ဆန်းကျယ်သော ဂူတစ်လုံး
Vol. 18 Ch. 245
ကျိုးကုန်းရယ်သည် သူ၏ကောင်းကင်ချီအားလုံးကို အသုံးပြုပြီး ချုပ်နှောင်အစီအရင်ထံ အစွမ်းကုန်ထွက်ပြေးနေသည်။
နင်ချင်းယွင်၊ မင်ဝူနှင့် ကျန်အဖွဲ့သားများကလည်း သူ့နောက်သို့ အသားကုန်လိုက်ဖမ်းနေကြသည်။
"အဘိုးကြီးကျိုး မင်း ပြေးစရာမြေ မရှိတော့ဘူး"
နင်ချင်းယွင်၏ ခပ်ဖိုင့်ဖိုင့်မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"နင်ချင်းယွင် မင်းကိုယ်မင်း အထင်ကြီးမနေနဲ့"
ကျိုးကုန်းရယ်က အေးစက်စက်တုံ့ပြန်လိုက်၏။ သူက အစီအရင်၏ မျက်လုံးပေါ်တွင်ရပ်ကာ လှောင်ပြုံးကလေးဖြင့် မင်ဝူတို့လူစုကို လှည့်ကြည့်လိုက်လေသည်။
နင်ချင်းယွင်၊ နေမီးတောက်ငှက်၊ မင်ဝူနှင့် အခြားလူများက အစီအရင်ကိုသတိမထားမိသဖြင့် ရှေ့တိုးလာကြသည်။ နေလင်းယုန်ကလည်း ကောင်းကင်ထက်မှ ကျိုးကုန်းရယ်ထံ ထိုးဆင်းလာ၏။
ကျန်တစ်ဖက်တွင် ထို့ပါရန်သည် အဆိပ်ပတူများ၏လက်မှလွတ်အောင် ထွက်ပြေးနေသည်။ အဆိပ်ပတူများက သူ့နောက်သို့ ထပ်ကြပ်မကွာလိုက်ပါလာကြသည်။
ထို့ပါရန်က ကျွန်း၏တောင်ဘက်ပိုင်းသို့ ရောက်သောအခါ တောင်များအကြားသို့ ခုန်ဝင်သွားခဲ့သည်။ မီတာငါးရာကျော်ရောက်သောအခါ သူက ဂူဝတစ်ခုကို ရုတ်တရက်တွေ့လိုက်ရသည်။ ဂူဝက ကျောက်တုံးကြီးနှစ်ခု၏ကြားတွင် ဆန်းကျယ်စွာတည်ရှိနေပြီး အနက်ရောင်လေပြင်းများ အတွင်းမှထွက်ပေါ်လာသည်။
လက်ရှိတွင် ထို့ပါရန်၏ခေါင်းမှာ ဝက်တစ်ကောင်၏ခေါင်းကဲ့သို့ ဖူးယောင်နေပြီဖြစ်သည်။ သူက လေပြင်းကိုပင် ဂရုမစိုက်အားဘဲ ဂူအတွင်း ခုန်ဝင်လိုက်ပေသည်။ အဆိပ်ပတူများကမူ ဂူဝတွင် လှည့်ပတ်ပျံသန်းနေကာ အတွင်းသို့ လိုက်ဝင်မသွားရဲချေ။
ယဲ့ချန်သည် ထို့ပါရန်ကို ဝိညာဥ်အသိစိတ်ဖြင့် တစ်ချိန်လုံးထောက်လှမ်းနေသဖြင့် ဂူဝထံ ချက်ချင်းရောက်လာခဲ့သည်။ အမွေးပွလေး၊ ယဲ့ချန်နှင့် ရှောင်ရိက မှောင်မည်းကာနက်ရှိုင်းသော ဂူရှေ့တွင် ရပ်လိုက်ကြသည်။
သူ၏ဝိညာဥ်အသိစိတ်က အတွင်းသို့ဝင်သွားသောအခါ ထွက်ပြေးနေသော ထို့ပါရန်ကို အာရုံခံမိလိုက်သည်။ ဂူက အတွင်းပိုင်းတွင် အလှည့်အပြောင်းများနှင့် ရှုပ်ထွေးနေပြီး မြေအောက်သို့ ဦးတည်နေသည်။
