အမှောင်ဝိညာဉ် *
Vol. 18 Ch. 247
ဓားနှစ်လက်က ရှောင်ရိ၏လက်အတွင်း ရောက်သွားကာ ရုန်းကန်လိုက်ကြသည်။
"ပြန်လာစမ်း"
ထို့ပါရန်က အော်ဟစ်ကြုံးဝါး၍ ကောင်းကင်ချီများ ထောက်ပံ့လိုက်သော်လည်း အကြောင်းမထူးပေ။ သူ၏ဓားနှစ်လက်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားသဖြင့် သူက ရှောင်ရိကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
ရှောင်ရိက အဆင့်သုံးဓားနှစ်လက်ကို လက်နှစ်ဖက်ဖြင့် ဖမ်းကိုင်ထားသောကြောင့် တတိယမြောက်ဓားကို ဖမ်းဆီးရန် မဖြစ်နိုင်ခဲ့ပေ။ ၎င်းက သူ၏ခေါင်းထံ တိုက်ရိုက်ဝင်ရောက်လာသည်။
"ထန်"
အသံတစ်ချက် ထွက်လာသော်လည်း ထို့ပါရန်မျှော်လင့်ထားသကဲ့သို့ ရှောင်ရိ၏ကိုယ်ကို နှစ်ပိုင်းဖြတ်မသွားခဲ့ပေ။ ထိုအစား အဆင့်သုံးဝိညာဥ်လက်နက်က အက်ကြောင်းထင်သွားကာ အပိုင်းပိုင်းအစစကျိုးပဲ့၍ မြေပြင်ပေါ် ပြုတ်ကျသွားခဲ့၏။
ရှောင်ရိ၏နဖူးတွင် ဒဏ်ရာသေးသေးလေးတစ်ခု ဖြစ်ပေါ်လာသော်လည်း ၎င်းကသေးငယ်လွန်းသဖြင့် ဂရုတစိုက်မကြည့်လျှင် မြင်မည်မဟုတ်ပေ။
ထန်တိုက်လင်နှင့် တိုက်ပွဲအပြီးတွင် ဤက ရှောင်ရိ ပထမဆုံးအကြိမ် ဒဏ်ရာရခြင်းဖြစ်သည်။ ဓားက မြစိမ်းတိမ်ဓားနှင့် အဆင့်တူချင်းဖြစ်သော်လည်း ဓားအစီအရင်၏ထောက်ပံ့မှုကြောင့် လေးငါးဆခန့် ပိုအစွမ်းနေခဲ့သည်။ ထို့အပြင် ၎င်းကို ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်က ကောင်းကင်ချီနှင့် ပေါင်းစပ်ထားသောကြောင့် ရှောင်ရိကို ဒဏ်ရာပေးနိုင်ခဲ့လေသည်။
သို့သော် ဓားဒဏ်ရာက ယားယံရုံမျှသာဖြစ်၍ ရှောင်ရိက လုံးဝမနာပေ။
"ဟေး အဘိုးကြီး မင်းမှာ ဘာလှည့်ကွက်တွေရှိသေးလဲ။ အကုန်ထုတ်သုံးစမ်း"
ရှောင်ရိက ထို့ပါရန်ကို စိန်ခေါ်လိုက်၏။ ထို့ပါရန်၏ပါးစပ်မှာ အံ့သြလွန်းသဖြင့် ကြက်ဥတစ်လုံးဝင်နိုင်သည်အထိ ဟသွားခဲ့သည်။ သူက ရှောင်ရိကိုတလှည့် ဓားကျိုးအပိုင်းအစများကိုတလှည့် အလန့်တကြားကြည့်နေခဲ့သည်။
