← Chapters

ဓားပျံများကို ဖမ်းယူခြင်း

Vol. 18 Ch. 246

ဓားပျံများကို ဖမ်းယူခြင်း

Vol. 18 Ch. 246

"ငါက အပြင်းအထန် ဒဏ်ရာရထားရင်တောင် မင်းကိုသတ်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်"

ထို့ပါရန်၏မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်းတောက်နေသည်။

ဝိညာဥ်စစ်သည်တော်ကို ပြန်လည်ဖွဲ့စည်းပြီးနောက် ယဲ့ချန်သည် ၎င်းကို ထို့ပါရန်၏ကျောဘက်မှ ရုတ်တရက်ထွက်ပေါ်လာစေသည်။

"မြန်လှချည်လား။ ကိုယ်ပျောက်ပြီး ပေါ်လာသလိုပဲ"

ထို့ပါရန်က နောက်စိတွင် မျက်လုံးပါသကဲ့သို့ လက်အိတ်များကိုမြှောက်ကာ ဝိညာဥ်စစ်သည်တော်၏ဓားချက်ကို ကာကွယ်သည်။ ထို့နောက် သူက သံမဏိကဲ့သို့မာကျောသော ခြေထောက်တစ်ချောင်းနှင့် လည်ပင်းနေရာကို နောက်ပြန်ကန်လိုက်သည်။

ဝိညာဥ်စစ်သည်တော်က ပျောက်ကွယ်သွား၍ ထို့ပါရန်၏ကန်ချက်က လေကိုသာ ထိမှန်သွားသည်။ ၎င်းက ရှေ့တွင် ရုတ်တရက်ပြန်ပေါ်လာ၍ထို့ ပါရန်၏လည်ပင်းကို ဓားဖြင့် ခုတ်လာပြန်သည်။

ထို့ပါရန်က ခေါင်းကိုငုံ့၍ ရှောင်လိုက်သောအခါ ဓားချက်က သူ၏ခေါင်းပေါ်မှ ဖြတ်သွားခဲ့သည်။ ဓားတွင် တောက်လောင်နေသော ခရမ်းရောင်မီးတောက်များကြောင့် ထို့ပါရန်၏ဆံပင်အချို့ မီးလောင်သွားကာ ဦးရေပြားပင် လောင်ကျွမ်းခံလိုက်ရ၏။

"သေစမ်း"

ထို့ပါရန်က ဒေါသတကြီးအော်ဟစ်၍ ဝိညာဥ်စစ်သည်တော်ကို အနီးကပ်ခုန်အုပ်လိုက်သည်။ ကျားရဲတစ်ကောင်က သားကောင်ကိုသတ်ဖြတ်ရန် အားမာန်အပြည့်နှင့် ခုန်အုပ်လိုက်ခြင်းမျိုးဖြစ်သည်။

ယဲ့ချန်သည် ထို့ပါရန်က ရှောင်တိမ်းရမည့်အစား ဤသို့ခုန်အုပ်လိုက်မည်ဟု ထင်မထားပေ။ သူ၏ဝိညာဥ်စစ်သည်တော်က လူများကဲ့သို့ အားနည်းချက်များမရှိခြင်းက အားသာချက်တစ်ခုဖြစ်၍ ကံကောင်းသွားခြင်းဖြစ်သည်။ သူ၏ဝိညာဥ်စစ်သည်တော်က မည်မျှဒဏ်ရာရပါစေ နာကျင်ခြင်းမရှိပေ။

"ဘန်း"

ထို့ပါရန်၏လက်သီးက ဝိညာဥ်စစ်သည်တော်၏ ဘယ်ဘက်ရင်ဘတ်ကို ထိုးဖောက်သွားရာ အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။ အကယ်၍ သာမန်လူတစ်ယောက်သာ နှလုံးတည်ရှိရာ ဘယ်ဘက်ရင်ဘတ်ကို ထိုးဖောက်ခံလိုက်ရလျှင် သေချာပေါက် အသက်ဆုံးရမည်ဖြစ်သည်။ သို့သော် ဝိညာဥ်စစ်သည်တော်၌ အတွင်းအင်္ဂါ လုံးဝမရှိချေ။