ဂူအတွင်းမှ ယင်စွမ်းအင်များ ထွက်ပေါ်နေသဖြင့် ယဲ့ချန်က အလွန်အံ့သြသွားသည်။ မြေအောက်မှစိမ့်ထွက်လာသော ယင်ချီများက ဤဂူနှင့် ဆက်စပ်နေလိမ့်မည်။ ယင်ချီများက ကျွန်း၏မြေအောက်မှ ဆက်တိုက်စိမ့်ထွက်နေသောအခါ လျှို့ဝှက်ချက်တစ်ခုကို ထိန်းသိမ်းထားပုံပေါ်လေသည်။
ယဲ့ချန်သည် မင်ဝူတို့၏အခြေအနေကို နေလင်းယုန်မှတဆင့် ထောက်လှမ်းလိုက်၏။ ထိုလူများက ကျိုးကုန်းရယ်ကို အနိုင်ယူခါနီးအခြေအနေဖြစ်သည်ဟု သိလိုက်ရသည်။
"အစ်ကိုကြီး ကျွန်တော်တို့ လိုက်သွားကြမလား"
ရှောင်ရိက ယဲ့ချန်ကို မေးလိုက်သည်။ အမွေးပွလေးကလည်း သူ့ကိုစိုက်ကြည့်နေပြီး သူ၏အမြင်ကို မေးမြန်းနေသည်။
"တစ်ချက်လောက် သွားကြည့်တာပေါ့"
ယဲ့ချန်က ဆုံးဖြတ်ချက်ချလိုက်ပြီး အမွေးပွလေးနှင့်ရှောင်ရိကို ဦးဆောင်ကာ ဂူအတွင်း ဝင်သွားလိုက်သည်။ ဂူအတွင်း၌ မည်းမှောင်နေသော်လည်း နံရံများ ချောမွတ်နေသဖြင့် လူလုပ်လက်ရာတစ်ခု ဖြစ်နိုင်လေသည်။
ယဲ့ချန်သည် ထို့ပါရန် ထွက်ပြေးသွားသော လမ်းတလျှောက် ရှေ့ဆက်နေသော်လည်း ဝိညာဥ်အသိစိတ်ဖြင့် နေရာတိုင်းကို ထောက်လှမ်းနေသည်။ အကယ်၍ အန္တရာယ်တစ်စုံတစ်ရာရှိလာပါက ကြိုတင်ပြင်ဆင်နိုင်ရန် ဖြစ်သည်။
ထို့ပါရန်သည် ဂူအတွင်း ခြေဦးတည့်ရာထွက်ပြေးလာခဲ့သည်။ သူက ပြန့်ပြူးသော နေရာတစ်ခုသို့ရောက်ချိန်တွင် အဆိပ်ပတူများ လိုက်မလာကြောင်း သိလိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချကာ ပြေးလွှားခြင်းကို ရပ်တန့်လိုက်သည်။
ထို့ပါရန်မှာ တစ်စုံတစ်ခုမှားယွင်းနေသကဲ့သို့ ခံစားနေရသည်။ အတိတ်တွင် သူက အဆိပ်ပတူများကို အသုံးချဖူးသော်လည်း ပြဿနာမရှိချေ။ ၎င်းတို့က သူ့ကို တန်ပြန်တိုက်ခိုက်လာသော အကြောင်းအရင်းကို စဥ်းစားမရဖြစ်ခဲ့သည်။
ရန်သူက လှည့်ကွက်များ အသုံးပြုမည်ဆိုလျှင်တောင် အဆိပ်ပတူများကို ထိန်းချုပ်ရန်သုံးသော နည်းလမ်းအား ထို့ပါရန်က မတွေးနိုင်ပေ။ သူက အနိုင်ရရန်အတွက် ဤသားရဲများကိုထုတ်သုံးခဲ့ပြီး ဤသို့အဆုံးသတ်မည်ဟု ထင်မထားခဲ့ပေ။
ထို့ပါရန်သည် မှန်တစ်ခုကိုထုတ်ယူ၍ ကိုယ့်ကိုကိုယ်စစ်ဆေးလိုက်သည်။ သူ၏နဖူးပေါ်တွင် မီးလောင်ဖုခုနစ်ခု၊ ပါးပေါ်တွင်သုံးခုနှင့် တစ်ကိုယ်လုံးတွင် အဖုများမရေမတွက်နိုင်အောင် ရှိနေခဲ့သည်။ ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်၏ ကောင်းကင်ချီက အဆိပ်များကို ဖိနှိပ်ထားခြင်းသာမရှိလျှင် သူက အလောင်းကောင်တစ်ခု ဖြစ်နေပေလိမ့်မည်။
