ချုပ်နှောင်အစီအရင်
Vol. 18 Ch. 242
"အမတ်ကြီး အစီအရင်က ပြည့်စုံသွားပြီလား"
ကျိုးကုန်းရယ်က နေရာအနှံ့ပြန့်ကြဲနေသော ကျောက်တုံးနှင့် သစ်ပင်များကိုကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။ အနီးကပ်ကြည့်လိုက်သောအခါ အစီအရင်တွင် သာမန်မျက်လုံးဖြင့် မြင်နိုင်သည်ထက်ပိုသော အရာတစ်ခု ရှိနေသည်။
"မှန်တယ်။ အစီအရင် ပြီးပြီ။ ဒီကျောက်တုံးက အစီအရင်မျက်လုံးဖြစ်တယ်။ ဒါကို နှစ်မီတာလောက်နေရာရွှေ့လိုက်ရင် အစီအရင်က အသက်ဝင်လာမယ်"
ထို့ပါရန်ကတစ်ချက်ပြုံး၍ ခေါင်းညိတ်ကာ ကျောက်တုံးကြီးတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။ စကားအဆုံးတွင် သူက လက်ဝါးဖြင့် ကျောက်တုံးကိုရိုက်လိုက်သောအခါ ဘန်းခနဲမြည်သံနှင့်အတူ ၎င်းက နှစ်မီတာရွေ့သွားသည်။ သူတို့၏ပတ်ဝန်းကျင်က ပြောင်းလဲသွားကာ ကျင့်ကြံသူများ၏အာရုံငါးပါးကို နှောင့်ယှက်နိုင်သော မြူခိုးများ ထွက်ပေါ်လာ၏။
"အံ့သြစရာပါလား။ ဒီအစီအရင်က ဘယ်လိုမျိုးအစွမ်းထက်တာလဲ"
အစီအရင်က အစွမ်းထက်ပုံပေါ်သဖြင့် ကျိုးကုန်းရယ်က မေးလိုက်ခြင်းဖြစ်သည်။
"ဒီအစီအရင်ကို ချုပ်နှောင်အစီအရင်လို့ ခေါ်တယ်။ လူတစ်ယောက်က အစီအရင်ထဲမှာ ထောင်ချောက်မိရင် လွတ်မြောက်ဖို့ခက်တယ်။ ချီစီဆင်းမှုကိုနှောင့်ယှက်ပြီး ကောင်းကင်ချီတွေ ပြတ်လပ်သွားလိမ့်မယ်။ ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဆိုရင် နှစ်လအထိ အသက်ရှင်နိုင်မယ်။ ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဆိုရင် လဝက်အထိပဲ တောင့်ခံနိုင်မယ်။ အစီအရင်ထဲမှာ အလုံခြုံဆုံးနေရာက အစီအရင်မျက်လုံးဘေးမှာဖြစ်တယ်။ မင်းတို့က အစီအရင်မျက်လုံးကနေ ၁၅ပေအကွာကိုရောက်ရင် အစီအရင်ထဲမှာ ပိတ်မိသွားမယ်"
ထို့ပါရန်ကရှ င်းပြလိုက်၏။
"ကောင်းကင်ချီကို ဖြတ်တောက်နိုင်တာလား။ အရမ်းအစွမ်းထက်တယ်"
ကျိုးကုန်းရယ်က ချီးကျူးလိုက်သည်။ ထို့ပါရန်က သူ၏လက်ဝါးကို လှုပ်ရှားလိုက်သောအခါ ကျောက်တုံးက မူလနေရာသို့ပြန်ရောက်သွားပြီး အစီအရင်လည်း ပျောက်ကွယ်သွားခဲ့သည်။
