ရီချန်၏ အဆင့်တက်မှု
Vol. 90 Ch. 1255
ကျန်းရီသည်လည်း အားလုံးကို စိတ်မပျက်စေလိုပေ။
သို့သော် အချိန်က အလုံအလောက် မရှိချေ။ နှစ်လနီးပါး ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ သူသည် နှစ်လနီးပါး ကျင့်ကြံခဲ့သော်လည်း သူ၏ သတ္တမမြောက် ကြယ်စက်လုံးက ပြောင်းလဲမည့် အရိပ်အယောင် မပြသေးပေ။ ထိုကြယ်စက်လုံးကို ဖြည့်ရန် အတွင်းအားများစွာ လိုအပ်သည်။
ရွှမ်ဧကရာဇ်က နတ်ဘုရားဒိုင်းပေါ်ရှိ ရှင်းမို၏ စိတ်ဝိညာဉ်အမှတ်အသားကို လွန်ခဲ့သော တစ်လကတည်းက ဖျက်ပြီးသွားပြီဖြစ်သည်။ ကျန်းရီသည် နောက်တစ်လလုံးလုံး ထိုဒိုင်းကို သန့်စင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ သူတော်စင်အင်ပါယာက ထိုနှစ်လအတွင်း တစ်ရက်မှ မနားခဲ့ပေ။ သူသည် တော်ဝင်သားရဲများကို ဖမ်းရန် ကြိုးစားနေခဲ့သည်။ သို့သော် အချို့တော်ဝင်သားရဲများက အလွန်ဝေးသော နေရာတွင် ရှိနေကြသည်။ ယခုအထိ ကျန်းရီသည် တော်ဝင်သားရဲ ရှစ်ကောင်၏ သွေးကိုသာ ရောက်ရသေးသည်။ နောက်ဆုံးနှစ်ကောင်ကို မည်သည့်အခါမှ ဖမ်းမိမည်ကို သူ မသိပေ။
ရွှီး...
ထိုအခိုက်တွင် ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ၌ တင်ပျဉ်ခွေထိုင်နေ။ သူက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ အတွင်းအား ကျင့်ကြံနေပြီး တစ်ချိန်တည်းမှာပင် ထောင်ဧကရာဇ်ဒိုင်းကို သန့်စင်နိုင်ရန် ကြိုးစားနေသည်။ ထိုထောင်ဧကရာဇ်ဒိုင်းကို သန့်စင်ရန်နည်းက လွယ်သည်ဟု ဆိုနိုင်သည်။ ၎င်းပတ်ပတ်လည်တွင် အတွင်းအားကို အဆက်မပြတ် လှည့်ပတ်ပေးရန်သာ။ သို့သော် ၎င်း၏ သန့်စင်နှုန်းက အလွန်နှေးသည်။ ယခုတွင် တစ်ဝက်သာ သန့်စင်၍ ပြီးသေးသည်။ ပြီးပြည့်စုံအောင် သန့်စင်နိုင်ရန် အနည်းဆုံး နောက်ထပ်ဆယ်ရက်လောက် ထပ်လိုမည်ဟု ကျန်းရီ ခန့်မှန်းထားသည်။
ဆန်းကြယ်နတ်ဘုရားနန်းတော်အပြင်မှ အခြေအနေကလည်း ကောင်းလှသည် မဟုတ်ပေ။
ယဉ်ဧကရာဇ်၊ ညဧကရီ၊ ရွှမ်ဧကရာဇ်၊ ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများသည် အဆောင်အဆိပ်ကို ခက်ခက်ခဲခဲ ဖိနှိပ်နေရသည်။ နှစ်လရှိခဲ့ပြီဖြစ်သော်လည်း သူတို့သည် သူတို့တိုက်ခိုက်စွမ်းအား၏ တစ်ဝက်လောက်ကိုသာ ပြန်ဖြည့်နိုင်သေးသည်။ အဆောင်အဆိပ်အနည်းငယ်ကို ခန္ဓာကိုယ်ထဲမှ ထုတ်ပစ်ဖို့ပင် အချိန်များစွာ ယူရသည်။ အတွင်းအားတစ်ခုတည်းကို မှီခို၍ အဆိပ်ကို ထုတ်ရန် ကြိုးစားမည်ဆိုလျှင် အဆိပ်အားလုံး ကုန်သွားဖို့ နှစ်အနည်းငယ်လောက် အချိန်ယူရပေလိမ့်မည်။
