ဥက္ကာပျံ သတ်ဖြတ်အစီအရင်
Vol. 90 Ch. 1257
ရီချန်နှင့် ချစ်တင်းနှောလိုက်ခြင်းက ကျန်းရီ၏ သတ္တမမြောက် ကြယ်စက်လုံးကို မမျှော်လင့်ဘဲ ပြောင်းလဲသွားစေသည်။ ထို့ကြောင့် ကျန်းရီ သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိလာသည်။ သူ၏အတွင်းအားက ပိုအားကောင်းလာလေလေ၊ သူ၏စွမ်းရည်များက ပိုအစွမ်းထက်လာလေလေဖြစ်သည်။ သူ့ခန္ဓာကိုယ်ကလည်း ကြယ်တာရာစွမ်းအားကြောင့် ပိုသန်မာလာမည်ဖြစ်သည်။
သို့သော် တစ်ချီပြီးသွားပြီးနောက် ကျန်းရီတွင် ယဉ်ရို့ပင်းနှင့် ဆက်နှစ်ပါးသွားရန် ခွန်အားမကျန်တော့ပေ။ လျှပ်စီးဓာတ်က သူ့တစ်ကိုယ်လုံးကို ထုံသွားစေခဲ့သည်။ သူ ပြန်ကောင်းလာရန် တစ်နာရီ အချိန်ယူခဲ့ရသည်။ ရီချန်က မောပန်းမှုကြောင့် အိပ်ပျော်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကျန်းရီနှင့် ရီချန်တို့သည် တစ်ညလုံး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်၍ အိပ်လိုက်ကြပြီး မိုးလင်းမှ နိုးလာလေတော့သည်။
“အား ယားယား...”
ရီချန်က အရင်ဆုံး နိုးလာသည်။ သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၍ ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ခပ်သွက်သွက် ရေမိုးချိုးကာ အဝတ်အစား ဝတ်လိုက်သည်။ ကျန်းရီက သူမ အဝတ်လဲနေသည်ကို ကုတင်ပေါ်မှ လှဲကာ ကြည့်နေကြောင်း တွေ့လိုက်ရ၍ သူမ ရှက်ဒေါသ ထွက်လာသည်။
“အဖေ၊ အဘိုးနဲ့ ကျန်တဲ့သူတွေက ကျွန်မတို့ကို စောင့်နေကြတယ်။ ရှင် မထသေးဘဲ ဘာလုပ်နေတာလဲ”
“အို့..အို့...”
နောက်ဆုံးတွင် ကျန်းရီလည်း အမှတ်ရသွားပြီး ရှက်သွားသည်။ အဘိုးကြီးတစ်စုက သူ မင်္ဂလာခန်းမှ ထွက်လာမည်ကို စောင့်နေကြပေသည်။ သို့သော် သူကတော့ သတို့သမီးအသစ်စက်စက်လေးကို ဖက်ကာ အိပ်ပျော်နေခဲ့သည်။
ကျန်းရီသည် တစ်ညလုံး အိပ်ပြီးနောက် အတော်လေး အားအင်ပြည့်နေသည်။ သူ ရေမိုးချိုးကာ အဝတ်လဲလှယ်ဝတ်ဆင်ပြီးနောက် အခန်းအပြင်ထွက်လိုက်သည်။ သို့သော် ရီချန်က ရှက်နေသဖြင့် အပြင်မထွက်လိုသေးကြောင်း ငြင်းသည်။ ထို့ကြောင့် ကျန်းရီသည် ယဉ်ရို့ပင်းကို သွားတွေ့လိုက်သည်။ ယဉ်ရို့ပင်းကလည်း ရှက်နေရာ ကျန်းရီတစ်ယောက်တည်းသာ နန်းတော်အပြင် ထွက်သွားရသည်။