ထို့ပါရန်၏နည်းလမ်းကို မြင်သောအခါ ကျိုးညီအစ်ကိုက မျက်လုံးပြူးသွားကြသည်။ အလေးချိန်တန်ချီသော ကျောက်တုံးတစ်ခုကို နေရာရွှေ့နိုင်ခြင်းက လွယ်ကူသော်လည်း မူလနေရာသို့ လက်ဝါးမှစုပ်အားဖြင့် ပြန်လည်ဆွဲယူခြင်းက အလွန်ခက်ခဲပေသည်။ ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့် တစ်ယောက်အတွက်ပင် ခက်ခဲနေဆဲဖြစ်သည်။ နတ်ဝိဇ္ဇာအဆင့် ကျင့်ကြံသူမျိုးသာ ဤလုပ်ရပ်မျိုးကို အလွယ်တကူစွမ်းဆောင်နိုင်ပေသည်။
"အမတ်ကြီးက တကယ်အစွမ်းထက်ပေတယ်"
ကျိုးကုန်းရယ်က ချီးကျူးလိုက်၏။ သူက ထို့ပါရန်အနေဖြင့် ကျောက်တုံးကို မည်သို့ဆွဲယူခဲ့ကြောင်း သိလိုနေသည်။
"ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး"
ထို့ပါရန်က ဤအကြောင်းကို မရှင်းပြခဲ့ပေ။ အမှန်တရားတွင် သူ၏လက်ရှိခွန်အားက ကျောက်တုံးကို ပြန်ဆွဲယူနိုင်ခြင်းမရှိပေ။ လျှို့ဝှက်ချက်မှာ အစီအရင်၌ရှိသော ချီစီးဆင်းမှုများဖြစ်သည်။ ထိုစီးဆင်းမှုကိုအသုံးချ၍ သူက ကျောက်တုံးကို နေရာပြန်ရွှေ့နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပါရန်က ထိုအချက်ကို ကျိုးညီအစ်ကိုအား မရှင်းပြသည်သာမက နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကိုလည်း ဖုံးကွယ်ထားခဲ့သည်။ တစ်စုံတစ်ယောက်က အစီအရင်ကိုနားလည်လျှင် သူတို့က အစီအရင်၏အလယ်ဗဟိုတွင်ရပ်ပြီး ကျောက်တုံးများကို ထိန်းချုပ်နိုင်စွမ်းရှိ၏။
ထို့ပါရန်က သူ၏လျှို့ဝှက်ချက်များကို ထုတ်မပြောသဖြင့် ကျိုးကုန်းရယ် မကျေမနပ်ဖြစ်သွားခဲ့သည်။ သို့သော် သူ့အနေဖြင့် ဤကိစ္စကို မည်သို့မှမတတ်နိုင်ချေ။
အစီအရင်ပျောက်ကွယ်သွားချိန်တွင် ပတ်ဝန်းကျင်က ပုံမှန်အတိုင်းဖြစ်သွားခဲ့သည်။
"အကယ်၍ ဆန်းကျယ်ဝိဇ္ဇာတွေနဲ့တွေ့ရင် ငါတို့က သူတို့ကို အစီအရင်ထိမျှားခေါ်ရမယ်"
ထို့ပါရန်က အေးစက်စက်ပြုံး၍ ထွက်ခွာရန် အမိန့်ပေးလိုက်၏။
နန်မန်တိုင်းပြည်၏စစ်သည်တော်များက ယဲ့ချန်ထောက်လှမ်းနိုင်သော စက်ကွင်းအနီး ရောက်လာကြသည်။ ယဲ့ချန်၏ညွှန်ကြားချက်အရ နေလင်းယုန်သည် ရန်သူများကို ကောင်းကင်မှထောက်လှမ်းနေခဲ့သည်။
သစ်တောအတွင်း၌ ငှက်များက ကြောက်လန့်တကြား ပျံပြေးနေကြသည်။ ကန့်သတ်ဒေသအတွင်း ရောက်လာသော လူများကြောင့် ၎င်းတို့က ကြောက်လန့်သွားခဲ့ကြသည်။
