အတင်းအကျပ် ဖိအားပေးခံရခြင်
Vol. 64 Ch. 885
" အခု သူ့ရဲ့ လက်ရှိ အခြေအနေနဲ့မျိုးဆို အဲဒီလို နည်လမ်းတစ်ခုခုကို ပိုင်ဆိုင်ထားတာ သေချာရင် သိပ်မကြာခင်မှာ ထုတ်သုံးတော့မှာ သေချာတယ်... " ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆက်စပ်တွေးတောလိုက်ပြီးနောက် လှစ်ခနဲ လှုပ်ရှားလိုက်၏။ ထိုအခါ သူ၏ သတ်ဖြတ်လိုစိတ်များမှာ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ထို့နောက် သူသည် သေမင်းနတ်ဘုရားတစ်ပါးကဲ့သို့ ညာလက်ရုံး အကြီးအကဲကြီး၏ အနီးသို့ ချက်ချင်းရောက်ရှိလာ၏။ သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနဲ့ နတ်ဆိုးမျက်လုံးပညာရပ်တို့မှာလည်း အသက်ဝင်လာပြီ ဖြစ်သည်။ ထို့အပြင် သူ၏ နတ်ဘုရားလက်နက်ကြီးမှာလည်း ဘေးပတ်ပတ်လည်ရှိ အလင်းရောင်များနှင့် ယှဉ်ပြိုင်နေသည့်အလား စူးရှတောက်ပလာ၏။ နောက်ဆုံးတွင် သူသည် ထိုလက်နက်ကြီးဖြင့် ညာလက်ရုံး အကြီးအကဲကြီးအား လှမ်းခုတ်လိုက်တော့သည်။
ထိုအခါ ဘေးပတ်ဝန်းကျင် တစ်ခုလုံးတွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားသဖြင့် နေမုန်တိုင်းကြီးမှာလည်း ပို၍ အားကောင်းတာတော့သည်။ ညာလက်ရုံး အကြီးအကဲကြီးမှာမူ နှာမှုတ်လိုက်ပြီး ရှေးဟောင်းကျောက်ဒိုင်းကာတစ်ခုအား ထုတ်ယူလိုက်၏။ ထို ဒိုင်းကာမှာ အလွန်အင်မတန်မှ တမူထူးခြားပေသည်။ ၎င်းမှာ ပေါ်ပေါက်လာသည်နှင့် အရည်ပျော်ကျသွားပြီး ညာလက်ရုံး အကြီးအကဲကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသဖြင့် သူသည် ကျောက်ဘီလူးကြီးတစ်ကောင်နှင့် တူသွားတော့သည်။
ထိုကဲ့သို့ ထစ်ချုန်းသံများ မြည်ဟည်းနေစဉ် နတ်ဘုရားလက်နက်ကြီးမှာ အောက်သို့ကျလာ၏။ သို့သော် ကျောက်ဘီလူးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည့် ညာလက်ရုံး အကြီးအကဲကြီးမှာ လက်နှစ်ဖက်ကိုမြှောက်ကာ ထိုတိုက်ကွက်ကြီးအား ခုခံလိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ရီသွားရသည့်တိုင်အောင် ကြေမွပျက်စီးသွားခြင်း မရှိပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရသည်။ ညာလက်ရုံး အကြီးအကဲကြီးမှာမူ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့ထက် အနည်းငယ်ခန့် ပို၍ နှေးကွေးနေသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား ချက်ချင်း လိုက်မီသွားသည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားလက်နက်ကြီးဖြင့် နောက်ထပ်တစ်ကြိမ်ထပ်၍ ခုတ်ထစ်လိုက်ပြန်သည်။ ညာလက်ရုံး အကြီးအကဲကြီးမှာ သူ၏ ကျောက်တုံးလက်ကြီးဖြင့် ထိုတိုက်ကွက်အား ခုခံကာကွယ်လိုက်သည့်တိုင်အောင် ယခုအကြိမ်တွင်မူ ထိုကျောက်တုံးလက်ကြီးမှာ တုန်ရီသွားရုံသာမက ၎င်း၏ မျက်နှာပြင်ပေါ်တွင်လည်း အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာတော့သည်။