ထို့ပါရန်၏လက်သီးက ဝိညာဥ်စစ်သည်တော်၏ ခန္ဓာကိုယ်အတွင်း နစ်ဝင်သွားသဖြင့် ဤနေရာက အားနည်းချက်မရှိကြောင်း နားလည်လိုက်သည်။ သို့သော် သူ၏လက်ကို ပြန်ရုတ်သိမ်းရန် နောက်ကျသွားခဲ့သည်။

ဝိညာဥ်စစ်သည်တော်က ဓားကိုလွှတ်ချ၍ လက်နှစ်ဖက်ဖြင့် ထို့ပါရန်၏ပခုံးကို ချုပ်ကိုင်လိုက်သည်။ ထို့နောက် ဝိညာဥ်စစ်သည်တော်က ၎င်း၏ခေါင်းဖြင့် ထို့ပါရန်၏ခေါင်းကို အနီးကပ်ဆောင့်ချလိုက်သည်။

ထို့ပါရန်က ကာကွယ်ရေးသိုင်းပညာတစ်ခုကို အသက်သွင်းလိုက်သဖြင့် သူ၏နဖူးတွင် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။

"ဒုန်း"

ဝိညာဥ်စွမ်းအင်နှင့် ကောင်းကင်ချီများ ထိပ်တိုက်တွေ့ဆုံသွားသောအခါ ပေါက်ကွဲသံကြီးတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာသည်။ ကျောက်တုံးကြီးများ ပေါက်ကွဲသွားကာ ဂူတစ်ခုလုံးက ငလျင်လှုပ်သကဲ့သို့ ခါယမ်းသွားသည်။ ပြိုင်ဘက်နှစ်ယောက်က ဤသို့ဆက်လက်တိုက်ခိုက်နေလျှင် ဂူက ပြိုကျသွားနိုင်လေသည်။

ထို့ပါရန်က ဒဏ်ရာရသွားပြီး တစ်ကိုယ်လုံးရှိ အဝတ်အစားများစုတ်ပြဲသွားကာ သူ၏အနက်ရောင်အရေပြား ထွက်ပေါ်လာသည်။ သူက ဒဏ်ရာကုသဆေးအချို့ကို သောက်သုံး၍ နံရံကိုမှီကာ ရပ်လိုက်သည်။ သို့သော် သူက ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဖြစ်သောကြော င့်အလွယ်တကူလဲကျမသွားပေ။ သူ၏ကောင်းကင်ချီကုန်ဆုံးမှုက လက်ခံနိုင်သော အတိုင်းအတာအတွင်းရှိသည်။

ထို့ပါရန်က မျက်လုံးကျဥ်းမြောင်း၍ ဝိညာဥ်စစ်သည်တော်ကို စိုက်ကြည့်လိုက်၏။ ထိုအချိန်တွင် ဝိညာဥ်စစ်သည်တော်လည်း အခြေအနေဆိုးနေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ပျားအုံကဲ့သို့ အပေါက်များဖြစ်ပေါ်နေသည်။ ယဲ့ချန်သာ အံကြိတ်ပြီး တောင့်ခံထားခြင်းမရှိလျှင် ဝိညာဥ်စစ်သည်တော်က ပေါက်ကွဲသွားပြီး ဖြစ်ပေလိမ့်မည်။

ယဲ့ချန်က ကောင်းကင်ချီများကိုလည်ပတ်၍ ဝိညာဥ်စစ်သည်တော်ကို ထောက်ပံ့ပေးလိုက်၏။ အမွေးပွလေးက ပုံရိပ်ယောင်ပုလဲကို ထုတ်လိုက်၍ အဖြူရောင်အလင်းများ လွှမ်းခြုံလာခဲ့သည်။ ယဲ့ချန်၏ခန္ဓာကိုယ်အတွင်း နွေးထွေးသော စွမ်းအင်အချို့ ဝင်ရောက်လာသည်။

