အဆိပ်ပတူကောင်များ
Vol. 18 Ch. 243
မြေဝိဇ္ဇာနှစ်ယောက်မှာ ထို့ပါရန်၏အမိန့်ကြောင့် အလွန်စိတ်ညစ်သွားကြသည်။ ဤအမိန့်က သူတို့နှစ်ယောက်ကို သေမိန့်ချလိုက်သည်နှင့်မခြားပေ။ သို့သော် ထို့ပါရန်က အမတ်ကြီးဖြစ်သည့်အပြင် ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဖြစ်သောကြောင့် သူတို့က မပယ်ရှားဝံ့ပေ။
ကျန်မြေဝိဇ္ဇာများက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ တိတ်ဆိတ်သွားကြပြီး ကင်းထောက်နှစ်ယောက်အတွက် စိတ်မကောင်းဖြစ်သွားကြသည်။ ထို့ပါရန်တို့အဖွဲ့က ထိုနှစ်ယောက်နှင့် မီတာတစ်ရာအကွာမှ လိုက်ပါလာကြသည်။ အကယ်၍ အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပျက်လျှင် သူတို့က အချိန်မီကယ်ဆယ်နိုင်မည်ဖြစ်သည်။
ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ဤအဖြစ်ကိုမြင်သောအခါ နှာခေါင်းရှုံ့လိုက်သည်။ အစွမ်းထက်သူတိုင်းက သေရမည်ကို အလွန်ကြောက်တတ်ကြသည်။ ထို့ကြောင့် သူတို့က အန္တရာယ်ကြုံရလျှင် လက်အောက်ငယ်သားများကို စတေးကြလေသည်။
ရန်သူမှပေးလာသော အခွင့်အရေးကို ငြင်းလိုက်လျှင် ရိုင်းရာကျပေတော့မည်။
အမွေးပွလေးက မြူတစ်အုပ်ကို ထွေးထုတ်လိုက်သည်။ နံနက်အချိန်ဖြစ်၍ သစ်တောအတွင်း မြူများရှိနေခြင်းက ပုံမှန်ဖြစ်သည်။ ယဲ့ချန်က သစ်ပင်တစ်ပင်၏နောက်တွင် သေချာပုန်းကွယ်လိုက်သည်။ အမွေးပွလေးက ရှေ့သို့ခုန်ထွက်သွားကာ မြေဝိဇ္ဇာကင်းထောက်နှစ်ယောက်ထံ ချဥ်းကပ်သွား၏။
"ဘာတွေဖြစ်နေတာလဲ။ မြူတွေ ဘာလို့ဒီလောက်ထူနေရတာလဲ"
ကင်းထောက်တစ်ယောက်က မြူများကို လက်ဝါးချက်ဖြင့်ဖယ်ရှားရင်း ပြောလိုက်သည်။
ထိုအချိန်၌ သစ်ပင်များကြားတွင် အဖြူရောင်အရိပ်တစ်ခု လျှပ်တပြက်ထွက်ပေါ်လာ၏။
"ဒါက ဘာလဲ"
ကင်းထောက်နှစ်ယောက်က သတိထားလိုက်ကြသည်။ သူတို့က ပတ်ဝန်းကျင်ရှိလှုပ်ရှားမှုကို ချက်ချင်းထောက်လှမ်းလိုက်ကြသည်။
"သားရဲတစ်ကောင် ဖြစ်လောက်တယ်"
ကင်းထောက်တစ်ယောက်က မရေမရာပြောလိုက်သည်။
