← Chapters

မြေဝိညာဉ် လူမှုအဖွဲ့အစည်း

Vol. 64 Ch. 886

မြေဝိညာဉ် လူမှုအဖွဲ့အစည်း

Vol. 64 Ch. 886

ဝမ်ပေါင်လဲ့မှာ ညာလက်ရုံး အကြီးအကဲကြီး၏ ဝှက်ဖဲအကြောင်းကို ခန့်မှန်းမိထားပြီးသားဖြစ်သည်။ ထို့ကြောင့်လည်း သူသည် စိတ်ထဲတွင် အကြံအစည်များ ကြိုတင်ရေးဆွဲထားပြီးသား ဖြစ်၏။ သို့သော် သူသည် အခြားသူများ၏ စဉ်းစားတွေးခေါ်ပုံများကို မှန်းဆနိုင််ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူ၏ ပြိုင်ဘက်အား တစ်ဆင့်ချင်းစီ လှည့်စား၍ သူ၏ အစီအစဉ်အား အောင်မြင်အောင် လုပ်နိုင်ရန်မှာ ကံအပေါ် မူတည်ပေသည်။

သူ၏ နဂိုမူလ အစီအစဉ်များအရဆိုလျှင် သူသည် ကျိန်စာကြီး၏ ဖိနှိပ်ချုပ်တည်းမှုစွမ်းအားများကို အသုံးပြုကာ သူ၏ ပြိုင်ဘက်ဆီမှ နည်းလမ်းအား ခိုးယူပြီးလျှင် ဤနေရာမှ ထွက်ခွာသွားမည် ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ပြိုင်ဘက်မှာ ထာဝရကြယ်ကြီးထဲ၌ ကျန်ရစ်ခဲ့ပြီး အသေဆိုးနှင့် သေဆုံးသွားရမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုကဲ့သို့ မဖြစ်နိုင်တော့ပေ။

သို့ရာတွင် သူမျှော်လင့်မထားသည့်ဖြစ်ရပ်များ ပေါ်ပေါက်လာသည့်တိုင်အောင် ယခုတွင် ညာလက်ရုံး အကြီးအကဲကြီးမှာ ထို တည်နေရာပြောင်းရွှေ့ခြင်းပညာရပ်ကို အသုံးပြုလိုက်ပြီဖြစ်သည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာလည်း သူ၏ အစီအစဉ်များကို ပြောင်းလဲမှ ရတော့မည်ဖြစ်သည်။

နေမီးလျှံကြီး ပေါက်ကွဲထွက်ပေါ်လာမှုကြောင့် သူသည် အခြားရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် ညာလက်ရုံး အကြီးအကဲကြီး၏ ခန္ဓာကိုယ်ကြီး မှုန်ဝါးဝါး ဖြစ်သွားပြီး သူ တည်နေရာပြောင်းရွှေ့သွားတော့မည့် အချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ မင်းဧကရာဇ်ချပ်ဝတ်တန်ဆာကြီးအား ချက်ချင်း ထိန်းချုပ်လိုက်ပြီးနောက် ၎င်းအား ပေါက်ကွဲပျက်စီးသွားစေနိုင်လောက်သည့်အထိ ၎င်း၏ စွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။

သူသည် ၎င်း၏ စွမ်းအားများ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းခန့်အား ထုတ်လွှတ်လိုက်ခြင်း ဖြစ်၏။

ထို မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ တမူထူးခြားသော ပစ္စည်းတစ်ခု ဖြစ်ပေသည်။ ၎င်းမှာ အံ့သြမှင်တက်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားရုံသာမက နတ်မျက်လုံးတော်ဝင်မိသားစု၏ ချပ်ဝတ်တန်ဆာကြီးနှင့်လည်း ပေါင်းစည်းထားသေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းမှာ ပြည်ထောင်စုကြီးထဲတွင် ထုတ်လုပ်သည့် စွမ်းအင်သိုလှောင်နိုင်စွမ်းရှိသော ကိရိယာတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ ယခုတွင် ၎င်းမှာ ၎င်းထဲရှိ စွမ်းအားများ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းခန့်အား ထုတ်လွှတ်လိုက်သည်ဖြစ်ရာ မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် စွမ်းအားတစ်မျိုး ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ လေပြင်းမုန်တိုင်းတစ်ခုနှင့်တူပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား ထိန်းချုပ်နိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်ပြီးနောက် ၎င်းဆီမှ ထွက်ပေါ်လာသည့် စွမ်းအားများအားလုံးကို သူ နောက်ဘက်သို့ ရောက်အောင် ပို့လိုက်၏။

