← Chapters

ဆက်တိုက်ထိုးနှက်ခြင်း

Vol. 18 Ch. 248

ဆက်တိုက်ထိုးနှက်ခြင်း

Vol. 18 Ch. 248

အမှောင်ဝိညာဥ်များနှင့် မိစ္ဆာဝိညာဥ်များကြားတွင် ကွာခြားချက်တစ်ခုရှိသည်။ အမှောင်ဝိညာဥ်များသည် လူတစ်ယောက်သေဆုံးသောအခါ ကြီးစွာသော အမုန်းတရားကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မိစ္ဆာဝိညာဥ်များက သေဆုံးပြီးဝိညာဥ်များကိုသာ စားသောက်သော်လည်း အမှောင်ဝိညာဥ်များက ရန်ငြိုးကြီးလှသည်။ ၎င်းတို့က အသိစိတ်မရှိဘဲ သတ်ဖြတ်လိုစိတ်ပြင်းထန်စွာနှင့် ဝိညာဥ်များ၊ ကောင်းကင်ချီ၊ အသွေးအသားများပါမချန် စားသောက်နိုင်ကြသည်။ ၎င်းတို့က မိစ္ဆာဝိညာဥ်များထက်ပင် သန်မာလေသည်။

ယဲ့ချန်သည် ဤကျွန်းပေါ်တွင် အမှောင်ဝိညာဥ်တစ်ကောင်ကို အကျဥ်းချထားသော အကြောင်းအရင်းကို သိချင်ခဲ့သည်။

ယဲ့ချန်၏ဝိညာဥ်အသိစိတ်က အမှောင်ဝိညာဥ်အနီးသို့ ရောက်သွားလျှင် အေးခဲသွားပြီး ကြောက်မက်ဖွယ်ခံစားချက်တစ်ခုက သူ့ကို ကြောက်စိတ်များ ​ဖြစ်ပေါ်လာစေသည်။

"တော်တော်အစွမ်းထက်တဲ့ အမှောင်ဝိညာဥ်ပါလား"

ဤအရာကြီး၏အစွမ်းက သူထင်ထားသည်ထက် ပို၍ကြီးမားနေသောကြောင့် ယဲ့ချန်ပင်လျှင် ခွန်အားအစစ်အမှန်ကို မပြောနိုင်ချေ။

"ထန် ထန် ထန်"

ထိုအချိန်တွင် ယဲ့ချန်၏ရင်ဘတ်ထဲတွင် ရှိနေသော ဝိညာဥ်ပုလဲက ပြင်းပြင်းထန်ထန်တုန်ခါလာသည်။ သူက ၎င်းကို အလျင်စလိုဆွဲဖမ်းလိုက်ရသည်။ ဖြစ်နိုင်သည်က အမှောင်ဝိညာဥ်ကြောင့် ဝိညာဥ်ပုလဲ အသက်ဝင်လာခြင်းဖြစ်နိုင်သည်။ သူက အမှောင်ဝိညာဥ်အကြောင်း မသိသဖြင့် ဝိညာဥ်အသိစိတ်ဖြင့် တိုက်ရိုက်မထောက်လှမ်းရဲပေ။ ထို့ကြောင့် သူက အခြားနေရာများကို စပ်စုလိုက်သောအခါ ကြောက်စရာမြင်ကွင်းတစ်ခုကို မြင်လိုက်ရပြန်သည်။

အရပ်ပုသော်လည်း သန်မာဟန်တူသော ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့် လူသားရုပ်သေးတစ်ယောက်က အလောင်းတစ်ခုထံ လမ်းလျှောက်သွားသည်။ ထို့နောက် ရုန်းများရေးထွင်းထားသော လက်တစ်ဖက်နှင့် ဆွဲယူလိုက်သောအခါ ဝိညာဥ်တစ်ခု ပါလာခဲ့သည်။ ဝိညာဥ်က အသိစိတ်ရှိနေဟန်ဖြင့် ရုန်းကန်သော်လည်း မလွတ်မြောက်ခဲ့ပေ။ ၎င်း၏မျက်နှာထက်တွင် နာကျင်သော မလိုလားသော ခံစားချက်များ ရောပြွန်းနေသည်။