" ခဗျားကြီးကို တစ်စစီ ဖြစ်သွားအောင် မလုပ်နိုင်စရာ ဘာအကြောင်းရှိလဲ " ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေသည့် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များမှာ ပို၍ အားကောင်းလာ၏။ ထို့နောက် သူသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ ညာလက်ရုံး အကြီးအကဲကြီးဆီသို့ ဦးတည်ပျံသန်းသွားလိုက်ပြန်သည်။ သူသည် ညာလက်ရုံး အကြီးအကဲကြီး၏ အနီးသို့ ရောက်ရှိသွားသောအခါ သူ၏ နတ်ဘုရားလက်နက်ကြီးအား အားပါပါ ဝှေ့ယမ်းလိုက်သဖြင့် ၎င်းမှာ မှုန်ဝါးဝါး ဖြစ်သွားပြီးနောက် အောက်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။ ထိုအခါ မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။
ညာလက်ရုံး အကြီးအကဲကြီးမှာ သူ့အား ယှဉ်နိုင်စွမ်းမရှိသောကြောင့် ကြိတ်မှိတ်သည်းခံကာ သူ့ကိုယ်သူ ခုခံကာကွယ်နေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ၏ တိုက်ကွက်များအား အဆက်မပြတ် ထုတ်လွှတ်နေသည်ဖြစ်ရာ သူသည် တန်ပြန်တိုက်ကွက်များ ထုတ်လွှတ်ရန် အခွင့်အရေး လုံးဝ မရဘဲဖြစ်နေရ၏။ သို့ဖြစ်ရာ သူသည် သူ၏ နတ်ဘုရားစွမ်းရည်များကို စိတ်ကြိုက် ထုတ်သုံးခွင့်မရှိတော့ပေ။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ညာလက်ရုံး အကြီးအကဲကြီး၏ လူရိပ်ကြီး နောက်သို့ အဆက်မပြတ်ဆုတ်ခွာသွားနေရသည်ကို မြင်နိုင်ပေမည်။ သူ၏ ပါးစပ်ထဲမှ ပန်းထွက်လာသည့် သွေးများမှာလည်း ချက်ချင်းဆိုသလိုပင် အငွေ့ပြန်သွားကြသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ တရစပ်တိုက်ခိုက်မှုများကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကျောက်တုံး အခွံကြီးပေါ်တွင် အက်ကွဲကြောင်းများ ထပ်၍ ပေါ်ပေါက်လာရပြီဖြစ်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် အသံကုန် အော်ဟစ်မြည်တမ်းလိုက်ချိန်တွင် ညာလက်ရုံး အကြီးအကဲကြီး၏ ခန္ဓာကိုယ်ပေါ်မှ ကျောက်တုံး အခွံကြီးမှာ တစ်စစီကြေမွကာ ပေါက်ကွဲပျက်စီးသွားတော့သည်။
ထိုအခါ ညာလက်ရုံး အကြီးအကဲကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ပိုမိုပြင်းထန်လာသဖြင့် သူ၏ ပါးစပ်ထဲမှ သွေးများ ထပ်၍ ပန်းထွက်လာရ၏။ သို့သော် ထိုအချိန်တွင် သူ၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ သူသည် သူ၏ ကျောက်တုံးအခွံကြီးကို အသုံးပြုကာ နတ်ဘုရားစွမ်းရည်တစ်ခု ထုတ်လွှတ်နိုင်ရန် အချိန်ဆွဲခဲ့သည့်ပုံပင်။
" လုံနန်ကျစ်။ ငါ့အလှည့် ရောက်ပြီကွ " ညာလက်ရုံး အကြီးအကဲကြီးမှာ ထိုသို့ ကြိမ်းဝါလိုက်ပြီးနောက် အသံကုန်အော်ဟစ်လိုက်၏။
" သန့်စင်ခြင်းခုနစ်သွယ် ပညာရပ် "