တသွင်သွင်စီးဆင်းနေသော စမ်းချောင်းများ၊ ကျေးငှက်သာရကာများနှင့် ကြီးမားစိမ်းစိုသော သစ်ပင်ကြီးများကြောင့် ဤနေရာက ကျင့်ကြံသူများစွာ အသက်ဆုံးရှုံးရာ ငရဲဘုံတစ်ခုဖြစ်ကြောင်း မည်သူမှထင်မည်မဟုတ်ပေ။
ယဲ့ချန်က ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းနေရင်း နောက်ကျောမလုံသကဲ့သို့ ခံစားနေရသည်။ အကြောင်းအရင်းက ကန့်သတ်ဒေသကြောင့်ဖြစ်ကြောင်း သူက သဘောပေါက်လိုက်သည်။ ဤနေရာတွင် မှော်သားရဲတစ်ကောင်မှမရှိသည့်အပြင် အလွန်ရှင်းလင်းနေသောကြောင့် ဖြစ်သည်။
ဂူများ၊ တောင်များ၊ လွင်ပြင်များနှင့် သစ်တောအတွင်း၌ မည်သည့်အရိုးစုကိုမှ မတွေ့ခဲ့ရပေ။ အဝတ်အစားများပင်မရှိချေ။ ကန့်သတ်ဒေသတည်ရှိလာသည်မှာ နှစ်ပေါင်းသောင်းချီနေသဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများစွာ ဤနေရာတွင် အသက်ပေးခဲ့ရသည်။ သို့သော် အလောင်းများ၏အကြွင်းအကျန်များ ပျောက်ဆုံးနေသည်။ ဤအချက်က အလွန်ထူးဆန်းနေသည်။ အသားကို ငှက်များက စားသောက်နိုင်သော်လည်း အရိုးကိုတော့ စားနိုင်မည်မဟုတ်ပေ။ ထို့အပြင် တိုက်ပွဲများဖြစ်ပွားခဲ့သော ခြေရာလက်ရာများလည်း မရှိချေ။ ဤနေရာက အလွန်သန့်ရှင်းလွန်းနေခဲ့သည်။
ကန့်သတ်ဒေသကို သန့်ရှင်းရေးလုပ်သူများ ရှိနိုင်သည်။ သမာဓိကောင်စီမှ ဤနေရာကိုသန့်ရှင်းရန် အလုပ်သမားများ ငှားရမ်းထားသည်ဆိုသော အချက်ကလည်း အဓိပ္ပါယ်မရှိပေ။ သူတို့က ဤနေရာကို တိုက်ပွဲအတွက် သတ်မှတ်ပေးထားခြင်းဖြစ်သည်။
အကယ်၍ မြေပေါ်တွင် အလောင်းအကြွင်းအကျန်များမရှိလျှင် ပင်လယ်နှင့်မြေအောက်တွင် ရှိနိုင်သည်ဟု ယဲ့ချန်က ကောက်ချက်ချလိုက်သည်။ သူက ဝူစီထံ ပင်လယ်အောက်၌စစ်ဆေးရန် ဝိညာဥ်ဖြင့် အမိန့်ပေးလိုက်၏။ သူ၏ဝိညာဥ်အသိစိတ်ကမူ မြေအောက်သို့ ထိုးဆင်းသွားစေလိုက်သည်။
သူ၏ဝိညာဥ်အသိစိတ်က ဖြည်းဖြည်းချင်းနိမ့်ဆင်းသွားပြီး မြေအောက်ပေတစ်ထောင်အထိ မည်သည်ကိုမှမတွေ့ခဲ့ပေ။ ယဲ့ချန်က ဆက်လက်ဆင်းသွားလိုက်သောအခါ နှစ်ကီလိုမီတာအနက်သို့ရောက်သောအခါ အလှည့်အပြောင်းများရှိသော လိုဏ်ခေါင်းတစ်ခုကို တွေ့လိုက်ရသည်။ လိုဏ်ခေါင်းအတွင်းမှ နမိတ်ဆိုးအရှိန်အဝါတစ်ခုက စိမ့်ထွက်နေပြီး မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်းတက်လာနေခဲ့သည်။
