← Chapters

သူ ပြန်လာလိမ့်မယ်လို့ ကျွန်မ ယုံတယ်

Vol. 90 Ch. 1254

သူ ပြန်လာလိမ့်မယ်လို့ ကျွန်မ ယုံတယ်

Vol. 90 Ch. 1254

ဆန်းကြယ်သိုင်းမြို့မှ တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်သော်လည်း စစ်တပ်က ပြန်မဆုတ်သေးပေ။ အဘယ်ကြောင့်ဆိုသော် လွတ်မြောက်သွားသော မိစ္ဆာဆယ်သန်းထဲတွင် မိဏ္ဆာအရှင်များလည်း ပါသွား၍ပင်။ ထို့ပြင် လူသားစစ်တပ်က အဆုံးမဲ့ပင်လယ်နက် တစ်ဝိုက်ရှိ မိစ္ဆာများ၏ ထိန်းချုပ်မှုကို ခံထားရသော နယ်မြေများကို ရှင်းလင်းရဦးမည်ဖြစ်သည်။ လူသားများက အနိုင်ရသွားပြီဖြစ်၍ သူတို့သည် ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ ထိုနယ်မြေအားလုံးကိုလည်း ရှင်းပစ်ရပေမည်။ သူတို့သည် မိစ္ဆာများ၏ ပိုင်နက်အားလုံးကို အပြည့်အဝ သိမ်းပိုက်လိုနေကြသည်။

မြောက်ဘက်ဧကရာဇ်တို့က အဆုံးမဲ့ပင်လယ်နက်တွင်သာ ဆက်နေလိုက်ကြပြီး ပတ်ဝန်းကျင်မှ နယ်မြေများထံ စစ်တပ်ကို စေလွှတ်လိုက်သည်။ ထန်ရှန်းကျိသည် တိုက်ပွဲပြီးနောက် ကိစ္စများကို တာဝန်ယူထားရသဖြင့် လူတစ်စုကို ဦးဆောင်ကာ အဆုံးမဲ့ပင်လယ်နက်ထဲရှိ အဖိုးတန်ရတနာများကို စုဆောင်းရသည်။ မိစ္ဆာအရှင်များ၏ နေရာများတွင်လည်း မရေမတွက်နိုင်သော ကောင်းကင်ကျောက်တုံးများနှင့် ရတနာများ ရှိနေပေသေးသည်။

မြောက်ဘက်ဧကရာဇ်၏ ညွှန်ကြားချက်များအရ ထန်ရှန်းကျိတို့သည် ရတနာများကို တစ်ခုမချန် သိမ်းယူလာရသည်။ သူတို့သည် ပြန်ရောက်လာသောအခါ ရတနာများကို တပ်သားများအား သူတို့၏ စွမ်းဆောင်ချက်အလိုက် ဝေမျှပေးရသည်။

အထူးအသံပို့လွှတ်နည်းလမ်းတစ်ခုကို အသုံးပြု၍လည်း အရှေ့ဘက် တော်ဝင်နယ်မြေသို့ တိုက်ပွဲသတင်းကို ပို့လိုက်သည်။ တော်ဝင်နယ်မြေတစ်ခွင်လုံး အောင်ပွဲခံကြသည်။ အားလုံးသည် ဝမ်းမြောက်ဝမ်းသာ ကခုန်၍ ကပ်ဘေးကြီး၏ အဆုံးသတ်ကို ဆင်နွှဲကြသည်။ လူသားမျိုးနွယ်က အောင်ပွဲကြီးတစ်ခု ရခဲ့ပေပြီ။

မိစ္ဆာမျိုးနွယ်က ရှင်းပစ်ခံလိုက်ရပြီဖြစ်သည်။ မိစ္ဆာများသည် လူသားများကို ထပ်မံ ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။ နောက်မျိုးဆက်များတွင် လူသားမျိုးနွယ်က တည်ငြိမ် အေးချမ်းနေပေတော့မည်။ မည်သည့်အချိန်တွင် မိစ္ဆာများက လာတိုက်မည်နည်းဟု တွေးပူကာ အိပ်ရေးပျက်ရသည့် ညများကို ထပ်ကြုံတွေ့ရတော့မည် မဟုတ်ချေ။