ထိုအခါ နတ်ဆိုးမျက်လုံးပညာရပ်မှာ အသက်ဝင်လာသဖြင့် သူ၏နောက်တွင် အနက်ရောင် မျက်လုံးကြီးတစ်လုံး ပေါ်ပေါက်လာသည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကိုလည်း ထုတ်လွှတ်လိုက်သေးသည်ဖြစ်ရာ အမှောင်မီးတောက်များ ထွက်ပေါ်လာပြီး အနက်ရောင် မျက်လုံးကြီးမှာလည်း ပို၍ ရှင်းလင်းပြတ်သားလာတော့သည်။ ထိုစွမ်းအားများအားလုံး ထို အနက်ရောင်မျက်လုံးကြီးထဲသို့ စီးဝင်သွားကြသောအခါ ၎င်းမှာ ချက်ချင်းဆိုသလိုပင် အရွယ်အစားကြီးမားလာ၏။ ထို့နောက် ၎င်း၏ မျက်နှက်ပြင်ပေါ်၌ သွေးရောင်အမျှင်အတန်းများပင် ပေါ်ပေါက်လာသဖြင့် ၎င်း၏ ပုံပန်းသွင်ပြင်မှာ အလွန်အင်မတန်မှ ကြောက်စရာကောင်းနေတော့သည်။ နောက်ဆုံးတွင် ၎င်းမှာ ညာလက်ရုံး အကြီးအကဲကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွား၏။

ထိုအခါ ယခင်တုန်းကနှင့် လုံးဝမတူသည့် ဖိနှိပ်ချုပ်တည်းမှုစွမ်းအားများ ထွက်ပေါ်လာ၏။ ညာလက်ရုံး အကြီးအကဲကြီး၏ လူရိပ်မှာ မှုန်ဝါးဝါးဖြစ်နေပြီ ဖြစ်ပြီး တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်အား ရပ်တန့်၍ မရသည့်တိုင်အောင် ကျိန်စာစွမ်းအားများကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထာဝရဝိညာဉ်အဆင့်အထိ ကျဆင်းသွားခဲ့ရသည် မဟုတ်ပါလော။ ထို့အပြင် နတ်ဆိုးမျက်လုံးပညာရပ်မှာ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲရှိ စွမ်းအားများ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းခန့်အား အသုံးပြုထားခြင်း ဖြစ်သည်။ ထို့ကြောင့် မှုန်ဝါးဝါး ဖြစ်နေသည့် သူ၏ ခန္ဓာကိုယ်ကြီးမှာ တည်နေရာပြောင်းရွှေ့သွားခါနီး ဆဲဆဲတွင် ရပ်တန့်သွားတော့သည်။

သို့သော် ကျိန်စာကြီးမှာလည်း အချိန်ပြည့်တော့မည်ဖြစ်ရာ ၎င်း၏ စွမ်းအားများမှာလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်စပြုလာပြီ ဖြစ်သည်။ ထို့ကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ နတ်ဆိုးမျက်လုံးပညာရပ်၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသည့်တိုင်အောင် တစ်ခဏမျှသာ ကြာမြင့်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သို့သော် ထိုမျှလောက်နှင့် လုံလောက်မှုရှိပေသည်။

ညာလက်ရုံး အကြီးအကဲကြီး၏ ခန္ဓာကိုယ် ရပ်တန့်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ညာလက်ရုံး အကြီးအကဲကြီး၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသည့်နေရာသို့ အံ့ဩမှင်တက်ဖွယ်ကောင်းသည့် အမြန်နှုန်းမျိုးဖြင့် ရောက်ရှိလာ၏။ ထို့နောက် သူသည် ညာလက်ရုံး အကြီးအကဲကြီးနှင့်အတူ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ထဲသို့ ဝင်သွားလိုက်တော့သည်။

ညာလက်ရုံး အကြီးအကဲကြီးမှာလည်း သူ ရောက်ရှိလာမည်ကို သိထားသည့်တိုင်အောင် သူ့အား တားဆီးရန် အချိန်မရခဲ့ပေ။ နေမီးလျှံကြီးမှာ သူတို့၏အနီးသို့ ရောက်နေပြီဖြစ်ရာ သူသည် ဘာမှမတတ်နိုင်တော့ဘဲ ဝမ်ပေါင်လဲ့တစ်ယောက် သူနှင့်အတူ တည်နေရာပြောင်းရွှေ့သွားသည်ကိုသာ ငေးကြည့်နေလိုက်ရတော့သည်။