ထို့ပါရန်သည် သိုလှောင်အိတ်အတွင်းမှ ဆေးပင်အချို့နှင့် ဆေးလုံးများကို ထုတ်ယူလိုက်သည်။ ဆေးလုံးများကိုသောက်သုံး၍ ဆေးပင်များကို လက်ဝါးအတွင်းဖိချေကာ အရည်ညှစ်လိုက်သည်။
"အား"
ထို့ပါရန်က ဆေးပင်အနှစ်များဖြင့် သူ၏မျက်နှာပေါ်မှ ဒဏ်ရာများကို အုံလိုက်သောအခါ နာကျင်လွန်းသဖြင့် ရှုံ့မဲ့နေခဲ့သည်။ သူ့ကိုယ်သူ ဓားဖြင့် အကြိမ်များစွာလှီးလျှင်ပင် ဤသို့အသည်းခိုက်သော နာကျင်မှုမျိုး မခံစားရနိုင်ချေ။ အတိတ်တွင် သူက ရန်သူများ အဆိပ်ပတူကြောင့် နာကျင်ခံစားနေရသည်ကိုကြည့်ကာ ကျေနပ်ခဲ့ဖူးသည်။ ကံကြမ္မာရဟတ် တစ်ပတ်ပြန်လည်ခြင်းပင်။
ထို့ပါရန်သည် သူ၏ဒဏ်ရာများကို ကုသပြီးနောက် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ သူက ဤဂူအကြောင်း လုံးဝမသိပေ။ သို့သော် ဂူနံရံများကိုကြည့်၍ ၎င်းက သဘာဝအတိုင်း တည်ရှိနေခြင်းမဟုတ်ဘဲ လူများဖောက်လုပ်ထားကြောင်း သိလိုက်သည်။
"ကန့်သတ်ဒေသမှာ ဘယ်သူက ဂူတစ်ခု လာတူးထားတာလဲ။ ဂူကရော ဘယ်နေရာကို ဦးတည်နေတာလဲ။ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတာလား"
ထို့ပါရန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူ၏အသက်က ဤနေရာတွင် ဆုံးရမည့်အချက်ကို လုံးဝလက်မခံနိုင်ပေ။
ထို့ပါရန်က အတွေးနက်ပြီးနောက် ကောင်းကင်ချီများကို လည်ပတ်လိုက်သည်။ ပထမဆုံးအနေဖြင့် သူ့ကိုယ်သူပြန်လည်ကောင်းမွန်အောင် အားဖြည့်ထားရမည်ဖြစ်သည်။ ဂူအတွင်းမှထွက်ပေါ်လာသော ယင်စွမ်းအင်များကို သူလည်း အာရုံခံနိုင်သဖြင့် ဒဏ်ရာမပျောက်ကင်းသေးလျှင် ရှေ့ဆက်မသွားရဲပေ။
ယဲ့ချန်သည် ထို့ပါရန်၏တည်နေရာနှင့် မီတာငါးရာအကွာရှိ ကျောက်တုံးများကြားတွင် ရပ်တန့်လိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်ဖြင့် ထို့ပါရန်က တစ်ကိုယ်လုံးရှိ ဒဏ်ရာများကို ကုသနေခြင်းအား မြင်နိုင်ခဲ့သည်။ ထို့ပါရန်၏ကိုယ်တွင်းမှ ညစ်ညမ်းနေသော အနက်ရောင်ကောင်းကင်ချီများ ဆက်တိုက်ထွက်ပေါ်လာနေသည်။