အမွေးပွလေးက သူတို့၏အာရုံကိုဆွဲဆောင်ရန် ကိုယ်ထင်ပြလိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် ကင်းထောက်နှစ်ယောက်က ကျောရိုးတလျှောက်စိမ့်တက်သွားသည်။ သူတို့၏နောက်တွင် ဧရာမတောင်ပံမြွေနဂါးကြီးတစ်ကောင်က ခုန်အုပ်လာသည်။ ကင်းထောက်နှစ်ယောက်က ကြောက်လန့်တကြားဖြင့် ရှေ့တည့်တည့်သို့ထွက်ပြေးလိုက်ကြရာ မြူများအတွင်း ရောက်ရှိသွားသည်။
ဧရာမမြွေနဂါးကြီးသည် ရှောင်ရိ၏မူလအသွင်ကို အမွေးပွလေးက ပုံရိပ်ယောင်ဖြင့် ဖန်ဆင်းလိုက်ခြင်းဖြစ်သည်။ ဤပုံရိပ်က မြေဝိဇ္ဇာများကို လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေခဲ့သည်။
သစ်ပင်နောက်တွင် ပုန်းကွယ်နေသော ယဲ့ချန်၏လက်နှစ်ဖက်တွင် ကောင်းကင်ဓားပျံနှစ်ခု ဖြစ်ပေါ်လာသည်။
"ဝှစ် ဝှစ်"
လေတိုးသံတစ်ချက်နှင့်အတူ ဓားပျံနှစ်လက်က ပြိုင်တူပြေးထွက်သွားသည်။ ၎င်းတို့က လျှပ်တပြက်အလျင်ဖြင့် ကင်းထောက်နှစ်ယောက်၏နဖူးမှ ခေါင်းကို ဖောက်ထွက်သွားသည်။ အသက်မဲ့အလောင်းနှစ်ခုက မြေပေါ်သို့ တအိအိလဲပြိုကျသွားခဲ့သည်။
"အောင်ပြီ"
ယဲ့ချန်နှင့်အမွေးပွလေးက လျင်မြန်စွာ ထွက်ပြေးလိုက်ကြသည်။ အမွေးပွလေးက မြူများ ဆက်လက်ထုတ်လုပ်လိုက်သဖြင့် နန်မန်စစ်သည်တော်များက သူတို့ကိုလိုက်ဖမ်းရန် ခက်ခဲသွားပေမည်။
"ဒီအရူးနှစ်ကောင်က ဘာလို့ မြူတွေထဲကို ခုန်ဝင်သွားကြတာလဲ"
ထို့ပါရန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက မြူများထံ ချက်ချင်းပြေးဝင်သွားကာ နောက်လိုက်များနှင့်အတူ မြူများကို ဖြိုခွဲပစ်လိုက်သည်။
မြူများ ပျောက်ကွယ်သွားချိန်တွင် မြေပြင်၌ အလောင်းနှစ်ခုလဲကျနေသည်ကို တွေ့လိုက်ရသည်။ သူတို့၏နဖူးတွင် ဓားမြှောင်ဖြင့် ထိုးဖောက်ခံထားရသော ဒဏ်ရာများရှိနေသည်။
အလောင်းနှစ်ခုကြောင့် နန်မန်တိုင်းပြည်မှလူတိုင်းက အလန့်တကြားဖြင့် ခါးမတ်သွားကြ၏။ ထို့ပါရန်ကမူ မျက်နှာသေဖြင့် အလောင်းနှစ်ခုကို စေ့စပ်စွာစစ်ဆေးလိုက်သည်။ အလောင်းများတွင် လက်နက်ကိုမတွေ့ရပေ။ လုပ်ကြံမှုက တိကျကာရက်စက်ပြီး အသက်ကို တစ်ချက်တည်းနှုတ်ယူသွားလေသည်။
"ဒီအလောင်းတွေက ထူးထူးဆန်းဆန်း အသတ်ခံထားရတယ်။ ပုံမှန်ဆိုရင် သူတို့က မြူတွေထဲကို ဝင်ပြေးသွားမှာမဟုတ်ဘူး။ ဒီမြူတွေ ထွက်ပေါ်လာတာကလည်း တိုက်ဆိုင်မှုမဖြစ်နိုင်ဘူး"