စားပွဲသောက်ပွဲက ပြီးသွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထိုနေရာရှိ လူများက အလွန်သန်မာကြသဖြင့် သေရည်မမူးကြပေ။ ကျန်းရီသည် နန်းတော်အပြင်၌ မျိုးနွယ်စုခေါင်းဆောင်များ စုဝေးနေကြောင်းကို မျှော်လင့်မထားဘဲ တွေ့လိုက်ရသည်။ အနည်းဆုံး မျိုးနွယ်စုခေါင်းဆောင် အယောက်ခြောက်ဆယ်လောက် ရှိပေမည်။ သူတို့အားလုံးက ကောင်းမွန်စွာ ဝတ်ဆင်ထားကြသည်။ သူတော်စင်အင်ပါယာ၊ ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများက သူ့ကို ရဲတိုက်တစ်ခုထဲတွင် စောင့်နေကြသည်။
“လုံချူ... ဘာလို့ လူတွေအများကြီး စုဝေးထားတာလဲ”
ကျန်းရီက သူတော်စင်အင်ပါယာကိုကြည့်၍ မေးလိုက်သည်။ လုံချူက ပြန်ဖြေသည်။
“အရှင်ငယ်က အပြင်လောကကို သွားပြီး ကိစ္စကြီးတစ်ခုကို ရင်ဆိုင်ရတော့မှာ ဆိုတော့ ကျွန်တော်လည်း ကူညီပေးချင်လို့ပါ။ ဒီသေမင်းကုန်းမြေမှာ မျိုးနွယ်စုခေါင်းဆောင် တစ်ရာ့ရှစ်ယောက် ရှိပါတယ်။ အဲ့ထဲက အသန်မာဆုံး အယောက်ခြောက်ဆယ်ကို ကျွန်တော် စုစည်းထားပါတယ်။ ကျန်တဲ့လူတွေကတော့ ကုန်းမြေကို စောင့်ရှောက်ရမှာပေါ့။ အဲ့အယောက်ခြောက်ဆယ်က အရှင်ငယ်နဲ့အတူ အပြင်လောကကို လိုက်ပါလိမ့်မယ်။ အဲ... ကျွန်တော်လည်း အပြင်လောကကို လိုက်ခဲ့မှာပါ”
“အဲ့ဒါက...”
ကျန်းရီ အံ့အားသင့်သွားသည်။ သူသည် ဝမ်းလည်းဝမ်းမြောက်မိသလို စိုးလည်းစိုးရိမ်မိပေသည်။ သူ ဝမ်းမြောက်ခြင်းမှာ ထိုလူစု၏ အကူအညီနှင့်ဆိုလျှင် မြောက်ဘက်ဧကရာဇ်နှင့် ရှင်းမိုကို အနိုင်ယူနိုင်ရန် အခွင့်အရေး ပိုများသွား၍ဖြစ်သည်။ သူတော်စင်အင်ပါယာက ကြယ်ကိုးပွင့်အဆင့် သိုင်းပညာရှင်များနှင့် ယှဉ်နိုင်ပြီး မျိုးနွယ်စုခေါင်းဆောင်များက သာမန်နတ်ဘုရားတစ်ပိုင်းများနှင့် ယှဉ်နိုင်ပေသည်။ နတ်ဘုရားတစ်ပိုင်း ပညာရှင် အယောက်ခြောက်ဆယ်ဆိုသည်မှာ အလွန်ကြီးမားသော အင်အားပင်။ သူ စိုးရိမ်မိသည်မှာကား သူတို့ကို အပြင်လောကသို့ ခေါ်သွားလျှင် သူ့ပခုံးထက်မှ ဝန်ထုပ်ဝန်ပိုးက ပိုလေးလံလာမည်ဖြစ်၍ပင်။ သူတို့အားလုံးက တိုက်ပွဲတွင် သေဆုံးသွားလျှင် သူသည် တစ်သက်လုံး စိတ်မသက်မသာ ဖြစ်နေရမည်ဖြစ်သည်။