ဝိညာဥ်စစ်သည်တော်က အော်ဟစ်ကြုံးဝါး၍ ခွန်အားများထုတ်ဖော်ကာ ဓားဖြင့်ခုတ်ချလိုက်၏။

"သေစမ်း"

ယဲ့ချန်၏ကိုယ်တွင်းမှ ကောင်းကင်ချီများက ဝိညာဥ်စစ်သည်တော်ထံ လှိုင်းလုံးကြီးများပမာ ဝင်ရောက်သွားလေသည်။

ဝိညာဥ်စစ်သည်တော်က ဓားဖြင့်ခုတ်လာသော်လည်း ထို့ပါရန်က မကြောက်ပေ။ သူက နှာခေါင်းရှုံ့၍ ခန္ဓာကိုယ်ကိုမတ်လိုက်၏။ သူ၏လက်ကောက်ဝတ်ကို ယမ်းလိုက်သောအခါ သိုလှောင်အိတ်အတွင်းမှ ပုံစံကွဲပြားသော အဆင့်သုံးဓားသုံးလက် ထွက်ပေါ်လာသည်။ ထိုဓားများက ပင်လယ်ကိုဖြတ်သန်းလာသော နဂါးများကဲ့သို့ လေကို ထိုးဖောက်လိုက်ကြသည်။

"ငါ့ဓားအစီအရင်ရဲ့ အရသာကို မြည်းကြည့်စမ်း"

ထို့ပါရန်က တစ်ချက်ပြုံးလိုက်ပြီး သန့်စင်ယန်တည်ဆောက်ပုံ ထွက်ပေါ်လာသည်။

"ရွှစ်"

ဓားသုံးလက်က သားရဲတွင်းမှထွက်လာသော မြွေများပမာ ကိုယ်ပိုင်အသိစိတ်ရှိနေဟန်ဖြင့် ဝိညာဥ်စစ်သည်တော်ထံ တိုးဝင်သွားကြ၏။

ယဲ့ချန်သည် ဤသို့တိုက်ကွက်မျိုးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၍ အလွန်ထိတ်လန့်သွားခဲ့သည်။ ထို့ပါရန်သည် ချီတည်ဆောက်ပုံကိုအသုံးချကာ ဆန်းကျယ်သည့် ဓားအစီအရင်တစ်ခုကို ခင်းကျင်းခဲ့လေသည်။

ဤတစ်ခေါက်တွင်လည်း ယဲ့ချန်က ဝိညာဥ်စစ်သည်တော်ကို အမိန့်ပေးရန် နောက်ကျသွားခဲ့၏။

"ဘုန်း"

ဝိညာဥ်စစ်သည်တော်၏ဓားက ဓားအစီအရင်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ ထို့နောက် ၎င်း၏ဓားက သုံးပိုင်းကျိုးသွားကာ ဝိညာဥ်စစ်သည်တော်လည်း ဘန်းခနဲပေါက်ကွဲသွားခဲ့သည်။

ဝိညာဥ်စစ်သည်တော်၏ပိုင်ရှင် ယဲ့ချန်သည်လည်း ရင်ဘတ်ကို တူဖြင့်ထုချခံလိုက်ရသကဲ့သို့ နာကျင်သွားသည်။ သူ၏ပါးစပ်မှ စီးကျလာသောသွေးများကို အင်္ကျီလက်စဖြင့် သုတ်လိုက်၏။

"ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်က တကယ်အစွမ်းထက်လွန်းတယ်။ သူ့မှာ အစွမ်းထက် ဓားအစီအရင်တစ်ခုတောင် ရှိနေတယ်"