လူသားရုပ်သေးက ဝိညာဥ်ကိုသယ်ဆောင်၍ အမှောင်ဝိညာဥ်ထံ လျှောက်သွားခဲ့သည်။ အမှောင်ဝိညာဥ်ရှေ့ ဆယ်မီတာသို့ရောက်သောအခါ တုံ့ခနဲရပ်လိုက်ပြီး ဝိညာဥ်ကို အမှောင်ဝိညာဥ်ထံ ပစ်ပေးလိုက်သည်။

ဝိညာဥ်သည် သံကြိုးများနှင့် ချုပ်နှောင်ခံထားရသော အမှောင်ဝိညာဥ်ကိုမြင်သောအခါ ကြောက်လန့်တကြားနှင့် ထွက်ပြေးလိုခဲ့သည်။ သို့သော် အမှောင်ဝိညာဥ်က ထူးဆန်းစွာရယ်မောလိုက်သည်။ ထို့နောက် ၎င်းက ပါးစပ်ကိုဟ၍ စုပ်ယူလိုက်သောအခါ ပတ်ဝန်းကျင်ရှိလေများ စုဝေးလာကာ ပါးစပ်၏အလယ်တွင် ဝဲကြီးတစ်ခုဖြစ်ပေါ်လာ၏။ ဝိညာဥ်က သွေးရူးသွေးတန်းထွက်ပြေးလိုက်သော်လည်း ဝဲအတွင်းမှမလွတ်မြောက်နိုင်ခဲ့ဘဲ အမှောင်ဝိညာဥ်၏ဗိုက်အတွင်း ရောက်ရှိသွားလေသည်။

အမှောင်ဝိညာဥ်သည် ဝိညာဥ်ကိုဝါးမျိုပြီးနောက် အနီရောင်တောက်ပလာကာ လောဘကြီး၍ကျေနပ်သော အမူအရာ ထွက်ပေါ်လာသည်။ ၎င်းက ဝိညာဥ်ကို အစာချေဖျက်ပြီးဖြစ်သည်။

ယဲ့ချန်သည် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။ ဤလူသားရုပ်သေးများက အမှောင်ဝိညာဥ်ကို အမှုထမ်းနေပြီး အစာကျွေးနေကြသည်။ သို့သော် ၎င်းတို့က အမှောင်ဝိညာဥ်အပေါ် အမိန့်နာခံဟန်မရှိသောကြောင့် ကန့်လန့်ကာနောက်ကွယ်၌ လက်သည်တစ်ယောက် သေချာပေါက်ရှိနေပေလိမ့်မည်။

ယဲ့ချန်က ပို၍တွေးလေလေ ပို၍ထိတ်လန့်လေလေ ဖြစ်သည်။

ကန့်သတ်ဒေသကျွန်းကို သတ်မှတ်ခဲ့သော လူများက မြေအောက်တွင်ဂူတစ်ခုတူးဖော်ကာ အမှောင်ဝိညာဥ်တစ်ကောင်ကို မွေးမြူထားကြသည်။ ဤလုပ်ရပ်က နှစ်ပေါင်းသောင်းချီ ကြာမြင့်ပုံပေါ်သည်။

"ဘယ်သူက ဒီလိုမျိုးလုပ်နိုင်တာလဲ။ အမှောင်ဝိညာဥ်ကို သူတို့က ဘာလို့အစာကျွေးနေရတာလဲ"