သူတော်စင်အင်ပါယာသည် ကျန်းရီ၏ မျက်ဝန်းထဲမှ စိုးရိမ်မှုအရိပ်အယောင်များကို မြင်လိုက်၍ အလွန်လေးနက်စွာ ပြောလိုက်သည်။
“အရှင်ငယ်... မစိုးရိမ်ပါနဲ့။ အရှင်ငယ်ကြောင့်သာ မဟုတ်ရင် သေမင်းကုန်းမြေတစ်ခုလုံးက လူတွေက လူယုတ်မာအိုကြီးရဲ့ ကျွန်တွေ ဖြစ်နေရဦးမှာပါ။ ကျွန်တော်တို့ အရှင်ငယ်ရဲ့ ကျေးဇူးကို ပြန်ဆပ်ချင်ပါတယ်။ ပြီးတော့... သူတော်စင်အရှင်ကြောင့်သာ မဟုတ်ခဲ့ရင် သေမင်းကုန်းမြေတစ်ခုလုံး ပျက်စီးသွားခဲ့တာ ကြာလောက်ပါပြီ။ အခု သူတော်စင်အရှင်ရဲ့ လောက,က ကျွန်တော်တို့ရဲ့ အကူအညီကို လိုအပ်နေတာကို ကျွန်တော်တို့က ဘယ်လိုလုပ် ဘာမှမလုပ်ဘဲ ထိုင်နေနိုင်မှာပါလဲ”
ဗုဒ္ဓဧကရာဇ်နှင့် အခြားသူအားလုံးက နှုတ်ဆိတ်နေကြသည်။ သူတို့သည် ကျန်းရီက သူတော်စင်အင်ပါယာတို့ကို ခေါ်ခဲ့ပါစေဟု မျှော်လင့်နေကြသော်လည်း ထိုကိစ္စမှာ သူတို့ဝင်ပါသင့်သောကိစ္စ မဟုတ်ပေ။ ကျန်းရီကသာ ဆုံးဖြတ်ရပေလိမ့်မည်။
“ကောင်းပြီလေ”
ကျန်းရီသည် အားလုံးကို ကြည့်၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့အားလုံးကို အပြင်လောကကို ခေါ်သွားဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ။ ပြီးတော့ ကျွန်တော် အသက်ရှင်နေသ၍ ဒီသေမင်းကုန်းမြေက လူတွေကို ကာကွယ်ပေးမှာပါ”
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်ငယ်”
သူတော်စင်အင်ပါယာက ဦးညွှတ်လိုက်သည်။ ဗုဒ္ဓဧကရာဇ်တို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ကျန်းရီ အော်ပြောလိုက်သည်။
“အားလုံး အဆင်သင့်ဖြစ်ကြပါပြီလား။ သွားကြတာပေါ့”
“အင်း...”
ဗုဒ္ဓဧကရာဇ်နှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြသည်။ သို့သော် ညဧကရီက ကျန်းရီထံ ရုတ်တရက် အသံပို့လွှတ်လိုက်သည်။
“ကျန်းရီ... မင်းရဲ့ ညီမလေးက အခန်းထဲမှာ အိပ်နေတုန်းပဲ။ သူ့ကို တစ်ချက်သွားကြည့်လိုက်ဦး”
“ရှောင်နူလား”
ကျန်းရီသည် ထိုအခါမှ ကျန်းရှောင်နူက အပြင်ဘက်တွင် ရှိနေသေးကြောင်း သတိပြုမိသွားသည်။ သူသည် သူမ၏အခန်းသို့ ခပ်သွက်သွက် သွားလိုက်၏။ ရှောင်နူက အမူးမပြေသေးပေ။ သူမသည် ရှောင်ဖေးကိုဖက်၍ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။
“ဒီကောင်မလေးကတော့...”