နောက်ဆုံးတွင် ယဲ့ချန်သည် ငှက်များက ဤကျွန်းပေါ်တွင် အိပ်တန်းမတက်သောအကြောင်းအရင်းကို နားလည်သွားခဲ့သည်။ ၎င်းတို့က လူသားများထက် ယင်ချီများအပေါ် အာရုံခံစားနိုင်စွမ်းမြင့်သောကြောင့် ဖြစ်သည်။ နေရောင်တောက်ပသော နေ့အချိန်တွင် ဤစွမ်းအင်များက မဆိုသလောက်နည်းပါးပြီး ညအချိန်တွင် ထိုအရှိန်အဝါက အဆင့်တစ်ခုအထိ မြင့်တက်လာသောကြောင့် ငှက်များက ထွက်ပြေးသွားခြင်းဖြစ်သည်။ ကန့်သတ်ဒေသအတွင်း ရောက်လာသော ကျင့်ကြံသူများက ဤအချက်ကို သတိမထားမိခြင်းမှာ အံ့သြစရာမဟုတ်ပေ။ ထျန်းချီအဆင့်တစ်ဆယ်အထက် ကျင့်ကြံသူများ၏ရုပ်ခန္ဓာတွင် ယန်ချီများပြည့်ဝနေသဖြင့် မြေအောက်မီတာထောင်ချီမှ ယင်ချီကို အနည်းငယ်မျှပင် သတိထားမိကြမည်မဟုတ်ပေ။
ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ်သွားနိုင်သော အကွာအဝေးအထိ ဆင်းသွားလိုက်သည်။ မမြင်ရသော အန္တရာယ်တစ်ခုကြောင့် သူက ကျောရိုးထဲမှစိမ့်တက်သွားကာ ချက်ချင်းပြန်ရုတ်သိမ်းလိုက်သည်။ မြေအောက်တွင် အန္တရာယ်များသော တစ်စုံတစ်ခုရှိနေသည်။
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ကျွန်း၏မြေအောက်မှ လိုဏ်ခေါင်းအကြောင်း သိချင်စိတ်များ ဖြစ်ပေါ်လာသည်။ မြေအောက်ရှိထိုအရာက သူ၏စိတ်ကို ဆွဲဆောင်သွားခဲ့သည်။ သို့သော် ဤအလုပ်က အလွန်စွန့်စားရမည်ဖြစ်သည်။
ယဲ့ချန်က လက်ရှိတွင် နန်မန်တိုင်းပြည်၏ကျင့်ကြံသူများကို အရင်ဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်၌ပျံသန်းနေသော နေလင်းယုန်က ယဲ့ချန်ထံ နန်မန်စစ်သည်များ ချဥ်းကပ်လာကြောင်း သတင်းပို့လာသည်။ ယဲ့ချန်က သူ၏အဖွဲ့ကို သစ်တောအတွင်းပုန်းနေရန် အမိန့်ပေးလိုက်သည်။ သူကိုယ်တိုင်က အမွေးပွလေးကိုခေါ်ဆောင်၍ ရှေ့သို့ တစ်ကိုယ်တော်တက်လာခဲ့သည်။
မင်ဝူသည်ယဲ့ချန်၏ဆုံးဖြတ်ချက်က စွန့်စားလွန်းရာကျသည်ဟု ထင်နေခဲ့၏။ သို့သော် ယဲ့ချန်က ခေါင်းဆောင်ဖြစ်၍ သူက စောဒကမတက်ခဲ့ပေ။ နင်ချင်းယွင်နှင့် နေမီးတောက်ငှက်က ယဲ့ချန်အပေါ် စိတ်ပူဟန်မရှိဘဲ အလွန်ယုံကြည်နေသည်ကို မြင်သောအခါ သူက စိတ်အေးသွားခဲ့သည်။