ယဲ့ချန်အနေဖြင့် ထို့ပါရန်က အဆိပ်ဖြေနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ပါရန်သည် ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဖြစ်သည်။ ထိုလူ၏ခွန်အားများ ကောင်းမွန်လာအောင် သူကစောင့်ဆိုင်းနေလျှင် ဝိညာဥ်စစ်သည်တော်ပင်လျှင် ရန်သူကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။ လောလောဆယ်တိုက်ခိုက်ခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။
"အမွေးပွလေး သွားကြစို့။ ရှောင်ရိ မင်းက ဒီမှာစောင့်နေ"
ယဲ့ချန်က လေးလေးနက်နက်မှာကြား၍ ဝိညာဥ်အသိစိတ်ကို ဝိညာဥ်စစ်သည်တော်အဖြစ် ပြောင်းလဲလိုက်သည်။ အမွေးပွလေးသည်လည်း ယဲ့ချန်၏ပခုံးပေါ်တွင်ရပ်ကာ သူမ၏ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ဝိညာဥ်စစ်သည်တော်၏ ခရမ်းရောင်မီးတောက်များကြားသို့ အဖြူရောင်ဝိညာဥ်စွမ်းအင်များ ပေါင်းစပ်သွားကြသည်။
ဝိညာဥ်စစ်သည်တော်သည် ကောင်းကင်မှ နတ်စစ်သည်တော်တစ်ယောက်ကဲ့သို့ ထင်မှတ်ရပြီး ဓားကိုင်ထားပုံက အလွန်ရဲရင့်ပေသည်။
"သတ်"
ယဲ့ချန်က အတွေးတစ်ချက်ဖြင့် ဝိညာဥ်စစ်သည်တော်ကို ထို့ပါရန်ထံ စေလွှတ်လိုက်သည်။
မျက်လုံးမှိတ်၍ ကောင်းကင်ချီများကျင့်ကြံနေသော ထို့ပါရန်သည် သတ်ဖြတ်လိုစိတ်တစ်ခုကို ခံစားမိလိုက်သည်။ သူကမျက်လုံးဖွင့်၍ ပတ်ဝန်းကျင်ကို အလျင်အမြန်စစ်ဆေးလိုက်သော်လည်း အမှောင်ထုကိုသာ မြင်နေရသည်။
"ဘာတွေဖြစ်နေတာလဲ"
ထို့ပါရန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏သိုလှောင်အိတ်အတွင်းမှ လက်အိတ်တစ်စုံကို ချက်ချင်းဝတ်ဆင်ကာ ကောင်းကင်ချီများကို ထုတ်ဖော်လိုက်သည်။
"ဘန်း ဘန်း ဘန်း"
ထို့ပါရန်က ပတ်ဝန်းကျင်ရှိ ကျောက်တုံးများကို မြင်ကွင်းရှင်းလင်းစေရန် ဖျက်ဆီးလိုက်သည်။ ကျောက်တုံးကြီးများက အလွန်မာကျော်သော်လည်း ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်၏ လက်ချက်ကြောင့် အမှုန့်ဖြစ်ကုန်သည်။
ထို့ပါရန်၏ ခန္ဓာကိုယ်သွင်ပြင်က လက်တံများ အလွန်ရှည်သောကြောင့် မျောက်တစ်ကောင်နှင့်တူညီကာ အလွန်ရုပ်ဆိုးသည်။ သာမန်လူများက သူ့ကိုမြင်လျှင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟု ထင်စရာအကြောင်းမရှိသော်လည်း ကောင်းကင်ချီများ ထွက်ပေါ်လာသောအခါ လေးကြိုးကို ဆွဲတင်းလိုက်သကဲ့သို့ အရှိန်အဝါက ပြင်းထန်လာသည်။ အိပ်စက်နေသော လင်းယုန်တစ်ကောင်က အတောင်များကိုဖြန့်၍ ကောင်းကင်သို့ ပျံတက်လာသကဲ့သို့ ဖြစ်လေသည်။