မင်ဝူ၏စကားကြောင့် ကန့်သတ်ဒေသကို တိုင်းပြည်များအထက်မှအုပ်ချုပ်သည့် သမာဓိကောင်စီက သတ်မှတ်ထားကြောင်း ယဲ့ချန်က သိထားသည်။ ဤအချက်က သူတို့၏ခွန်အားကို မီးမောင်းထိုးပြနေသည်။

ယဲ့ချန်က ခန်းမတစ်ခုလုံးကို ဆက်လက်ရှာဖွေလိုက်သော်လည်း အမှောင်ဝိညာဥ်၊ လူသားရုပ်သေးများနှင့် ရှေးဟောင်းအုတ်ဂူတစ်ခုကိုသာ တွေ့ရှိခဲ့သည်။ အုတ်ဂူကို မည်သည့်အချိန်က တည်ဆောက်ထားမှန်းမသိရသော်လည်း ပြိုကျနေပြီဖြစ်ရာ ပုံစံပျက်နေခဲ့သည်။ ၎င်း၏အစိတ်အပိုင်းအများစုက မြေအောက်အတွင်း၌ မြုပ်ဝင်နေသည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က အုတ်ဂူအတွင်း မဝင်ရောက်နိုင်ပေ။ ၎င်းကို ကျောက်တုံးများဖြင့် တည်ဆောက်ထားကာ ဆန်းကျယ်သော ရုန်းများ ရေးထွင်းထားခဲ့သည်။ ဝိညာဥ်အသိစိတ်က အုတ်ဂူအတွင်းဝင်ရန် ကြိုးစားလိုက်သည်နှင့် ပြန်ကန်ထွက်လာခဲ့သည်။

အနက်ရောင်လေပြင်းက မြေအောက်ဂူထဲတွင် ပြင်းထန်စွာတိုက်ခတ်နေသဖြင့် တစ္ဆေနန်းတော်ကြီးပမာ ထင်မှတ်ရသည်။ ယဲ့ချန်က ရေတွက်ကြည့်လိုက်သောအခါ လူသားရုပ်သေး၁၆ကောင်နှင့် လင်းနို့ကြီးသုံးကောင် ရှိနေသည်။ လင်းနို့ကြီးများက မြေအောက်ဂူအပြင်ဘက်မှ အလောင်းများကို သယ်ဆောင်ခြင်းအတွက် တာဝန်ယူထားပုံပေါ်သည်။ လူသားရုပ်သေးများက အလောင်းများထံမှ ဝိညာဥ်ကိုထုတ်ယူပြီး အမှောင်ဝိညာဥ်ကို အစာကျွေးနေကြသဖြင့် အသိစိတ်မဲ့လုပ်သားများ ဖြစ်နေခဲ့သည်။

ယဲ့ချန်သည် ဤနေရာတွင်ရှိသမျှက ကြောက်မက်ဖွယ် လျှို့ဝှက်ချက်ကြီးတစ်ခုဖြစ်ကြောင်း နားလည်သွားခဲ့သည်။ သို့သော် သူ၏လက်ရှိခွန်အားဖြင့် လူသားရုပ်သေးများကို မနိုင်ပေ။

ဤလောကကြီး၏ လျှို့ဝှက်ချက်များက ယဲ့ချန်ရှေ့တွင် တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။ အကယ်၍ သမာဓိကောင်စီသာ တစ်စုံတစ်ခုကို ကြံစည်နေသည်ဆိုလျှင် တိုင်းပြည်တစ်ခု၊နှစ်ခုနှင့် ပတ်သက်နေသော ကိစ္စမျိုးမဟုတ်ပေ။ လူသားများ၏အမြင်တွင် ဤအဖွဲ့က ဥပဒေကို ထိန်းသိမ်းပေးနေခြင်းဖြစ်သော်လည်း နောက်ကွယ်တွင် လျှို့ဝှက်ချက်များစွာရှိနေသည်။

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ ခဏတာစဥ်းစားပြီးနောက် သူက မြင်ရသမျှကို အမွေးပွလေးအား ပြောပြလိုက်သည်။

