင်းလိုက်သည်။ သူ၏ ဧရာမခန္ဓာကိုယ်ကြီးက အထက်သို့ ကူးခတ်သွား၏။ သူ၏ ခြေလက်လေးဘက်တွင် သံချိန်းကြိုးကြီးများ ရှိနေ၏။ ၎င်းတို့က နေ့အလင်းရောင်ကို ရောင်ပြန်ဟပ်နေသည်။ ထိုသံချိန်းကြိုးများမှာ ဆန်းကြယ်ဧကရာဇ်က သူ့ကို ချုပ်နှောင်ရန် သုံးခဲ့သော ကြိုးများဖြစ်သည်။ ဆန်းကြယ်ဧကရာဇ်က ချိန်းကြိုးများကို ဖြတ်ပေးခဲ့ပြီဖြစ်သော်လည်း ၎င်းတို့သည် မိစ္ဆာမျိုးနွယ်ရှိ စွမ်းအားအကြီးဆုံး ရှေးဟောင်းအသုံးအဆောင် ဖြစ်နေသေးသည်။
ဤတစ်ကြိမ်တွင် အောင်းလုသည် မြောက်ဘက်ဧကရာဇ်နှင့်ရော ရှင်းမုဝမ်နှင့်ပါ မတိုက်ခိုက်ခဲ့ပေ။ ထိုအစား သူက ဝူမျိုးနွယ်၊ ကျန့်မျိုးနွယ်၊ ထူမျိုးနွယ်နှင့် ကောင်းကင်တမလွန်ဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်းများကို ပစ်မှတ်ထားလိုက်သည်။ မြောက်ဘက်ဧကရာဇ်၏ လက်ထဲတွင် နတ်ဘုရားအသုံးအဆောင်တစ်ခု ရှိနေသည်။ ထို့ကြောင့် ယခုတွင် သူက မြောက်ဘက်ဧကရာဇ်၏ ပြိုင်ဘက် မဟုတ်တော့ကြောင်း အောင်းလုသိသည်။ သို့ဖြစ်၍ သူသည် ထိုမျိုးနွယ်များမှ နတ်ဘုရားတစ်ပိုင်းများကိုသာ သူနှင့်အတူ သေရွာသို့ ခေါ်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အရိပ်ဧကရာဇ်ကလည်း လှုပ်ရှားနေသည်။ သူ၏ အမြန်နှုန်းက အလွန်လျင်မြန်သည်။ သူက စွမ်းအားကြီးသော်လည်း စွမ်းအားကြီး လူသားသိုင်းပညာရှင်များကို တိုက်ခိုက်မနေပေ။ ထိုအစား လွယ်ကူသောပစ်မှတ်များကိုသာ တိုက်ခိုက်နေသည်။ သူက အလွန်လျင်မြန်စွာ လှုပ်ရှားနေသဖြင့် မြောက်ဘက်ဧကရာဇ်က သူ့ကို အတိအကျ ပစ်မှတ်ထားနိုင်မည် မဟုတ်ပေ။ မြောက်ဘက်ဧကရာဇ်က သူ့ကို သတ်မည်ဆိုလျှင်ပင် သူသည် လူသားတပ်သားများစွာကို သတ်ပစ်ခဲ့ရပေမည်။
အနက်ရောင်နတ်ဘုရားရော ချမ်ချမ်ပါ ပေါ်မလာသေးပေ။ သူတို့နှစ်ယောက်က ပုန်းအောင်းနေခြင်းလော သို့မဟုတ် အောင်းလုက သူတို့ကို ဘေးလွတ်ရာသို့ ပို့လိုက်ပြီလောကို မြောက်ဘက်ဧကရာဇ် မသိပေ။ သို့သော် သူတို့ပေါ်လာလျှင်ပင် အခြေအနေကို ပြောင်းလဲနိုင်လိမ့်မည်မဟုတ်ဟု မြောက်ဘက်ဧကရာဇ်က တွေးသည်။
ဝုန်း...ဝုန်း...ဝုန်း... ရွှစ်... ရွှစ်... အား... ကျား...