ဗုဒ္ဓဧကရာဇ်သည် ရီဖျောင်ဖျောင်က ရွှမ်ဧကရာဇ်ကို သင်ပေးခဲ့သော အထက်ဘုံမှ ဆန်းကြယ်စွမ်းရည်ကို လေ့လာနေခဲ့သည်။ သို့သော် သူ မသိမြင်မနားလည်နိုင်သေးပေ။ ယင်းမှာ သူ၏ ဉာဏ်ရည်က နိမ့်၍ မဟုတ်ပေ။ အထက်ဘုံမှ ဆန်းကြယ်စွမ်းရည်က အလွန်နက်နဲ၍သာ။ အတိတ်တွင် ရွှမ်ဧကရာဇ်သည် ထိုစွမ်းရည်ကို သိမြင်နားလည်ရန် နှစ်ဝက်ကျော် လေ့လာခဲ့ရသည်။ ဗုဒ္ဓဧကရာဇ်က နှစ်လလောက်သာ လေ့လာရသေးသည်။ ထို့ကြောင့် သူ မသိမြင်မနားလည်သေးခြင်းမှာ ပုံမှန်သာဖြစ်သည်။
ဒုန်း...ဒုန်း...ဒုန်း...
သူတော်စင်အင်ပါယာမြို့ထဲတွင် ကျယ်လောင်သော ခြေသံများကို ထပ်မံ ကြားလိုက်ရသည်။ ခြေသံများက မြို့မှ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း ခြေလှမ်းတစ်လှမ်းတိုင်းက မြို့ကို တုန်ခါသွားစေသည်။ သူတော်စင်အင်ပါယာထံတွင်သာ ထိုသို့သော အင်အားမျိုး ရှိပေသည်။ မျိုးနွယ်စုခေါင်းဆောင်များက အပြေးအလွှားထွက်ကြည့်ကြရာ အမှန်ပင် သူတော်စင်အင်ပါယာကို တွေ့လိုက်ကြရသည်။ သူတော်စင်အင်ပါယာက သေးငယ်သော တော်ဝင်သားရဲတစ်ကောင်ကို ထမ်း၍ သူတော်စင်မြို့ဆီသို့ ပြေးလာနေသည်။
ထိုတော်ဝင်သားရဲက လှပ၏။ ၎င်း၏ ခန္ဓာကိုယ်က ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသည်။ ၎င်းသည် ဆိတ်တစ်ကောင်နှင့်တူသည်။ သို့သော် မျက်လုံးများကမူ ကျောက်မျက်များကဲ့သို့ စိမ်းဖန့်နေသည်။ ကျောတွင်လည်း အတောင်လေးနှစ်ဘက် ရှိနေသည်။ ခြေထောက်လေးချောင်းစလုံးက မြသားကဲ့သို့ပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းက သာမန်သားရဲတစ်ကောင် မဟုတ်ကြောင်း သိနိုင်ပေသည်။
ဒုန်း...
မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ဆန်းကြယ်နတ်ဘုရားနန်းတော်၏ တံခါးကို ထုလိုက်ရာ ကျန်းရီ ဆတ်ခနဲ တုန်သွားသည်။ သူ ချက်ချင်း အပြင်သို့ တည်နေရာပြောင်းရွှေ့လိုက်ပြီး တော်ဝင်သားရဲကို ထမ်းလာသော သူတော်စင်အင်ပါယာကို ကြည့်လိုက်သည်။ ထို့နောက် စိတ်ဝင်တစားဖြင့် မေးလိုက်လေသည်။
“ဒီတော်ဝင်သားရဲက ဘာလဲ။ လှလိုက်တာ”
“ဒါက ချုန်းချီသားရဲပါ”
သူတော်စင်အင်ပါယာက မောဟိုက်စွာဖြင့် ပြန်ဖြေလိုက်သည်။ သူ့မျက်လုံးများက အတန်ငယ် ဝေဝါးနေသည်။ သူက အလွန်ပင်ပန်းနေပုံပင်။ သို့သော် သူသည် ကျန်းရီ၏ မေးခွန်းကို သေချာပြန်ဖြေလိုက်သည်။
“ဒီသားရဲကို အထင်မသေးပါနဲ့။ သူ ကန်တာကို ခံရရင် အရိုးတွေ ကျိုးသွားလိမ့်မယ်။ အရှင်ငယ် သူ့ရဲ့ သွေးကို သောက်လိုက်ပါ။ ပင်လယ်ထက်မှာ နောက်ထပ်တော်ဝင်သားရဲတစ်ကောင် ရှိပါသေးတယ်။ ကျွန်တော် အဲ့သားရဲကို ဖမ်းနိုင်ဖို့ လဝက်လောက်တော့ အချိန်ယူရပါလိမ့်မယ်”
“လဝက်...”
