ကန့်သတ်ဒေသ စတင်ဖွင့်လှစ်ပြီ
Vol. 18 Ch. 241
"ဝိညာဥ်ပုလဲကို ဘယ်လိုသုံးလို့ရလဲ"
ယဲ့ချန်က မေးလိုက်သည်။
"ခေါင်းဆောင်ဟောင်းတစ်ယောက်က ဝိညာဥ်ပုလဲကိုသိပေမယ့် အသုံးဝင်ပုံနဲ့ ဖန်တီးသူကို မသိရဘူး။ နောက်ထပ်ခေါင်းဆောင်တစ်ယောက်က ဝိညာဥ်ပုလဲက အစွမ်းထက်လို့ မပေါ့ဆဖို့ သတိပေးလိုက်တယ်။ ဒီရတနာက လူကိုပြန်ပြီး ထိန်းချုပ်သွားရင် ပြဿနာများနိုင်တယ်"
ရှောင်ရိက အမွေးပွလေး၏အဖြေကို ဘာသာပြန်ပေးလိုက်သည်။ လက်နက်လေးတစ်ခုတွင် လူသားဝိညာဥ်က နေထိုင်နိုင်သည့်အဖြစ်ကို သူက စိတ်ရှုပ်နေပုံပေါ်သည်။
ယဲ့ချန်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဝိညာဥ်ပုလဲ၏အစွမ်းက ဝိညာဥ်အသိစိတ်ကို ဖျက်ဆီးလိုက်သော အဖြစ်ကို ပြန်တွေးလိုက်သည်။ ဓားပျံကသာ ဝင်ရောက်ကယ်ဆယ်ခြင်းမရှိလျှင် ရလဒ်က အလွန်ဆိုးရွားသွားနိုင်၏။ သူသည် ရတနာတစ်ခုအတွင်း လူတစ်ယောက်က ဝိညာဥ်အသွင်ဖြင့်နေထိုင်ပြီး ဆက်လက်ကျင့်ကြံကာ အသက်ရှည်နိုင်ခြင်းကို မကြားဖူးပေ။ လိပ်ပြာလက်နက်ပြုလုပ်သော ပညာနှင့် လူသားရုပ်သေးပညာရပ်တွင် တူညီသော နိယာမများပင် ရှိနေနိုင်သည်။
"လိပ်ပြာလက်နက်တွေက ကောင်းကင်ကိုဆန့်ကျင်တဲ့ တည်ရှိမှု ဖြစ်တယ်။ နှစ်ပေါင်းထောင်ချီကြာတိုင်း ကောင်းကင်ကပ်ဘေး ကျဆင်းလာတတ်ပြီး အများစုက ဖျက်ဆီးခံကြရတယ်။ ယေဘူယျပြောရရင် လိပ်ပြာလက်နက်ရဲ့သက်တမ်းက ရှည်လေလေ ကျဆင်းလာတဲ့ ကောင်းကင်ကပ်ဘေးက အစွမ်းထက်လေလေပဲ။ ဝိညာဥ်ပုလဲက သက်တမ်းနှစ်သောင်းချီ ကြာနေပြီဆိုတော့ ကောင်းကင်ကပ်ဘေးကို တစ်နည်းနည်းနဲ့ရှောင်ရှားနိုင်ခဲ့တယ်လို့ ခေါင်းဆောင်က ပြောတယ်။ ပုံရိပ်ယောင်ပုလဲအတွင်းမှာ မြေခွေးမျိုးနွယ်ရဲ့ဘိုးဘေးတွေ ပူးပေါင်းပြီး ဝိညာဥ်စွမ်းအားနဲ့ အစီအရင်တစ်ခု ခင်းကျင်းထားတယ်။ ဒါကြောင့် ကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်တာဖြစ်တယ်"
အမွေးပွလေး၏စကားများကို ရှောင်ရိက ဆက်လက်ဘာသာပြန်ပေးခဲ့သည်။
ပုံရိပ်ယောင်ပုလဲက အစွမ်းထက်လွန်းသဖြင့် ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်နိုင်သည်။ ဝိညာဥ်ပုလဲသည် ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်ခြင်းက တွေးစရာဖြစ်လာခဲ့သည်။