သူတို့နှစ်ယောက် အဝေးသို့ တည်နေရာပြောင်းရွှေ့သွားသည့်နှင့် နေမီးလျှံကြီး၏ စူးရှတောက်ပသော အလင်းရောင်များမှာ သူတို့နှစ်ယောက် ရှိနေခဲ့သော နေရာကြီးအား ဖုံးလွှမ်းသွားတော့သည်။ ၎င်းမှာ ထိုနေရာ၌ ရပ်တန့်သွားခြင်းမရှိဘဲ ရှေ့သို့ ဆက်လက်ပျံ့နှံ့သွားပြီး တဖြည်းဖြည်းနှင့် ပို၍ကြီးမားလာ၏။ ထိုသို့ဖြင့် ၎င်းမှာ အတိုင်းအတာတစ်ခုအထိ အလျားလိုက် ပျံ့နှံ့သွားပြီးနောက် အပေါ်သို့ ဒေါင်လိုက် ထောက်တက်သွားတော့သည်။

ထိုအချိန်တွင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၊ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးနှင့် နှစ်ဘက်စလုံးမှ ကျင့်ကြံသူများအားလုံးမှာ တစ်ယောက်နှင့်တစ်ယောက် သဲကြီးမဲကြီး တိုက်ခိုက်နေကြသည့်တိုင်အောင် ထာဝရကြယ်ထဲမှ ထွက်ပေါ်လာသည့် စူးရှတောက်ပသော အလင်းရောင်ကြီးကြောင့် တုန်လှုပ်ချောက်ချားသွားရဆဲပင်။ သူတို့အားလုံးမှာ ထာဝရကြယ်ကြီး ရှိရာဘက်သို့ ပြိုင်တူ လှည့်ကြည့်မိလိုက်ကြပြီး မျက်နှာအမူအရာများ ချက်ချင်းပြောင်းလဲသွားကြတော့သည်။

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးတို့မှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ နောက်သို့ဆုတ်ခွာသွားလိုက်ကြပြီး သူတို့၏ နတ်ဘုရားစိတ်ဆန္ဒများကို ထုတ်လွှတ်ကာ သူတို့၏ လက်အောက်ငယ်သားများအား နောက်သို့ ချက်ချင်းဆုတ်ခွာရန် အမိန့်ပေးလိုက်ကြတော့သည်။

အကယ်၍ အခြား အခြေအနေမျိုးတွင်သာ ဆိုပါက မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ သူတို့အား လိုက်လံတားဆီးလိုက်မည်သာ ဖြစ်ပါသော်လည်း ယခုတွင် သူသည်လည်း မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေရသလို စိတ်ထဲတွင် တုန်လှုပ်ချောက်ချားနေရပြီဖြစ်သည်။ သူသည် ဘယ်လက်ရုံး အကြီးအကဲကြီးနှင့် ညာလက်ရုံး အကြီးအကဲကြီးတို့နှစ်ယောက် ထာဝရဂြိုဟ်ပေါ်၌ ဆောင်ရွက်နေသည့်အရာများကို သိရှိထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ယခုကဲ့သို့သော အပြောင်းအလဲများကို မြင်လိုက်ရသောအခါ စိတ်ကို တည်ငြိမ်အောင် မထားနိုင်တော့ပေ။ သူသည် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ မည်မျှပင် အစွမ်းထက်နေစေကာမူ သူတို့ဆင်ထားခဲ့သည့် ထောင်ချောက်ကြီးထဲမှ အသက်ရှင်လျက် လွတ်မြောက်သွားနိုင်မည်မဟုတ်ကြောင်း ယုံကြည်ထား၏။ သို့သော် ယခုတွင်မူ သူသည် ထို နေမီးလျှံကြီးအား မြင်လိုက်သဖြင့် ယုံကြည်ချက်များ ပျောက်ဆုံးသွားပြီး အနည်းငယ်ခန့် စိုးရိမ်တကြီး ဖြစ်သွားရတော့သည်။

ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နတ်မျက်လုံး တော်ဝင်မိသားစုထဲမှ ဟေးယွင်ကျစ်ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။ ထိုအခါ သူသည် ဟေးယွင်ကျစ်မှာ သူ၏ လုပ်ပိုင်ခွင့်အာဏာအား ပြန်လည်ရရှိခြင်း မရှိသေးကြောင်း သိလိုက်ရသဖြင့် သူ၏နှလုံးသားထဲမှ စိုးရိမ်စိတ်များမှာ ပို၍ပင် ကြီးထွားလာရတော့သည်။