ကျိုးကုန်းရယ်က ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ သို့သော် ရန်သူများ၏သဲလွန်စကို ရှာမတွေ့ခဲ့ပေ။ သူတို့က ရှီဝူအင်ပါယာမှ စစ်သည်တော်များကိုမမြင်နိုင်ခင် လူနှစ်ယောက် ဆုံးရှုံးလိုက်ရ၏။
"ငါတို့က အခုထိ ရန်သူကိုမတွေ့ရသေးဘူး။ ဒီခွေးကောင်တွေက အမှောင်ထဲမှာပုန်းပြီး ငါတို့ကိုချုံခိုတိုက်ခိုက်ဖို့ စောင့်နေကြတယ်။ မင်းတို့အားလုံး ဘယ်လိုထင်ကြလဲ"
ထို့ပါရန်က လူတိုင်းကို တစ်ချက်ကြည့်၍ မေးလိုက်သည်။
သူ၏နောက်လိုက်များက ခေါင်းပေါက်မတတ် စဥ်းစားနေသော်လည်း မည်သည်ကိုမှမစဥ်းစားနိုင်ခဲ့ကြပေ။ ထို့ပါရန်က အမတ်ရာထူးကို ပိုင်ဆိုင်ထားသော်လည်း အလယ်အင်ပါယာမှလာသူဖြစ်၍ သူတို့က လုံးဝဥဿုံယုံကြည်ခြင်း မရှိပေ။ ထို့အပြင် ဤအဘိုးကြီးက သူတို့၏အဖော်နှစ်ယောက်ကို သေစေသော အဓိကတရားခံလည်း ဖြစ်နေခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ လူစုမခွဲတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်"
ကျိုးကုန်းရယ်က အကြံပေးလိုက်သည်။ သူ၏အကြံက လက်ရှိအခြေအနေနှင့် သင့်တော်လွန်းသဖြင့် လူတိုင်းက ခေါင်းညိတ်ထောက်ခံခဲ့သည်။
"ကောင်းပြီ။ ဒါဆိုရင် မင်းတို့က ငါးမီတာထက်ပိုပြီး လူမကွဲစေနဲ့"
ထို့ပါရန်က ခဏတာစဥ်းစားပြီးနောက် သဘောတူလိုက်၏။
နန်မန်စစ်သည်တော်များက ရှီဝူအင်ပါယာအဖွဲ့ကို အသည်းအသန်ရှာဖွေနေကြသည်။ ကင်းထောက်နှစ်ယောက်သေသွားသော အဖြစ်ဆိုးကြောင့် သူတို့က သတိကြီးကြီးထားနေပြီး ချုံခိုတိုက်ခိုက်ခံရမည်ကို ထိတ်လန့်နေကြသည်။ သူတို့က မြူများကိုလည်း ကြောက်လန့်နေကြပြီး အဆင်အခြင်မဲ့မဝင်ရဲကြပေ။
"ကြည့်ရတာ ဒီခွေးကောင်တွေကိုရှာဖို့ ဒါကို သုံးမှရတော့မယ်"
ထို့ပါရန်က ခဏတာတိတ်ဆိတ်သွားပြီး အိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။ အိတ်အတွင်း၌ သက်ရှိများရှိနေသကဲ့သို့ တည်တည်ငြိမ်ငြိမ်မရှိဘဲ လှုပ်ယမ်းနေခဲ့သည်။
"အမတ်ကြီး ဒါက ဘာများလဲ"
ကျိုးကုန်းရယ်က စပ်စုလိုက်သည်။