"ဒါက ကျောက်စိမ်းနန်းတော်ကြောင့် ဖြစ်မယ်။ ဝိညာဥ်ပုလဲက ကျောက်စိမ်းနန်းတော်ထဲမှာရှိနေလို့ ကောင်းကင်ကပ်ဘေး ကျဆင်းမလာတာ ဖြစ်နိုင်တယ်။ ကျောက်စိမ်းနန်းတော်က ဒီလိပ်ပြာလက်နက်တွေထက် ပိုအစွမ်းထက်နေတာလား"
ယဲ့ချန်က တစ်ချက်တွေးတော၍ ဖြစ်နိုင်ချေကို စဥ်းစားလိုက််သည်။
ဝိညာဥ်ပုလဲကို အထင်သေး၍မရသော်လည်း ယဲ့ချန်တွင် ဓားပျံရှိနေသောကြောင့် ကြောက်စရာမလိုချေ။ ထို့ကြောင့် သူက စိတ်အေးသွားရသည်။ အဖိုးတန်ရတနာများစွာ ပိုင်ဆိုင်ထားခြင်းက ကောင်းကျိုးကိုသာ ဖြစ်စေသည်မဟုတ်ပေ။ ဝိညာဥ်ပုလဲနှင့် ကောင်းကင်ကြယ်တာရာတံဆိပ်တစ်စုံကို ပေါ့ပေါ့ဆဆသဘောထားမိလျှင် သူ၏အသက်ကို နုတ်ယူသွားနိုင်သည်။
ဝိညာဥ်ပုလဲ အသက်ဝင်လာသော အကြောင်းအရင်းကို ယဲ့ချန်ကမသေချာပေ။ ကန့်သတ်ဒေသကြောင့်ဆိုလျှင် အလွန်ဆန်းကျယ်နေပြီဖြစ်သည်။ သူက ရတနာများကို လက်မောင်းကာအတွင်း ထည့်သိမ်းလိုက်ပြီး ဆက်လက်ပူပန်မနေရန် ဆုံးဖြတ်လိုက်၏။ ဝိညာဥ်ပုလဲကိုမူ သူ၏အင်္ကျီအိတ်ကပ်အတွင်း ထည့်ထားလိုက်ပြီး နောက်တစ်ကြိမ်အသက်ဝင်လာလျှင် အချိန်မီကာကွယ်နိုင်ရန် ဖြစ်သည်။
ဝိညာဥ်ပုလဲက ဓားပျံကိုမနိုင်သောကြောင့် ၎င်းကိုအညံ့ခံစေရန် ယဲ့ချန်က ယုံကြည်ချက်ရှိသည်။ ၎င်းက ပြန်လည်တိုက်ခိုက်လာမည်ကို မစိုးရိမ်ပေ။ လက်ရှိတွင် သူက ဖြစ်ပျက်လာသမျှကို စောင့်ကြည့်မည်ဖြစ်သည်။
နောက်ထပ်တစ်ရက် ကုန်ဆုံးသွားပြီး နံနက်စောစောတွင် မြေဝိဇ္ဇာများက သိုင်းပညာများကျင့်ကြံနေကြသည်။ သူတို့က အဆင့်သုံးနှင့်အဆင့်လေး သိုင်းပညာများကို အားစိုက်လေ့ကျင့်နေကြသည်။ အဆင့်ငါးနှင့်ခြောက်ကျင့်စဥ်များကမူ သူတို့အတွက် လက်လှမ်းမမီချေ။ မင်ဝူပင်လျှင် မျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းလာသော အဆင့်ခြောက်သိုင်းတစ်ခုကိုသာ တတ်မြောက်ထားသည်။