ကျန်းရီ ခေါင်းကိုက်သွားသည်။ သူတို့ နှောင့်နှေးလေလေ၊ အပြင်လောကမှ အခြေအနေက ပိုဆိုးဝါးလာနိုင်လေလေပင်။ သို့သော် ကျန်းရီသည် သူ့ခန္ဓာကိုယ်၏ လက်ရှိအခြေအနေအရ ဥက္ကာပျံ သတ်ဖြတ်အစီအရင်ကို မခံနိုင်လောက်သေးကြောင်း သိသည်။ ထို့ပြင် သူသည် ထောင်ဧကရာဇ်ဒိုင်းကို သန့်စင်၍ မပြီးသေးပေ။ သူတော်စင်အင်ပါယာကလည်း အကောင်းဆုံး ကြိုးစားနေသည်။ တော်ဝင်သားရဲများကို ဖမ်းရန် မလွယ်ကူချေ။ သူတော်စင်အင်ပါယာအစား ဗုဒ္ဓဧကရာဇ်တို့က တော်ဝင်သားရဲများကို သွားဖမ်းမည်ဆိုလျှင် ယခုထက်ပင် အချိန်ပိုလိုပေလိမ့်မည်။
ထို့ကြောင့် ကျန်းရီသည် အကျိုးမရှိသည့် စကားများကို ပြောမနေတော့ဘဲ တော်ဝင်သားရဲ၏ သွေးကိုသာ ချက်ချင်းသောက်လိုက်သည်။ သူ သွေးသောက်ပြီးသွားသောအခါ သူတော်စင်အင်ပါယာက ပင်ပန်းနွမ်းနယ်စွာဖြင့် မြို့ပြင်သို့ ထပ်ထွက်သွားသည်။ ကျန်းရီသည် အမည်မဲ့ကျင့်စဉ်ကို သုံး၍ သွေးစွမ်းအင်ကို သန့်စင်လိုက်၏။ ထို့နောက် လုပ်လက်စအလုပ်များကို ဆက်လုပ်ရန် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲ ပြန်သွားလိုက်သည်။
“အာ...”
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ရောက်သွားသောအခါ လေထု ရွေ့လျားမှုကို ခံစားလိုက်ရသည်။ ကြယ်တာရာစွမ်းအားတန်း သုံးတန်းသည် ကောင်းကင်ထက်မှနေ၍ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ကျဆင်းလာသည်။ စွမ်းအားတန်းများသည် နန်းတော်၏ အကာအရံများကို ဖြတ်သန်း၍ အခန်းတစ်ခန်းထဲ ဝင်သွားသည်။ ကျန်းရီသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်၍ ဝမ်းသာသွား၏။ ထိုကြယ်တာရာစွမ်းအားတန်း သုံးတန်းက ရီချန်၏ ခန္ဓာကိုယ်ဆီ ဦးတည်နေခြင်းပင်။
“အန်...”