သို့သော် လူများစွာသည်လည်း မြို့ရင်ပြင်များတွင် စုဝေးကာ ကျဆုံးခဲ့သော တပ်သားများအတွက် ဆုတောင်း ပူဇော်ခြင်းများ လုပ်ဆောင်ပေးကြသည်။ မဟာစစ်ပွဲနှစ်ပွဲစလုံးတွင် တပ်သားတစ်ဝက်ကျော်စီ သေဆုံးခဲ့သည်။ ဤတစ်နှစ်၊ နှစ်နှစ်အတွင်းမှာပင် လူသားမျိုးနွယ်က သန်းထောင်ချီသော လူသားများကို ဆုံးရှုံးခဲ့ရသည်။ ယင်းမှာ လူသားမျိုးနွယ်က နှစ်ခုနစ်သိန်းကျော်အတွင်း ကြုံတွေ့ခဲ့ရသော ကပ်ဘေးများထဲမှ အကြီးဆုံးကပ်ဘေးဖြစ်သည်။

မကြာခင်တွင် အရှေ့ဘက် တော်ဝင်နယ်မြေသည် မဟာမိတ်စစ်တပ်က အဆုံးမဲ့ပင်လယ်နက် တစ်ဝိုက်ရှိ မိစ္ဆာများ ထိန်းချုပ်ထားသော နယ်မြေများကို သိမ်းပိုက်နိုင်လိုက်ပြီဆိုသော သတင်းကို ရရှိလိုက်သည်။ လူသားများ၏ ပိုင်နက်က ကျယ်ပြန့်လာပေပြီ။ လက်ရှိအခြေအနေများအရ ကောင်းကင်ကြယ်တာရာနယ်နမိတ်ရှိ မြို့တိုင်းကို လူသားများကသာ ပိုင်ဆိုင်တော့မည် ပုံပင်။ နှင်းဒေသမှလွဲ၍ အခြားနေရာအားလုံးသည် လူသားများ၏ ထိန်းချုပ်မှု‌အောက်သို့ ရောက်နေပေပြီ။

အရှေ့ဘက် တော်ဝင်နယ်မြေတွင် လူသားသစ္စာဖောက် ကျန်းရီက နှင်းဒေသတွင် ပုန်းအောင်းနေသည်ဆိုသော ကောလာဟလများလည်း ပျံ့နှံ့နေသည်။ ကျန်းရီက လူသားသစ္စာဖောက်များစွာကို ဦးဆောင်၍ နှင်းဒေသကို သွားခဲ့သည်ဟု ဆိုကြ၏။ ထိုသစ္စာဖောက်များက နှင်းဒေသနှင့် ပူးပေါင်း၍ လူသားများကို တိုက်ခိုက်ကာ အရှေ့ဘက် တော်ဝင်နယ်မြေကို သိမ်းပိုက်ရန် ကြံနေကြပေသည်။ နောက်ဆုံးတွင် သူတို့က ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးကို သိမ်းပိုက်မည်ဖြစ်သည်။

“ကျန်းရီ... ငါ့အတွက် လက်စားချေပေးပါ”

အောင်းလု၏ နောက်ဆုံးစကားက အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထိုစကားမှာ အောင်းလုနှင့် ကျန်းရီတို့က ပူးပေါင်းထားကြောင်း သက်သေဖြစ်သည်။ ကျန်းရီ၏ ဂုဏ်သတင်းက လုံးဝပျက်စီးနေပေပြီ။ ယခုတွင် သူသည် နံပါတ်(၁)လူ့မိစ္ဆာကောင်အဖြစ် တံဆိပ်ကပ်ခံထားရသည်။ မိသားစုများသည် သူတို့၏ ကလေးများ ဆိုးနေလျှင် ‌ခြောက်လှန့်ရန် ကျန်းရီ၏အမည်ကို စတင်သုံးလာကြသည်။

ငါးရက်ကြာပြီးနောက် အဆုံးမဲ့ပင်လယ်နက်မှနေ၍ သတင်းဆိုး ရောက်ရှိလာသည်။ အသက်ရှင်ကျန်ခဲ့သော မိစ္ဆာများက စုပေါင်း၍ လူသားများကို အလစ်ဝင်တိုက်ကြသည်။ မိစ္ဆာများသည် ကျဆုံးသွားသူများအတွက် လက်စားချေရန် အစွမ်းကုန်တိုက်ကြသည်။ ထိုတိုက်ပွဲအတွင်း၌ အနည်းဆုံး လူသားတစ်သန်း သေဆုံးခဲ့သည်။ လူသားမျိုးနွယ် မဟာမိတ်စစ်တပ်၏ လက်ထောက်ခေါင်းဆောင်တစ်ယောက်ဖြစ်သော ထန်ရှန်းကျိသည်ပင် အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ ပေါက်ကွဲမှုတစ်ခုကြောင့် သူ ကိုယ်တစ်ပိုင်း ပြတ်သွားခဲ့သည်။ ယခုတွင် သူက သတိမေ့မြောနေပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပေသည်။