သို့သော် ထာဝရကြယ်ပေါ်၌ မည်ကဲ့သို့ပင် ဖြစ်နေဖြစ်နေ ယခုတွင် နေမီးလျှံကြီး ထွက်ပေါ်လာပြီဖြစ်ရာ သူသည် အခြားရွေးချယ်စရာမရှိတော့သဖြင့် သူ၏ အတွေးများကို ချုပ်တည်းထားလိုက်ရ၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် နောက်သို့ဆုတ်ခွာသွားပြီး အစွမ်းကုန်ထုတ်ကာ ခုခံကာကွယ်ရန် ပြင်လိုက်ရတော့သည်။ အကယ်၍ သူသာ နှောင့်နှေးကြန့်ကြာနေခဲ့ပြီး ထိုကဲ့သို့ ခုခံကာကွယ်ခြင်း မရှိပါက... နေမီးလျှံကြီး ပေါက်ကွဲသွားချိန်တွင် သူတို့အားလုံးမှာ ကပ်ဘေးကြီးတစ်ခုနှင့် ကြုံလိုက်ရမည်မဟုတ်ပါလော။

" တောက်ကွာ " မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ အံကြိတ်ကာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းနှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းတို့အား ထွက်ပြေးခွင့်ပေးလိုက်ရ၏။ ထို့နောက် သူသည်လည်း သူ၏ နတ်ဘုရားစိတ်ဆန္ဒများကို ထုတ်လွှတ်ရင်း နောက်သို့ဆုတ်ခွာသွားကာ သူတို့၏ ယာယီစခန်းဆီသို့ ဦးတည်သွားလိုက်ပြီးနောက် အကာအကွယ်များအားလုံးကို ထုတ်သုံးလိုက်တော့သည်။ သူသည် နေမီးလျှံကြီး၏ စွမ်းအားများ ကုန်ဆုံးသွားသောအခါမှ တိုက်ပွဲကြီးအကြောင်း ပြန်စဉ်းစားရန် ဆုံးဖြတ်ထားသည်။

ထိုသို့ဖြင့် နှစ်ဘက်စလုံး အတိုက်အခိုက် ရပ်စဲသွားစဉ် နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် အလွန်အင်မတန်မှ ဝေးကွာသည့် နေရာတစ်ခုတွင် မြေဝိညာဉ် လူမှုအဖွဲ့အစည်းဟု ခေါ်သည့် လူမှုအဖွဲ့အစည်းတစ်ခု ရှိနေ၏။

ထို လူမှုဖွဲ့အစည်းမှာ ထိပ်သီးအဆင့် ဝိညာဉ်ကျောက်တုံးများကို ဖန်တီးထုတ်လုပ်နိုင်စွမ်း ရှိသောကြောင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက ၎င်းအား သိမ်းပိုက်ခဲ့၏။ သို့ဖြစ်ရာ သူတို့၏ အစွမ်းထက် ကျင့်ကြံသူများထဲမှ အချို့မှာ သေဆုံးသွားခဲ့ကြပြီး အချို့မှာ ကျေးကျွန်များအဖြစ်သို့ ရောက်ရှိသွားခဲ့ကြရသည်။ သူတို့၏ လူမှုအဖွဲ့အစည်းတစ်ခုလုံးအား ထိုကဲ့သို့ ဖိနှိပ်ချုပ်ချယ်ပြီးသွားချိန်တွင် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ထိုလူမှုအဖွဲ့စည်းထဲမှ ထာဝရကြယ်အား သိမ်းပိုက်ကာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ထာဝရကြယ်ထဲသို့ ထည့်သွင်းပေါင်းစည်းခဲ့၏။ ထို့နောက် သူတို့မှာ လူသားများ ဖန်တီးထားသည့် ထာဝရကြယ်တစ်လုံးအား မြေဝိညာဉ် လူမှုအဖွဲ့အစည်းထဲ၌ ပြန်ထားပေးခဲ့သည်။