နင်ချင်းယွင်နှင့် နေမီးတောက်ငှက်သည် ယဲ့ချန်၏ကျင့်ကြံဆင့် အစစ်အမှန်ကိုမသိဘဲ နတ်ဘုရင်အစစ်အမှန်တစ်ယောက်ဟု ထင်ထားကြသည်။ သူတို့၏အရှင်က ကန့်သတ်ဒေသသို့ သတ်ဖြတ်ခြင်းအတွေ့အကြုံရှာဖွေရန် လာရောက်သည်။ ယဲ့ချန်သာ သူ၏စွမ်းအားအစစ်အမှန်ကိုသုံးလျှင် နန်မန်စစ်သည်များကိုသတ်ခြင်းက အလွန်လွယ်ကူပေလိမ့်မည်။ အကယ်၍ သူတို့အရှင်က ကစားလိုလျှင် သစ္စာရှိသောနောက်လိုက်များအနေဖြင့် သူတို့က မီးစင်ကြည့်ကပေးရမည်ဖြစ်သည်။
ယဲ့ချန်က ရှေ့တက်လာရင်း နန်မန်စစ်သည်များအနီး ငါးမိုင်သို့ရောက်သောအခါ ရပ်တန့်လိုက်သည်။ ထို့နောက် ဝိညာဥ်အသိစိတ်ဖြင့် ရန်သူ၏ခွန်အားကို ထောက်လှမ်းသည်။
ရန်သူများတွင် ရုပ်ချင်းအလွန်ဆင်သော ကောင်းကင်ဝိဇ္ဇာနှစ်ယောက် ပါဝင်သည်။ တစ်ယောက်က ရေခဲချီကိုကျင့်ကြံပြီး ကျန်တစ်ယောက်က မီးချီကိုကျင့်ကြံ၍ ညီအစ်ကိုများဖြစ်ကြောင်း ယဲ့ချန်က သိလိုက်ရသည်။ ထို့အပြင် အလွန်ရုပ်ဆိုးကာ ကောင်းကင်ဝိဇ္ဇာနှစ်ယောက်ထက် ပို၍အစွမ်းထက်သော အဘိုးအိုတစ်ယောက်လည်း ရှိနေသည်။ သူက ဆန်းကျယ်ဝိဇ္ဇာအဆင့်တစ်ယောက်ဖြစ်၍ အချင်းချင်းပြောသောစကားများအရ ထို့ပါရန်ဟုခေါ်ကြောင်း သိလိုက်ရသည်။ ကောင်းကင်ဝိဇ္ဇာနှစ်ယောက်တွင် အရပ်ပုသူက ကျိုးကုန်းရယ်ဟုခေါ်ပြီး အစ်ကိုဖြစ်သည်။ အရပ်ရှည်သူက ကျိုးမင်ရယ်ဟုခေါ်၍ ညီဖြစ်ကြောင်း ယဲ့ချန်က သိသွားခဲ့သည်။
ယဲ့ချန်က ထိုလူများ၏လှုပ်ရှားမှုကို ထောက်လှမ်းရုံသာ ထောက်လှမ်းပြီး ရှေ့ဆက်မတိုးခဲ့ပေ။ ရန်သူများတွင် ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဖြစ်နေ၍ ရင်ဆိုင်ရန် လွယ်ကူမည်မဟုတ်ပေ။
သူက လူအများရှေ့တွင် နတ်ဘုရင်အဆင့်ဟန်ဆောင်နေသော်လည်း အမှန်တကယ်စွမ်းအားက နိမ့်ကျနေဆဲပင်ဖြစ်သည်။ သူ၏ဝိညာဥ်စစ်သည်တော်က ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့် ကျင့်ကြံသူကိုသာ ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည်။ ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်နှင့်ယှဥ်လျှင် ကွာခြားချက်က အလွန်ကြီးမားနေသည်။
အကယ်၍ နင်ချင်းယွင်နှင့် နေမီးတောက်ငှက်သာ အမှန်တရားကိုသိသွားပြီး ကန့်သတ်ဒေသသို့ အသက်စွ့န်တိုက်ခိုက်ရန် လိုက်လာရကြောင်း သိသွားလျှင် ရူးသွားနိုင်သည်။