မြောက်ဘက်ဧကရာဇ် ဒေါသူပုန်ထနေသည်။ သူသည် ဓားဧကရာဇ်နှင့် သားရဲဧကရာဇ်တို့ကို စေလွှတ်၍ ကျန်နေသေး‌သော ရန်သူအင်အားစုအားလုံးကို ရှင်းပစ်စေလိုက်သည်။ ထို့ပြင် သူသည် ထန်မျိုးနွယ်ဝင်များအား ထန်ရှန်းကျိကို အရှေ့ဘက် တော်ဝင်နယ်မြေဆီ ပြန်ခေါ်သွားပြီး အနားယူကာ ကုသစေဖို့ အမိန့်ပေးလိုက်သည်။ ထန်မျိုးနွယ်ရှိ ထိပ်တန်းအဆင့် ဆေးပင်များက ထန်ရှန်းကျိ၏ ခြေထောက်များကို ပြန်ပေါက်လာစေနိုင်သော်လည်း သူ၏တိုက်ခိုက်စွမ်းအားကတော့ လျော့ကျသွားမည်ဖြစ်သည်။ သူ အပြည့်အဝ ပြန်ကောင်းလာနိုင်ရန် အနည်းဆုံး နှစ်ဝက်လောက် အချိန်ယူရပေလိမ့်မည်။

ထို့ကြောင့် ထန်ရှန်းကျိသည် မဟာမိတ်စစ်တပ်၏ လက်ထောက်ခေါင်း‌ဆောင်အဖြစ် တာဝန်မယူနိုင်တော့ပေ။ မြောက်ဘက်ဧကရာဇ်သည် သူ့ကို ရာထူးမှ ဖယ်လိုက်ပြီး ရှန်မျိုးနွယ်ခေါင်းဆောင်အား ရာထူးပေးလိုက်သည်။ သို့သော် ရှန်မျိုးနွယ်ခေါင်းဆောင်ကလည်း ရန်သူအင်အားစုများနှင့် တိုက်ခိုက်ရာတွင် ‘မတော်တဆ’ အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ သို့သော် သူ၏ ဒဏ်ရာက ထန်ရှန်းကျိုလောက်တော့ မပြင်းထန်ပေ။ သူ အပြည့်အဝ ပြန်ကောင်းလာရန် အနည်းဆုံး နှစ်လ၊ သုံးလ အချိန်ယူရပေလိမ့်မည်။ ထို့ပြင် သူ ပြန်ကောင်းလာပြီးနောက်တွင်လည်း သူ၏ ကြယ်ရှစ်ပွင့်အဆင့် တိုက်ခိုက်စွမ်းအားကို ပြန်ရနိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် မြောက်ဘက်ဧကရာဇ်သည် ရွေးချယ်စရာ မရှိတော့ဘဲ မိုမျိုးနွယ်ခေါင်းဆောင်နှင့် လျှို့ဝှက်ဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များကို မည်သူက လက်ထောက်ခေါင်းဆောင်ရာထူး လိုချင်သနည်းဟု မေးရတော့သည်။ သို့သော် လူတိုင်းသည် သူတို့က ထိုရာထူးအတွက် အရည်အချင်းမမီပါဟုဆိုကာ ရာထူးကို ငြင်းပယ်လိုက်ကြသည်။ နောက်ဆုံးတွင် မြောက်ဘက်ဧကရာဇ်သည် ထိုရာထူးနေရာကို အလွတ်ထားရန်သာ ဆုံးဖြတ်လိုက်ရလေသည်။ ထို့နောက် သူ၏ သား မြောက်ဘက်အင်ပါယာကိုသာ တိုက်ပွဲပြီးနောက် ကိစ္စများကို ကိုင်တွယ်စေလိုက်သည်။

ဆယ်ရက်ကြာပြီးနောက်...