ညာလက်ရုံး အကြီးအကဲကြီး၏ မျက်နှာအမူအရာမှာ ရက်စက်ကြမ်းကြုတ်မှုအပြည့် ရှိနေ၏။ သူသည် ဘေးကျပ်နံကျပ် ဖြစ်နေခဲ့ရပြီး နတ်ဘုရားစွမ်းရည်များကို ထုတ်သုံးနိုင်စွမ်း မရှိခဲ့သည့်တိုင်အောင် ကျောက်တုံးအခွံကြီးအား အသုံးပြုကာ အချိန်ဆွဲခဲ့ပြီးနောက် နတ်ဘုရားစွမ်းရည်နှစ်ခုအား ထုတ်လွှတ်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။ သူသည် ထိုစွမ်းရည်နှစ်ခုထဲမှ တစ်ခုအား ထုတ်သုံးနိုင်ရန် တကူးတက ပြင်ဆင်နေစရာပင်မလိုပေ။ ၎င်းမှာ သူ၏ မွေးရာပါ ပညာရပ်တစ်ခု ဖြစ်သောကြောင့် စိတ်ထဲတွင် တွေးလိုက်ရုံနှင့် ထုတ်သုံးနိုင်စွမ်းရှိပေသည်။ သူသည် ဒုတိယမြောက် ပညာရပ်အား ထုတ်သုံးလိုသောကြောင့်သာ ကြိတ်မှိတ်သည်းခံကာ ဝမ်ပေါင်လဲ့၏ တိုက်ကွက်များအား ခုခံခဲ့ခြင်း ဖြစ်၏။
ပထမပညာရပ်မှာ သူ အစောပိုင်း ဂြိုဟ်အဆင့်သို့ ဖောက်ထွက်သွားခဲ့စဉ်တုန်းက ပြင်ဆင်ထားခဲ့သည် စွမ်းအင်သိုလှောင်ခြင်းပညာရပ်တစ်ခု ဖြစ်ပေသည်။ သူသည် ထိုပညာရပ်အား မလိုအပ်ပါက လုံးဝ အသုံးမပြုလိုပေ။ သို့သော် ယခုတွင် ၎င်းမှာ သူ၏ ဝှက်ဖဲတစ်ချက် ဖြစ်လာပြီ ဖြစ်သည်။
ထိုအချိန်တွင် ထစ်ချုန်းသံများ မြည်ဟည်းသွားပြီးနောက် သူ၏ ခန္ဓာကိုယ် အပြင်ဘက်မှ အလင်းတန်းခုနစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ထို အလင်းတန်းခုနှစ်ခုမှာ သက်တံ့ထဲမှ အရောင်ခုနစ်ခုအား ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့၏ ပတ်ပတ်လည်တွင် နေမုန်တိုင်းကြီး တိုက်ခိုက်နေသည့်တိုင်အောင် ထို အလင်းတန်းခုနစ်ခုမှာ စူးရှတောက်ပနေဆဲပင်။
၎င်းတို့မှာ ပေါ်ပေါက်လာသည်နှင့် သုံးကြိမ်တိတိ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားကြပြီးနောက် အလင်းတန်းသုံးခုမှာ ပျောက်ကွယ်သွား၏။ သို့သော် ခဏအကြာတွင် အရပ်မျက်နှာအနှံ့သို့ အလျင်အမြန် ပျံ့နှံ့သွားသည့် အကွင်းသုံးကွင်း ပေါ်ပေါက်လာသည်။ ဝမ်ပေါင်လဲ့တစ်ယောက် မျက်လုံးများ မှေးသွားပြီး အထူးတဆန်း ဖြစ်သွားစဥ်မှာပင် ထို အလင်းရောင် အကွင်းသုံးကွင်းမှာ သူ၏ ခန္ဓာကိုယ်အား ရိုက်ခတ်သွားတော့သည်။
ထိုသို့ ရိုက်ခတ်မိသွားသည်နှင့် အလင်းရောင် အကွင်းသုံးကွင်းမှာ ပေါက်ကွဲပျက်စီးသွားကြ၏။ သို့သော် ၎င်းတို့ထဲ၌ ကိန်းအောင်းနေသည့် စွမ်းအားများမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလွန်းလှသောကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး နောက်သို့ ဆုတ်ခွာသွားလိုက်ရသည်။ ညာလက်ရုံး အကြီးအကဲကြီးမှာမူ သူ့ထက်ပို၍ အခြေအနေဆိုးပေသည်။ သူ၏ ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် ပန်းထွက်လာကြပြီး ၎င်းတို့မှာ မြေကြီးပေါ်သို့ ကျမသွားနိုင်ခင်မှာပင် အငွေ့ပြန်သွားကြရ၏။ သူသည် ကျိန်စာတိုက်ခံထားရဆဲ ဖြစ်သောကြောင့် သူ၏ သန့်စင်ခြင်းခုနစ်သွယ် ပညာရပ် ပျက်စီးသွားရာမှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများနှင့် ဘေးပတ်ပတ်လည်ရှိ နေမုန်တိုင်းကြီးတို့အား တောင်ခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။ ထို့ကြောင့် သူ ရင်ဆိုင်ကြုံတွေ့နေရသည့် အန္တရာယ်ကြီးမှာ ပို၍ပင် ကြီးမားလာတော့သည်။
သို့သော် သူသည် နောက်သို့ ဆုတ်ခွာသွားနေရင်း အားရကျေနပ်စွာ ရယ်မောလိုက်ပြီး မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပသွား၏။
