အောင်ပွဲ
Vol. 90 Ch. 1253
“ဧကရာဇ်...”
မရေမတွက်နိုင်သော မိစ္ဆာဘုရင်များ၊ မိစ္ဆာဧကရာဇ်များနှင့် မိစ္ဆာအရှင်များက တုန်လှုပ်စွာ အော်လိုက်ကြသည်။ ထိုအခိုက်တွင် လူသားတပ်သားများက အောင်းလု၏ ပေါက်ကွဲမှုကြီးကြောင့် ယိမ်းယိုင်နေကြသည်။ သူတို့သည် မျက်စိကျိန်းလောက်ဖွယ် အလင်းကိုကြည့်၍ အလွန်တုန်လှုပ်နေကြသည်။ နှစ်ခုနစ်သိန်းကျော် သက်တမ်းရှိခဲ့သော မိစ္ဆာများ၏ ဧကရာဇ်တစ်ပါးက သူ့ကိုယ်သူ ဖောက်ခွဲခြင်းမှနေ၍ စွမ်းအင်မည်မျှ ထွက်မည်နည်း။
ဝုန်း...
ကြောက်မက်ဖွယ် အဟုန်အားတစ်ခုက အောင်းလု၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ အရပ်မျက်နှာအနှံ့သို့ ပြန့်ထွက်သွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မီတာသုံးထောင် အဝန်းအဝိုင်းအတွင်းရှိ လူသားအားလုံး လွင့်ထွက်သွားသည်။ အောင်းလုသည် သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ဆုံးဖြတ်ထားပြီးဖြစ်၍ မိစ္ဆာများကို ဝေးရာသို့ ကြိုရှောင်ခိုင်းခဲ့သည်။ ထို့ကြောင့် ၎င်းပတ်ဝန်းကျင်တွင် လူသားများသာ ရှိနေသည်။ ထိုလူသားအများစုကလည်း ဝူမျိုးနွယ်၊ ထူမျိုးနွယ်နှင့် ကောင်းကင်တမလွန်ဂိုဏ်းတို့မှ ဖြစ်ကြသည်။
ဝုန်း...
ရှင်းမုန့်ဝမ်တို့ ပတ်ပတ်လည်မှ အကာအရံအလွှာက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။ သူတို့အားလုံးလည်း ပေါက်ကွဲမှုအဟုန်ကြောင့် လွင့်ထွက်သွားကြသည်။ ရှင်းမုန့်ဝမ်၏ နတ်ဘုရားအသုံးအဆောင် စစ်ချပ်ဝတ်က သူမ၏ခန္ဓာကိုယ်ကို အပြင်းအထန် ဒဏ်ရာရမသွားအောင် ကာကွယ်ပေးသည်။ သို့သော် သူမ၏ ကိုယ်တွင်းအင်္ဂါများအားလုံး ထိခိုက်သွားသည်။ ထို့ကြောင့် သူမ သွေးအန်လိုက်ရလေသည်။
ရှင်းမုန့်ဝမ်၏ ပတ်ပတ်လည်မှ နတ်ဘုရားတစ်ပိုင်းများက သူမထက် ပိုခံရသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင်ဆယ့်ငါးယောက်လောက်၏ နတ်ဘုရားဒိုင်းများက ပျက်စီးသွားပြီး သူတို့၏ခန္ဓာကိုယ်များက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။ ပေါက်ကွဲမှုနှင့် အတန်ငယ် ဝေးခဲ့သော နတ်ဘုရားတစ်ပိုင်းများက ထိုမျှတော့ မခံလိုက်ရချေ။ သူတို့ထဲမှ ဆယ်ယောက်လောက်၏ နတ်ဘုရားဒိုင်းများက ပျက်စီးသွားသည်။ သူတို့၏ခန္ဓာကိုယ်များက သွေးချင်းချင်းရဲကာ အသားနီလန်သွားကြသည်။ သူတို့သည် လေထဲသို့ လွှင့်ပစ်ခံလိုက်ရသော အဝတ်အိတ်အစုတ်များကဲ့သို့ပင်။ သူတို့က သေသည်၊ ရှင်သည်ကိုပင် အတပ်မပြောနိုင်ပေ။