ပင်လယ်ထဲတွင် ပေါက်ကွဲသံများ၊ နာကျင်တကြီး အော်ဟစ်သံများ၊ မာန်သွင်းသံများ၊ ဟိန်းသံများနှင့် ပြည့်နှက်နေသည်။ လူသားများနှင့် မိစ္ဆာများက စက္ကန့်မလပ် သေဆုံးနေကြသည်။ ပင်လယ်ရေပြင်ကလည်း သွေးချင်းချင်းနီနေပြီဖြစ်သည်။ ဆန်းကြယ်သိုင်းမြို့ကို လွှမ်းခြုံထားသော အလင်းလွှာ မပျက်စီးသွားခင်ကပင် ပတ်ဝန်းကျင်က အတော်လေး လင်းလက်နေခဲ့ပြီဖြစ်သည်။ ယခုတွင် တိုက်ခိုက်မှုအမျိုးမျိုးထံမှ အလင်းများကြောင့် ပတ်ဝန်းကျင်က ပိုတောက်ပလာသည်။ ပင်လယ်ရေအောက်တွင် အလင်းများ ဖွေးဖွေးလှုပ်နေသည်။
ပင်လယ်ရေများ လှုပ်ရှားရိုက်ခတ်လာသောအခါ ဆန်းကြယ်သိုင်းမြို့၏ နံရံများက တလက်လက်ဖြစ်လာသည်။ တစ်ချိန်က လှပခဲ့သော မြို့ကြီးသည် ယခုတွင် ဖျက်ဆီးခံနေရပေပြီ။ လူသားများနှင့် မိစ္ဆာများ၏ ခြေပြတ်လက်ပြတ်များနှင့် အလောင်းများက မြို့တစ်ခွင်တွင် ပျံ့ကျဲနေသည်။ ထိုမြင်ကွင်းမှာ ကြောက်မက်ဖွယ်ပင်။
“အောင်းလု... ကျုပ်နဲ့ လာတိုက်စမ်း”
မြောက်ဘက်ဧကရာဇ်က တိုက်ပွဲတစ်ခုလုံးကို အထက်မှ ငုံ့ကြည့်နေ၏။ ထန်ရှန်းကျိတို့က အစွမ်းကုန် မတိုက်ခိုက်ခြင်း သို့မဟုတ် တိုက်ပွဲတစ်ဝက်တွင် ထွက်ပြေးသွားခြင်းတို့ လုပ်မည်ကို သူ စိုးရိမ်နေသည်။ ထို့ပြင် အချိန်မရွေး ထွက်ပေါ်လာနိုင်သည့် ကျန်းရီကိုလည်း သတိထားနေရသည်။ သို့သော် ယခုတွင် သူ ရပ်ကြည့်၍သာ မနေနိုင်တော့ပေ။ အောင်းလုက အလွန်စွမ်းအားကြီးလွန်းသည်။ လက်ရှိအတိုင်းသာ ဆက်သွားပါက မျိုးနွယ်အသီးသီးမှ နတ်ဘုရားတစ်ပိုင်းများနှင့် အကြီးအကဲများအားလုံး အသတ်ခံရပေလိမ့်မည်။ ထို့ကြောင့် မြောက်ဘက်ဧကရာဇ်သည် အောင်းလုဆီသို့ ဦးတည်သွား၍ အော်လိုက်သည်။
“နောက်ဆုတ်...”
အောင်းလုသည် မြောက်ဘက်ဧကရာဇ်ကို တစ်ချက်ပင် မကြည့်ခဲ့ချေ။ သူသည် သံချိန်းကြိုး လေးကြိုးကို ဝှေ့ယမ်း၍ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကို ဖမ်းလိုက်သည်။ သံချိန်းကြိုးများက အလွန်ခိုင်မာသည်။ နတ်ဘုရားတစ်ပိုင်းသည် အတင်းရုန်းနေသော်လည်း မလွတ်မြောက်နိုင်ပေ။ အောင်းလုနှင့် ရင်ဆိုင်ရသောအခါ သူ အစွမ်းမဲ့နေပြီဖြစ်သည်။
ရွှစ်...ရွှစ်...
မြောက်ဘက်ဧကရာဇ်၏ လက်ထဲရှိ နတ်ဘုရားဓားက လင်းလက်လာ၏။ သူ အောင်းလုကို ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်သည်။ အောင်းလုက လှည့်ပတ်လိုက်ပြီး ကျော်ပေါ်မှ လိပ်ခွံဖြင့် ဓားချက်ကို ခုခံရန် လုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဦးခေါင်းကို အသုံးပြု၍ နတ်ဘုရားတစ်ပိုင်း၏ ဒိုင်းကို တိုက်ခိုက်လိုက်သည်။
ဝုန်း...