" လုံနန်ကျစ်။ မင်းက အာဂလူတစ်ယောက်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမဲ့ မင်း ဒီတစ်ခေါက်လည်း လှည့်စားခံလိုက်ရပြန်ပြီကွ " ညာလက်ရုံး အကြီးအကဲကြီးမှာ ရူးသွပ်မှု အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် မန္တန်လက်ကွက်များဖော်ကာ သူ၏ လက်နှစ်ဖက်အား အားပါပါ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ကျန်ရှိနေသေးသည့် အလင်းတန်းလေးခုမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပြီး အလင်းရောင် အကွင်းလေးကွင်းအဖြစ် ပြောင်းလဲသွားကြတော့သည်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်သွားခြင်းမရှိဘဲ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ ပေါက်ကွဲသွားတော့သည်။
ထိုပေါက်ကွဲမှုမှာ ညာလက်ရုံး အကြီးအကဲကြီး၏ ဝှက်ဖဲဖြစ်ပြီး သူ၏ စွမ်းအားများအားလုံးကို စုပ်ယူလိုက်၏။ ထို့ကြောင့် အာကာသတွင်းနက်ကြီးတစ်ခုနှင့် တူသည့် ဝဲကြီးတစ်ခု ပေါ်ပေါက်လာရတော့သည်။ ထိုဝဲကြီးမှာ ပေါ်ပေါက်လာသည်နှင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား ဆွဲငင်နေလိုက်၏။
ပရမ်းပတာ ဖြစ်နေသည့် ထာဝရကြယ်ကြီးထဲရှိ နေမုန်တိုင်းကြီး တိုက်ခတ်နေသော ဟင်းလင်းပြင်ကြီးထဲတွင် ထို ဝဲကြီး၏ ပေါ်ပေါက်လာမှုကြောင့် ဘေးပတ်ပတ်လည်ရှိ နေမုန်တိုင်းကြီးမှာ ဆွဲငင်ခံလိုက်ရ၏။ ထို့ကြောင့် သူတို့နှစ်ယောက် ရှိနေသည့်နေရာတွင် အဖြူရောင် အလင်းရောင်တစ်ခု ပေါ်ပေါက်လာတော့သည်။
သို့သော် ထိုအချက်မှာ ကြောက်စရာမကောင်းသေးပေ။ သူတို့နှစ်ယောက်၏ အားပြိုင်မှုများမှာ ထာဝရကြယ်ကြီးအား အဆက်မပြတ် လှုံ့ဆော်ပေးနေသကဲ့သို့ ဖြစ်နေသောကြောင့် ၎င်းမှာ စိုးရိမ်ရသည့် အခြေအနေတစ်ခုသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ထို့ကြောင့် ထိုဝဲကြီး ပေါ်ပေါက်လာသည်နှင့် သူတို့နှစ်ယောက်နှင့် အလွန်အင်မတန်မှ ဝေးကွာသော နေရာတစ်ခုတွင် အရောင်အတိအကျကိုပင် မမြင်နိုင်လောက်အောင် စူးရှတောက်ပနေသည့် အလင်းရောင်တစ်ခုမှာ တိတ်တဆိတ် ပေါ်ပေါက်လာ၏။ ထို အလင်းရောင်မှာ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များကို ထုတ်လွှတ်နေပြီး မြူခိုးများကဲ့သို့ ဖြစ်နေသလို တစ်ချိန်ထဲမှာပင် အရည်တစ်မျိုး ဖြစ်နေသည့်ပုံလည်း ပေါက်နေတော့သည်။ ၎င်းမှာ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားများနှင့်အတူ အဝေးမှနေ၍ သူတို့နှစ်ယောက်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေပြီ ဖြစ်သည်။
ထိုမြင်ကွင်းကြီးအား မြင်လိုက်ရပါက မိုးကောင်းကင်ကြီးတစ်ခုလုံး ပိတ်ဆို့ဖုံးကွယ်ခံလိုက်ရသည်ဟု ခံစားလိုက်ရမည်သာ ဖြစ်သည်။