ဝူမျိုးနွယ်ဝင်များနှင့် ထန်မျိုးနွယ်ဝင်များ၏ အခြေအနေက များစွာပိုဆိုးသည်။ မျိုးနွယ်နှစ်ခုစလုံးတွင် မူလ၌ အနည်းဆုံး နတ်ဘုရားတစ်ပိုင်း ပညာရှင်အယောက်နှစ်ဆယ်နီးပါး၊ ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် အကြီးအကဲများနှင့် စစ်တပ်တစ်တပ်လုံးစီ ရှိခဲ့ကြသည်။ အားလုံးစုစုပေါင်းလျှင် လူငါးထောင်ကျော်လောက်စီ ရှိမည်။ သို့သော် ပေါက်ကွဲမှုကြီး ပြီးသွားသောအခါ လူငါးထောင်စလုံးက သေဆုံးသွားကြသည်။ တစ်ယောက်မှ မရှင်သန်ခဲ့ပေ။
အဝေးသို့ ထွက်ပြေးရန် အချိန်မရခဲ့သော ကောင်းကင်ဧကရာဇ်များနှင့် အဆင့်နိမ့် မိစ္ဆာများလည်း သေဆုံးသွားခဲ့သည်။ အောင်းလု၏ ပေါက်ကွဲမှုက သောင်းချီသော လူသားများနှင့် မိစ္ဆာများကို သတ်ပစ်ခဲ့သည်။ ဆယ်ချီသော နတ်ဘုရားတစ်ပိုင်းများလည်း သေဆုံးခဲ့သည်။ ထို့ကြောင့် အောင်းလု၏ သေဆုံးမှုက တန်သည်ဟု ဆိုရပေမည်။
“ဧကရာဇ်...”
မရေမတွက်နိုင်သော မိစ္ဆာများက အော်ခေါ်လိုက်ကြသည်။ ယခုတွင် အောင်းလု သေသွားပြီဖြစ်၍ မိစ္ဆာမျိုးနွယ်အတွက် မည်သည့်မျှော်လင့်ချက်မှ မရှိတော့ပေ။ မည်သည့် ဆန်းကြယ်မှုမှလည်း ဖြစ်မလာနိုင်ချေ။ မည်သူကမှ မိစ္ဆာများကို ပျက်သုဉ်းမှုမှ ကယ်တင်နိုင်တော့မည် မဟုတ်ပေ။ မိစ္ဆာများသည် အနှေးနှင့် အမြန်ဆိုသလို သေဆုံးရပေတော့မည်။ မိစ္ဆာအရှင်တစ်ပါးက အဖြူရောင်အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားပြီး ပြုံစုနေသော လူသားအုပ်စုတစ်စုဆီသို့ ဦးတည်သွားလိုက်သည်။
ဝုန်း...
ထိုမိစ္ဆာအရှင်သည်လည်း သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်ပြီး အရေအတွက် တစ်သောင်းနီးပါးရှိသော လူသားများကို သူနှင့်အတူ သေရွာသို့ ခေါ်သွားသည်။ ထိုမိစ္ဆာအရှင်၏ ပေါက်ကွဲမှုက ကွင်းဆက်သက်ရောက်မှုတစ်ခုကို အစပြုလိုက်သည်။ အခြား မိစ္ဆာဧကရာဇ်များနှင့် မိစ္ဆာအရှင်များသည်လည်း ထူမျိုးနွယ်၊ ဝူမျိုးနွယ်၊ ကျန့်မျိုးနွယ်နှင့် ကောင်းကင်တမလွန်ဂိုဏ်းတို့၏ နတ်ဘုရားတစ်ပိုင်းများနှင့် တပ်သားများထံသို့ သွားကာ သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်ကြသည်။ သူတို့သည် မည်သို့ပဲဖြစ်ဖြစ် သေရတော့မည်ဖြစ်၍ လူသားများကို သူတို့နှင့်အတူ သေရွာသို့ အပါခေါ်သွားရပေမည်။
ထိုသို့ဖြင့် အဆုံးမဲ့ပင်လယ်နက်ထဲတွင် ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်နေလေသည်။ မရေမတွက်နိုင်သော မိစ္ဆာများက လူများစုဝေးနေသော နေရာများသို့ သွား၍ သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်နေကြသည်။
ဝုန်း...ဝုန်း...ဝုန်း...ဝုန်း...
