← Chapters

ထန်တိုက်လင်နှင့် နောက်တစ်ကြိမ်ပြန်ဆုံပြီ

Vol. 18 Ch. 249

ထန်တိုက်လင်နှင့် နောက်တစ်ကြိမ်ပြန်ဆုံပြီ

Vol. 18 Ch. 249

"ဒါက အားနည်းချက်ဖြစ်နေမလား"

ယဲ့ချန်သည် လင်းနို့ကြီး၏ ကျောအထက်ပိုင်းတွင် ဝိညာဥ်စွမ်းအင်အချို့ စုဝေးနေသည်ကို ဝိညာဥ်အသိစိတ်ဖြင့် တွေ့ရှိနိုင်ခဲ့သည်။

ထို့နောက် သူက ကျောက်တုံးကြီးတစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး လင်းနို့ကြီးအနားသို့ရောက်အောင် ချဥ်းကပ်လိုက်သည်။ ယဲ့ချန်၏လက်ထဲမှ ကောင်းကင်ဓားပျံက ပြေးထွက်သွားသဖြင့် လေခွင်းသံတစ်ချက် ထွက်ပေါ်လာသည်။

"ရွှစ်"

ကောင်းကင်ဓားပျံက လင်းနို့ကြီး၏ ကျောအနောက်ပိုင်းရှိ ဝိညာဥ်စွမ်းအင်နေရာကို ထိုးဖောက်သွားကာ ရင်ဘတ်ရှေ့တည့်တည့်မှ ပြန်လည်ဖောက်ထွက်လာသည်။

"ဘုန်း"

ယဲ့ချန်က အားနည်းချက်နေရာတွင် ကပ်တွယ်ကျန်ရစ်ခဲ့သော ကောင်းကင်ချီများကို ဖောက်ခွဲလိုက်သဖြင့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။ လင်းနို့ကြီး၏မျက်လုံးများ အလင်းရောင်များ ဖြည်းဖြည်းချင်းမှိန်ကျသွားကာ ၎င်း၏ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ အထိန်းအကွပ်မဲ့ထိုးကျလာခဲ့သည်။

ယဲ့ချန်သည်လည်း ၎င်း၏ကိုယ်ပေါ်တွင် ဝိညာဥ်စွမ်းအင်များရှိနေသည်ကို အာရုံမခံမိတော့ချေ။

"ဒါဆိုရင် အားနည်းချက်က ဒီနေရာပေါ့"

ယဲ့ချန်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။ လင်းနို့ကြီးမှာ ဝိညာဥ်စွမ်းအင်များ ဖျက်ဆီးခံလိုက်ရသည်နှင့်တပြိုင်နက် သတ္တုအပိုင်းအစကြီးတစ်ခုပမာဖြစ်သွားပြီး လှုပ်ပင်မလှုပ်တော့ပေ။

"ဒီကောင်ကြီးကို ဘယ်လိုသတ္တုနဲ့လုပ်ထားတာလဲ။ ဒီသတ္တုက အရမ်းအားမကောင်းပေမယ့် ရှောင်ရိဆက်တိုက်ထိုးတာကို ခံနေရတာတောင် ဆက်ပြီးတိုက်ခိုက်နေနိုင်တယ်။ ဒါက သိပ်သည်းဆ မြင့်နေလို့များလား။ ပြီးတော့ လင်းနို့ကြီးကို ဘယ်လိုတည်ဆောက်ထားတာလဲ"

ယဲ့ချန်က အတွေးနက်နေခဲ့သည်။ သူက လင်းနို့ကြီးကို အလွန်စိတ်ဝင်စားနေသဖြင့် လက်မောင်းကာအတွင်း သိမ်းဆည်းလိုက်သည်။ သူက လူသားရုပ်သေးပညာကဲ့သို့ ရက်စက်ကြမ်းကြုတ်လွန်းသော အရာမျိုးကို ကိုယ်တိုင်ပြုလုပ်မည်မဟုတ်ပေ။ သို့သော် နားလည်တတ်ကျွမ်းထားလျှင် အနာဂတ်တွင်ရင်ဆိုင်ရပါက ပြဿနာမရှိနိုင်ချေ။

"ဝုန်း ဝုန်း ဝုန်း"