ထို့ပါရန်သည် ဓားသုံးလက်အစီအရင်၏အစွမ်းကို ကောင်းမွန်စွာ နားလည်ထားသည်။ သူ၏ခွန်အားက လျော့နည်းနေသဖြင့် အစီအရင်က အထွတ်အထိပ်အခြေအနေအောက် ပို၍အားနည်းသော်လည်း ဆန်းကျယ်ဝိဇ္ဇာအလယ်အဆင့် တစ်ယောက်ကိုပင် အပြင်းအထန်ဒဏ်ရာရစေနိုင်သည်။ သူ၏ရှေ့တွင်ရှိနေသော ကလေးငယ်က ထိုအစွမ်းမျိုးကို ရုပ်ခန္ဓာသက်သက်ဖြင့် ရင်ဆိုင်နိုင်ခဲ့သည်။
"မင်း....မင်း.. လူမဟုတ်ဘူး"
ထို့ပါရန်က အလန့်တကြားအော်ဟစ်လိုက်သည်။ သူ၏ခေါင်းထဲတွင် လူယောင်ဆောင်တတ်သော မှော်သားရဲများအကြောင်း ပေါ်လာခဲ့သည်။ အကယ်၍ အဆင့်သုံးလက်နက်တစ်ခုက ထိခိုက်နိုင်ခြင်းမရှိလျှင် ရန်သူက ဆန်းကျယ်အဆင့်အထက် သားရဲကြီးတစ်ကောင်ဖြစ်နိုင်သည်။ ထို့ကြောင့် ထို့ပါရန်မှာ အလွန်ထိတ်လန့် တုန်လှုပ်သွားလေသည်။
"ငါ့အလှည့်"
ရှောင်ရိက သူဖမ်းထားသော ဓားနှစ်လက်ကို မြေပြင်ပေါ်ပစ်ချလိုက်သည်။ သူက ထို့ပါရန်ကိုခုန်အုပ်ပြီး လက်သီးအစုံဖြင့် ထိုးနှက်လိုက်သည်။
"ဘန်း ဘန်း ဘန်း"
ထို့ပါရန်၏ ချီအကာအကွယ်က ဤလက်သီးချက်များကြောင့် ပြိုကွဲသွားခဲ့သည်။
"အဘိုး ကျွန်တော့်ကို သနားပါ။ အဘိုး"
ထို့ပါရန်က သူ့ကိုသနားရန် အော်ဟစ်တောင်းပန်နေ၏။
"ငါက မင်းအဘိုးမဟုတ်ဘူး။ အခုမှ အသက်ငါးနှစ်ရှိသေးတာကွ"
ရှောင်ရိက ခပ်တည်တည်ပြောလိုက်ပြီး ဆက်လက်ရိုက်နှက်နေခဲ့သည်။
"သူရဲကောင်းလေး ကျွန်တော် မှားသွားပါတယ်"
"ငါက သူရဲကောင်းလေးလည်း မဟုတ်ဘူး။ ရှောင်ရိကွ"
ထို့ပါရန်၏ သက်သာစပြုလာသော ခေါင်းမှာ ရှောင်ရိ၏လက်သီးချက်များကြောင့် ပြန်လည်ယောင်ကိုင်းသွားခဲ့သည်။ သူ၏မျက်နှာထက်တွင် မျက်ရည်များ၊ နှာရည်များစီးကျနေသော်လည်း မခုခံရဲပေ။ ရှောင်ရိက အားရအောင်ရိုက်နှက်ပြီးသည်နှင့် ထို့ပါရန်၏ခါးတွင် ချိတ်ထားသော သိုလှောင်အိတ်ကို ဖြုတ်ယူလိုက်သည်။ ထို့နောက် ထို့ပါရန်ကို အဝေးသို့ကိုင်ပေါက်လိုက်ပြီး မသတ်ခဲ့ပေ။
ထို့ပါရန်မှာ လဲကျနေရာမှ ချက်ချင်းထ၍ သနားညှာတာပေးပါရန် ဒူးထောက်တောင်းပန်နေခဲ့သည်။
"မင်းကများ ငါ့အစ်ကိုကြီးကိုထိခိုက်အောင် လုပ်ရဲတယ်"