မီးစာကို မီးညှိလိုက်သကဲ့သို့ နေရာအနှံ့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားနေသည်။ သန်းဆယ်ချီသော မိစ္ဆာများက နှစ်သန်းလောက်သာ ကျန်တော့သည်။ မိစ္ဆာဆယ်သန်းလောက်က သူတို့ကိုယ်သူတို့ ဖောက်ခွဲသွားခဲ့သည်။ မိစ္ဆာဆယ်သန်း ပေါက်ကွဲသွားသော မြင်ကွင်းကို တွေးကြည့်ရန်သာ တတ်နိုင်ပေမည်။ ထိုမြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသဖြင့် အသက်ရှင် ကျန်ခဲ့သော လူသားများသည် ၎င်းမြင်ကွင်းကို တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ပေ။
“လခွမ်းပဲ”
မြောက်ဘက်ဧကရာဇ်၊ သားရဲဧကရာဇ်နှင့် ဓားဧကရာဇ်တို့ အလွန်ဒေါသထွက်သွားကြသည်။ သူတို့၏ မျိုးနွယ်များက အဆုံးအရှုံးများနေသည်။ သူတို့၏ မျိုးနွယ်ဝင်များ၊ အစေခံများနှင့် ဖွဲ့စည်းထားသော တပ်ဖွဲ့၏ အင်အားက ခြောက်သန်း၊ ခုနစ်သန်းလောက်ရှိသည်။ သူတို့သည် သူတို့မျိုးနွယ်မှ စွမ်းအားကြီး သိုင်းပညာရှင်အားလုံးကို ခေါ်လာခဲ့ခြင်းပင်။ ယခု ထိုပေါက်ကွဲမှုများကြောင့် သူတို့၏ မျိုးနွယ်များသည် အနည်းဆုံး လူငါးသန်းလောက်ကို ဆုံးရှုံးလိုက်ရပေပြီ။
မြောက်ဘက်ဧကရာဇ်သည် နတ်ဘုရားဓားကို ဝှေ့ယမ်း၍ အဆက်မပြတ် တိုက်ခိုက်နေသည်။ သူသည် မိစ္ဆာအရှင်များကို သူတို့ကိုယ်သူတို့ မဖောက်ခွဲပစ်နိုင်ခင်တွင် တတ်နိုင်သမျှ များများသတ်ပစ်ရန် ကြိုးစားနေသည်။ သို့သော် အချိန်တိုအတွင်းတွင် သူသတ်နိုင်သော အရေအတွက်က အကန့်အသတ်ရှိပေသည်။ နောက်ဆုံးတွင် သူသည် မိစ္ဆာအရှင် တစ်သောင်းလောက်ကိုသာ သတ်နိုင်ခဲ့သည်။ သူ၏နားကလည်း ပေါက်ကွဲသံများကြောင့် အူနေသည်။ ထိုပေါက်ကွဲသံများသည် အောင်းလု ပေါက်ကွဲသွားပြီးကတည်းက ရပ်သည်ဟူ၍ မရှိသေးချ။
အတော်ကြာပြီးနောက်...