ယဲ့ချန်သည် ချီတည်ဆောက်ပုံက ဓားများကိုထိန်းချုပ်၍ တိုက်ခိုက်နိုင်ကြောင်း မသိထားပေ။ ဤဓားအစီအရင်ဖြင့်ဆိုလျှင် ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့် ခုနစ်ယောက်စုပေါင်း၍ တိုက်ခိုက်သော်လည်း ထို့ပါရန်ကို နိုင်မည်မဟုတ်ချေ။ ကံကောင်းစွာဖြင့် သူက ရန်သူကို မျက်နှာချင်းဆိုင် တိုက်ခိုက်နေရသည်မဟုတ်ပေ။ ထို့သို့ဆိုပါက ဤအချိန်တွင် ယဲ့ချန်မှာ အလောင်းဖြစ်နေနိုင်သည်။

ယဲ့ချန်က တင်ပျဥ်ခွေထိုင်ချ၍ ကျင့်ကြံလိုက်သည်။ အမွေးပွလေးကလည်း ပုံရိပ်ယောင်ပုလဲနှင့် ဒဏ်ရာကုသနေသည်။

"အစ်ကိုကြီး ကျွန်တော် ဒီအဘိုးကြီးကို သွားရိုက်မယ်"

ရှောင်ရိသည် ဒဏ်ရာကိုယ်စီရထားသော အစ်ကိုနှင့် အမကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက် သူက ထို့ပါရန်ထံ လှစ်ခနဲပြေးထွက်သွားသည်။

"ရှောင်ရိ နေဦး"

ယဲ့ချန်က ရှောင်ရိကို တားမြစ်ချင်သော်လည်း မမီလိုက်ချေ။ သို့သော် ထို့ပါရန်သည် အဆိပ်မိထားပြီး ဝိညာဥ်စစ်သည်တော်နှင့်တိုက်ပွဲကြောင့် မောပန်းနေကြောင်း ယဲ့ချန်က တွေးလိုက်မိသည်။ ရှောင်ရိ၏ခွန်အားက ကောင်းကင်အဆင့်သာရှိသော်လည်း ရုပ်ခန္ဓာက နတ်ဘုရင်အဆင့်ရှိသည်။ ထို့ပါရန်က ရှောင်ရိကို ဒဏ်ရာရစေနိုင်မည် မဟုတ်ပေ။

ထို့ပါရန်သည် ဝိညာဥ်စစ်သည်တော်ကို အနိုင်ယူပြီးနောက် နံရံကို ကျောဖြင့်မှီကာ ထိုင်ချလိုက်သည်။

"မင်းက ငါ့ကိုသတ်ဖို့ နှစ်တစ်ရာလောက် ကျင့်ကြံလိုက်ဦး"

ထို့ပါရန်က အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူက ညာလက်ကိုယမ်းလိုက်သောအခါ ဓားသုံးချောင်းက သူ၏ရှေ့ရှိ နှစ်မီတာတွင် လေထဲ၌တန့်နေခဲ့သည်။ ဝိညာဥ်စစ်သညတော်က ရုတ်တရက်ဆန်လွန်းစွာ ထွက်ပေါ်လာတတ်သောကြောင့် သူက သတိမပေါ့ရဲပေ။ ဓားအစီအရင်ကို ရုတ်သိမ်းခြင်းမရှိဘဲ မြေအဆီအနှစ်ဆေးတစ်လုံးကိုသောက်ပြီး ဒဏ်ရာများအား လျင်မြန်စွာဖိနှိပ်လိုက်၏။

ထိုအချိန်တွင် အဝေးမှပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထို့ပါရန်သည် မူလတွင် ခေါင်းနားပန်းကြီးသွားသော်လည်း ပုံရိပ်ကို သေချာမြင်လိုက်ရချိန်တွင် စိတ်အေးသွားခဲ့သည်။ ပုံရိပ်က အသက်ငါးနှစ်အရွယ်ရှိ ကလေးတစ်ယောက်ဖြစ်ကာ ဤနေရာတွင် အဘယ်ကြောင့်ထွက်ပေါ်လာကြောင်း သူ မသိပေ။