အပြင်လောကသို့ ထွက်တော့မည်ဖြစ်၍ ကျန်းရီတွင် လုပ်စရာကိစ္စများစွာ ရှိနေသည်။ သူသည် ရှောင်နူနှင့် ရှောင်ဖေးကို ပွေ့၍ အပြင်သို့ ထွက်ကာ ပြောလိုက်သည်။
“သွားကြစို့။ အကုန်လုံး ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို ဝင်လိုက်ကြပါ။ ကျွန်တော်တစ်ယောက်ပဲ ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းကို ဖြတ်ပါမယ်”
အားလုံးသည် ကျန်းရီ၏ ညွှန်ကြားချက်အတိုင်း လုပ်လိုက်ကြသည်။ သူတော်စင်အင်ပါယာက အရာအားလုံးကို ယခင်ကတည်းက ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ အပြင်လောကမှလူက သေမင်းဆန်းကြယ်နယ်မြေသို့ ဝင်မလာသ၍ နယ်မြေထဲတွင် မည်သည့်ပြဿနာမှ ရှိမည် မဟုတ်ပေ။ ကျန်းရီသည် အားလုံးကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲသို့ ပို့ပြီးနောက် မြို့ထဲရှိ လူအားလုံး၏ မျက်လုံးများအောက်မှာပင် မြောက်ဘက်သို့ ဦးတည်သွားလိုက်လေသည်။
မြောက်ဘက်ရှိ တောင်များက အလွန်အန္တရာယ်များသည်။ သို့သော် ယခုတွင် ကျန်းရီ၏ ခန္ဓာကိုယ်က အလွန်သန်မာနေပြီဖြစ်သည်။ သူ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ဝေးဝေးသို့ ရောက်သည်။ သူ၏ အမြန်နှုန်းက သူတော်စင်အင်ပါယာ၏ အမြန်နှုန်းနှင့် သိပ်မကွာတော့ပေ။ တော်ဝင်သားရဲဆယ်ကောင်၏ သွေးစွမ်းအင်များနှင့် ကောင်းကင်မိုးကြိုးခန္ဓာ၏ စွမ်းအားကို ပေါင်းစည်းလိုက်သောအခါ ကျန်းရီ၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်သွားလေသည်။
ဟိန်း...ဟိန်း...
အဝေးရှိ တောင်ပေါ်တောအုပ်တစ်ခုမှနေ၍ ဧရာမခြင်္သေ့ကြီးတစ်ကောင် ပြေးလာ၏။ ကျန်းရီသည် အရှိန်မလျှော့သလို မီးနဂါးဓားကိုလည်း မထုတ်လိုက်ပေ။ လက်သီးဖြင့်သာ တိုက်ရိုက် ထိုးချလိုက်သည်။
ဟူး...
ကျန်းရီ၏ လက်သီးချက်ကြောင့် လေပြင်းတစ်ချက်ပင် တိုက်ခတ်သွားပြီး အာကာပြင်တွင် အက်ကြောင်းများ ထင်သွားသည်။ ဤနယ်မြေထဲရှိ အာကာပြင်က အလွန်ခိုင်မာသည်။ နတ်ဘုရားဇီဝိန်ခြွေမှလွဲ၍ သာမန်တိုက်ခိုက်မှုများသည် အာကာပြင်တွင် အက်ကြောင်းထင်စေမည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းရီ၏ ခန္ဓာကိုယ်စွမ်းအားက နတ်ဘုရားဇီဝိန်ခြွေ၏ စွမ်းအားနှင့် အနည်းနှင့်အများဆိုသလို ယှဉ်နိုင်နေပြီဖြစ်ကြောင်း ထင်ရှားပေသည်။
ဝုန်း...
ဧရာမခြင်္သေ့ကြီးသည် ကျန်းရီ၏ လက်သီးချက်ကို ခံလိုက်ရသောအခါ ခေါင်းပွင့်ထွက်သွားပြီး ကိုယ်က အနောက်သို့ လွင့်ပျံသွားသည်။ ထို့နောက် အနီးရှိ တောင်တစ်လုံးနှင့် ပြင်းထန်စွာ သွားဆောင့်ပေသည်။ ကျန်းရီသည် သူ၏လက်သီးကို ကြည့်လိုက်ပြီး မည်သည့်ထိခိုက်မှုကိုမှ မတွေ့သောအခါ အံ့အားသင့်စွာ ပြောလိုက်သည်။
“ရူးချင်စရာပဲ။ အခု ငါ့ရဲ့ လက်သီးသက်သက်က ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်ရဲ့ စွမ်းအားနဲ့ ညီနေပြီလား”
ကျန်းရီသည် ခေတ္တမျှ စိတ်လှုပ်ရှားသွား၏။ တော်ဝင်သားရဲဆယ်ကောင်မှာ နောက်တက်မည့် သူတော်စင်အင်ပါယာအတွက် ဖြစ်သည်။ သို့သော် သူက ထိုသားရဲများ၏ သွေးကို သောက်ခဲ့ရသည်။ သူတော်စင်အင်ပါယာတိုင်း၏ ခန္ဓာကိုယ်အင်အားက ကြယ်ရှစ်ပွင့်အဆင့် သိုင်းပညာရှင်၏ စွမ်းအားနှင့် ယှဉ်နိုင်ကြသည်။ ထို့ပြင် ကျန်းရီ၏ ခန္ဓာကိုယ်က ကောင်းကင်မိုးကြိုးခန္ဓာမှ လျှပ်စီးစွမ်းအားကြောင့်လည်း ပိုသန်မာလာခဲ့သည်။ ထို့ကြောင့် သူ၏အင်အားက ယခုမျှကြီးနေသည်မှာ ပုံမှန်သာဖြစ်ပေသည်။
“သွားမယ်...”