အဆုံးမဲ့ပင်လယ်နက်တစ်ခွင်လုံး တိတ်ဆိတ်သွားသည်။ ကြောက်လန့်တကြီး ထွက်ပြေးကြသော မိစ္ဆာဆယ်သန်းမှလွဲ၍ အခြားမိစ္ဆာအားလုံးက သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်ပေပြီ။ မိစ္ဆာအရှင်အားလုံးနီးပါး သေသွားပြီဖြစ်သည်။ အောင်းလုကလည်း တိုက်ပွဲတွင် သေဆုံးသွားခဲ့သည်။ မိစ္ဆာမျိုးနွယ်က အတော်လေး အထိနာသွားပေပြီ။ သူတို့သည် အနည်းဆုံး နောက်နှစ်ပေါင်းသိန်းချီသည်အထိ ပြန်ခေါင်းထောင်မလာနိုင်လောက်တော့ပေ။
သို့သော်...
မြောက်ဘက်ဧကရာဇ်တို့သည် ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံများဖြင့် အာရုံခံကြည့်ပြီးနောက် မျက်နှာထား ခါးသက်သွားကြသည်။ လူသားစစ်တပ်တွင် အင်အားသန်းငါးဆယ် ပါခဲ့သော်လည်း ယခုတွင် တစ်ဝက်မပြည့်တပြည့်သာ ကျန်တော့သည်။ ထို့ပြင် နတ်ဘုရားတစ်ပိုင်းများအားလုံးကလည်း သေသူကသေ၊ ဒဏ်ရာအပြင်းအထန် ရသူကရနှင့် ရှိနေကြသည်။ သူတို့၏ မျိုးနွယ်သုံးခုမှ နတ်ဘုရားတစ်ပိုင်းများက လက်တစ်ဆုပ်စာလောက်သာ ကျန်တော့သည်။ သားရဲဧကရာဇ်၏သား သားရဲအင်ပါယာပင် သေသွားခဲ့သည်။
ရှင်းမုန့်ဝမ်၏ ကိုယ်ပေါ်တွင် လှပသော စစ်ချပ်ဝတ်တစ်စုံ ရှိနေသည်။ သူမ၏ နှုတ်ခမ်းစွန်းမှနေ၍ သွေးများ စီးကျနေဆဲလည်းဖြစ်သည်။ ယင်းက သူမကို တစ်မျိုးတစ်ဖုံ လှနေစေသေးသည်။ ထိုအခိုက်တွင် သူမ၏ မျက်လုံးများက ဝေဝါးနေသည်။ သူမသည် ပင်လယ်ထဲရှိ မရေမတွက်နိုင်သော အလောင်းများနှင့် ခြေပြတ်လက်ပြတ်များကို ကြည့်ကာ ခါးသက်သက်ပြုံး၍ နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်လိုက်၏။ သူမသည် သူမ၏လုပ်ရပ်က မှန်ခဲ့ပါသလောဟု တွေးမိလာလေသည်။
“ကျုပ်တို့ နိုင်သွားပြီလား။ နောက်ဆုံးတော့ ကျုပ်တို့ နိုင်သွားပြီလား”
မျိုးနွယ်လေးတစ်ခုမှ မျိုးနွယ်ခေါင်းဆောင်သည် ကံကောင်း၍သာ အသက်ရှင်ကျန်ခဲ့ခြင်းဟု ခံစားနေရ၏။ သူသည် တိုက်ပွဲပြင်ကို လှည်ပတ်ကြည့်ကာ လေးလံသော လေသံဖြင့် သူ့ဘာသာ ရေရွတ်လိုက်သည်။
“ဘာလို့ ဒီအောင်ပွဲကနေ ဘာပျော်ရွှင်မှုကိုမှ မခံစားရတာလဲ။ ဒီလိုမျိုး အနိုင်ရတာက ဘာအဓိပ္ပာယ်ရှိမှာလဲ”