အောင်းလုက တိုက်ခိုက်လိုက်ရာ နတ်ဘုရားဒိုင်းက လင်းလက်သွားသည်။ ၎င်းက ပျက်စီးတော့ပေမည်။ မြောက်ဘက်ဧကရာဇ်၏ နတ်ဘုရားဓားက အောင်းလု၏ တောင်ကြီးကဲ့သို့သော လိပ်ခွံကြီးကို ထိသွားသည်။ ထိခတ်မှုအဟုန်ကြောင့် အောင်းလုနှင့် နတ်ဘုရားတစ်ပိုင်းတို့ လွင့်ထွက်သွားကြသည်။ လိပ်ခွံပေါ်တွင်လည်း အက်ကြောင်းများ ထလာလေသည်။
“ပြင်းထန်လိုက်တာ”
ထန်ရှန်းကျိတို့က ပြူးကျယ်သော မျက်လုံးများနှင့် ငေးကြည့်နေကြ၏။ နတ်ဘုရားဓားကြောင့် မြောက်ဘက်ဧကရာဇ်၏ တိုက်ခိုက်စွမ်းအားက အနည်းဆုံး နှစ်ဆပိုတိုးလာသည်။ မြောက်ဘက်ဧကရာဇ် သိမြင်နားလည်ထားသော ကြယ်ကိုးပွင့်အဆင့် တာအိုပုံသဏ္ဌာန်က အာကာသအချုပ်အနှောင်ဖြစ်သည်။ ၎င်းက ရန်သူများကို ချုပ်နှောင်နိုင်စွမ်းသာ ရှိသဖြင့် တိုက်ခိုက်စွမ်းအား ကောင်းသည်ဟု မဆိုနိုင်ပေ။ သို့သော် မြောက်ဘက်ဧကရာဇ်၏ စွမ်းအားက တိုက်ပွဲဧကရာဇ်နှင့် ယှဉ်နိုင်သည်။ စေ့စေ့စပ်စပ် နှိုင်းယှဉ်ရမည်ဆိုလျှင် မြောက်ဘက်ဧကရာဇ်က တိုက်ပွဲဧကရာဇ်ထက်ပင် အနည်းငယ် ပိုစွမ်းအားကြီးလောက်ပေသည်။
ဝုန်း...
အောင်းလုနှင့် နတ်ဘုရားတစ်ပိုင်းတို့က အဝေးရှိ ပင်လယ်ကြမ်းပြင်ကျောက်တန်းနှင့် သွားဆောင့်သည်။ ကျောက်တန်းသည်ပင် ပြိုကျသွားသည်။ အောင်းလုကြောင့် ကွဲအက်နေပြီဖြစ်သော နတ်ဘုရားတစ်ပိုင်း၏ နတ်ဘုရားဒိုင်းက ယခုတွင် လုံးဝပျက်စီးသွားလေသည်။ ထို့နောက် အောင်းလု၏ ဧရာမခန္ဓာကိုယ်ကြီးက နတ်ဘုရားတစ်ပိုင်းကို ပိသွား၍ နတ်ဘုရားတစ်ပိုင်း၏ အရိုးများပင် စိစိညက်ညက်ကြေသွားလေသည်။
ဝှစ်...
အောင်းလုသည် အထက်သို့ လျင်မြန်စွာ ပြန်တက်လိုက်၏။ သို့သော် သူသည် မြောက်ဘက်ဧကရာဇ်ထံသို့ မသွားလိုက်ဘဲ လူသားစစ်တပ်အတွင်းသို့ ဦးတည်လိုက်သည်။ အနီးရှိ တပ်သားအားလုံးသည် မြောက်ဘက်ဧကရာဇ်၏ ဝူမျိုးနွယ်မှ ကောင်းကင်ဧကရာဇ်များဖြစ်ကြသည်။ အောင်းလုက သံချိန်းကြိုးများကို ဝှေ့ယမ်းလိုက်၏။ သူ၏ လက်သည်းများကလည်း သေမင်း၏ တံစဉ်းကဲ့သို့ပင်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူသည် ပတ်ဝန်းကျင်ရှိ ထောင်ချီသော ကောင်းကင်ဧကရာဇ်များကို အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် ကုတ်ဖြဲပစ်လိုက်လေသည်။
“လိပ်အိုကြီး... ခင်ဗျားက မိစ္ဆာတွေရဲ့ ဧကရာဇ်ပဲ။ ဒါပေမဲ့ ဘာလို့ အဲ့လောက် အသုံးမကျရတာလဲ။ ခင်ဗျားက အဆင့်နိမ့် သိုင်းသမားတွေအပေါ်မှာပဲ ဒေါသပုံချနိုင်တာလား”
မြောက်ဘက်ဧကရာဇ်က အော်ပြောလိုက်သည်။ သူသည် လက်တစ်ဘက်ကို ဝှေ့ယမ်း၍ အာကာသအချုပ်အနှောင် တာအိုပုံသဏ္ဌာန်ကို စုစည်းလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် အောင်းလုကို ချုပ်နှောင်၍ သတ်ပစ်ရန် ကြံရွယ်ထားသည်။ တိုက်ပွဲက အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သော်လည်း ကျန်းရီ ပေါ်မလာသေးပေ။ ယင်းမှာ ကျန်းရီက ပေါ်လာလောက်တော့မည် မဟုတ်ဟူသော အဓိပ္ပာယ်ပင်။