"ဒါတွေကို အဆိပ်ပတူလို့ခေါ်ပြီး ဆန်စေ့လောက်သေးငယ်တယ်။ သူတို့ကို အထူးနည်းလမ်းနဲ့မွေးမြူထားပြီး အရေအတွက်ထောင်ချီပါတယ်။ ဒီကောင်တွေ လွတ်သွားတာနဲ့တပြိုင်နက် လူတွေကိုလိုက်ရှာပြီး တိုက်ခိုက်လိမ့်မယ်။ တစ်ချက်တုပ်ခံလိုက်ရရင် အဆိပ်ဖြေဆေးမရှိလို့ကတော့ လေးငါးလအတွင်း သေရလိမ့်မယ်။ အဆိပ်ကပြင်းလွန်းလို့ ကောင်းကင်ဝိဇ္ဇာတစ်ယောက်ရဲ့ ကောင်းကင်ချီနဲ့တောင် ချေဖျက်ဖို့မလွယ်ဘူး။ တစ်ချက်ထပ်ပိုပြီး များများတုပ်ခံလိုက်ရရင် သတိလစ်သွားပြီး ချက်ချင်းသေနိုင်တယ်"
ထို့ပါရန်က ရက်စက်စွာပြုံး၍ ရှင်းပြလိုက်၏။
"သူတို့က ကျွန်တော်တို့ကိုတိုက်ခိုက်ရင် အန္တရာယ်မရှိဘူးလား"
ထို့ပါရန်၏စကားကြောင့် ကျိုးကုန်းရယ်က သတိလစ်သွား၏။
"ဒီအိတ်နှစ်လုံးကို မင်းတို့ယူထားကြ။ အပြာရောင်အိတ်က အနံ့အိတ်လို့ခေါ်တယ်။ မင်းတို့က ဒီအိတ်ကို ကိုယ်နဲ့မကွာဆောင်ထားရင် ပတူတွေက တိုက်ခိုက်မှာမဟုတ်ဘူး။ သူတို့ကိုသာ ရန်သွားမစနဲ့။ အနက်ရောင်အိတ်ထဲမှာ ဖြေဆေးပါတယ်။ တုပ်ခံရရင် ဒါက မင်းတို့အသက်ကို ကယ်ပေးနိုင်တယ်။ ဒါပေမယ့် နာကျင်မှုကိုတော့ မကုပေးနိုင်လို့ အတုပ်မခံရစေနဲ့"
ထို့ပါရန်က အိတ်အချို့ကို ကျိုးကုန်းရယ်ထံ ကမ်းပေးလိုက်သည်။ ထို့ပါရန်၏စကားကြောင့် လူတိုင်းက အနံ့အိတ်နှင့်ဖြေဆေးအိတ်များကို အလောတကြီးယူလိုက်ကြ၏။
"ဒီအဆိပ်ပတူတွေက သေးငယ်ပေမယ့် သန္ဓေပြောင်းမှော်သားရဲတွေဖြစ်တယ်။ သူတို့က ခက်ခဲတဲ့အခြေအနေမှာ အသက်ပြင်းလို့ရှင်သန်နိုင်တယ်။ သူတို့ရဲ့ခုခံနိုင်စွမ်းက အလွန်မြင့်လို့ မြေဝိဇ္ဇာနဲ့ကောင်းကင်ဝိဇ္ဇာတွေတောင် တစ်ကောင်ကိုသတ်နိုင်ဖို့ အများကြီးအားထုတ်ရလိမ့်မယ်။ အဆိပ်ပတူတစ်သိန်းဆိုရင် မြို့တစ်မြို့ကို မျိုးဖြုတ်သတ်ဖြတ်ဖို့ လုံလောက်တယ်။ ဆန်းကျယ်ဝိဇ္ဇာအယောက်နှစ်ဆယ်ရှိရင်တောင် ဒီအရေအတွက်ကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ငါက ဒါတွေကို အနာဂတ်မှာသုံးဖို့ သိမ်းဆည်းထားခဲ့တယ်။ ရှီဝူအင်ပါယာက ငါ့ကိုစိတ်တိုစေတော့ အဆိပ်ပတူတွေရဲ့စွမ်းအားကို ပြသပေးလိုက်မယ်"
ထို့ပါရန်က ဒေါသတကြီးကြုံးဝါးလိုက်သည်။
"အမတ်ကြီးက ရှီဝူအင်ပါယာတစ်ဖွဲ့လုံးကို သတ်နိုင်မှာပါ။ အမတ်ကြီးက အစွမ်းထက်လွန်းပါတယ်"
နန်မန်စစ်သည်တော်များက ထို့ပါရန်ကို မြှောက်ပင့်လိုက်ကြသည်။ ဤစကားများကိုကြားသောအခါ ထို့ပါရန်က ပြုံးလိုက်သဖြင့် အဝါရောင်သွားများ ထွက်ပေါ်လာ၏။