ဗုဒ္ဓဧကရာဇ်တို့လည်း အံ့အားသင့်သွားကြသည်။ သူတို့အားလုံးသည် လျှို့ဝှက်ခန်းထဲမှ ထွက်လိုက်ကြသည်။ ကျန်းရီသည် နန်းတော်ထဲမှ ပြန်ထွက်လာပြီး သတင်းကောင်းကို ပြောပြလိုက်သည်။
“ချန်အာလေးက နတ်ဘုရားတစ်ပိုင်း ဖြစ်သွားပြီ”
“ဟားဟား”
ဗုဒ္ဓဧကရာဇ်သည် ပျော်ရွှင်စွာ ရယ်၍ ယဉ်ဧကရာဇ်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ယဉ်အဘိုးကြီး... ချန်အာလေးက ခင်ဗျားရဲ့ မြေးမထက် အရည်အချင်းမနိမ့်ပါဘူးလို့ ကျုပ်ပြောသားပဲ... ဟီးဟီး”
ဗုဒ္ဓအင်ပါယာကလည်း ဝမ်းသားအားရဖြင့် ကျန်းရီကို တံတောင်ဖြင့်တွတ်ကာ အသံပို့လွှတ်လိုက်သည်။
“ကျန်းရီ... ချန်အာလေးက အခု အခန်းအောင်း ကျင့်ကြံတာကနေ ထွက်လာတော့မယ်။ မင်းလုပ်စရာရှိတာကို မြန်မြန်လုပ်ပေတော့။ သူက လက်ထပ်ပြီးမှ ဆိုရင်လည်း ဒီမှာပဲ လက်ထပ်ပွဲလေးတစ်ပွဲ အကျဉ်းချုံးကျင်းပလို့ရတာပဲ... ဟုတ်တယ်မလား”
“အာ... အဲ့ဒါက ခဏနေပါဦး။ အရင်ဆုံး ချန်အာလေးရဲ့ အခြေအနေကို ကြည့်တာပေါ့”
ကျန်းရီသည် အိုးတိုးအန်းတန်းဖြင့် အသံပြန်ပို့လွှတ်ရသည်။ ထိုဗုဒ္ဓအင်ပါယာသည် သူ့သမီးက လက်ထပ်မည်ကို နှမြောသည့်ပုံ မပေါ်ချေ။ ကျန်းရီသည် ထိုကဲ့သို့သော ယောက္ခမမျိုးကို ယခုမှ ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်။
ကျန်းရီသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ထပ်ဝင်သွားလိုက်၏။ ကျန်းရှောင်နူနှင့် ယဉ်ရို့ပင်းတို့ကလည်း ကြယ်တာရာစွမ်းအားတန်းများကို သတိပြုမိခဲ့သည်။ ထို့ကြောင့် သူမတို့နှစ်ယောက်စလုံးသည် သူမတို့၏ အခန်းများထဲမှ ထွက်လာကြပြီး ကျန်းရီထံ သွားလိုက်ကြသည်။ ကျန်းရီသည် ကျန်းရှောင်နူ၏ ခေါင်းကို ပွတ်သပ်၍ ဒဏ်ရာအခြေအနေကို မေးလိုက်သည်။ ထို့နောက် သူသည် သူမကို ခေါ်ကာ ရီချန်၏ အခန်းထဲသို့ သွားလိုက်သည်။
“ကျန်းရီ...”
ယဉ်ရို့ပင်းက ခပ်ဖြည်းဖြည်း လျှောက်လာပြီး ကျန်းရီကို လက်မောင်းကို ကိုင်ကာ ဝမ်းမြောက်စွာ ပြောလိုက်သည်။
“မမရီချန်က အဆင့်တက်သွားပြီ”
ကျန်းရှောင်နူသည် ယဉ်ရို့ပင်း၏ ပျော်ရွှင်တောက်ပနေသော မျက်ဝန်းများကို ကြည့်၍ မျက်နှာညှိုးသွား၏။ ကျန်းရီက ယဉ်ရို့ပင်းနှင့် စကားပြောနေသဖြင့် ထိုအခြင်းအရာကို သတိမပြုမိလိုက်ပေ။ သို့သော် ယဉ်ရို့ပင်းက မြင်လိုက်သည်။ သူမ၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာ၏။ သို့သော် သူမ မည်သို့မှ မပြောလိုက်ပေ။ သူတို့သုံးယောက် ဆက်၍ စကားပြောနေကြသည်။ တစ်နာရီကြာပြီးနောက် ရီချန်က မျက်လုံးဖွင့်လာလေသည်။
“မဆိုးဘူး ချန်အာလေး”
ကျန်းရီက လက်မထောင်ပြလိုက်၏။ ယဉ်ရို့ပင်းကလည်း ချိုသာစွာ ပြုံးလိုက်သည်။
“ဂုဏ်ပြုပါတယ် မမရီချန်”
ကျန်းရှောင်နူက အနေအေးသူတစ်ယောက်ဖြစ်၍ မည်သို့မှ မပြောဘဲ ခေါင်းသာညိတ်ပြလိုက်သည်။ ရီချန်က ပြုံး၍ ပြန်ပြောသည်။