ရှောင်ရိသည် ထို့ပါရန်၏ရှေ့ ငါးမီတာအကွာတွင် ရပ်ကာ စိုက်ကြည့်လိုက်သည်။

"ဟေး အဘိုးကြီး မင်းမှာ ရှိသမျှထုတ်ပေးပြီး အဝတ်အစားတွေ ချွတ်စမ်း။ ပြီးရင် ငါ့ကို အကြိမ်သုံးဆယ်ဦးချ။ ဒါဆိုရင် အသက်ကို ချမ်းသာပေးမယ်"

ရှောင်ရိက လက်နှစ်ဖက်ဖြင့် ခါးထောက်၍ အမိန့်ပေးလိုက်သည်။

"ရှောင်ရိက ဒါမျိုးတွေ ဘယ်ကတတ်လာတာလဲ"

ယဲ့ချန်၏အကြည့်က အမွေးပွလေးထံ ချက်ချင်းရောက်သွားသည်။ သူမက အပြစ်ကင်းစင်ဟန်ဖြင့် ယဲ့ချန်ကို မော့ကြည့်လာပြီး မသိဟန်ဆောင်နေခဲ့သည်။

"ကောင်စုတ်လေး ငါဘယ်သူလဲဆိုတာကို မင်း သိလား။ အခုထွက်သွားပြီး လူကြီးတစ်ယောက်ကို လွှတ်လိုက်စမ်း။ မဟုတ်ရင် ငါ့ဓားတွေက မင်းကို မတော်တဆခုတ်သတ်လိုက်မိလိမ့်မယ်"

ရှောင်ရိ၏စကားကို ကြားသောအခါ ထို့ပါရန်က အော်ဟစ်ရယ်မောလိုက်သည်။ ရှောင်ရိက အလွန်ငယ်ရွယ်နေသဖြင့် သူ၏နောက်တွင် လူကြီးတစ်ယောက်ရှိကြောင်း ခန့်မှန်းလိုက်၏။ ထို့ကြောင့် သူက မဆင်မခြင်မလုပ်ရဲချေ။ ပုံမှန်အခြေအနေ၌ ကလေးတစ်ယောက်မှ သူ့ကိုစော်ကားလာလျှင် ဓားဖြင့် ခုတ်သတ်ပြီးဖြစ်သည်။

"ခင်ဗျားဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ကျုပ် ခင်ဗျားကိုမကြိုက်လို့ ရိုက်ရလိမ့်မယ်"

ရှောင်ရိ၏ ဖောင်းဖောင်းကစ်ကစ်မျက်နှာလေးက ထို့ပါရန်ကို လေးနက်စွာကြည့်နေခဲ့သည်။

"မင်းက သေချင်နေတာပဲ။ ငရဲကိုရောက်တဲ့အခါ ငါ့ကို အပြစ်မတင်နဲ့"

ထို့ပါရန်၏မျက်နှာထက်တွင် ဆိုးယုတ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ သူက ကောင်းကင်ချီများကို ညာလက်ဖြင့်စုဝေး၍ ရိုက်ချလိုက်သည်။

ကလေးတစ်ယောက်၏ကျင့်ကြံဆင့်က အများဆုံး ထျန်းချီအဆင့်သုံးသာ ရှိနိုင်သည်။ ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်၏ ရိုက်ချက်မျိုးခံရလျှင် အသက်ရှင်သန်နိုင်ချေက လုံးဝသုညဖြစ်သည်။ ထို့ပါရန်သည် ကလေးတစ်​ယောက်ကို သတ်လိုက်ခြင်းဖြစ်သော်လည်း သနားစိတ်လုံးဝမရှိဘဲ ရက်စက်စွာပြုံးနေခဲ့သည်။

ရှောင်ရိက ထို့ပါရန်၏ရိုက်ချက်ကို မြင်သော်လည်း မရှောင်ဘဲ ရပ်နေခဲ့သည်။

"ဘုန်း"