၎င်းမှာ အပေါ်ယံတွင် ထာဝရကြယ်တစ်လုံး ဖြစ်ပါသော်လည်း လက်တွေ့တွင်မူ မန္တန်အစီအရင်ပေါင်း မြောက်မြားစွာ ပေါင်းစည်းထားသည့် ဧရာမ အစုအဝေးကြီးတစ်ခုသာ ဖြစ်ပေသည်။ ၎င်းမှာ ထိုလူမှုအဖွဲ့အစည်းတစ်ခုလုံးအား ထိန်းချုပ်နိုင်စွမ်း ရှိနေမည်ဖြစ်သလို ထိုနေရာကြီးအား ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ တည်နေရာပြောင်းရွှေ့ခြင်း ဆုံမှတ်နေရာတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်မည်လည်း ဖြစ်သည်။ ထို လူမှုအဖွဲ့အစည်းထဲမှ ကျင့်ကြံသူများ၏ ကံကြမ္မာများမှာမူ ပြောင်းလဲသွားရ၏။ သူတို့မှာ အလုပ်သမားများအဖြစ်သို့ ရောက်သွားကြပြီး တစ်ဘဝလုံး ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအတွက် ပေးဆပ်ရတော့မည်ဖြစ်သည်။

ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲ၌ ထိုကဲ့သို့သော လူမှုအဖွဲ့အစည်းများ အမြောက်အမြားရှိကြပေသည်။ မြေဝိညာဉ် လူမှုအဖွဲ့အစည်းမှာ မဟာလက်ဝဲတာအိုနယ်မြေ၏ နယ်မြေဆယ့်ကိုးထဲ၌ ရှိနေဆဲဖြစ်သည့်တိုင်အောင် ဂြိုဟ်အဆင့် ကျင့်ကြံသူများပင်လျှင် မဟာနယ်မြေအဆင့် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်တစ်ခုအား အသုံးပြုနိုင်စွမ်းမရှိပါက ထိုနေရာမှနေ၍ နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီသို့ ရောက်နိုင်ရန် နှစ်ပေါင်းတစ်ထောင်ကျော်် အချိန်ပေးကာ ပျံသန်းလာရမည် ဖြစ်သည်။ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးအား အုပ်စိုးနိုင်စွမ်းရှိသော လူများသာလျှင် ထိုကဲ့သို့ တည်နေရာပြောင်းရွှေ့နိုင်စွမ်း ရှိပေသည်။ အကယ်၍ အပြင်လူများမှာ ထို တည်နေရာပြောင်းရွှေ့ခွင့်အား ငှားရမ်းလိုပါက အဖိုးအခမြောက်မြားစွာ ပေးဆပ်ရမည် ဖြစ်သည်။

ထိုကဲ့သို့သော မဟာနယ်မြေအဆင့် တည်နေရာပြောင်းရွှေ့ခွင့်မှာ နေရာအမြောက်အမြား၌ မိမိ၏ စခန်းများကို ကွန်ရက်တစ်ခုကဲ့သို့ တည်ဆောက်ထားသကဲ့သို့ပင်။ ထိုကွန်ရက်မှာ ပို၍ အရွယ်အစားကြီးမားလေလေ တည်နေရာပြောင်းရွှေ့နိုင်မည့် နေရာအရေအတွက်မှာလည်း ပို၍များလာလေလေ ဖြစ်နေမည် ဖြစ်သည်။

ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ထာဝရကြယ် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်၏ အလုပ်လုပ်ပုံမှာလည်း ထိုနည်းတူပင်။ သို့သော် သူတို့မှာ နယ်မြေဆယ့်ကိုးထဲ၌ အင်အားကြီးအဖွဲ့အစည်းတစ်ခု ဖြစ်သည့်တိုင်အောင် လူအင်အား အပိုင်းတွင်သာ အင်အားကြီးနေခြင်း ဖြစ်သည်။ သူတို့၏ အာဏာစက်မှာမူ ထိုနယ်မြေတစ်ခုလုံးအား လွှမ်းခြုံထားနိုင်လောက်အောင် ကြီးမားနေခြင်းမရှိသေးပေ။

ယခုတွင် မြေဝိညာဉ် လူမှုအဖွဲ့အစည်း၏ မွဲခြောက်ခြောက် စကြဝဠာကြီး‌ထဲ၌ စူးရှတောက်ပသော အလင်းရောင်တစ်ခုမှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ ထို အလင်းရောင်မှာ တစ်ခဏမျှသာ ဝင်းလက်တောက်ပကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားသည်။