သိုင်းပညာရပ်များသည် ကောင်းကင်ချီကျင့်စဥ်နှင့် လိုက်ဖက်ညီလျှင် အကောင်းဆုံးဖြစ်သည်။ ရှီဝူအင်ပါယာ၏ ဘဏ္ဍာတိုက်ထဲတွင် အဆင့်ခြောက်သိုင်းပညာများကို မှတ်တမ်းတင်ထားသော စာလိပ်များစွာရှိသည်။ သို့သော် ၎င်းတို့နှင့်လိုက်ဖက်သော ကောင်းကင်ချီကျင့်စဥ်မရှိသဖြင့် မှီငြမ်းအနေဖြင့်သာ ကျင့်ကြံနိုင်ကြသည်။ အလွန်ပါရမီကောင်းမွန်သော ကျင့်ကြံသူတစ်ယောက်သာမရှိလျှင် ထိုကျင့်စဥ်များကို ပြင်ဆင်လေ့လာရန် မဖြစ်နိုင်ချေ။
နံနက်အလင်းရောက်သောအခါ အခြားနေရာမှငှက်များက ကန့်သတ်ဒေသကျွန်းပေါ်သို့ အစာရှာရန် ပြန်ရောက်လာကြသည်။
"အရှင်မင်းကြီး ကန့်သတ်ဒေသရဲ့ ညအချိန်မှာ မှော်သားရဲတွေ ထွက်လာတတ်တယ်လို့ ကြားဖူးလား"
ယဲ့ချန်က မေးလိုက်သည်။ ကျွန်းပေါ်တွင် ငှက်သိုက်များ လုံးဝမရှိသောကြောင့် အလွန်ထူးဆန်းသော ဖြစ်ရပ်တစ်ခုပင်။
"ရှီဝူအင်ပါယာရဲ့သမိုင်းမှာ ဒီကျွန်းပေါ်ကနေ အသက်ရှင်လျက်ပြန်လာနိုင်တဲ့သူ သိပ်မရှိဘူး။ ပြန်လာနိုင်တဲ့သူတွေက ကျွန်းအကြောင်းသိသမျှကို မြေပုံဆွဲပြီး ပြောပြခဲ့ကြတယ်။ ဒါပေမယ့် မင်းပြောတဲ့ မှော်သားရဲတွေကို တွေ့ဖူးတယ်လို့ ဘယ်သူမှမပြောခဲ့ကြဘူး"
မင်ဝူက အနည်းငယ်စဥ်းစား၍ ဖြေလိုက်သည်။
ကန့်သတ်ဒေသက အလွန်ထူးဆန်းနေသဖြင့် ယဲ့ချန်အနေဖြင့် အတွင်းသို့ဝင်ရောက်ပြီးလျှင် အဖြေရှာမည်ဖြစ်သည်။
နောက်ထပ်နှစ်ရက်ကုန်ဆုံးသွားကာ နောက်ဆုံးတွင် ကန့်သတ်ဒေသတိုက်ပွဲ ဖွင့်လှစ်ရန် အချိန်ကျရောက်လာလေသည်။
ယဲ့ချန်၊ မင်ဝူနှင့် ကျန်အဖွဲ့သားများက အထုပ်အပိုးများသယ်ဆောင်၍ ကန့်သတ်ဒေသ၏မုခ်ဝထံ လျှောက်လာကြသည်။
ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့် ရုပ်သေးနှစ်ကောင်က ခန္ဓာကိုယ်ကို တည်ငြိမ်စွာထား၍ ခေါင်းကိုသာ လှည့်ကြည့်လာခဲ့သည်။ ၎င်းတို့၏အကြည့်ကြောင့် လူတိုင်း ကျောစိမ့်သွားကြ၏။
ဤအစောင့်များက ရုပ်သေးများဖြစ်ကြောင်း သိပြီးနောက် မင်ဝူက မသိမသာအကဲခတ်လိုက်သည်။ ဂရုတစိုက်ကြည့်လိုက်သောအခါ သူက မည်သည့်အသက်စွမ်းအင်ကိုမှ အာရုံမခံနိုင်ခဲ့ချေ။
"မင်းတို့ ဝင်နိုင်ပြီ"
ရုပ်သေးတစ်ကောင်က ခပ်အက်အက်ပြောလိုက်သည်။ ၎င်း၏အသံက သစ်တုံးကို လွှဖြင့်တိုက်စားနေသော အသံကဲ့သို့ နားဝင်ဆိုးပေသည်။
ရှီဝူအင်ပါယာအဖွဲ့က စကားတစ်ခွန်းမှမဆိုဘဲ မုခ်ဝကို ဖြတ်ကျော်သွားကြ၏။