သူတို့က အဆိပ်ပတူများကို လွှတ်လိုက်ပြီးလျှင် ဤသားရဲများနောက်မှ လိုက်သွားရန်သာ လိုအပ်သည်။ ၎င်းတို့က ရှီဝူစစ်သည်များကို ရှာဖွေပေးလိမ့်မည်ဖြစ်သည်။ အဆိပ်ပတူများကြောင့် ရန်သူများ အနှောင့်အယှက်ဖြစ်နေလျှင် သူတို့အားလုံးက ဝင်ရောက်တိုက်ခိုက်သတ်ဖြတ်ရုံသာ ဖြစ်သည်။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ဤဖြစ်ရပ်တစ်ခုလုံးကို ထောက်လှမ်းနေပြီး စကားလုံးတိုင်းကို ကြားနိုင်ခဲ့သည်။ ထို့ပါရန်က သူ၏အစီအစဥ်ကြောင့် အလွန်ဉာဏ်ကောင်းသည်ဟု ထင်မြင်နေသော်လည်း ကိုယ့်သေလမ်းကိုယ်ဖောက်နေခြင်းဖြစ်သည်။ ယဲ့ချန်၏မျက်နှာထက်တွင် အေးစက်စက်အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
ထို့ပါရန်က အိတ်၏အဝကို ဖြည်းဖြည်းချင်းဖြည်လိုက်သည်။ အဆိပ်ပတူများကို အားလုံးအသုံးပြုလိုက်လျှင် နှမြောစရာပင်ဖြစ်သည်။ အိတ်အတွင်းမှ အဆိပ်ပတူတစ်အုပ် ချက်ချင်းထွက်ပေါ်လာသည်။
"သွားစမ်း"
ထို့ပါရန်က အမိန့်ပေးလိုက်သည်။
ထို့ပါရန်က အိတ်ကို ဖွင့်လိုက်သည်နှင့်တပြိုင်နက် ယဲ့ချန်၏ ဝိညာဥ်အသိစိတ်ကလည်း ရှေ့တက်လာသည်။
ဆန်စေ့အရွယ် အဆိပ်ပတူများက လေထဲတွင် အုပ်စုလိုက်ပျံသန်းနေကြသည်။ သူတို့က အနက်ရောင်တိမ်တစ်ခုနှင့်တူညီပြီး ပစ်မှတ်ကို ရှာဖွေနေကြသည်။ သူတို့က နန်မန်အုပ်စုကိုမြင်သောအခါ ချဥ်းကပ်သွားကြသော်လည်း အနံ့အိတ်များကြောင့် ပြန်လှည့်သွားကြ၏။ သူတို့က နောက်ထပ်သားရဲတစ်ကောင်ကိုရှာဖွေရန် ပျံသန်းနေစဥ် ဝိညာဥ်စွမ်းအားတစ်ခုက အဆိပ်ပတူများကို လွှမ်းခြုံသွားကြ၏။ အဆိပ်ပတူတိုင်းက လေထဲတွင်တန့်သွားကြပြီး အနံ့အိတ်များမှအနံ့ကို လျစ်လျူရှုကာ ထို့ပါရန်ထံ ဝင်ရောက်သွားကြသည်။
ထို့ပါရန်လွှတ်ပေးလိုက်သော အဆိပ်ပတူများက အရေအတွက်သုံးရာကျော်ရှိသည်။ သူက အိတ်ကို
ပြန်ပိတ်ရန် ကြိုးစားနေစဥ် သားရဲတိုင်းက သူထံသို့ ရုတ်တရက်ဝင်ရောက်လာကြသည်။
အဆိပ်ပတူငါးကောင်ခန့်က ထို့ပါရန်၏လက်ကို ဝိုင်းတုပ်လိုက်ကြသဖြင့် နာကျင်စွာအော်လိုက်မိသည်။ သူ၏လက်ပေါ်တွင် မီးလောင်ဖုကဲ့သို့ အနီရောင်ဖုကြီးများ ချက်ချင်းဖြစ်ပေါ်လာသည်။ ၎င်းတို့ထံမှနာကျင်မှုက မီးရှို့ခံထားရသော သတ္တုချောင်းတစ်ခုနှင့် ကပ်လိုက်မိသကဲ့သို့ ဖြစ်သည်။