သို့ဖြစ်ရာ မြေဝိညာဉ် လူမှုအဖွဲ့အစည်းမှာ ၎င်းအား သတိမထားမိလိုက်ပေ။ ထို အလင်းရောင်များ တောက်ပလာပြီး ပျောက်ကွယ်သွားချိန်တွင် ၎င်းထဲမှ မြူခိုးများ ထွက်ပေါ်လာ၏။ ထိုမြူခိုးများမှာ အပြင်ဘက်၌ ပေါ်ပေါက်လာသည်နှင့် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အရှိန်မြှင့်တင်ကာ ခပ်လှမ်းလှမ်းရှိ စကြဝဠာကြီးဆီသို့ ဦးတည်သွားသည်။

ထို မြူခိုးများမှာ ထိုသို့ရွေ့လျားနေရင်း လမ်းတစ်လျှောက်တွင် ဝမ်ပေါင်လဲ့၏ လူရိပ်အဖြစ် ပြောင်းလဲသွား၏။ သူ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေရပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျိန်စာကြီးမှာ အချိန်ပြည့်သွားလောက်ပြီဖြစ်ကြောင်း သူက နားလည်ထားသောကြောင့်ပင်။ သို့ဖြစ်ရာ သူသည် ထွက်ပြေးမှ ရတော့မည်ဖြစ်သည်။

သူ ထိုသို့ ထွက်ပြေးသွားစဥ်မှာပင် ဟင်းလင်းပြင်ကြီးထဲ၌ နောက်ထပ် လူရိပ်တစ်ခုပေါ်ပေါက်လာ၏။ ထိုလူရိပ်ကြီး ရုပ်လုံးပေါ်လာသောအခါ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ညာလက်ရုံး အကြီးအကဲကြီးအား မြင်လိုက်ရတော့သည်။ သူသည် ဝမ်ပေါင်လဲ့၏နောက်သို့ ချက်ချင်း ပြေးလိုက်သွားပါသော်လည်း တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားရ၏။

သူသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ကျိန်စာစွမ်းအားများ လွင့်ပါးပျောက်ကွယ်သွားနေသည်ကို အာရုံခံမိနေသည့်တိုင်အောင် ထာဝရကြယ်ပေါ်၌ ဝမ်ပေါင်လဲ့အား တိုက်ခိုက်ခဲ့ပြီးနောက် သူ့အား အလွန်အင်မတန်မှ ကြောက်ရွံ့နေရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသည့်တိုင်အောင် သတိကြီးကြီးထားရန် ဆုံးဖြတ်လိုက်၏။

" ဒီနေရာက ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းရဲ့ ပိုင်နက်ဖြစ်နေတဲ့အပြင် လူလုပ် ထာဝရကြယ် မန္တန်အစီအရင်တစ်ခုကိုလည်း ပိုင်ဆိုင်ထားတာ။ လုံနန်ကျစ်။ မင်း ထွက်ပြေးစရာမြေ မရှိတော့ပါဘူး " ညာလက်ရုံး အကြီးအကဲကြီးမှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွားပြီး ဝမ်ပေါင်လဲ့အား လိုက်လံဖမ်းဆီးနေခြင်း မရှိတော့ဘဲ ရပ်တန့်လိုက်၏။ ထို့နောက် သူသည် မြေဝိညာဉ် လူမှုအဖွဲ့အစည်းထဲမှ ကျင့်ကြံသူများ နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ထားကြပြီး အနားသို့ မကပ်ရဲကြသည့် လူလုပ် ထာဝရကြယ်ကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။

သူသည် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းထဲမှ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်ဆိုသည့် ရာထူးအဆင့်အတန်းကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ဤ လက်အောက်ခံ လူမှုအဖွဲ့အစည်းထဲ၌ သူ့အား နတ်ဘုရားတစ်ပါးဟုပင် သတ်မှတ်နိုင်ပေသည်။ သူ မြေဝိညာဉ် လူမှုအဖွဲ့အစည်း၏ လူလုပ် ထာဝရကြယ်ကြီးဆီသို့ ဦးတည်သွားစဥ်မှာပင် မြေဝိညာဉ် လူမှုအဖွဲ့အစည်း တစ်ခုလုံးအား ဖိနှိပ်ချုပ်နှောင်ထားပြီး အဝင်အထွက် ပိတ်ဆို့နိုင်စွမ်းရှိသော မန္တန်အစီအရင်ကြီးတစ်ခုမှာ မြေဝိညာဉ် လူမှုအဖွဲ့အစည်း၏ အစွန်အဖျားပိုင်းမှ ထွက်ပေါ်လာတော့သည်။

All Chapters