နန်မန်စစ်သည်တော်များ ခြေကုန်သုတ်ထွက်ပြေးရခြင်း
Vol. 18 Ch. 244
"ပြေးကြ"
ကျိုးကုန်းရယ်က အော်ဟစ်အမိန့်ပေးလိုက်သည်။ သူက ထို့ပါရန်အပေါ် စိတ်ပျက်နေပြီဖြစ်သည်။ ဤအဘိုးကြီးက ရှီဝူအင်ပါယာ၏ သူလျှိုတစ်ယောက်ဖြစ်၍ သူတို့အပေါ် မကောင်းကြံခြင်းလားဟုပင် တွေးမိသွားခဲ့သည်။
ကျိုးညီအစ်ကိုက ဦးဆောင်၍ ထို့ပါရန်ကိုစွန့်ခွာကာ အဆိပ်ပတူများလက်မှလွတ်အောင် ထွက်ပြေးလိုက်သည်။ သူတို့နောက်သို့ အဆိပ်ပတူတစ်အုပ်က လိုက်ပါသွားသဖြင့် အားကုန်ထွက်ပြေးလိုက်ရသည်။ ထို့အပြင် နောက်လိုက်မြေဝိဇ္ဇာများသည်လည်း သင်းကွဲငှက်များကဲ့သို့ သစ်တောအတွင်း တကွဲတပြားစီ ထွက်ပြေးသွားကြသည်။
နောက်လိုက်များအားလုံး ထွက်ပြေးကုန်သဖြင့် ထို့ပါရန်၏မျက်နှာက မည်းနက်သွား၏။ ဤပုံစံအတိုင်းဆိုလျှင် သူတို့က ရှုံးနိမ့်နိုင်ချေများနေသည်။ သို့သော် သူကိုယ်တိုင်လည်း အဆိပ်ပတူများကြောင့် ပြဿနာတက်နေသဖြင့် အတွေးမများနိုင်ဘဲ သစ်တောအတွင်း ခုန်ဝင်သွားလေသည်။
နန်မန်စစ်သည်များ၏အဖြစ်ကို ကြည့်ပြီး ယဲ့ချန်နှင့်အမွေးပွလေးက ရယ်မောလှောင်ပြောင်နေကြသည်။
ထိုအချိန်တွင် နေလင်းယုန်သည် မင်ဝူနှင့်အဖွဲ့ကိုဦးဆောင်ပြီး ရန်သူများကို ဝိုင်းထားလိုက်သည်။ ထို့နောက် ၎င်းက ကောင်းကင်ပေါ်မှထိုးဆင်း၍ တိုက်ခိုက်လိုက်သောအခါ ထွက်ပြေးလာသည့် မြေဝိဇ္ဇာတစ်ယောက် အသက်ပျောက်သွားခဲ့သည်။
ယဲ့ချန်၏ ထိန်းချုပ်မှုအောက်တွင်ရှိသော အဆိပ်ပတူများက ရန်သူများကို လူစုခွဲပစ်နိုင်ခဲ့သည်။ ထို့နောက် ယဲ့ချန်သည် ၎င်းတို့ကိုစုစည်းပြီး ရန်သူများကြားတွင် အစွမ်းအထက်ဆုံးဖြစ်သော ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့် ထို့ပါရန်နောက်ကို ဝိုင်းလိုက်စေသည်။ ဤသို့ဖြင့် ထို့ပါရန်၏ခွန်အားကို ကုန်ခမ်းသွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
ယဲ့ချန်ကိုယ်တိုင်လည်း သစ်တောအတွင်း ဝင်ရောက်သွားကာ ထို့ပါရန်နောက်မှ ထပ်ကြပ်မကွာလိုက်ပါသွားသည်။
နေလင်းယုန်၏ဦးဆောင်မှုဖြင့် မင်ဝူတို့အဖွဲ့က ထွက်ပြေးလာသော မြေဝိဇ္ဇာတစ်ယောက်ကို ထပ်တွေ့လိုက်ပြန်သည်။ ရှေ့ဆုံးမှမင်ဝူက ရန်သူ၏ခေါင်းကို ဓားဖြင့် တစ်ချက်တည်းဖြတ်ချလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