ယဲ့ချန်အနေဖြင့် ထို့ပါရန်ကို ရှောင်ရိ၏အကူအညီဖြင့် မျှားခေါ်ကာ လူခွဲရမည်ဖြစ်သည်။ ထို့နောက် ကျန်ရန်သူများကို မင်ဝူ၊ နင်ချင်းယွင်နှင့် နေမီးတောက်ငှက်တို့က ကိုင်တွယ်နိုင်ပေလိမ့်မည်။
ယဲ့ချန်က ပတ်ဝန်းကျင်ကို တောနင်းရှာဖွေနေကြသော ရန်သူများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် နေလင်းယုန်ကို နောက်တန်းသို့ပြန်သွားစေကာ ရှောင်ရိကို ခေါ်ဆောင်စေသည်။ မင်ဝူတို့လူစုကိုမူ ရန်သူ၏တည်နေရာကိုပြောကာ ဘေးမှဝိုင်းထားစေသည်။
ယဲ့ချန်အနေဖြင့် နန်မန်စစ်သည်တော်များကို အမွေးပွလေး၏ ပုံရိပ်ယောင်စွမ်းရည်ဖြင့်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ သူမက ပုံရိပ်ယောင်ပုလဲကိုရပြီးနောက် ပုံရိပ်ယောင်စွမ်းရည်တွင် သန်မာလာခဲ့သည်။ ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ကိုပင် ခဏတာအမြင်မှားသွားစေရန် စွမ်းဆောင်နိုင်သည်။ ကောင်းကင်ဝိဇ္ဇာများဆိုလျှင် သူမ၏ပုံရိပ်ယောင်အတွင်းမှ ရုန်းထွက်ရန် အချိန်တစ်ခုပေး၍ ကြိုးစားရမည်ဖြစ်သည်။ မြေဝိဇ္ဇာများကတော့ ပုံရိပ်ယောင်အတွင်း ရောက်နေသည်ကိုပင် သတိပြုမိချင်မှပြုမိပေလိမ့်မည်။
ယဲ့ချန်က သစ်တောအတွင်း ခိုးကြောင်ခိုးဝှက်ပုန်းအောင်းကာ စောင့်ဆိုင်းနေလိုက်သည်။
"ရှီဝူအင်ပါယာက ဘယ်လိုလူတွေကို ပို့လိုက်တာလဲ။ သူတို့ကို အခုထိမမြင်ရသေးဘူး။ သူတို့က ကြောက်လွန်းလို့ တစ်နေရာရာမှာ လိပ်လိုပုန်းနေတာလား"
နန်မန်စစ်သည်တော်တစ်ယောက်က အထင်သေးစွာဖြင့် လှောင်ပြောင်လိုက်သည်။
"အမတ်ကြီး သူတို့ရဲ့လှည့်ကွက်တွေကို သတိထားပါ"
ကျိုးကုန်းရယ်က ပြောလိုက်ခြင်းဖြစ်သည်။
ထို့ပါရန်က ခေါင်းညိတ်လိုက်သည်။ ရှီဝူစစ်သည်တော်များ၏သဲလွန်စကို သူတို့က ယခုအချိန်အထိ မရှာနိုင်ခဲ့ပေ။ ချုံခိုတိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်သကဲ့သို့ ရှီဝူအင်ပါယာဘက်တွင် အစီအရင်ဆရာတစ်ယောက်မရှိနိုင်ဟု အသေအချာမပြောနိုင်ပေ။ သူတို့သာ အစီအရင်အတွင်း တည့်တည့်ကြီးဝင်တိုးမိလျှင် ပြဿနာတက်ပြီဖြစ်သည်။
"မင်းတို့နှစ်ယောက် ရှေ့ကိုသွားပြီး ကင်းထောက်စမ်း"
ထို့ပါရန်က ဤအတွေးကြောင့် မြေဝိဇ္ဇာနှစ်ယောက်ကိုစိုက်ကြည့်ကာ အမိန့်ပေးလိုက်လေသည်။
***