ထို့ပါရန်သည် ဝင်ပေါက်ထံမှ ထွက်ပေါ်လာသော အေးစက်မှုတစ်ခုကို ခံစားနေရသည်။ အနက်ရောင်လေပြင်းများကြားတွင် သူက သတိကြီးကြီးဖြင့် စောင့်နေခဲ့သည်။
အမှောင်ထဲမှ ခရမ်းရောင်အလင်းတစ်ခုက ဥက္ကာပျံတစ်လုံးပမာ ထွက်ပေါ်လာ၍ သူ့ထံသို့ အရှိန်ပြင်းပြင်း ဝင်ရောက်လာနေသည်။ ထို့ပါရန်က မျက်မှောင်ကြုတ်လိုက်သည်။ ဂူအတွင်း သူဝင်ရောက်လာချိန်က မည်သည့်သတ္တဝါကိုမှ မတွေ့ခဲ့ရသဖြင့် ဤအရာက နောက်ယောင်ခံလိုက်လာခြင်း ဖြစ်နိုင်သည်။
ထို့ပါရန်သည် ရောက်ရှိလာသော အရာကိုကြည့်လိုက်သောအခါ ထိတ်လန့်သွားခဲ့သည်။ ၎င်းက လူသားတစ်ယောက်မဟုတ်ဘဲ ဝိညာဥ်တစ်ကောင်နှင့် တူညီနေသည်။ ၎င်းက ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားကာ ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ မျက်နှာထက်တွင် ခံစားချက်မရှိသော်လည်း ကြီးကျယ်ခမ်းနားသောအသွင်ကို ဆောင်နေသည်။
အကယ်၍ တစ်ဖက်က လူသားဖြစ်နေလျှင် ထို့ပါရန်က မကြောက်ပေ။ သို့သော် ရန်သူက လူသားမဟုတ်သောအခါ ထို့ပါရန်၏ရင်ထဲ၌ ကြောက်စိတ်တစ်ခု ဖြစ်ပွားလာသည်။
"ဒါက ဘယ်လိုဟာကြီးလဲ"
ထို့ပါရန်က အတွေးများနေစဥ် ဝိညာဥ်စစ်သည်တော်က ဓားဖြင့်ခုတ်ချလိုက်သည်။ ဓားသွားက အေးစက်စက်လင်းလက်နေကာ ပြိုင်ဘက်ကင်းထက်ရှမှုနှင့် ကျဆင်းလာသည်။ ၎င်းက အရာအားလုံးကို ဖြတ်တောက်နိုင်သကဲ့သို့ ထင်မှတ်ရလေသည်။
ဝိညာဥ်စစ်သည်တော်က ရုတ်တရက်တိုက်ခိုက်လာသဖြင့် ထို့ပါရန်က ရှောင်ရန်အချိန်မမီတော့ပေ။ ထို့ကြောင့် သူ၏လက်အိတ်များဖြင့် အလျင်အမြန် ခုခံလိုက်ရလေသည်။
"ဘုန်း"
ဝိညာဥ်စစ်သည်တော်၏ ခရမ်းရောင်မီးတောက်များနှင့် ထို့ပါရန်၏ ကောင်းကင်ချီများ ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ဝိညာဥ်စွမ်းအင်နှင့် ကောင်းကင်စွမ်းအင်က အချင်းချင်းအားပြိုင်နေကြသည်။ အနီးပတ်ဝန်းကျင်ရှိ ကျောက်တုံးကြီးများ လွင့်ထွက်သွားကာ မြေပြင်တွင် အချင်းလေးငါးမီတာရှိသော တွင်းကြီးများ ဖြစ်ပေါ်လာသည်။ ဓားချက်က ထို့ပါရန်၏လက်အိတ်များကြောင့် ပစ်မှတ်ကိုလွဲချော်သွားကာ ဂူနံရံကို ထိမှန်သွားခဲ့သည်။ နံရံပေါ်တွင် သုံးမီတာနက်သော ဓားရာတစ်ခုဖြစ်လာ၏။