မင်ဝူက ရန်သူ၏အလောင်းကိုကြည့်ကာ ရေရွတ်လိုက်ခြင်းဖြစ်သည်။ ရန်သူက သူတို့ထံ တည့်တည့်ကြီးပြေးဝင်လာသည့် အကြောင်းအရင်းကို တွေးမရချေ။
နန်မန်တိုင်းပြည်မှ မြေဝိဇ္ဇာ၏မျက်နှာကို မြင်သောအခါတွင်မှ ဤလူကရူးနေခြင်းမဟုတ်ဘဲ အန္တရာယ်တစ်ခုခုကြောင့် သွေးရူးသွေးတန်း ထွက်ပြေးလာခြင်းဖြစ်ကြောင်း လူတိုင်း နားလည်သွားကြ၏။ ထိုလူ၏မျက်နှာထက်တွင် မီးလောင်ဖုကြီးများပြည့်နှက်နေသဖြင့် အစိတ်အပိုင်းများ ပျောက်ကွယ်နေသည်။ မျက်လုံးများပင် ဖွင့်မရအောင် ပိတ်နေခဲ့သည်။
"ကြောက်စရာကောင်းလိုက်တာ"
လူတစ်ယောက်၏မျက်နှာကို လက်သီးဖြင့် အချက်ရာချီဆက်တိုက်ထိုးနှက်လျှင်ပင် ဤအခြေအနေထိ မဆိုးနိုင်ပေ။ မင်ဝူမှာ ရန်သူများကြုံတွေ့ခဲ့ရသော အန္တရာယ်ကို သိလိုစိတ်ဖြစ်ကာ အလွန်အံ့သြနေသည်။
"ဒါက အစ်ကိုကြီးလက်ချက် ဖြစ်ရမယ်။ ကျုပ် သွားပြီ။ အစ်ကိုကြီးနဲ့ ပျော်စရာလေးတွေ သွားရှာဦးမယ်"
ရှောင်ရိက ပြောပြောဆိုဆိုနှင့် ယဲ့ချန်ကိုရှာဖွေရန် သစ်တောအတွင်း တဟုန်ထိုးပြေးဝင်သွားသည်။
နင်ချင်းယွင်နှင့် နေမီးတောက်ငှက်က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသည်။ သူတို့၏အရှင်က ရန်သူများကို ကစားနေပုံရပြီး ဤအခြေအနေမျိုးဖြစ်အောင် နှိပ်စက်လိုက်ပုံပေါ်သည်။ သို့သော် အရှင်ဖြစ်သူက ကစားလိုလျှင် သူတို့အနေဖြင့် အဖော်လုပ်ပေးရမည်ဖြစ်သည်။ အကယ်၍ ယဲ့ချန်သာ မပျော်မရွှင်ဖြစ်သွားလျှင် သူတို့နှစ်ယောက်၏အဖြစ်က ဤအလောင်းထက်ပိုဆိုးပြီး သေသည်ထက်ကြောက်စရာကောင်းသော ကံကြမ္မာမျိုး ကြုံတွေ့သွားနိုင်သည်။
မင်ဝူ၊ နင်ချင်းယွင်နှင့် နောက်လိုက်များက သစ်တောအတွင်းဝင်၍ နန်မန်ရန်သူများကို ပိုက်စိပ်တိုက်ရှာဖွေလိုက်ကြသည်။ ခေါင်းမပါသော ယင်ကောင်များကဲ့သို့ ကြောက်လန့်တကြားထွက်ပြေးလာသော ရန်သူများမှာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရသည်။ အလောင်းတိုင်းက ပုံပျက်ပန်းပျက်ဖြစ်နေပြီး တစ်ကိုယ်လုံး မီးလောင်ဖုကြီးများ ပြည့်နှက်နေကြလေသည်။
နန်မန်တိုင်းပြည်၏ မြေဝိဇ္ဇာခုနစ်ယောက်က ဆက်တိုက်သတ်ဖြတ်ခံလိုက်ရပြီး ကျန်ဝိဇ္ဇာများလည်း အဆိပ်ကြောင့် ပြိုလဲကုန်သည်။