ထို့ပါရန်သည် အဆိပ်ပတူများက ထိန်းချုပ်မှုလွတ်သွားပြီး သူ့ကို ပြန်လည်တိုက်ခိုက်လာမည်ဟု ထင်မထားပေ။ သူ၏လက်မှ အဆိပ်ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကြောင့် ပိုးကောင်များ ထည့်သွင်းထားသည့် အိတ်ကို အမှတ်တမဲ့လွှတ်ချလိုက်မိသည်။
ထောင်ချီသော အဆိပ်ပတူများ ပြေးထွက်လာပြီး ထို့ပါရန်၏ နောက်လိုက်များထံ ဝင်ရောက်သွားကြသည်။
"အမတ်ကြီး အဆိပ်ပတူတွေက ကျုပ်တို့ကို ဘာကြောင့်တိုက်ခိုက်ရတာလဲ"
ကျိုးညီအစ်ကိုနှင့် မြေဝိဇ္ဇာများက အဆိပ်ပတူများကို ကာကွယ်နေရင်း အော်ဟစ်လိုက်ကြသည်။
သို့သော် ၎င်းတို့က အလွန်မာကျောသဖြင့် ထိုလူများ၏တိုက်ခိုက်မှုက အရာမရောက်မချေ။
"အား အား အား"
နာကျင်စွာအော်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ အဆိပ်ပတူများက မည်သည့်နေရာတွင် တုပ်လိုက်သည်ဖြစ်စေ မီးလောင်ဖုကြီးများ ဖြစ်ပေါ်လာသည်။ သူတို့က ဖြေဆေးကို အလျင်အမြန်သောက်လိုက်ကြ၏။
"ငါလည်းမသိဘူး။ တစ်ခုခုမှားနေတယ်။ ငါတို့ကို တစ်ယောက်ယောက်က ကြံစည်နေပြီ"
ထို့ပါရန်က အော်ဟစ်ပြီး ဆန်းကျယ်ဝိဇ္ဇာခွန်အားကို ထုတ်ဖော်ကာ အဆိပ်ပတူများအား တစ်ကောင်ပြီးတစ်ကောင် သတ်လိုက်ကြသည်။ သို့သော် ၎င်းတို့က အသိဉာဏ်ထက်နေသဖြင့် အရပ်မျက်နှာတစ်ခုတည်းမှ ထွက်ပေါ်လာခြင်းမရှိပေ။ အရပ်မျက်နှာပေါင်းစုံမှ ဝင်ရောက်လာနေကြသည်။
"အမတ်ကြီး အဆိပ်ဖြေဆေးက မလုံလောက်တော့ဘူး။ မကောင်းတော့ဘူး"
မြေဝိဇ္ဇာများအနက် တစ်ယောက်က ကြောက်လန့်စွာအော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထက်တွင် ဆယ်နေရာထက်မနည်း တုပ်ခံထားရသောကြောင့် တစ်ကိုယ်လုံး ဖုကြီးများပြည့်နှက်နေသည်။ သူ၏နှုတ်ခမ်းများသည်ပင် ဝက်အူချောင်းကြီးများပမာ ရောင်ကိုင်းနေသည်။ ဖြေဆေးက တစ်ကြိမ်နှစ်ကြိမ်တုပ်ခံရသည်ကိုသာ ဖြေရှင်းပေးနိုင်သည်။ အကြိမ်ပေါင်းများစွာ တုပ်ခံရခြင်းအတွက် အကျိုးသက်ရောက်မှု မရှိတော့ပေ။
နန်မန်တိုင်းပြည်၏ စစ်သည်တော်များမှာ အဆိပ်ပတူတုပ်ခြင်းကို ခံထားရသဖြင့် တစ်ကိုယ်လုံးထုံထိုင်းပြီး လှုပ်ပင်မလှုပ်နိုင်ကြချေ။
***