ထို့ပါရန်သည် အဆိပ်ပတူများကြောင့် အဆိပ်မိနေပြီး ခွန်အားက ကြီးစွာလျော့ကျနေသည်။ လက်ရှိတွင် သူက ဝိညာဥ်စစ်သည်တော်နှင့် တိုက်ခိုက်ရသောအခါ နောက်သို့ ခြေငါးလှမ်းဆုတ်လိုက်ရပြီး သွေးတစ်ပွက်အန်ချလိုက်ရသည်။
ဝိညာဥ်စစ်သည်တော်မှာလည်း အခြေအနေမကောင်းပေ။ ကောင်းကင်ချီများကြောင့် ဝိညာဥ်စစ်သည်တော်၏ ရွှေသံချပ်ဝတ်က ပျက်စီးသွားခဲ့သည်။ ဓားသွားကလည်း မှိန်ဖျော့လာပြီး လေထဲတွင် တန့်နေခဲ့သည်။
တစ်နေရာတွင်ပုန်းနေသော ယဲ့ချန်၏အသားအရေက ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။ သူက ဓားပျံကို ချက်ချင်းလှုံ့ဆော်ကာ ကောင်းကင်ချီများ ထုတ်လုပ်ပြီး ဝိညာဥ်စစ်သည်တော်၏ခန္ဓာကိုယ်ထံ ပေါင်းစပ်ပေးလိုက်သည်။
ဝိညာဥ်စစ်သည်တော်၏ ဒဏ်ရာများက လျင်မြန်စွာပျောက်ကင်းသွားပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ ပျက်စီးသွားသော ဓားကလည်း အကောင်းပကတိဖြစ်သွားခဲ့သည်။
ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း လေ့ကျင့်ခြင်းဖြင့် ယဲ့ချန်သည် သူ၏ဝိညာဥ်စစ်သည်တော် ဖျက်ဆီးခံရခြင်းနှင့် ပြန်လည်ကုသခြင်းကို အသားကျနေပြီဖြစ်သည်။ သူ၏ဝိညာဥ်စစ်သည်တော်က ခရမ်းမီးတောက်ကြယ်ခြင်္သေ့လက်ချက်နှင့် ထပ်ကာထပ်ကာ ဖျက်ဆီးခံရချိန်တိုင်း ယဲ့ချန်သည် အံကိုကြိတ်၍ ပြန်လည်ဖြစ်တည်စေနိုင်ခဲ့သည်။ ဤလေ့ကျင့်ရေးကြောင့် ဝိညာဥ်စစ်သည်တော်၏ခွန်အားက လေးငါးဆတိုးတက်လာရုံသာမက လွယ်လွယ်ကူကူနှင့် မပျက်စီးတော့ပေ။
"မြန်လိုက်တဲ့ ကုသနိုင်စွမ်းပါလား"
ထို့ပါရန်သည် ဝိညာဥ်စစ်သည်တော်၏ ဒဏ်ရာပျောက်ကင်းနှုန်းကြောင့် မျက်ခုံးများ မြင့်တက်သွားခဲ့သည်။
"ဒီခွေးကောင်က ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့် ခွန်အားတင်ရှိတယ်။ ငါသာ ဒီအခြေအနေထိ အဆိပ်မိမနေရင် ဒီလိုကောင်စားမျိုးကို အလွယ်လေးအနိုင်ယူနိုင်တယ်"
ထို့ပါရန်က ဒေါသထွက်လွန်းသဖြင့် မျက်နှာက မည်းနက်လာသည်။ သူက အဆိပ်ပတူများကြောင့် အပြင်းအထန်ဒဏ်ရာရနေခဲ့သည်။ ပုံမှန်ဆိုလျှင် ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့် တစ်ယောက်သည် ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ကို လုံးဝမယှဥ်နိုင်ပေ။
***