"အမွေးပွလေး ငါတို့ ဘာလုပ်သင့်လဲ"

ယဲ့ချန်က မေးလိုက်သည်။

အမွေးပွလေးသည်လည်း မျက်မှောင်ကြုတ်၍ အတွေးနက်သွားခဲ့သည်။ သူမ၏အမူအရာက အလွန်ချစ်စရာကောင်းနေသည်။

ရှောင်ရိသည် အမွေးပွလေးကိုတလှည့် ယဲ့ချန်ကိုတလှည့် စပ်စုလိုစိတ်ဖြင့် ကြည့်နေခဲ့သည်။

"ဂီး"

ထိုအချိန်တွင် သူတို့နောက်မှ အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက မြေအောက်ဂူ၏ဝင်ပေါက်မှ ရောက်လာခြင်းဖြစ်သည်။

ယဲ့ချန်က ခေါင်းနားပန်းကြီးသွားပြီး ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းလိုက်သည်။ လင်းနို့ကြီးတစ်ကောင်က နန်မန်တိုင်းပြည်မှ စစ်သည်အလောင်းတစ်ခုကို သယ်ဆောင်ပြီး ဝင်ရောက်လာခြင်းဖြစ်သည်။

"မြန်မြန်ပုန်းကြ"

ယဲ့ချန်၊ အမွေးပွလေးနှင့် ရှောင်ရိက ကျောက်တုံးများကြားတွင် အလျင်အမြန်ဝင်ပုန်းလိုက်ကြသည်။

အချိန်ခဏအကြာတွင် လင်းနို့ကြီးက ယဲ့ချန်တို့ပုန်းနေသော နေရာအနီး ရောက်လာသည်။ ၎င်းက လေထဲတွင် စက်ဝိုင်းသဏ္ဍာန်ပတ်ပျံနေပြီး ထူးဆန်းစွာအော်မြည်နေသည်။ ၎င်း၏အော်သံက မြေအောက်ဂူအတွင်း ပဲ့တင်ထပ်နေသည်။ ထို့နောက် လင်းနို့ကြီးက အလောင်းကိုပစ်ချ၍ ယဲ့ချန်တို့ပုန်းအောင်းနေသော ကျောက်တုံးကြီးထံ ထိုးဆင်းလာသည်။

လင်းနို့ကြီးက သူတို့ကိုရှာနိုင်သဖြင့် ယဲ့ချန်က အလွန်အံ့သြသွားခဲ့သည်။ သူတို့သုံးယောက်က ပုန်းအောင်းနေသော ကျောက်တုံးကြီးများနောက်မှ ဂျွမ်းပစ်၍ ထွက်ပြေးလိုက်ကြသည်။

"ဘုန်း"

ကျောက်တုံးကြီးက အစိတ်စိတ်အပိုင်းပိုင်း ပေါက်ကွဲသွားသည်။

ယဲ့ချန်ကထွက်ပြေးနေရင်း လက်ထဲတွင် ကောင်းကင်ဓားပျံတစ်လက်ကို ဖန်တီးလိုက်သည်။ သူက လေထဲမှ ပစ်ခတ်လိုက်သဖြင့် ဓားပျံက လင်းနို့ကြီးထံ လှစ်ခနဲပြေးဝင်သွားခဲ့သည်။

လင်းနို့ကြီးက ကောင်းကင်ဓားပျံကိုမရှောင်ဘဲ လက်သည်းများဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

"ဘန်း"

ကောင်းကင်ဓားပျံက လက်သည်းများကိုထိုးဖောက်၍ လင်းနို့ကြီး၏ကိုယ်ထဲအထိ ဝင်ရောက်သွား၏။

လင်းနို့ကြီးက အော်မြည်လိုက်သော်လည်း ပြုတ်ကျမလာခဲ့ပေ။ ၎င်းက လက်သည်းများဖြန့်၍ ယဲ့ချန်တို့ထံ ထိုးဆင်းလာပြန်သည်။ လင်းနို့ကြီးကလည်း လူသားရုပ်သေးများကဲ့သို့ အသက်မရှိသဖြင့် ဒဏ်ရာရသွားသည့်တိုင်အောင် နာကျင်ပုံမပေါ်ချေ။