မြောက်ဘက်ဧကရာဇ်သည် အာကာသအချုပ်အနှောင်ကို စုစည်းနေရင်း သူ့အနောက်မှ အန္တရာယ်ကို ရုတ်တရက် ခံစားလိုက်ရ၏။ သူ ကောင်းကင်စိတ်အာရုံကို သုံး၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ အေးစက်သော အလင်းတန်းတစ်တန်းက သူ့ထံသို့ တန်းတန်းမတ်မတ် ပျံသန်းလာနေသည်။ အရိပ်ဧကရာဇ်က အောင်းလု အခက်ကြုံနေကြောင်းကို တွေ့လိုက်၍ လာရောက်ကူညီခြင်းဖြစ်သည်။
“မင်းက သေခြင်းတရားရဲ့ အဓိပ္ပာယ်ကို မသိဘူးပဲ”
မြောက်ဘက်ဧကရာဇ်သည် အာကာသအချုပ်အနှောင်ကို စုစည်းနေခြင်းကို ရပ်တန့်လိုက်ပြီး နောက်လှည့်ကာ အရိပ်ဧကရာဇ်ကို ဓားဖြင့် ပိုင်းချလိုက်သည်။ မီးတာသုံးသောင်းနီးပါး ရှည်သည့် ဓားအလင်းတန်းရှည်ကြီးတစ်တန်း ထွက်ပေါ်လာပြီး အရှေ့သို့ လျင်မြန်စွာ ထွက်သွားသည်။ အရိပ်ဧကရာဇ်၏ တိုက်ခိုက်မှုလည်း ပျောက်ကွယ်သွားသည်။ အရိပ်ဧကရာဇ်ကိုယ်တိုင်လည်း ဓားအလင်းတန်းကို မရှောင်နိုင်လိုက်ပေ။ သူသည် ပေါက်ကွဲထွက်ကာ သွေးမှုန်သွေးမွှားများအဖြစ် ပြောင်းလဲသွားလေသည်။
အရိပ်ဧကရာဇ်အပြင် ဓားအလင်းတန်း၏ လမ်းကြောင်းရှိ မိစ္ဆာများနှင့် လူသားများလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။ ကြယ်ကိုးပွင့်အဆင့် ပညာရှင်က ဆွဲကိုင်ထားသော နတ်ဘုရားအသုံးအဆောင်၏ စွမ်းအားကို မည်သည်ကမှ မကာနိုင်ပေ။
ဝှစ်...
မြောက်ဘက်ဧကရာဇ်သည် နောက်ပြန်လှည့်ကာ အောင်းလုကို ခက်ထန်သော အကြည့်များနှင့် ထပ်ကြည့်လိုက်သည်။ ထို့နောက် သူ အောင်းလုနောက်ကို လိုက်လေသည်။ အောင်းလုအနားသို့ ရောက်သွားသောအခါ အာကာသအချုပ်အနှောင်ကို ထပ်မံစုစည်းရန် ကြိုးစားလိုက်သည်။ ထိုအခိုက်တွင် မိစ္ဆာအရှင်နှစ်ပါးက သူ့ထံသို့ လျင်မြန်စွာ ကူးခတ်လာသည်။ ဤတစ်ကြိမ်တွင် မိစ္ဆာအရှင်များက သူ့အနားသို့ ရောက်သောအခါ သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်သည်။
မြောက်ဘက်ဧကရာဇ်သည် ရွေးချယ်စရာမရှိသဖြင့် အောင်းလုအနားမှ ခွာလိုက်ရသည်။ ထိုသို့ဖြင့် မြောက်ဘက်ဧကရာဇ်က အောင်းလုကို သတ်ရန် ကြိုးစားလိုက်တိုင်း မိစ္ဆာအရှင်များက လာရောက် ကာကွယ်နေကြလေသည်။ သူတို့သည် သေရမည်ကို မကြောက်ကြပေ။ သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အောင်းလုက ဝူမျိုးနွယ်ဝင်များကို တတ်နိုင်သမျှ များများသတ်နိုင်စေရန်သာ။ အောင်းလုအနားရှိ ကောင်းကင်ဧကရာဇ်တိုင်း အသတ်ခံနေရသည်။ နတ်ဘုရားတစ်ပိုင်းများပင် သူ့စွမ်းအားများမှ မလွတ်မြောက်နိုင်ချေ။
မြောက်ဘက်ဧကရာဇ်သည် သူ၏မျိုးနွယ်ဝင်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည်ကို ကြည့်ရင်း ဒေါသထွက်လာလေသည်။ သို့သော် သူ အောင်းလုကို သတ်ရန် လုပ်လိုက်တိုင်း မိစ္ဆာများ၏ ဝိုင်းတိုက်မှုကို ခံနေရသည်။ နောက်ဆုံးတွင် သူ မချင့်မရဲဖြင့် အော်ပြောလိုက်သည်။
“သခင်မလေးမုန့်ဝမ်... အောင်းလုကို သတ်ဖို့ ကျုပ်ကို ကူညီပေးပါ”
ဟိန်း...