မြောက်ဘက်ဧကရာဇ်သည် စစ်တပ်ကို ဦးဆောင်၍ အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပြန်လာသည်။ အဆုံးမဲ့ပင်လယ်နက်မှ ကိစ္စများက ပြီးလုနီးပါး ဖြစ်နေပေပြီ။ အသက်ရှင်ကျန်ခဲ့သော မိစ္ဆာအများစုကိုလည်း သတ်ပြီးပြီဖြစ်သည်။ ယခုတွင် မိစ္ဆာအနည်းငယ်သာ ကျန်တော့သဖြင့် မြောက်ဘက်ဧကရာဇ်သည် ထိုမိစ္ဆာများကို မျိုးဖြုတ်ပစ်ရန် နတ်ဘုရားတစ်ပိုင်းအနည်းငယ်နှင့် တပ်သားသန်းအနည်းငယ်ကို ချန်ထားကာ ပြန်သွားခဲ့ခြင်းဖြစ်သည်။ မိစ္ဆာများကို မျိုးဖြုတ်နိုင်ရန် အနည်းဆုံး လအနည်းငယ်တော့ လိုပေလိမ့်မည်။ သူ ထိုမျှကြာကြာ မစောင့်နိုင်ပေ။

ဂုဏ်ရှိန်ကြီးခဲ့သော ဆန်းကြယ်သိုင်းမြို့က ပျက်သုဉ်းသွားခဲ့ပေပြီ။ မြို့ထဲရှိ ကောင်းကင်ကျောက်တုံးများနှင့် ရတနာများကလည်း ယူငင်ခံလိုက်ရပြီဖြစ်သည်။ မိစ္ဆာအရှင် (၁၀၇)ပါး၏ နေရာများနှင့် မရေမတွက်နိုင်သော မိစ္ဆာမျိုးနွယ်များ၏ နေရာများကလည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ဤတစ်ခေါက်တွင် လူသားစစ်တပ်က မရေမတွက်နိုင်သော ကောင်းကင်ကျောက်တုံးများ၊ ရတနာများနှင့်အတူ အိမ်ပြန်လာနိုင်ခဲ့ပေပြီ။

အသက်ရှင်ကျန်ခဲ့သော လူသားတပ်သားများသည် အလွန်စိတ်လှုပ်ရှားနေကြသည်။ ရရှိလာခဲ့သော ကောင်းကင်ကျောက်တုံးများနှင့် ရတနာများကို ခွဲဝေယူရမည် ဆိုလျှင်ပင် သူတို့၏ မျိုးဆက်များ တစ်သက်လုံး ချမ်းချမ်းသာသာ နေနိုင်ရန် လုံလောက်ပေလိမ့်မည်။ ထို့ပြင် တိုက်ပွဲတွင် လူများစွာ သေဆုံးခဲ့ပြီး မျိုးနွယ်များစွာ ပျက်သုဉ်းသွားခဲ့သည်။ အရှေ့ဘက် တော်ဝင်နယ်မြေ၏ အခြေအနေက သေချာပေါက် ပြောင်းလဲသွားတော့မည်ဖြစ်သည်။ မျိုးနွယ်ငယ်လေးများသည် ထိုအခွင့်အရေးကို အသုံးချကာ ဒေသများကို သိမ်းပိုက်၍ အာဏာရယူနိုင်ပေသည်။

သို့သော် အားလုံးသည် ကိစ္စတစ်ခုကိုတော့ စိတ်ထဲတွင် ထည့်ထားကြသည်။

စစ်ပွဲက မပြီးသေးပေ။ နောက်ဆုံးတိုက်ပွဲတစ်ပွဲကို တိုက်ရပေဦးမည်။ စစ်တပ်က အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်ရောက်လျှင် မြောက်ဘက်ဧကရာဇ်သည် တပ်ကို ပြန်ဖွဲ့စည်း၍ နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်မည်ဖြစ်သည်။ သူတို့ ကျန်းရီကို မသတ်နိုင်သေးသ၍ လူသားမျိုးနွယ်က ငြိမ်းချမ်းနိုင်မည် မဟုတ်ပေ။