"ဒီလူတွေရဲ့အဖြစ်ဆိုးက ယဲ့ချန်နဲ့ ပတ်သက်နေမလား။ ယဲ့ချန်က သူတို့ကို ဒီလိုအခြေအနေထိရောက်အောင် ဘယ်လိုလုပ်လိုက်တာလဲ။ သူတို့က တစ်ခုခုကြောင့် အဆိပ်မိနေသလိုပဲ"
မင်ဝူက အကြောင်းအရင်းကို အတွေးနက်နေစဥ် လူနှစ်ယောက်က သစ်တောအတွင်းမှ လျင်မြန်စွာပြေးထွက်လာကြသည်။ သူတို့က အလွန်လျင်မြန်သဖြင့် ကောင်းကင်ဝိဇ္ဇာများဖြစ်ပုံရသည်။ မင်ဝူ၏မျက်နှာထားက လေးနက်သွားကာ သူ၏လက်ထဲသို့ သိုလှောင်အိတ်အတွင်းမှ အဆင့်သုံးဝိညာဥ် ဓားတစ်လက် ချက်ချင်းရောက်လာသည်။ နင်ချင်းယွင်နှင့် နေမီးတောက်ငှက်ကလည်း သက်ဆိုင်ရာလက်နက်များ ဆွဲထုတ်လိုက်ကြသည်။ မြစိမ်းတိမ်ဓားကို ရှောင်ရိက ဖျက်ဆီးလိုက်သော်လည်း ယဲ့ချန်သည် နင်ချင်းယွင်ကို ပိုမိုအရည်အသွေးကောင်းမွန်သည့် အဆင့်သုံးဝိညာဥ်လက်နက်တစ်ခု ပေးထားသည်။ မြေဝိဇ္ဇာများကလည်း လက်နက်များဆွဲထုတ်ပြီး ရန်သူကိုရင်ဆိုင်ရန် ပြင်လိုက်ကြသည်။
"မင်ဝူ" "နင်ချင်းယွင်"
ကျိုးညီအစ်ကို၏စိတ်က ငရဲအထိထိုး ကျသွားခဲ့သည်။ သူတို့က နန်မန်တိုင်းပြည်၏ စစ်သူကြီးများဖြစ်သောကြောင့် အခြားတိုင်းပြည်များမှ အင်အားစုများကို လေ့လာထားကြသည်။ မင်ဝူနှင့်နင်ချင်းယွင် မည်သူဖြစ်ကြောင်းကို သူတို့အနေဖြင့် မသိစရာမရှိချေ။ ထို့အပြင် ကောင်းကင်ဝိဇ္ဇာဟုထင်ရသည့် အဘိုးအိုတစ်ယောက်နှင့် မြေဝိဇ္ဇာဆယ့်နှစ်ယောက်ပါ ရှိနေသည်။
"ဂီး"
ကောင်းကင်ထက်တွင်လည်း နေလင်းယုန်ရှိနေပြီး ကောင်းကင်အဆင့်သားရဲ ဖြစ်သည်။
"ငါတို့က ဒီအုပ်စုကို ဘယ်လိုယှဥ်ချရမှာလဲ"
ကျိုးညီအစ်ကိုမှာ ဒဏ်ရာကိုယ်စီရထားကြသည်။ တစ်ယောက်၏နှုတ်ခမ်းများက ဝက်အူချောင်းကဲ့သို့ ဖောင်းကားနေပြီး နောက်တစ်ယောက်၏မျက်ခွံက ကြက်ဥပမာ ရောင်ကိုင်းနေသည်။ ထို့အပြင် အဆိပ်ပါမိနေသဖြင့် သူတို့၏ခွန်အားက အဆင့်တစ်ခုအထိ နိမ့်ကျနေခဲ့သည်။
"ပြေး"
ကျိုးညီအစ်ကိုက ချက်ချင်းထွက်ပြေးလိုက်ကြသည်။
"ရပ်စမ်း ခွေးကောင်တွေ"
ရှီဝူအင်ပါယာတပ်ဖွဲ့က ကျိုးညီအစ်ကိုအား အလွတ်မပေးဘဲ လိုက်သွားကြလေသည်။
ကောင်းကင်ထက်ရှိ နေလင်းယုန်ကလည်း ကျိုးညီအစ်ကိုအတွက် ခေါင်းကိုက်စရာဖြစ်နေခဲ့သည်။ သူတို့၏ပူးပေါင်းခွန်အားကသာ ကောင်းမွန်မနေလျှင် အပြင်းအထန် ဒဏ်ရာရနေပြီဖြစ်သည်။
"ဘန်း"