ရှောင်ရိက သူ၏လက်သီးလေးများကို ဂုဏ်ယူစွာဝှေ့ယမ်းလိုက်သည်။ သူက မြေပြင်တွင်ကျနေသော ဓားနှစ်လက်ကို ကောက်သိမ်းလိုက်ချိန်တွင် မြေအောက်မှ စူးရှသောအော်သံတစ်ခု ထွက်ပေါ်လာ၏။ ဂူ၏အောက်ပိုင်းမှ တစ်စုံတစ်ရာက ရှောင်ရိထံ အလွန်လျင်မြန်သောအရှိန်မျိုးဖြင့် ချဥ်းကပ်လာနေသည်။
"ရှောင်ရိ ပြန်လာခဲ့"
ယဲ့ချန်က အန္တရာယ်ကိုအာရုံခံမိသဖြင့် ရှောင်ရိထံ သတင်းပို့လိုက်သည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်တွင် နားကွဲလောက်သော အော်သံနှင့် အကောင်တစ်ကောင်ကို အာရုံခံမိသည်။
၎င်းက ကျွဲတစ်ကောင်အရွယ်အစားရှိသော လင်းနို့တစ်ကောင်ဖြစ်သည်။ ၎င်းက တောင်ပံများ၏အဆုံးတွင် ထက်ရှသော လက်သည်းများနှင့် အမြှီးတွင် ဆူးချွန်များရှိနေသဖြင့် ကြမ်းကြုတ်ရက်စက်ပုံပေါ်သည်။ လင်းနို့ကြီးထံမှ အသက်အားလုံးဝထွက်ပေါ်နေခြင်းမရှိဘဲ မုခ်ဝတွင် အစောင့်ချခံထားရသော လူသားရုပ်သေးများနှင့်မခြားပေ။ ၎င်းက အနည်းဆုံး ဆန်းကျယ်အဆင့် ခွန်အားရှိပေလိမ့်မည်။
ကြောက်စရာအကောင်းဆုံးက ၎င်း၏မြန်ဆန်လွန်းသော အရှိန် ဖြစ်သည်။
ယဲ့ချန်၏သတင်းစကားကို ရလိုက်သည်နှင့်တပြိုင်နက် ရှောင်ရိက ပြန်ပြေးလာခဲ့သည်။
ထိုအချိန်တွင် ထို့ပါရန်က မြေပြင်တွင်ဒူးထောက်ပြီး အကြိမ်ကြိမ်ဦးချတောင်းပန်နေသည်။ သူ၏ကိုယ်ထဲတွင် ကောင်းကင်ချီပမာဏ အနည်းငယ်သာကျန်ရစ်သည်။ ကောင်းကင်ချီနှင့်သာ ကာကွယ်မထားလျှင် ရှောင်ရိလက်သီးချက်များက သူ၏အသားများကို ပွင့်ထွက်သွားစေလိမ့်မည်။ လက်ရှိတွင် သူ၏မွေးသမိခင်ရောက်လာလျှင် ထို့ပါရန်၏မျက်ခွက်ကြီးကို မှတ်မိမည်မဟုတ်ပေ။
"အစ်ကိုကြီး ဘာဖြစ်လို့လဲ"
ရှောင်ရိက စပ်စုလိုက်သည်။
ယဲ့ချန်က ချက်ချင်းမဖြေဘဲ ရှောင်ရိကိုဆွဲကာ ကျောက်တုံးတစ်ခုနောက်သို့ ပြေးပုန်းလိုက်၏။ သူ၏ဝိညာဥ်အသိစိတ်ကမူ လင်းနို့ကြီးကို ပစ်မှတ်ထားလိုက်သည်။
လင်းနို့ကြီးက ထို့ပါရန်ကိုမြင်သောအခါ ကောင်းကင်မှ ထိုးဆင်းလာခဲ့သည်။ ၎င်းက စူးရှစွာအော်မြည်၍ ပါးလွှာထက်ရှသော လက်သည်းများဖြင့် ထို့ပါရန်ကို ဆွဲကုတ်သယ်ဆောင်သွားခဲ့သည်။ ၎င်းက လေထဲတွင် အနည်းငယ်လှည့်ပတ်ပျံသန်း၍ အခြားလူများရှိမရှိကို စစ်ဆေးလိုက်သည်။ ထို့နောက် ထို့ပါရန်ကိုသယ်ဆောင်ထားသော လင်းနို့ကြီးက မြေအောက်သို့ ဂူလမ်းကြောင်းအတိုင်း ဆင်းသွားခဲ့သည်။