ကျန်းရီသည် အမြန်ဆုံးအရှိန်ဖြင့် ဆက်သွားလိုက်၏။ တစ်ခဏအတွင်းမှာပင် သူ တောင်ထိပ်တစ်ခုသို့ ရောက်သွားသည်။ သားရဲရိုင်းမျာစွာသည် သူ့နောက်သို့ လိုက်လိုကြသော်လည်း သူ့အမြန်နှုန်းကို မယှဉ်နိုင်ကြပေ။
“ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်း”
ကျန်းရီသည် တောင်ကမ်းပါးထိပ်တွင် ရပ်၍ အောက်ခြေမဲ့ ချောက်နက်ကြီးကို ငုံ့ကြည့်လိုက်၏။ ကမ်းပါးကို မြူခိုးဖြူများနှင့် တိမ်များက ရစ်သိုင်းထားသည်။ ကျန်းရီ၏ မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့် ရှိနေသည်။ သူသည် အင်အားကြီး ခန္ဓာတစ်ခုကို ပိုင်ဆိုင်ထားပြီဖြစ်၍ ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းကို မဖြတ်ကျော်နိုင်လျှင်လည်း အထွန့်ထက်စရာ မရှိတော့ပေ။
ဝှစ်...
ကျန်းရီသည် ခေတ္တမျှ ကြည့်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ချောက်နက်ထဲသို့ ခုန်ချလိုက်သည်။ သူသည် အရှိန်အဟုန်အပြည့်ဖြင့် ကျဆင်းသွား၏။ မြူခိုးဖြူများကို ဖြတ်ရသောအခါ သူ့ခန္ဓာကိုယ်က လင်းလက်ကာ ပျောက်ကွယ်သွားလေသည်။
‘ဒါက ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းလား’
ကျန်းရီသည် မည်းမှောင်နေသော ဥမင်လိုဏ်ခေါင်းတစ်ခုထဲသို့ ရောက်သွား၏။ ထိုဥမင်က ကြီးမားပြီး ပေတစ်သောင်းကျယ်သည်။ ကျန်းရီသည် ဥမင်ထဲသို့ ပြင်းထန်သော အရှိန်ဖြင့် ပြုတ်ကျလာသည်။
ရုတ်တရက်...
အောက်ဘက်မှနေ၍ စူးရှသော အသံများ ထွက်ပေါ်လာ၏။ ထို့နောက် ထူးဆန်းသော အရိပ်နက်တစ်ဒါဇင်လောက် ထွက်လာသည်။ ၎င်းတို့က အလွန်မြန်သဖြင့် ကျန်းရီသည် ၎င်းတို့ကို ကောင်းကောင်း မကြည့်နိုင်သေးခင်မှာပင် တိုက်ခိုက်ခံလိုက်ရသည်။
ဝုန်း...ဝုန်း...ဝုန်း...