အောင်းလုသည် ရှင်းမုန့်ဝမ်နှင့် ကောင်းကင်တမလွန်ဂိုဏ်းမှ နတ်ဘုရားတစ်ပိုင်း ပညာရှင်လေးဆယ့်ကိုးယောက်က သူ့ထံသို့ ဦးတည်လာနေသည်ကို တွေ့လိုက်သောအခါ ဟိန်းလိုက်သည်။ သို့သော် သူ ရှောင်မထွက်တော့ပေ။ ထိုအစား အဆက်မပြတ် ဟိန်း၍ သူတို့ထံ ဦးတည်သွားလိုက်သည်။ ထိုအခိုက်တွင် သူ၏ အကြည့်က အေးစက်ပြတ်သားနေသည်။ ရှင်းမုန့်ဝမ်သည်ပင် ထိုအကြည့်ကို တွေ့သောအခါ တုန်ယင်သွားသည်။
“မကောင်းတော့ဘူး။ အစီအရင်ဆင်ကြ”
ရှင်းမုန့်ဝမ်သည် မူမမှန်မှုတစ်ခုကို အာရုံခံမိလို်က၍ ရုတ်ခြည်း ရပ်တန့်ကာ အော်ပြောလိုက်သည်။ သူမဘေးမှ နတ်ဘုရားတစ်ပိုင်းများက ချက်ချင်းပင် သူမကို စက်ဝိုင်းပုံ ဝန်းရံလိုက်ကြသည်။ ထို့နောက် အလင်းလွှာတစ်ခုက သူတို့ကို ရုတ်ခြည်း လွှမ်းခြုံသွားလေသည်။ ရှင်းမုန့်ဝမ်သည် ကျန်းရီ၏ နတ်ဘုရားဇီဝိန်ခြွေကို ခုခံခဲ့စဉ်က သုံးခဲ့သော အစီအရင်ကို ထုတ်သုံးလိုက်ခြင်းပင်။
“ဟင်းဟင်း... အဲ့အစီအရင်က ငါ့ကို ဘယ်လိုတားနိုင်မှာလဲ”
အောင်းလုက ခပ်လှောင်လှောင် ရယ်၍ အော်ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်ကြီးက အဖြူအရောင်အလင်း လင်းလက်လာပြီး ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုနေရာရှိ လူအားလုံးနှင့် မိစ္ဆာအားလုံးသည် အောင်းလုကို လှမ်းကြည့်လိုက်ကြသည်။ မြောက်ဘက်ဧကရာဇ်လည်း မျက်နှာပျက်သွားပြီး အော်ပြောလိုက်သည်။
“အားလုံး.. ရှောင်ကြ။ အောင်းလုက သူ့ကိုယ်သူ ဖောက်ခွဲပစ်တော့မယ်”
ဝုန်း...
အလင်းက ပို၍ပို၍ မျက်စိကျိန်းဖွယ် ဖြစ်လာပြီး အောင်းလု၏ ခန္ဓာကိုယ်ကြီးက ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်ကြီး အလင်းလုံးတစ်လုံး အဖြစ်ပြောင်းလဲသွားကာ ရှင်းမုန့်ဝမ်တို့၏ အရှေ့၌ ပေါက်ကွဲထွက်သွားလေသည်။ အားလုံး မျက်စိကျိန်းသွားပြီး နားအူထွက်သွားသည်။
အေငာ်းလုသည် မပျောက်ကွယ်သွားခင်တွင် နောက်ဆုံးစကားတစ်ခွန်း ပြောသွားခဲ့သည်။ ထိုစကားက ယင်းနေရာရှိ လူသားများနှင့် မိစ္ဆာများ၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။
“ကျန်းရီ... ငါ့အတွက် လက်စားချေပေးပါ”
***