ကျိုးမင်ရယ်သည် မင်ဝူ၏လက်ဝါးချက်ကြောင့် သွေးအန်ထွက်မတတ် ဖြစ်သွားခဲ့သည်။ သို့သော် သူကမရပ်ဝံ့သဖြင့် ဒဏ်ရာကို လျစ်လျူရှုကာ ဆက်ပြေးသွားခဲ့သည်။
"ဘန်း"
ထိုအချိန်တွင် နင်ချင်းယွင်၏တိုက်ကွက် ကျရောက်လာသဖြင့် ကျိုးကုန်းရယ်က ဘေးသို့ရှောင်ထွက်လိုက်ရသည်။ ဤသို့ဖြင့် ကျိုးညီအစ်ကိုက လူကွဲသွားကာ အရပ်မျက်နှာတစ်ခုစီ ထွက်ပြေးနေကြရသည်။
နင်ချင်းယွင်နှင့်နေမီးတောက်ငှက်က ကျိုးကုန်းရယ်နောက်သို့လိုက်နေပြီး မင်ဝူနှင့်နေလင်းယုန်က ကျိုးမင်ရယ်ကို လိုက်သတ်နေကြသည်။
ကျိုးညီအစ်ကိုက လူကွဲသွားသောအခါ ခွန်အားများ လျော့ကျသွားပြန်သဖြင့် ပို၍အန္တရာယ်ရှိလာခဲ့သည်။
ကန့်သတ်ဒေသ၏ ကျန်တစ်နေရာတွင် ထို့ပါရန်သည် ကျွန်း၏အနောက်ပိုင်းသို့ ရောက်လာခဲ့သည်။ သူ၏နောက်တွင် အဆိပ်ပတူများကိုမတွေ့ရသဖြင့် သက်ပြင်းတစ်ချက်ချကာ ထိုင်ချရန်ပြင်လိုက်သည်။ သူ၏ဒဏ်ရာများကို ကုသရန် ဆေးများထုတ်ယူနေစဥ် တောင်ပံခတ်သံများထွက်ပေါ်လာကာ အဆိပ်ပတူများက သူ့ထံ ဘက်ပေါင်းစုံမှ ဝင်ရောက်လာပြန်သည်။
ထို့ပါရန်မှာ အလန့်တကြားခုန်ထ၍ ထွက်ပြေးလိုက်သည်။ အဆိပ်ပတူများက ဉာဏ်ကောင်းလွန်းနေပြီး သူ့ကို ဦးတည်ချက်တစ်ခုတည်းမှ တိုက်ခိုက်ခြင်းမရှိဘဲ ဘက်ပေါင်းစုံမှ ဝင်ရောက်လာနေကြသည်။
ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းနေသော အနက်ရောင်ပိုးကောင်အုပ်ကြီးကြောင့် ထို့ပါရန်မှာ အတွေးများနေရန် အချိန်မရှိပေ။ သူက အဆိပ်ပတူများကို လက်ဝါးဖြင့် တစ်ကောင်ချင်းရိုက်သတ်ကာ ထွက်ပြေးလိုက်သည်။ သူက မည်မျှထွက်ပြေးပါစေ အဆိပ်ပတူများက ဝိုင်းလိုက်နေကြသည်။ ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဖြစ်သော ထို့ပါရန်ပင်လျှင် ဤမျှများပြားသော အဆိပ်ပတူကောင်များနှင့် အသက်စွန့်တိုက်ခိုက်ရသောအခါ အလွန်မောပန်းလာသည်။ ထို့အပြင် အဆိပ်ပတူများ၏တုပ်ချက်က အလွန်နာကျင်စေသည်။
ယဲ့ချန်နှင့်အမွေးပွလေးက ဤမြင်ကွင်းကို ကျွန်းပေါ်ရှိ သစ်သီးများကိုစားရင်း ထိုင်ကြည့်နေကြသည်။
"ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်က တော်တော်အစွမ်းထက်တယ် ဟား ဟား"
ယဲ့ချန်က အော်ဟစ်ရယ်မောလိုက်သည်။ သူ၏စိတ်ထဲတွင် အဆိပ်ပတူများက အရင်ဆုံးသေမည် နှင့် ထို့ပါရန်က အရင်ဆုံးအင်အားကုန်ခမ်းသွားမည်ဟူသော ဖြစ်နိုင်ချေနှစ်ခု၏အဖြေကို သိချင်နေခဲ့သည်။