"အစ်ကိုကြီး ဒီနှစ်ယောက်က ထူးဆန်းလွန်းတယ်။ သူတို့က လူသားမဟုတ်ဘူးမလား"
အဝေးသို့ရောက်သောအခါ ရှောင်ရိက ယဲ့ချန်ကိုမော့ကြည့်၍ မေးလိုက်သည်။
"ဟုတ်တယ်"
ယဲ့ချန်က ခေါင်းညိတ်၍ အဝေးမှရုပ်သေးနှစ်ကောင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ သမာဓိကောင်စီက ဤနေရာတွင် လျှို့ဝှက်ချက်များကို သေချာပေါက်ဖုံးကွယ်ထားပေမည်။
အမွေးပွလေးက ယဲ့ချန်၏ပခုံးပေါ်တွင်ဝပ်၍ အတွေးနက်နေခဲ့သည်။
"ကန့်သတ်ဒေသအတွင်းကို ရောက်ပြီဆိုတော့ နန်မန်တိုင်းပြည်ကရန်သူတွေကို အရင်ဆုံးသတ်ကြမယ်"
ယဲ့ချန်က စိုးရိမ်စိတ်များကို ပယ်ဖျောက်၍ အဓိကကိစ္စကို အာရုံစိုက်လိုက်သည်။ သူ၏အမိန့်ဖြင့် ရှီဝူအင်ပါယာစစ်သည်များက နှစ်ဖွဲ့ခွဲ၍ တောအတွင်း ဝင်ရောက်လာကြသည်။ ထို့နောက် ရန်သူများ၏သဲလွန်စများကို အလေးအနက် လိုက်လံရှာဖွေနေကြသည်။
တစ်ချိန်တည်းမှာပင် ကန့်သတ်ဒေသ၏ အခြားတစ်ဖက်တွင် ထို့ပါရန်က နန်မန်တိုင်းပြည်စစ်သည်များကို ဦးဆောင်ဝင်ရောက်လာပြီဖြစ်သည်။
"အမတ်ကြီး ရှီဝူအင်ပါယာက ဘယ်လိုစစ်သည်မျိုးတွေ ပို့လိုက်မယ်လို့ထင်လဲ"
ထူးခြားသောရုပ်ရည်နှင့် သက်လတ်ပိုင်းလူတစ်ယောက်က မေးလိုက်သည်။ သူ၏အရေပြားက နက်မှောင်နေပြီး ခန္ဓာကိုယ်က ပုကွသေးငယ်၏။ သူပြုံးလိုက်သောအခါ တြိဂံသဏ္ဍာန်မျက်လုံးများက ကျဥ်းမြောင်းသွားကြသည်။ သူက ထို့ပါဟုန်ယဲ့ ယုံကြည်အားထားရသော စစ်သူကြီးများအနက်မှ ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်ပြီး ကျိုးကုန်းရယ်ဟု ခေါ်သည်။
ထို့ပါဟုန်ယဲ့၏လက်အောက်တွင် ကောင်းကင်ဝိဇ္ဇာခုနစ်ယောက်ရှိပြီး နှစ်ယောက်က ယဲ့ချန်လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။ သူက ကန့်သတ်ဒေသတိုက်ပွဲတွင် ထို့ပါရန်ကိုကူညီရန် ကျိုးကုန်းရယ်နှင့်ကျိုးမင်ရယ် နှစ်ယောက်ကို ထည့်ပေးလိုက်သည်။