"အစ်ကိုကြီး ကျွန်တော် ကူညီမယ်"

ရှောင်ရိဘေးမှ ပြေးထွက်လာပြီး လင်းနို့ကြီးကို ခုန်ထိုးလိုက်သည်။

"ဘန်း"

ရှောင်ရိ၏လက်သီးက လင်းနို့ကြီးကို ထိမှန်သွားသည်။ ၎င်း၏ခန္ဓာကိုယ်က သတ္တုဖြင့်လုပ်ထားသော်လည်း ရှောင်ရိ၏လက်သီးချက်ကြောင့် အနည်းငယ်ကွေးကောက်သွားသည်။

"ပေါက်ကွဲစမ်း"

ယဲ့ချန်က လင်းနို့ကြီး၏ ကိုယ်တွင်း၌ရှိနေသော ကောင်းကင်ဓားပျံမှ လက်ကျန်စွမ်းအင်ကို ဖောက်ခွဲလိုက်သည်။ ဘုန်းခနဲမြည်သံနှင့်အတူ လင်းနို့ကြီး ယိုင်ထွက်သွားသည်။ ၎င်းက မြေပြင်ထံထိုးကျလာသော်လည်း လေထဲတွင် ဟန်ချက်ပြန်ထိန်းနိုင်သွားပြီး ယဲ့ချန်ထံ ခုန်အုပ်လိုက်သည်။

"တော်တော်အစွမ်းထက်တာပါလား"

ယဲ့ချန်မှာ လင်းနို့ကြီး၏ထက်ရှသော လက်သည်းများကိုရှောင်ရန် ဘေးသို့လှိမ့်ထွက်လိုက်ရ၏။

"ဘုန်း"

လင်းနို့ကြီး၏လက်သည်းများက ယဲ့ချန်၏နောက်တွင်ရှိနေသော ဂူနံရံကို ထိမှန်သွားသည်။ ထိုနေရာတွင် အက်ကြောင်းကြီးများ ဖြစ်လာသည်။

ယဲ့ချန်ကချက်ချင်းပြန်ထ၍ ကောင်းကင်ဓားပျံတစ်ချောင်းနှင့် ပစ်ခတ်လိုက်ပြန်သည်။

ဓားပျံသည် လင်းနို့ကြီး၏ကိုယ်တွင်း ဝင်ရောက်သွားသောအခါ ယဲ့ချန်က ချက်ချင်းဖောက်ခွဲလိုက်သည်။ သူက ဤနည်းအတိုင်း နောက်ထပ်ဓားပျံလေးငါးချောင်းနှင့် တိုက်ခိုက်လိုက်သောအခါ လင်းနို့ကြီး၏ကိုယ်တွင် အပေါက်များဖြစ်ကုန်သည်။ ၎င်း၏တောင်ပံတစ်ခု ပေါက်ကွဲသွားပြီး ညာလက်သည်းများ ကြေကွဲသွားခဲ့သည်။

လင်းနို့ကြီး၏ရုပ်ခန္ဓာက အလွန်မာကျောသဖြင့် ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ပင် အနိုင်ယူရန် မဖြစ်နိုင်ပေ။ ကံကောင်းစွာဖြင့် ယဲ့ချန်၏ကောင်းကင်ဓားပျံက ၎င်းကို ထိုးဖောက်နိုင်စွမ်းရှိနေသည်။

"မင်းက အစ်ကိုကြီးကို တိုက်ခိုက်ရဲတယ်လား။ သေစမ်း"