ခဏအကြာတွင် သူတို့အနီးသို့ ရှောင်ရိ ရောက်လာခဲ့သည်။
"အစ်ကိုကြီး"
ရှောင်ရိက နှုတ်ဆက်လိုက်သည်။
"ရှောင်ရိ မင်း ဘာလို့ရောက်လာတာလဲ"
ယဲ့ချန်သည် ရှောင်ရိရောက်လာသဖြင့် အနည်းငယ်စိုးရိမ်သွားခဲ့သည်။ သူ၏အဖွဲ့သားများက အကူအညီလိုအပ်မည်ကို စိုးရိမ်ခြင်းဖြစ်သည်။ သူက နေလင်းယုန်ကိုဆက်သွယ်၍ ချက်ချင်း အခြေအနေကိုစစ်ဆေးလိုက်ပြီးမှ စိတ်အေးသွားခဲ့သည်။ တိုက်ပွဲ၏ရလဒ်က ဆုံးဖြတ်ပြီးပုံရလေသည်။
"ဒီနေရာမှာ ပျော်စရာတွေများရှိမလား လာကြည့်တာပါဗျာ။ အာ ဒီလူကြီးက ဘာဖြစ်နေတာလဲ။ ဟိုလူတွေစုတ်ပြတ်နေတာ ဒီကောင်တွေလက်ချက်ပေါ့"
ရှောင်ရိက ထွက်ပြေးနေရသော ထို့ပါရန်၏အဖြစ်ကို ကြည့်ကာ ဝါးလုံးကွဲရယ်ချလိုက်သည်။
အကယ်၍ ထို့ပါရန်သာ ဤအဆိပ်ပတူများကို ထုတ်မသုံးခဲ့လျှင် ယဲ့ချန်အတွက် နန်မန်စစ်သည်များကိုကိုင်တွယ်ရန် အလွန်ခက်ခဲပေမည်။ ဉာဏ်မရှိသော အဖော်တစ်ယောက်က သန်မာသည့်ရန်သူတစ်ယောက်ထက် ပို၍ကြောက်စရာကောင်းသည်။ ထို့ပါရန်ကြောင့်သာ ဤစစ်သည်များ အသက်ဆုံးရှုံးရခြင်းဖြစ်သည်။
မင်ဝူနှင့်နေလင်းယုန်က အသက်လုထွက်ပြေးနေသော ကျိုးမင်ရယ်ကို လိုက်လံသတ်ဖြတ်နေကြသည်။ ကျိုးမင်ရယ်မှာ ကြောက်လန့်လွန်းသဖြင့် ဆင်ခြင်ဉာဏ်မရှိဘဲ ပြေးမိပြေးရာစွတ်ပြေးရင်း ချောက်ကမ်းပါးတစ်ခုထံ ရောက်လာခဲ့သည်။ ၎င်း၏အောက်တွင် ပင်လယ်ပြင်ကြီးမှတစ်ပါး မရှိချေ။
"တော်ဝင်ဓားသိုင်း"
မင်ဝူက အေးစက်စက်ပြုံး၍ ချောက်ကမ်းပါးရှေ့တွင် ပြေးပေါက်ပိတ်နေသော ကျိုးမင်ရယ်ကို တိုက်ခိုက်လိုက်သည်။
ကျိုးမင်ရယ်က သူ၏ဓားကို ချက်ချင်းထုတ်ဖော်၍ မင်ဝူ၏ဓားချက်ကို ကာကွယ်ရန်ပြင်ဆင်သည်။
သို့သော် ဓားချက်က ဟန်ပြသာဖြစ်ပြီး မင်ဝူ၏ဘယ်လက်ဝါးက မမြင်ရသောထောင့်တစ်ခုမှ ဝင်ရောက်လာခဲ့သည်။
"ဘုန်း"
မင်ဝူ၏လက်ဝါးက ကျိုးမင်ရယ်၏ရင်ဘတ်ကို ထိမှန်သွားသည်။ ကျိုးမင်ရယ်က နောက်သို့လွင့်ထွက်သွားကာ သွေးများအန်ချလိုက်ရသည်။ သူ၏နောက်တွင် မြေပြင်မရှိနေသဖြင့် ကြိုးပြတ်နေသော စွန်တစ်ကောင်ပမာ ပင်လယ်အတွင်း ထိုးကျသွားခဲ့၏။ ကျိုးကုန်းရယ်သည် မင်ဝူ၏လက်ဝါးချက်ကြောင့် အပြင်းအထန်ဒဏ်ရာရသွားသောအခါ ပင်လယ်အတွင်း ပြုတ်ကျသွားပြီးနောက် အသက်ရှင်ရန်မဖြစ်နိုင်ပေ။