လူသားမျိုးနွယ်စစ်တပ်သည် ဆက်၍ တိုက်ခိုက်ရန် အလွန်တက်ကြွနေကြသည်။ မြောက်ဘက်ဧကရာဇ်ထံတွင် နတ်ဘုရားအသုံးအ‌ဆောင်တစ်ခုရှိသည်။ ထို့ကြောင့် သူက ပြိုင်ဘက်ကင်းပင်။ ကျန်းရီနှင့် သူတော်စင်ဧကရီတို့က လူသားမဟာမိတ်စစ်တပ်ကို အခက်တွေ့စေနိုင်သော်လည်း နောက်ဆုံးတွင် မဟာမိတ်စစ်တပ်ကသာ အောင်ပွဲခံရပေလိမ့်မည်။ ထို့နောက်တွင်တော့ လူသားများအတွက် ငြိမ်ချမ်းသည့် နေ့ရက်များသာ ရှိပေတော့မည်။

နှင်းဒေသသည်လည်း ထိုသတင်းများကို ရရှိထားသည်။

နှင်းဒေသရှိ ထောင်ချီသော ရှေးဟောင်းမျိုးနွယ်များက စတင်တုန်လှုပ်လာကြသည်။ ဂိုဏ်းချုပ်များစွာနှင့် နတ်ဘုရားတစ်ပိုင်းများသည် ကျန်းရီက နှင်းဒေသတွင် မရှိကြောင်း သိကြသည်။ အောင်းလုနှင့် သူ၏မိစ္ဆာစစ်တပ်ကပင် လူသားမျိုးနွယ်မဟာမိတ်စစ်တပ်ကို အနိုင်မယူနိုင်လျှင် သူတို့တွင် နိုင်နိုင်မည့် အခွင့်အရေး အနည်းငယ်သာရှိပေသည်။ သူတော်စင်ဧကရီနှင့် သူတို့က မြောက်ဘက်ဧကရာဇ်နှင့် သူ၏စစ်တပ်ကို ယှဉ်နိုင်ပါမည်လော။

ပြင်းထန်သော ဖိအားအောက်တွင် မိုရှန်း၊ ဓားခုတ်ကောင်နှင့် အခြား စွမ်းအားကြီး သိုင်းပညာရှင်များစွာသည် သူတော်စင်ဧကရီနှင့် ဗျူဟာ ဆွေးနွေးရန် ကောင်းကင်လျှို့ဝှက်ဂိုဏ်းတွင် စုဝေးလိုက်ကြသည်။ သို့သော် သူတော်စင်ဧကရီက သူတို့ကို ထွက်မတွေ့ဘဲ သတင်းစကားတစ်ခုသာ ပါးလိုက်သည်။

“ကျန်းရီက တိုက်ပွဲကို ရောက်မလာရင် နှင်းဒေသက သေချာပေါက် ပျက်စီးသွားလိမ့်မယ်။ ရှင်တို့ မြောက်ဘက်ဧကရာဇ်ဆီမှာ လက်အောက်မခံချင်ရင် ရှုံးမယ့် တိုက်ပွဲတစ်ပွဲကို တိုက်ဖို့ ပြင်ဆင်ထားပေတော့”

မြောက်ဘက်ဧကရာဇ်ထံတွင် လက်အောက်ခံရမည်လော။

နှင်းဒေသမှ ထောင်ချီသော မျိုးနွယ်များသည် နှစ်ပေါင်းသိန်းနှင့်ချီအောင် တည်ရှိခဲ့သော မျိုးနွယ်များဖြစ်သည်။ ထိုနှစ်များအတွင် အရှေ့ဘက် တော်ဝင်နယ်မြေက နှင်းဒေသကို သိမ်းပိုက်နိုင်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည်။ သို့သော် နောက်ဆုံးတွင် နှင်းဒေသက သူတို့ကို ပြန်ဆုတ်သွားစေခဲ့သည်သာ။ အရှေ့ဘက် တော်ဝင်နယ်မြေနှင့် နှင်းဒေသတိုးကြားမှ ရန်ငြိုးက နက်ရှိုင်းသည်။ ယခုတွင် သူတော်စင်ဧကရီက သူတို့ကို မြောက်ဘက်ဧကရာဇ်ထံတွင် လက်အောက်ခံရန် ပြောနေသည်လော။