ထိုအချိန်တွင် ရှောင်ရိသည် လင်းနို့ကြီးကျောပေါ်သို့ ခုန်တက်သွားခဲ့သည်။ သူက ဘယ်လက်ဖြင့် ၎င်း၏လည်ပင်းကို တင်းကျပ်စွာဖက်ထားပြီး ညာလက်သီးဖြင့် ခေါင်းကို ဆက်တိုက်ထိုးနှက်နေခဲ့သည်။

လင်းနို့ကြီးကရုန်းကန်နေပြီး ရှောင်ရိကို အမြှီးကြီးဖြင့် ဆက်တိုက်ရိုက်နှက်နေသည်။ သို့သော် ရှောင်ရိ၏ထိုးချက်ကြောင့် ၎င်း၏ခန္ဓာကိုယ်က ကွေးကောက်စပြုလာသည်။

နောက်ဆုံးတွင် ရှောင်ရိမှာ အမြှီးရိုက်ချက်ကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူက ဒေါသတကြီးဖြင့် ပြန်ခုန်အုပ်ပြီး အဆက်မပြတ်ထိုးနှက်လိုက်ပြန်သည်။

"သေစမ်း။ ငါ့လက်သီးကို မြည်းကြည့်စမ်း"

ရှောင်ရိက အမြှီးရိုက်ချက်ကြောင့် ထပ်ကာထပ်ကာပြုတ်ကျနေသော်လည်း လင်းနို့ကြီးအပေါ်ပြန်တက်၍ ဇွဲရှိရှိနှင့်ထိုးနှက်နေသည်။ ပထမလက်သီးချက်ကြောင့် ၎င်း၏ခန္ဓာက အနည်းငယ်သာချိုင့်ဝင်သွားသော်လည်း တစ်နေရာတည်းကို ထပ်ကာထပ်ကာအထိုးခံရသောအခါ အပေါက်ကြီးများ ဖြစ်ပေါ်လာသည်။

ယဲ့ချန်နှင့်အမွေးပွလေးမှာ ရှောင်ရိ၏တိုက်ခိုက်ပုံကြောင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူတို့က ရှောင်ရိကို သိုင်းပညာသင်ပေးရန် ကြိုးစားဖူးသော်လည်း ဘယ်ဘက်နားကဝင်၊ ညာဘက်နားကထွက် ဖြစ်လေသည်။ ရှောင်ရိက တိုက်ခိုက်သည့်အချိန်တိုင်း မိုက်မိုက်ကန်းကန်းတိုက်ခိုက်တတ်သည်။ သူက ရန်သူ၏တိုက်ကွက်များကို မရှောင်တိမ်းဘဲ လက်သီးဖြင့်ထိုးရန်တစ်ခုတည်းသာ သိသည်။ သူက ရှေးဦးမှော်သားရဲဖြစ်နေသောကြောင့်သာ ဤသို့တိုက်ခိုက်ပုံမျိုးနှင် လိုက်ဖက်ညီခြင်းဖြစ်သည်။

ရှောင်ရိ၏ရုပ်ခန္ဓာ အလွန်သန်မာကြောင်းသိထားသော ယဲ့ချန်က စိုးရိမ်မနေခဲ့ပေ။ သူက တစ်ကိုယ်လုံးနှင့်ခေါင်းတွင် အပေါက်ကြီးများပြည့်နေသော လင်းနို့ကြီးကို စိုက်ကြည့်လိုက်သည်။ ၎င်းက ပြင်းထန်စွာထိခိုက်ထားသော်လည်း လှုပ်ရှားနေနိုင်ဆဲပင်ဖြစ်သည်။ ထို့ကြောင့် ယဲ့ချန်သည် ၎င်းကို ဝိညာဥ်အသိစိတ်ဖြင့်စစ်ဆေးရင်း လက်ထဲတွင် ကောင်းကင်ဓားပျံတစ်ခုကို အသင့်ပြင်ထားလိုက်လေသည်။

***

All Chapters