ကျိုးမင်ရယ်နှင့် ကျိုးကုန်းရယ်သည် ညီအစ်ကိုများဖြစ်ကြ၍ ရုပ်ရည်ချင်း ထပ်တူညီကြသည်။ ကျိုးကုန်းရယ်က အကြီးဖြစ်၍ အရပ်ပုသည်။ ကျိုးမင်ရယ်သည် အငယ်ဖြစ်၍ အရပ်ရှည်သည်။ ညီအစ်ကိုနှစ်ယောက်က ရေခဲနှင့်မီး ကောင်းကင်ချီကျင့်စဥ်များကို ကျင့်ကြံထားသဖြင့် တစ်ယောက်၏ကွက်လပ်ကို တစ်ယောက်ဖြည့်ပေးနိုင်သည်။ ထို့အပြင် နှစ်ပေါင်းများစွာ ယှဥ်တွဲတိုက်ခိုက်လာသူများဖြစ်၍ တိုက်ပွဲများတွင် အချင်းချင်းအကောင်းဆုံး ချိတ်ဆက်နိုင်သည်။ သူတို့၏ပူးပေါင်းခွန်အားက ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်တစ်ယောက်ကို ယှဥ်နိုင်သည်။
"ရှီဝူအင်ပါယာကသေးငယ်ပြီး အားနည်းတယ်။ သူတို့မှာ အစွမ်းထက်စစ်သည်တော်တွေ မရှိနိုင်ပါဘူး။ ဒေါင်မန်ယင်ရန်နှင့် စီကုန်းဖေးရန် အသတ်ခံရတာက ထူးဆန်းနေလို့မဟုတ်ရင် ငါ လိုက်မလာဘူး။ ငါရှိနေမှတော့ ဘာမှကြောက်စရာမလိုဘူး"
ထို့ပါရန်က မောက်မာစွာပြောလိုက်သည်။
"အမတ်ကြီးက အစွမ်းထက်လွန်းပါတယ်"
ကျိုးကုန်းရယ်က အရိုအသေပေးလိုက်သည်။ သူ၏ဘေးတွင် စကားတစ်ခွန်းမှမပြောဘဲ တိတ်တဆိတ်ရပ်နေသော ကျိုးမင်ရယ် ရှိနေသည်။
ထို့ပါရန်သည် ကျိုးကုန်းရယ်ကိုလျစ်လျူရှုပြီး စိတ်ထဲတွင် အခြေအနေကို တွက်ချက်နေခဲ့သည်။ သူက အလယ်အင်ပါယာတွင် ခက်ခက်ခဲရှင်သန်ရသောကြောင့် အတွေ့အကြုံပြည့်ဝကာ ရန်သူကို အထင်မသေးရဲချေ။ အလယ်အင်ပါယာတွင် စောစောသေသူများမှာ ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းပြီး ရန်သူကိုအထင်သေးသော ကျင့်ကြံသူများဖြစ်သည်။ အလယ်အင်ပါယာတွင် အသက်ရှည်ရှည်နေနိုင်သူများမှာ မြေခွေးကဲ့သို့ဉာဏ်များသူများ ဖြစ်ကြသည်။
"မင်းတို့အားလုံး ဒီမှာစောင့်နေကြ။ ငါ အစီအရင်တစ်ခု ခင်းကျင်းလိုက်ဦးမယ်"
ထို့ပါရန်သည် ပတ်ဝန်းကျင်မြေပြင်အနေအထားကို စစ်ဆေးလိုက်သည်။ သစ်တောများက ထူထပ်စွာပေါက်ရောက်နေပြီး သူ၏မျက်လုံးများတွင် အရောင်လက်နေကြသည်။
"အမတ်ကြီးက အစီအရင်ခင်းကျင်းတတ်တယ်လား"
ကျိုးကုန်းရယ်က တအံ့တသြမေးလိုက်သည်။ အစီအရင်ပညာက အလွန်ရှုပ်ထွေးပြီး နန်မန်တိုင်းပြည်တွင် တတ်မြောက်သူတစ်ယောက်ပင် မရှိချေ။ အလယ်အင်ပါယာ၌ပင် နတ်ဆရာဂိုဏ်းတစ်ခုသာ အစီအရင်ပညာ၌ထူးချွန်ပြီး ကျန်ဂိုဏ်းကြီးများက အပေါ်ယံကိုသာ တတ်မြောက်သည်ဟု သတင်းများရှိသည်။ သူတို့၏ပိုင်နက်များတွင် အစီအရင်များခင်းကျင်းရန် မစွမ်းနိုင်ကြပေ။
"ငါ နည်းနည်းသိတယ်"