“ကပ်ဘေးကြီးပဲ”
ထန်ရှန်းကျိသည်လည်း မသေခဲ့ပေ။ ထန်မျိုးနွယ်မှ နတ်ဘုရားတစ်ပိုင်းများကလည်း ဒဏ်ရာ သိပ်မပြင်းထန်ခဲ့ချေ။ ထိုသို့ဖြစ်ရခြင်းမှာ ထန်မျိုးနွယ်က မိစ္ဆာများနှင့် အစွမ်းကုန် မတိုက်ခိုက်ခဲ့၍ဖြစ်သည်။ ထို့ကြောင့် ရလဒ်အနေဖြင့် မိစ္ဆာများက သူတို့အနားတွင် လာမပေါက်ကွဲခဲ့ချေ။
ထိုအခိုက်တွင် ထန်ရှန်းကျိတစ်ယောက် မျက်လုံးမှိတ်ထားသည်။ သူသည် မျက်စိရှေ့ရှိ ရင်ကွဲဖွယ် မြင်ကွင်းကို မကြည့်နိုင်ပေ။ ရုတ်တရက် သူ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ကပ်ဘေးကြီးတစ်ခု။ မဟာစစ်ပွဲကြီးနှစ်ပွဲတွင် လူသားစစ်တပ်ဘက်က အင်အားတစ်ဝက်ကျော်ကျော် ဆုံးရှုံးခဲ့သည်။ ယင်းကပင် ကပ်ဘေးကြီးတစ်ခုဖြစ်ပေသည်။
“ဟုတ်တယ်။ ကျုပ်တို့ နိုင်သွားပြီ။ လူသားမျိုးနွယ်က နိုင်သွားပြီ။ မိစ္ဆာတွေကို အောင်အောင်မြင်မြင် ရှင်းပစ်နိုင်လိုက်ပြီ။ ဒီနေ့ တိုက်ပွဲမှာ ရှင်ကျန်ခဲ့သူတိုင်းက သူရဲကောင်းတွေပဲ။ မင်းတို့ရဲ့ နာမည်က သမိုင်းတွင်လိမ့်မယ်။ မင်းတို့ ထာဝရ လေးစားခံရလိမ့်မယ်။ ကျဆုံးသွားရတဲ့သူတွေကလည်း ထာဝရ အာဇာနည်တွေအဖြစ် ထာဝရ အမှတ်ရခံရလိမ့်မယ်”
မြောက်ဘက်ဧကရာဇ်က အော်ပြောလိုက်သည်။ ထို့နောက် သူ တက်ကြွစွာဖြင့် ဆက်ပြောသည်။
“ကျုပ်တို့က ဒီကပ်ဘေးကြီးကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်လိုက်ပြီ။ ကျုပ်တို့က လူသားမျိုးနွယ်နဲ့ ကျုပ်တို့ရဲ့ မိသားစုတွေကို ကာကွယ်နိုင်ခဲ့ပြီ။ မိစ္ဆာမျိုးနွယ်က ကျုပ်တို့ကို ထပ်ပြီး ပြဿနာရှာနိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့... စစ်ပွဲက မပြီးသေးဘူး။ အားလုံးပဲ သတ္တိကို ပြန်စုစည်းကြပါ။ ကျုပ်တို့ရဲ့ အကြီးမားဆုံးရန်သူက ကျန်းရီပါ။ အခု သူက နှင်းဒေသမှာ ရှိနေပါတယ်။ ပြီးတော့ နှင်းဒေသဆီ လွတ်မြောက်သွားတဲ့ သစ္စာဖောက်တွေလည်း အများကြီး ရှိပါတယ်။ ကျုပ်တို့ ကျန်းရီကို မသတ်ရင် လူသားမျိုးနွယ်က ဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး...”