အဝေးမှ ကြည့်လိုက်မည်ဆိုလျှင် ထို အလင်းရောင်ကြီးမှာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော နတ်ဘုရားလက်တစ်ဖက်နှင့် တူနေ၏။ ၎င်းမှာ အရပ်မျက်နှာအနှံ့သို့ အဆုံးအစမရှိလောက်အောင် ပျံ့နှံ့နေသဖြင့် ထိုနေရာကြီးတစ်ခုလုံးအား လွှမ်းခြုံထားသလိုဖြစ်နေတော့သည်။ ၎င်း၏ရှေ့တွင် ရှိနေသည့် ကျင့်ကြံခြင်းအဆင့် နိမ့်ကျသောသူများမှာ ပုရွက်ဆိတ်လေးများကဲ့သို့ သတ်ဖြတ်ချေမှုန်းခံလိုက်ရမည်သာ ဖြစ်သည်။
အကယ်၍ ထိုနေရာတွင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့သာ ရှိနေမည်ဆိုပါက ၎င်းတို့မှာလည်း ပြောင်းလဲသွားလောက်ပြီ ဖြစ်သည်။ ထိုအလင်းရောင်ကြီးမှာ အရာအားလုံး၏ နေရာ၌ အစားထိုးဝင်ရောက်လာသဖြင့် ထိုနေရာကြီး တစ်ခုလုံးမှာ ၎င်း၏ အရောင်အတိုင်း ဖြစ်သွား၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား တစ်ခဏမျှ ဖျတ်ခနဲ ကြည့်မိလိုက်သည့်တိုင်အောင် မျက်လုံးများ ကျိန်းစပ်သွားရသည်သာ ဖြစ်သည်။ ညာလက်ရုံးအကြီးအကဲကြီးမှာလည်း ထိုနည်းတူပင် ခံစားလိုက်ရပြီး တုန်လှုပ်ချောက်ချားသွားရ၏။ သူသည် ထိုဝဲကြီးအား အသုံးပြုံကာ ထို နေရာတစ်ဝိုက်ရှိ ထာဝရကြယ်ကြီး၏ စွမ်းအားများကို စုစည်းပြီးလျှင် လုံနန်ကျစ်အား ချေမှုန်းနိုင်မည့် ပေါက်ကွဲမှုကြီးတစ်ခုဖန်တီးရန် ကြံရွယ်ထားခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် သူသည် သူ၏ လုပ်ရပ်များကြောင့် ယခုကဲ့သို့သော ကြောက်မက်ဖွယ်ရာ အပြောင်းအလဲများ ပေါ်ပေါက်လာလိမ့်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထို အလင်းရောင်ကြီးမှာ... နေမီးလျှံတစ်ခု ဖြစ်နေသောကြောင့်ပင်။
၎င်းမှာ အရာအားလုံးကို ဖျက်ဆီးဖြစ်နိုင်စွမ်း ရှိပေသည်။ ထာဝရကြယ်အဆင့် အောက်တွင်ရှိနေသည့် မည်သူမဆို ၎င်းအား ထိမိလိုက်ရုံနဲ့ သေချာပေါက် သေဆုံးသွားရမည်သာ ဖြစ်သည်။
သို့ဖြစ်ရာ ညာလက်ရုံးအကြီးအကဲကြီးမှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရပြီး မည်သည့် တွက်ချက်မှုကိုမှ ပြုလုပ်နေရန် ဆန္ဒမရှိတော့ပေ။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ ညာဘက်လက်အား အားပါပါ ဖိညှစ်လိုက်တော့သည်။ ထိုအခါ သူ၏ ညာဘက်လက်မှာ ပေါက်ကွဲသွား၏။ သူ၏ သွေးစနှင့် အသားစများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ ထာဝရကြယ်ကြီးထဲရှိ မြင့်မားသောအပူချိန်ကြောင့် ချက်ချင်း အရည်ပျော်ကျသွားစဉ် တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်တစ်ခုမှာ မှိတ်တုတ်မှိတ်တုတ် ပေါ်ပေါက်လာသည်။ ထို့အပြင် ထိုအလင်းရောင်ထဲမှ မှုန်ဝါးဝါး ကြယ်မြေပုံတစ်ခုလည်း ထွက်ပေါ်လာသေးသည်။ ထို ကြယ်မြေပုံပေါ်တွင် ထောင်ပေါင်းများစွာသော အလင်းရောင် အစက်အပြောက်လေးများကို မြင်နိုင်ပေသည်။ ထို အစက်အပြောက် တစ်ခုချင်းစီတိုင်းမှာ လူမှုအဖွဲ့အစည်းတစ်ခု၏ ထာဝရကြယ်တစ်လုံးကို ကိုယ်စားပြုနေသည်ပုံပင်။