ထို့ပါရန်က ဂုဏ်ယူစွာပြုံးလိုက်သည်။ သူငယ်ရွယ်စဥ်က နတ်ဆရာဂိုဏ်းသားတစ်ယောက်ကိုလုပ်ကြံပြီး အစီအရင်စာအုပ်တစ်ခုကို ရယူနိုင်ခဲ့သည်။ ထိုစာအုပ်တွင် အစီအရင်သုံးခုအကြောင်း အသေးစိတ်မှတ်တမ်းတင်ထားသည်။ သို့သော် သူ၏အသိအမြင်အရ အစီအရင်တစ်ခုတည်းကိုသာ တတ်မြောက်ခဲ့သည်။ သူက ဤနေရာတွင် ထိုအစီအရင်ကို ခင်းကျင်းမည်ဖြစ်သည်။
ထို့ပါရန်က လေးငါးမီတာမြင့်သော ကျောက်တုံးတစ်တုံးကို လက်နှစ်ဖက်ဖြင့်မယူ၍ မြေပြင်တွင်ပစ်ချလိုက်သည်။ ၎င်းက ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ပြုတ်ကျသွားခဲ့သည်။ ထို့နောက် သူက သစ်ပင်ကြီးများကိုလည်း လက်ဝါးချက်ဖြင့် လဲကျသွားစေသည်။
"အစ်ကို ဒီအဘိုးကြီးက ဘာမှကြောက်စရာမလိုဘူးလို့ပြောပေမယ့် ဒီနေရာမှာ သူက အကြောက်ဆုံးဖြစ်နေသလိုပဲ"
ကျိုးမင်ရယ်က ကျိုးကုန်းရယ်အနားသို့ကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"အလယ်အင်ပါယာမှာ ရှင်သန်နိုင်ဖို့ဆိုတာ မလွယ်ဘူး ညီလေး။ သူသတိကြီးတာက ငါတို့အတွက် အကျိုးရှိပါတယ်။ ဒေါင်ဖန်ယင်ရန်နဲ့စီကုန်းဖုန်းရန် သေသွားတာက ကြောက်စရာကောင်းလွန်းတယ်။ ဒေါင်ဖန်ယင်ရန်က တစ်ကိုယ်လုံးမည်းနက်နေအောင် မီးရှို့ခံထားရတယ်။ စီကုန်းဖုန်းရန်က ပိုဆိုးတယ်။ သူ့အလောင်းမှာ အကောင်းအတိုင်းရှိတဲ့ အရိုးတစ်ချောင်းမှမကျန်ဘူး။ ဒီလိုမျိုးလုပ်နိုင်ဖို့ဆိုရင် ဆန်းကျယ်ဝိဇ္ဇာအဆင့်ကို မရောက်ရင်တောင် နီးကပ်နေတဲ့သူဖြစ်ရမယ်။ ကြည့်ရတာ မင်ဝူအတွက် စစ်ကူတွေ ရောက်နေပြီထင်တယ်"
ကျိုးကုန်းရယ်က ချက်ကျလက်ကျရှင်းပြလိုက်၏။
ကျိုးမင်ရယ်က သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။ သူက အတွေးအခေါ်အရာတွင် အစ်ကိုဖြစ်သူထက် တစ်ဆင့်နိမ့်နေဆဲပင်ဖြစ်သည်။
အခြားမြေဝိဇ္ဇာများကလည်း ထို့ပါရန်၏လုပ်ရပ်ကို အဝေးမှစောင့်ကြည့်နေကြသည်။
လူတိုင်း၏အမြင်တွင် ကျောက်တုံးများစွာနှင့် သစ်ပင်များစွာက တစ်နေရာတွင် အစီအစဥ်တကျ နေရာချထားခံနေရသည်။ သို့သော် ဤလုပ်ရပ်၏နောက်ကွယ်တွင် မည်သို့သော ထူးခြားမှုမျိုးရှိနေသည်ကို မည်သူမှ မသိခဲ့ကြပေ။
***