“ကျုပ်တို့ နောက်ဆုံးတိုက်ပွဲတစ်ပွဲကို တိုက်ရပါဦးမယ်။ အားလုံးပဲ တက်တက်ကြွကြွနဲ့ တိုက်ပွဲပြင်ကို ရှင်းလင်းလိုက်ပါ။ ဆန်းကြယ်သိုင်းမြို့ထဲက ကောင်းကင်ကျောက်တုံးတွေနဲ့ အဖိုးတန်ရတနာတွေကို ဆုလာဘ်အနေနဲ့ စိတ်ကြိုက် ယူခွင့်ရှိပါတယ်”
“ဝိုး...”
လူသားတပ်သားများအားလုံးသည် မြောက်ဘက်ဧကရာဇ်၏ စကားများကြောင့် အသိပြန်ကပ်လာကြသည်။ အထူးသဖြင့် သူ၏ နောက်ဆုံးစကားက အများစုကို ပြန်တက်ကြွသွားစေသည်။ သူတို့သည် များစွာတွေးတောမနေကြတော့ဘဲ ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့၏ ဦးဆောင်မှုအောက်တွင် တိုက်ပွဲပြင်ကို ရှင်းလင်းကာ ဒဏ်ရာရထားသူများကို ကယ်တင်လိုက်ကြသည်။ ထို့နောက် ဆန်းကြယ်သိုင်းမြို့ကို အမဲဖျက်လေတော့သည်။ သူတို့သည် မရေမတွက်နိုင်သော ကောင်းကင်ကျောက်တုံးများကို ယူကာ အောင်ပွဲ၏ အသီးအပွင့်များကို ခံစားဖို့ အိမ်ပြန်နိုင်ရန် မျှော်လင့်နေကြလေသည်။
“ဟင်းဟင်း”
ထန်ရှန်းကျိနှင့် မျိုးနွယ်ခေါင်းဆောင်အချို့တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ ခါးသက်သက် ပြုံးလိုက်ကြသည်။ အစောမှ တိုက်ပွဲတွင် လူပေါင်းများစွာ သေဆုံးခဲ့သည်။ သို့ပင်လျှင် မြောက်ဘက်ဧကရာဇ်က လူသားများကို သေလမ်းသို့ ထပ်ပို့လိုနေသေးသည်လော။
နှင်းဒေသတွင် ရှေးဟောင်းမျိုးနွယ်များ ထောင်နှင့်ချီ၍ ရှိသည်။ နတ်ဘုရားတစ်ပိုင်းများလည်း အမြောက်အမြား ရှိသည်။ အကယ်၍ နှင်းဒေသနှင့် တိုက်ခိုက်မည်ဆိုလျှင် အရှေ့ဘက် တော်ဝင်နယ်မြေ၏ တပ်သားများက မည်မျှသာ ကျန်တော့မည်နည်း။ စစ်တပ်က နှင်းဒေသကို ချီတက်သွားလျှင် သေချာပေါက် သွေးချောင်းစီးပေလိမ့်မည်။ လူများစွာကို သတ်ဖြတ်ခြင်းက မည်သို့သောအကျိုး ရှိပါသနည်း။
ထိုအခိုက်တွင်...
ထန်ရှန်းကျိနှင့် အခြားမျိုးနွယ်ခေါင်းဆောင်များက တွေဝေနေကြသည်။ လက်ရှိအခြေအနေအရ မြောက်ဘက်ဧကရာဇ်က လောကတစ်ခွင်လုံးကို အလွယ်တကူ ထိန်းချုပ်နိုင်နေပြီဖြစ်သည်။ သို့ဖြစ်ပါလျက် အဘယ်ကြောင့် သူက ထပ်၍ တိုက်ခိုက်လိုနေရသေးသနည်း။ အရှေ့ဘက် တော်ဝင်နယ်မြေမှ တပ်သားအားလုံးကို အမှန်ပင် အသတ်ခံရစေလိုနေသည်လော။ သူတို့အားလုံး သေသွားလျှင် လောကကြီးကို အုပ်စိုးခြင်းက မည်သည့်အဓိပ္ပာယ် ရှိပါဦးမည်နည်း။
***