လက်ဝါးချက်က ရှောင်ရိ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာထိမှန်သွားသည်။ ထို့ပါရန်က စိတ်ထဲတွင် ရှောင်ရိသည် အတွင်းအင်္ဂါများကြေကွဲ၍ သေပြီဟုထင်ထားသော်လည်း လွဲချော်သွားခဲ့သည်။ ထိခိုက်ခြင်းလုံးဝမရှိသော ရှောင်ရိက သူ့ထံသို့ တစ်လှမ်းချင်းလျှောက်လာနေသည်။

"ဒါ....ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒဏ်ရာရနေလို့ ငါ့ခွန်အားက ကလေးတစ်​ယောက်ကိုတောင် မသတ်နိုင်တော့ဘူးလား"

ထို့ပါရန်၏မျက်လုံးများ ကျွတ်ကျလုမတတ် ပြူးထွက်လာသည်။

"ကောင်စုတ်လေး မင်းကို ချက်ချင်းထွက်သွားဖို့ အမိန့်ပေးတယ်။ မဟုတ်ရင် မင်းကို ချက်ချင်းသတ်ပစ်မယ်"

ထို့ပါရန်က ဟန်ကိုယ့်ဖို့၍ ရှောင်ရိကို ခြိမ်းခြောက်လိုက်သည်။ ဤကလေးက မျက်လုံးဖြင့်မြင်ရသည်ထက် ထူးဆန်းနေသည်။ ထို့ကြောင့် သူက ဓားအစီအရင်ကို အသင့်ပြင်လိုက်သောအခါ နှစ်မီတာအကွာ၌ရှိနေသည့် အဆင့်သုံးဓားများက ရှောင်ရိကို ချိန်ရွယ်လာကြသည်။

"အဘိုးကြီး ခင်ဗျားရဲ့ရတနာတွေကို ထုတ်ပေးပြီး ဦးချစမ်း။ အဘိုးလို့ခေါ်ရင် ခင်ဗျားကို အသက်ချမ်းသာပေးမယ်"

ရှောင်ရိက ထို့ပါရန်ကိုလက်ညှိုးထိုး၍ သတိပေးလိုက်သည်။

အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်မှ သူ့ကို အဘိုးဟုခေါ်ရန် ဖိအားပေးလာသောအခါ ထို့ပါရန်၏ဒေါသများ ပေါက်ကွဲထွက်လာသည်။

"မင်းလိုအတောင်အလက်မစုံသေးတဲ့ ကလေးတစ်ယောက်က ငါ့ကို ဒီလိုမျိုးပြောရဲတယ်လား"

ထို့ပါရန်၏စကား ဆုံးသည်နှင့်တပြိုင်နက် ဓားသုံးလက်က ရှောင်ရိထံ လှစ်ခနဲဝင်ရောက်လာကြသည်။

ရှောင်ရိသည် အဆင့်သုံးဓားများကို မကြောက်မလန့်စိုက်ကြည့်နေသည်။ သူက အမွေးပွလေးသင်ပေးထားသော နည်းလမ်းဖြင့် ရတနာ၏တန်ဖိုးကို တွက်ချက်နေခြင်းဖြစ်သည်။ ဤဓားများက ချီစုစည်းဆေးလုံးသောင်းချီ တစ်နည်းအားဖြင့် အသားမုန့်များကို တောင်တစ်ခုပမာဏအထိ ဝယ်ယူနိုင်အောင် အဖိုးတန်ကြောင်း ရှောင်ရိက သိလိုက်၏။

ဓားသုံးလက်က ရှောင်ရိထံ လျင်မြန်စွာဝင်ရောက်လာသဖြင့် ခဏအတွင်း နီးကပ်လာ၏။ ရှောင်ရိက ရုတ်တရက်ခုန်ထွက်၍ ဓားနှစ်ချောင်းကို ဘယ်ညာလက်အစုံဖြင့် ဖမ်းကိုင်လိုက်လေသည်။

***

All Chapters