ထို့ပါရန်က ကြောက်အားလန့်အားဖြင့် ရုန်းကန်လိုက်သော်လည်း သူ၏တိုက်ခိုက်မှုများက လင်းနို့ကြီးအပေါ် မသက်ရောက်ပေ။
ယဲ့ချန်က စိတ်သဘောထားကောင်းမွန်၍ သာမန်လူများကို သူ၏အသက်စွန့်ကာ ကယ်တင်တတ်သော်လည်း လူဆိုးတစ်ယောက်အပေါ် မေတ္တာထားနိုင်သော ဗုဒ္ဓမဟုတ်ပေ။ လူကောင်းများသာ ကယ်ဆယ်ခံရသင့်ပေသည်။ အလွန်တရာရက်စက်သော ထို့ပါရန်ကဲ့သို့ဆိုးသွမ်းသူများမှာ ကယ်ဆယ်ခြင်းခံရရန် မထိုက်တန်ပေ။
ယဲ့ချန်က မျက်မှောင်ကြုတ်၍ လင်းနို့ကြီးထွက်သွားသောဘက်သို့ စိုက်ကြည့်နေခဲ့သည်။ ကန့်သတ်ဒေသက သူ့အထင်ထက်ပို၍ အန္တရာယ်များနေခဲ့သည်။
"ငါ လိုက်သွားသင့်လား"
အချိန်ကြာမြင့်စွာ စဥ်းစားပြီးနောက် ယဲ့ချန်က ဤမြေအောက်ဂူသည် အလွန်အန္တရာယ်များသဖြင့် မသွားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူက မြေအောက်ရှိလျှို့ဝှက်ချက်ကို အလွန်သိချင်နေခဲ့သည်။ သူကတစ်ကိုယ်တော်ဆိုလျှင် စွန့်စားမည်ဖြစ်သော်လည်း အမွေးပွလေးနှင့် ရှောင်ရိကို ငဲ့ရမည်ဖြစ်သည်။ သူက ဤသားရဲလေးနှစ်ကောင်၏လုံခြုံရေးအတွက် တာဝန်ယူရပေမည်။ အတိတ်တွင် သူက မရဏနန်းတော်ကို စပ်စုချိန်တွင် သေမတတ်ထွက်ပြေးခဲ့ရသည်။ ဤလောကတွင် မစပ်စုသင့်သော အရာများစွာတည်ရှိနေသည်။
"အစ်ကိုကြီး အဲ့တာက ဘာကြီးလဲ"
ရှောင်ရိက စပ်စုလိုက်သည်။ သူက ကြောက်လန့်ရမည့်အစား လင်းနို့ကြီးနှင့် တိုက်ခိုက်လိုနေခဲ့သည်။ လက်ရှိအချိန်အထိ ထန်တိုက်လင်မှလွဲလျှင် သူက မရဏနန်းတော်မှကျောက်ရုပ်များကိုပင် မကြောက်မလန့် ပြန်ချနိုင်ခဲ့၏။
"ငါလည်း သေချာမသိဘူး"
ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။
လက်ရှိတွင် လင်းနို့ကြီးက ဝေးကွာနေပြီဖြစ်ရာ ပြန်လှည့်လာလျှင်ပင် သူတို့အတွက် ထွက်ပြေးချိန်ရနေသည်။