အရိပ်နက်လေးများမှာ ကျောက်တုံးလေးများဖြစ်သည်။ ထိုကျောက်တုံးလေးများက ကျန်းရီ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ထိမှန်ကာ ပေါက်ကွဲနေကြသည်။ ကျောက်တုံးလေးများအားလုံး ဖျက်ဆီးခံလိုက်ရပြီးနောက် ကျန်းရီသည် အတန်ငယ် စပ်ဖျင်းဖျင်းဖြစ်နေသော သူ့နောက်ကျောကို လက်ပြန်ပွတ်ကာ ခေါင်းညိတ်၍ ရေရွတ်လိုက်သည်။
“ဥက္ကာပျံ သတ်ဖြတ်အစီအရင်က တကယ့်ကို ထူးခြားတာပဲ။ ခံနိုင်ရည်သာ မကောင်းရင် အဲ့ကျောက်တုံးတွေ မှန်ပြီး သေသွားမှာပဲ။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်၊ ထောင်ဧကရာဇ်ဒိုင်း ထွက်လာခဲ့...”
ကျန်းရီက အမိန့်ပေးလိုက်သောအခါ အနက်ရောင် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က သူ့ကိုယ်ပေါ်တွင် ထွက်ပေါ်လာသည်။ ထောင်ဧကရာဇ်ဒိုင်းလည်း အကောင်အထည်ပေါ်လာသည်။ ကျန်းရီသည် ဒိုင်းကို ထိန်းချုပ်၍ သူ့တစ်ကိုယ်လုံးကို ဝန်းရံလိုက်ပြီး နောက်တစ်ချီအတွက် အသင့်ပြင်ထားလိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်...
မျှော်လင့်ထားသလိုပင်။ စက္ကန့်သုံးဆယ်ကြာပြီးနောက် ဘေးဘယ်ညာမှနေ၍ အရိပ်နက်များ ထွက်လာသည်။ ၎င်းတို့၏ အရှိန်က အလွန်လျင်မြန်သည်။ ကျန်းရီက ၎င်းတို့ကို သေချာ မမြင်လိုက်ရသေးခင်မှာပင် ၎င်းတို့က ထိမှန်ကုန်ပေပြီ။ ထိမှန်အားကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ကျန်းရီသည် လက်သီးနှစ်ဘက်ဖြင့် သူ့ညာဘက်မှ ကျောက်တုံးကြီးတစ်တုံးကို ထိုးချလိုက်သည်။ တစ်ချိန်တည်းမှာပင် ထောင်ဧကရာဇ်ဒိုင်းက ဘယ်ဘက်မှ ကျောက်တုံးကို ကာလိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
ထောင်ဧကရာဇ်ဒိုင်းက ကျန်းရီကို စိတ်မပျက်စေခဲ့ပေ။ ၎င်းသည် ဘယ်ဘက်မှ ကျောက်တုံးကြီးကို အလွယ်တကူ ကာပေးနိုင်လိုက်သည်။ ညာဘက်ရှိ ကျောက်တုံးကြီးကလည်း အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီး ကျောက်ကွဲစများက ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို သွားမှန်ကြသည်။ ဆန်းကြယ်နတ်ဘုရားချပ်ဝတ်က အနက်ရောင်အလင်း တောက်ပလာပြီး ကျောက်ကွဲစအားလုံးကို ကာလိုက်သည်။ ထို့ကြောင့် ကျန်းရီသည် အတန်ငယ်သာ တုန်ယင်သွားသည်။
“လခွမ်း...”
အစောတွင် ကျန်းရီသည် ဥက္ကာပျံ သတ်ဖြတ်အစီအရင်ကို ခံနိုင်လိမ့်မည်ဟု တွေးမိခဲ့သည်။ ယခုတွင်မူ သူ အတွေးပြောင်းသွားပေပြီ။ ကျောက်တုံးလေးများက အရပ်မျက်နှာအနှံ့မှနေ၍ သူ့ထံသို့ ပျံဝင်လာနေသည်။ ထောင်ဧကရာဇ်ဒိုင်းက တစ်ဘက်ကိုသာ ကာပေးနိုင်သဖြင့် ကျန်းရီသည် သူ၏ခန္ဓာကိုယ်နှင့် ဆန်းကြယ်နတ်ဘုရားချပ်ဝတ်ကို သုံး၍ အခြားဘက်များကို ကာရသည်။ ထို့ပြင် ကျောက်တုံးလေးများက တဖြည်းဖြည်း ကြီးလာနေသည်။ ကျောက်တုံးတစ်တုံးဆိုလျှင် အနံ ပေသုံးဆယ်ပင် ရှိလေသည်။
***