“ကံကောင်းလို့ အဆင့်တက်နိုင်သွားတာပါ။ ဗုဒ္ဓဧကရာဇ်ရဲ့ ကောင်းကင်ပန်းချီကားထဲမှ အရမ်းစွမ်းအားကြီးတဲ့ တာအိုပုံသဏ္ဌာန်တစ်ခုပါတယ်။ အဲ့ဒါက မဟာတာအိုပုံသဏ္ဌာန်တစ်ခုပဲ”
စကားအနည်းငယ် ပြောဆိုကြပြီးနောက် ကျန်းရီသည် သူမတို့သုံးယောက်စလုံးကို အပြင်သို့ တည်နေရာပြောင်းရွှေ့ပေးလိုက်သည်။ ယဉ်ရို့ပင်းသည် ကျန်းရှောင်နူတစ်ယောက် နန်းတော်ထဲတွင် ပျင်းမနေရအောင် အပြင်သို့ ခေါ်သွားမည်ဟု ကျန်းရီကို ပြောခဲ့သည်။ ကျန်းရီသည် ရှောင်ဖေးကိုလည်း နှိုး၍ ယဉ်ရို့ပင်းတို့နှင့်အတူ သူတော်စင်အင်ပါယာမြို့ထဲတွင် လျှောက်လည်ရန် ပြောလိုက်သည်။ ယဉ်ရို့ပင်းသည် အတော်ကြာ အခန်းအောင်း ကျင့်ကြံခဲ့သော်လည်း အဆင့်ထပ်မတက်နိုင်သေးပေ။ ထို့ကြောင့် သူမက အပြင်သို့ ထွက်၍ ယဉ်အင်ပါယာနှင့် ဆက်ဆံရေး ပြန်ပြေလည်လာအောင် လုပ်ခြင်းက ကောင်းလိမ့်မည်ဟု ကျန်းရီ တွေးသည်။
အချိန်က ရှားပါးနေသည်။ ထို့ကြောင့် ကျန်းရီသည် အပြင်သို့ လိုက်မသွားနိုင်ဘဲ ဆက်၍ အခန်းအောင်း ကျင့်ကြံလိုက်ရသည်။ ထောင်ဧကရာဇ်ဒိုင်းကို သန့်စင်၍ မပြီးသေးပေ။ ထို့ပြင် သတ္တမမြောက် ကြယ်စက်လုံး ပြောင်းလဲသွားအောင်လည်း လုပ်ရဦးမည်ဖြစ်သည်။ သူ့တွင် အခြားသူများနှင့် စကားပြောနေရန် အချိန်မရှိချေ။
ဆယ်ရက်ကြာပြီးနာက် ကျန်းရီ၏ လက်ထဲရှိ ရွှေအိုရောင်ဒိုင်းက တောက်ပစွာ လင်းလက်လာသည်။ ထိုအခိုက်တွင် ကျန်းရီသည် နတ်ဘုရားအသုံးအဆောင်နှင့် စိတ်ဝိညာဉ်ချိတ်ဆက်မှုတစ်ခုကို ခံစားလိုက်ရ၏။ ထို့နောက် သူ့ခေါင်းထဲတွင် အမှာစကားတစ်ခု ထွက်ပေါ်လာသည်။
‘ပစ္စည်းကောင်းပဲ’
ကျန်းရီက မျက်လုံးဖွင့်၍ သူ့ခေါင်းထဲမှ အမှာစကားကို တွေးတောဆင်ခြင်လိုက်သည်။ ထို့နောက် သူ ပို၍ စိတ်လှုပ်ရှားလာသည်။ ထိုဒိုင်းက အလွန်စွမ်းအားကြီးပေသည်။ သာမန်တိုက်ခိုက်မှုများက ၎င်းကို ထိုးဖောက်နိုင်မည် မဟုတ်ချေ။ ထို့ပြင် ၎င်းသည် ကျန်းရီကို မီတာသုံးရာပတ်လည်အတွင်းရှိ စိတ်ဝိညာဉ်တိုက်ခိုက်မှုများထံမှနေ၍ ကာကွယ်ပေးနိုင်သည်။ ထိုဒိုင်းနှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို ပေါင်းစည်းလိုက်လျှင် ကျန်းရီသည် တိုက်ပွဲဧကရာဇ်၏ မိစ္ဆာဖျက်လှံကပင် သူ့ကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်ပေသည်။
“အရမ်းကောင်းတယ်”
ကျန်းရီသည် ထောင်ဧကရာဇ်ဒိုင်းကို ခေတ္တမျှ ဝှေ့ယမ်းကြည့်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းလိုက်သည်။ လိုအပ်ချိန်တွင် ၎င်းကို အတွေးတစ်ချက်ဖြင့် ပြန်ထုတ်နိုင်ပေသည်။ ထို့နောက် သူသည် စိတ်ပြန်တည်ငြိမ်အောင် လုပ်၍ အတွင်းအား ကျင့်ကြံရာတွင်သာ အာရုံအပြည့်အဝစိုက်လိုက်လေသည်။ သူတော်စင်အင်ပါယာ ပြန်မရောက်လာခင်တွင် သူသည် သတ္တမမြောက် ကြယ်စက်လုံးကို ပြောင်းလဲနိုင်အောင် ကြိုးစားလိုနေသည်။
သို့သော်...