"အစ်ကိုကြီး ဒါက ဟိုအဘိုးကြီးရဲ့သိုလှောင်အိတ်။ အထဲကပစ္စည်းတွေက အဖိုးတန်ရဲ့လား။ ဒီဓားနှစ်လက်ကိုရော ယူလိုက်ဦး"
ရှောင်ရိက တလက်လက်တောက်နေသော မျက်လုံးများဖြင့် ယဲ့ချန်ကိုကြည့်ကာ ထို့ပါရန်၏ပစ္စည်းများကို ကမ်းပေးလာသည်။ လက်ရှိတွင် သူက ဓားပြတစ်ယောက်ကဲ့သို့ မျက်စိအတွင်းဝင်လာသမျှ ရတနာများကို အလွတ်မပေးတတ်ချေ။ ယဲ့ချန်ပင်လျှင် သူ့ကို လူကောင်းများထံမှမလုယူရန် အသေအချာဆုံးမထားရသည်။
"ဒီဓားတွေက ဝိညာဥ်အဆင့်သုံးဆိုတော့ မဆိုးဘူး"
ယဲ့ချန်က သိုလှောင်အိတ်ကို ဖွင့်ကြည့်လိုက်သောအခါ မြေအဆီအနှစ်ဆေး၊ ချီစုစည်းဆေးစသော ဆေးလုံးများနှင့် ဝိညာဥ်လက်နက်ငါးခုခန့်ကို တွေ့လိုက်ရသည်။ ထိုအရာအများအပြင် မှတ်စုစာအုပ်နှင့်တူညီသော ရှေးဟောင်းစာအုပ်တစ်ခုလည်း ရှိနေခဲ့သည်။ စာအုပ်ကို သားရဲတစ်ကောင်၏အရေပြားဖြင့် ပြုလုပ်ထားသည်။ မူလက ၎င်းတွင် စာမျက်နှာဒါဇင်ခန့်ရှိနိုင်သော်လည်း ဆိုးရွားစွာထိခိုက်ထားသဖြင့် သုံးခုသာ အကောင်းအတိုင်းကျန်ရစ်သည်။ ဦးတည်ရာအမှတ်များနှင့် ပုံရိပ်များ ရေးမှတ်ထားသဖြင့် ၎င်းတို့က အစီအရင်များဖြစ်နိုင်သည်။
ပထမစာရွက်တွင် ဓားသုံးလက်အစီအရင်သန့်စင်ပုံကို မှတ်တမ်းတင်ထားသည်။ ၎င်းစာအုပ်က အသုံးဝင်သည်ဟု ယဲ့ချန်က သတ်မှတ်လိုက်သည်။ ကံမကောင်းစွာဖြင့် သူက အစီအရင်မခင်းကျင်းတတ်ပေ။ ထို့အပြင် ဓားသုံးလက်အစီအရင်ဖန်တီးရန် သန့်စင်ခြင်းပညာအချို့လည်း တတ်မြောက်ထားရပေလိမ့်မည်။
ဒုတိယတစ်ရွက်တွင်ရေးမှတ်ထားသောအစီအရင်ကရှုပ်ထွေးလွန်းသဖြင့်ကြည့်မိသူတိုင်းကိုရှုပ်ထွေးသွားစေသည်။နောက်ဆုံးစာရွက်တွင်ဧရာမဓားအစီအရင်တစ်ခုအကြောင်းမှတ်တမ်းတင်ထားသည်။၎င်းကိုဖန်တီးရန်အလွန့်အလွန်ရှုပ်ထွေးသည့်အပြင်လိုအပ်ချက်အဖြစ်အဆင့်ငါးအထက်ဝိညာဥ်လက်နက်ပေါင်းသောင်းချီကိုဖော်ပြထား၏။
မှတ်စုစာအုပ်ကို နတ်ဆရာဂိုဏ်းသားတစ်ယောက် ပိုင်ဆိုင်ထားသဖြင့် ထို့ပါရန်က ဤရတနာကို လုယူလာခြင်းဖြစ်နိုင်သည်။
ထို့ပါရန်၏ပစ္စည်းများကို စစ်ဆေးပြီးနောက် ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ကို လင်းနို့ကြီးဆင်းသွားသော မြေအောက်သို့ ဦးတည်ပို့ဆောင်လိုက်သည်။ မြင်လိုက်ရသော မြင်ကွင်းက သူ့ကို ထိတ်လန့်သွားစေသည်။