ကျန်တစ်ဖက်တွင် ကျိုးကုန်းရယ်ကို နင်ချင်းယွင်နှင့် နေမီးတောက်ငှက်က လိုက်သတ်နေကြသည်။ နင်ချင်းယွင်က လူဝကြီးဖြစ်သော်လည်း လျင်မြန်မှုအရာတွင် မနိမ့်ကျပေ။ သူက အမီလိုက်ပြီး ကျိုးကုန်းရယ်၏နောက်ကျောမှ ဓားဖြင့် ထိုးချလိုက်သည်။
ကျိုးကုန်းရယ်မှာ လိပ်ပြာလွင့်မတတ်ကြောက်သွားပြီး ခေါင်းကို ဘေးသို့စောင်းချလိုက်သည်။ အဆင့်သုံးဓားသွားက သူ၏နားဘေးမှ ဖြတ်သွား၏။ ကျိုးကုန်းရယ်သာ နောက်ကျနေလျှင် ဤဓားက သူ၏ဦးနှောက်များအတွင်း စိုက်ဝင်နေပြီဖြစ်သည်။
"သေစမ်း"
ကျိုးကုန်းရယ်က ဓားကြောင့် အာရုံပျက်နေစဥ် နေမီးတောက်ငှက်၏လက်ဝါးချက်က သူ၏ညာဘက်ပခုံးကို ရိုက်ချလိုက်သည်။
ကျိုးကုန်းရယ်က တုန်ခါသွားပြီး နှုတ်ခမ်းမှ သွေးအချို့စီးကျလာသည်။
"ငါ့ကိုသတ်ချင်ရင် ဒီလောက်မလွယ်ဘူးကွ"
ကျိုးကုန်းရယ်က ဒေါသတကြီးကြုံးဝါး၍ အင်္ကျီလက်အိုးအတွင်းမှ မြှားငယ်လေးများကို နောက်ပြန်ပစ်ခတ်လိုက်သည်။
"ရှောင်ကြ"
နင်ချင်းယွင်နှင့် နေမီးတောက်ငှက်က အော်ဟစ်သတိပေး၍ ခုန်ရှောင်လိုက်ကြသည်။ သို့သော် တုံ့ဆိုင်းနေသော မြေဝိဇ္ဇာတစ်ယောက်ကို ထိုမြှားငယ်လေးတစ်စင်းက ထိမှန်သွားခဲ့သည်။ ထိုလူ၏ကိုယ်တွင်းမှ သွေးများစီးထွက်လာ၍ ချက်ချင်းသေဆုံးသွားခဲ့သည်။
ထိုအချိန်တွင် ကျိုးကုန်ရယ်က လေပေါ်သို့ ခုန်တက်လိုက်၏။ ကောင်းကင်ဝိဇ္ဇာများက လေထဲတွင် လမ်းလျှောက်နိုင်စွမ်းရှိကြသည်။ နင်ချင်းယွင်နှင့် နေမီးတောက်ငှက်ကလည်း ရန်သူကို အလွတ်မပေးနိုင်သဖြင့် လေပေါ်သို့ ပြိုင်တူခုန်တက်လိုက်ပြန်သည်။ အကယ်၍ သူတို့ကြောင့် ရန်သူလွတ်မြောက်သွားလျှင် အရှင်က ဒေါသထွက်သွားနိုင်သည်။
ပုံရိပ်သုံးခုက ကောင်းကင်ထက်တွင် ပြေးလွှားနေစဥ် အဝေးမှ မင်ဝူနှင့်နေလင်းယုန်ပါ ရောက်ရှိလာကြသည်။
ကျိုးကုန်ရယ်သည် မင်ဝူကိုမြင်သောအခါ သူ၏ညီ အသတ်ခံလိုက်ရနိုင်သည်ဟု နားလည်သွားသဖြင့် ထိတ်လန့်သွားခဲ့သည်။ သူက ဝမ်းနည်းနေသော်လည်း အသက်ရှင်မှလက်စားချေနိုင်မည်ဖြစ်၍ ဆက်လက်ထွက်ပြေးခဲ့သည်။
ကျိုးကုန်းရယ်၏ မြင်ကွင်းအတွင်း အစီအရင်က ရုတ်တရက်ဝင်ရောက်လာသည်။ ထိုနေရာက သူ့အတွက် နောက်ဆုံးရှင်သန်ရာ ဖြစ်နိုင်လေသည်။
***