ထို့ကြောင့်လည်း ညာလက်ရုံးအကြီးအကဲကြီးမှာ သူ၏ ကျောက်တုံးအခွံကြီးကို အသုံးပြုကာ ဝမ်ပေါင်လဲ့၏ တိုက်ကွက်များကို ခုခံခဲ့ပြီးနောက် အချိန်ဆွဲနေခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ သူ ထုတ်သုံးခဲ့သည့် ဝှက်ဖဲနှစ်ချပ်ထဲမှ တစ်ချပ်ဖြစ်ပေသည်။ ထိုဝှက်ဖဲမှာ... ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ထာဝရကြယ်အား အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားသည့် ထာဝရကြယ် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများ ဖြစ်ပေသည်။ ၎င်းတို့အား သူ၏ လက်ဖဝါးထဲ၌ သိမ်းဆည်းထားခြင်း ဖြစ်၏။
ထို တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ နယ််နိမိတ် အပြင်ဘက်တွင် ရှိနေသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူများအား ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲရှိ သတ်မှတ်ထားသော နေရာများဆီသို့ ချက်ချင်း တည်နေရာပြောင်းရွှေ့ပေးနိုင်စွမ်း ရှိပေသည်။ ကြယ်မြေပုံပေါ်ရှိ အလင်းရောင် အစက်အပြောက် တစ်ခုချင်းစီတိုင်းမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ လက်အောက်ခံ လူမှုအဖွဲ့အစည်းများကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။
နတ်မျက်လုံးလူမှုအဖွဲ့အစည်းမှာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ လက်အောက်တွင် ရှိမနေသေးသောကြောင့် သူတို့မှာ ထို တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားဖြင့် ဤလူမှုအဖွဲ့အစည်းထဲသို့ ရောက်လာနိုင်စွမ်း မရှိကြပေ။ ထို့ကြောင့်လည်း နတ်မျက်လုံးတော်ဝင်မိသားစုမှာ ထာဝရကြယ်မျက်လုံးကို အသုံးပြုကာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအား ဆင့်ခေါ်ခဲ့ရခြင်း ဖြစ်သည်။
ယခုတွင် ညာလက်ရုံးအကြီးအကဲကြီးမှာ သူ၏ သန့်စင်ခြင်းခုနစ်သွယ် ပညာရပ်အား အသုံးပြုကာ ထိုနေရာကြီးအား ပို၍ ပရမ်းပတာဖြစ်လာအောင်လုပ်ပြီး ဝမ်ပေါင်လဲ့အား ချေမှုန်းပစ်ရန် ကြံရွယ်ထားခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူသည် သေရေးရှင်ရေး အခိုက်အတန့်သို့ ရောက်လာချိန်တွင် ထာဝရကြယ် တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများကို အသုံးပြုကာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ထာဝရကြယ်ထဲမှ ထွက်ခွာသွားမည် ဖြစ်သည်။
ညာလက်ရုံးအကြီးအကဲကြီးမှာ သူ တည်နေရာပြောင်းရွှေ့လိုသည့် အရပ်မျက်နှာကို ရွေးချယ်ရန် လိုအပ်ပါသော်လည်း ယခုတွင် အသက်အန္တရာယ်နှင့် ကြုံနေရပြီဖြစ်ရာ ထိုကဲ့သို့ရွေးချယ်နေရန် အချိန်မရှိတော့သဖြင့် ကြုံရာကျပန်း ရွေးချယ်လိုက်ရ၏။ ထို့နောက် တစ်အောင့်ခန့်အကြာတွင် သူ၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါး ဖြစ်သွားတော့သည်။
သို့သော် သူ၏ခန္ဓာကိုယ်ကြီး မှုန်ဝါးဝါး ဖြစ်သွားပြီး နေမီးလျှံကြီး သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွား၏။
" ခဗျားကြီး အချိန်နည်းနည်းလောက် ထပ်စောင့်ပြီးမှ ဒီနေရာကနေ ထွက်သွားလိမ့်မယ်လို့ ကျုပ်က ထင်ထားတာ "