မြေအောက်တွင် အမြင့်မီတာရာချီနှင့် အချင်းငါးကီလိုမီတာရှိသော ခန်းမကျယ်ကြီးတစ်ခု တည်ရှိနေသည်။ ကြမ်းပြင်တွင် အရိုးများရှိနေသော်လည်း ၎င်းတို့ကပြန့်ကြဲမနေဘဲ သပ်သပ်ရပ်ရပ်စီခံထားရသည်။ အရေအတွက်ပေါင်း သိန်းသောင်းချီနေသည့်အပြင် ကြီးမားသောအုတ်ဂူကြီးများကိုလည်း ယဲ့ချန်က ဝိညာဥ်အသိစိတ်မှတဆင့် မြင်တွေ့ခဲ့ရသည်။ လေပြင်းများတိုက်ခတ်နေပြီး အရိုးပုံကြီးကို ဖြတ်သန်းသွားသောအခါ အနက်ရောင် စွန်းထင်းသွားလေသည်။
ဆန်းကျယ်ဝိဇ္ဇာအဆင့် လူသားရုပ်သေး လေးငါးခုခန့်က ခေါင်းငုံ့၍အလုပ်ရှုပ်နေကြသည်။ ယဲ့ချန်က သူတို့အလုပ်ကို နားမလည်နိုင်ခဲ့ပေ။ လင်းနို့ကြီးက ထို့ပါရန်၏ခန္ဓာကိုယ်ကို မူလရှိပြီးသားအလောင်းများကြား ပစ်ချလိုက်သည်။
ထို့နောက် ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က ဒုလုံးရှည်သဏ္ဍာန် တိုင်ကြီးများဒါဇင်ချီကို တွေ့လိုက်ရသည်။ တိုင်ကြီးများအလယ်တွင် ကျောက်စိမ်းနန်းတော်၌ သူကြုံဖူးသော မိစ္ဆာဝိညာဥ်များနှင့်ဆင်တူသည့် အမှောင်ဝိညာဥ်တစ်ကောင်ရှိနေသည်။ ထိုဝိညာဥ်၏မျက်နှာမှ စူးရှသော အော်သံများ ဆက်တိုက်ထွက်ပေါ်နေသည်။
"ငါ့ကိုလွှတ်ပေး။ ငါ လူသတ်ချင်တယ်။ သတ်မယ်။ သတ်မယ်"
အမှောင်ဝိညာဥ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ ကြမ်းကြုတ်သော အရှိန်အဝါက ကောင်းကင်သို့ ထိုးတက်သွားသည်။ ၎င်းက အစွမ်းကုန်ရုန်းကန်နေသော်လည်း တိုင်ကြီးများတွင် အနက်ရောင်သံကြိုးများနှင့် တုပ်နှောင်ခံထားရ၏။
"ထန် ထန် ထန်"
သံကြိုးထိခတ်သံများ တချွင်ချွင် ထွက်ပေါ်လာသည်။ ၎င်းတို့၏မျက်နှာပြင်ထက်တွင် ရေးထွင်းထားသော ရှုပ်ထွေးသည့် ရုန်းများက ရွှေရောင်တောက်ပလာကြသည်။ ၎င်းတို့က အထူးရုန်းများဖြစ်ပုံပေါ်သည်။
အမှောင်ဝိညာဥ်က ရုန်းကန်လိုက်တိုင်း သံကြိုးများက ရွှေရောင်လက်လာသဖြင့် ၎င်းက နာကျင်စွာအော်ဟစ်နေရလေသည်။
***