ခြောက်ရက်ကြာပြီးနောက်တွင် သူတော်စင်အင်ပါယာက ပြန်လာခဲ့သည်။ သို့သော် သတ္တမမြောက် ကြယ်စက်လုံးက အတွင်းအား မပြည့်သေးပေ။ ကြည့်ရသည်မှာ ကျန်းရီက နောက်ထပ်ဆယ်ရက်လောက် ထပ်ကျင့်ကြံရန် လိုသေးပုံပင်။
ကျန်းရီသည် မချင့်မရဲဖြင့် နန်းတော်ထဲမှ ထွက်လိုက်ရသည်။ ဤတစ်ကြိမ်တွင် သူတော်စင်အင်ပါယာက လုံးဝန်းသော ပုံသဏ္ဌာန်ရှိသည့် အနက်ရောင်သားရဲတစ်ကောင်ကို ဖမ်းလာခဲ့သည်။ ၎င်းသားရဲ၏ ခြေထောက်များက တို၏။ ၎င်းသည် အလွန်အကြည့်ရဆိုးပေသည်။ ပါးစပ်မှနေ၍လည်း အနက်ရောင်အရည်များ စီးကျနေသည်။ ၎င်း၏ သွေးက အနက်ရောင်ပင်။
ကျန်းရီသည် ရွံရှာမှုကို မျိုသိပ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ သားရဲ၏ သွေးကို စုပ်သောက်လိုက်သည်။ သွေးအားလုံး ကုန်သွားအောင် နှစ်နာရီကြာ သောက်ခဲ့ရသည်။ သွေးစွမ်းအင်ကို သန့်စင်ရန်လည်း နေ့ဝက်ကျော်ကြာခဲ့သည်။
ကျန်းရီသည် သွေးစွမ်းအင်ကို သန့်စင်ပြီးနောက် မျက်လုံးများ ပြန်ဖွင့်လိုက်၏။ ပတ်ဝန်းကျင်ရှိ ရဲတိုက်အားလုံးတွင် အနီရောင်အဝတ်စများ ချိတ်ဆွဲထားသည်ကို မြင်လိုက်ရသည်။ အနီရောင် ဖယောင်းတိုင်များကိုလည်း ထွန်းထားကြသည်။ ဗုဒ္ဓအင်ပါယာတို့နှင့် ယဉ်အင်ပါယာတို့က ထိုင်ခုံတစ်ခုံစီတွင် ထိုင်နေကြသည်။ ဗုဒ္ဓအင်ပါယာသည် ကျန်းရီ မျက်လုံးပွင့်လာသည်ကို တွေ့သောအခါ အလေးအနက် ပြောလိုက်သည်။
“ကျန်းရီ... ငါတို့ သေချာဆွေးနွေးပြီးတော့ ဒီနေ့မှာပဲ မင်းကို ယဉ်ရို့ပင်းရော ချန်အာလေးနဲ့ပါ လက်ထပ်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ မင်းရဲ့ သတို့သမီးတွေကို မင်း ချက်ချင်း ပေါင်းသင်းနိုင်တယ်။ မနက်ဖြန်ကျရင် ငါတို့ ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းကို ဖြတ်ပြီး အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်ကြမယ်”
***