မိုရှန်းနှင့် ဓားခုတ်ကောင်တို့သည် သူတို့၏ ဂိုဏ်းများသို့ ပြန်ရောက်သောအခါ သူတို့၏ ဂိုဏ်းသားများကို ရှုံးမည့် တိုက်ပွဲတစ်ပွဲကို တိုက်ရန် စတင်ပြင်ဆင်ခိုင်းလိုက်ကြသည်။ နှင်းဒေသမှ လူများက မည်သည့်အခါတွင်မှ အညံ့ခံမည် မဟုတ်ပေ။ သူတို့သည် သူသေကိုယ်သေ တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးပေပြီ။ နှင်းဒေသမှ လူများသည် ဆိုးရွားသော ပတ်ဝန်းကျင်အခြေအနေများနှင့်ပင် အသားကျနေပြီဖြစ်၍ မည်သည့်စိန်ခေါ်မှုကိုမဆို ရင်ဆိုင်ရန် သတ္တိရှိကြပေသည်။ မည်သူကမှ သေရမည်ကို မကြောက်ကြပေ။ သူတို့သည် ဘုံရန်သူကြောင့် စည်းလုံးသွားကြပြီး လူသားမျိုးနွယ်မဟာမိတ်စစ်တပ်ကို ခုခံရန် အဆင်သင့်ဖြစ်နေကြလေသည်။

***

“ဘာလို့ ခေါင်းဆောင်က ပြန်မလာရသေးတာလဲ”

ကောင်းကင်လျှို့ဝှက်ဂိုဏ်းထဲရှိ အဆောက်အဦတစ်ခုထဲတွင် ချမ်ဝမ်ကွမ်း၊ စစ်ထူရီနျန်၊ စုလောရွှယ်၊ မိုယောင်အာ၊ ကျန်ဝူရွှမ်း၊ ကျန်းယွင်ဟိုင်နှင့် အခြားသူများက အတူတကွ ထိုင်နေကြသည်။ ချမ်ဝမ်ကွမ်းသည် စိုးရိမ်သော မျက်နှာထားဖြင့် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေသည်။ ကျန်းရီ ထွက်သွားခဲ့သည်မှာ လနှင့်ချီနေပြီဖြစ်သည်။ သို့သော် ယခုအထိ သူ့သတင်းကို မကြားရသေးချေ။ အောင်းလု အသတ်ခံခဲ့ရစဉ်ကပင် သူ ပေါ်မလာခဲ့ပေ။ ယင်းမှာ သူက ယခုအထိ ပင်လယ်နက်ထဲတွင် ပိတ်မိနေသေးသည်ဆိုသော အဓိပ္ပာယ်ပင်။

ကျန်ဝူရွှမ်းနှင့် ဟွမ်ဖူထောင်ထျန်းတို့က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ဟွမ်ဖူထောင်ထျန်းသည် လွန်ခဲ့သော လအနည်းငယ်က နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ထိုတိုးတက်မှုလေးသည် လူသားမျိုးနွယ်မဟာမိတ်စစ်တပ်နှင့် ယှဉ်လျှင် မပြောပလောက်သော်လည်း သူက ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်များကို သတ်နိုင်ပြီဖြစ်ကြောင်း သိရခြင်းက သူ့ကို စိတ်သက်သာရာရစေသည်။

စစ်ထူရီရှောင်က ခါးသက်သက်ပြုံး၍ ပြောသည်။

“သူ ပြန်လာနိုင်နိုင်၊ မလာနိုင်နိုင် ငါတို့က ရှုံးမဲ့ တိုက်ပွဲကို တိုက်ဖို့ ပြင်ဆင်ထားရမှာပဲ။ အပြစ်သားကျွန်းက ပျက်သွားပြီ။ နှင်းဒေသပါ ပျက်သွားရင် ငါတို့မှာ သွားစရာနေရာရှိမှာ မဟုတ်တော့ဘူး။ ငါတို့ သေရမယ်ဆိုရင်တောင် တိုက်ရင်း သေရမှာပဲ”

“သူ ပြန်လာနိုင်မှာပါ”

အခန်းထောင့်တစ်နေရာတွင် ထိုင်နေသော စုလောရွှယ်က ရုတ်တရက် ထပြောလိုက်သည်။

“သူ ပြန်လာလိမ့်မယ်လို့ ကျွန်မယုံတယ်။ ကျွန်မက အတိတ်အကြောင်းတွေကို မမှတ်မိပေမဲ့ သူက အားလုံးကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့... ကျွန်မစိတ်က အလိုလိုသိနေတယ်”

“အွန်း...”

မိုယောင်အာကလည်း ယုံကြည်မှုရှိရှိ ခေါင်းညိတ်လိုက်သည်။

“သူက ကျွန်မကို ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ဘူး။ ဒီတစ်ခေါက်လည်း အတူတူပဲ ဖြစ်မှာပါ”

***

All Chapters