ထိုအချိန်တွင် သူတို့ရပ်နေသော မြေပြင်က ရုတ်တရက်တုန်ခါသွားသည်။ တုန်ခါခြင်းက ပြင်းထန်လွန်းသဖြင့် ငလျင်ကြီးတစ်ခုပမာ ထင်မှတ်ရသောကြောင့် ယဲ့ချန်၏စိတ်ထဲတွင် သို့လောသို့လောဖြစ်သွားခဲ့သည်။

ထို့ကြောင့် သူက စုံစမ်းစစ်ဆေးရန် မြေအောက်သို့ ဝိညာဥ်အသိစိတ်ကို နောက်တစ်ကြိမ်ပို့လွှတ်လိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်က အောက်သို့ရောက်သောအခါ စိုစွတ်မှုနှင့်အေးမြမှုကို ခံစားလိုက်ရသည်။ မူလတွင် သူက ရေချီများ အဘယ်ကြောင့် မြေအောက်ဂူအတွင်း ရောက်လာကြောင်း တွေးမရ​ဖြစ်သွားသည်။

"ဒီမိန်းမ ရောက်နေပါလား"

သို့သော် သူ၏မြင်ကွင်းအတွင်း ပုံရိပ်တစ်ခု ဝင်ရောက်လာသောအခါ နှလုံးခုန်မြန်သွားခဲ့သည်။ ထန်တိုက်လင်က ကန့်သတ်ဒေသကျွန်း၏ မြေအောက်ဂူအတွင်း ရောက်နေခဲ့သည်။ သူမကလက်ထဲတွင် သုံးခွလှံကိုင်ထားပြီး အပြာရောင်ဝတ်စုံလေးက လေထဲတွင် တလူလူလွင့်နေသည်။ သူမ၏တော်ဝင်ဆန်ကာ မြင့်မြတ်သောပုံရိပ်ကို ကျောက်စိမ်းရောင်လက်မောင်းလေးများ၊ လှပသော ညှပ်ရိုးလေးများနှင့် ပြည့်ဖောင်းသော ရင်သားအစုံက ပြည့်စုံစေခဲ့သည်။ ထန်တိုက်လန်သာ ပင်လယ်မိစ္ဆာတစ်ယောက်ဖြစ်ကြောင်း မသိထားလျှင် မရေမတွက်နိုင်သော ယောကျ်ားပေါင်းများစွာ ဒူးထောက်ပေလိမ့်မည်။

"ထန်တိုက်လင်က ဘာလို့ဒီကိုရောက်နေရတာလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက မြောက်ပင်လယ်တွင်ရောက်နေကြောင်း အမှတ်ရသွားပြီး ထန်တိုက်လင်၏နေရာဖြစ်ကြောင်း မှတ်မိသွားခဲ့သည်။

ယဲ့ချန်က ထန်တိုက်လင်အနောက်သို့ လိုက်လံကြည့်ရှုနေစဥ် သူမက ရုတ်တရက်ပျောက်ကွယ်သွားသည်။ နောက်တစ်ကြိမ်ပြန်ပေါ်လာသောအခါ သူမက လေးငါးမီတာအကွာ၌ ဖြစ်သည်။ သက်တန့်ရောင်များတောက်ပနေသော သုံးခွလှံက လူသားရုပ်သေးတစ်ကောင်အပေါ် ကျရောက်သွားသည်။ ဘန်းခနဲမြည်သံနှင့်အတူ ဆန်းကျယ်ဝိဇ္ဇာအဆင့်ရုပ်သေးက တစ်ချက်ပင်မခုခံနိုင်ဘဲ သတ္တုအပိုင်းအစများအဖြစ် ပေါက်ကွဲသွားခဲ့သည်။

"ဆန်းကျယ်ထိပ်ဆုံးအဆင့် လူသားရုပ်သေးကိုသတ်ဖို့ တစ်ချက်ပဲရိုက်ဖို့ လိုတာလား။ အစွမ်းထက်လိုက်တာ"

ထန်တိုက်လင်က လေထဲတွင် ခြေဗလာဖြင့် ခုန်ပျံပြေးလွှားနေသည်။ ထို့နောက် သူမ၏ကြည်လင်သော မျက်လုံးများက လေဟာနယ်ကိုဖြတ်၍ ထွင်းဖောက်မြင်နေပုံမျိုးဖြင့် စိုက်ကြည့်လာခဲ့သည်။

"နင်က ဒီကျွန်းပေါ် ဘာလာလုပ်တာလဲ"

ထန်တိုက်လင်၏ အေးစက်စက်စကားသံက ယဲ့ချန်၏နားထဲသို့ ပဲ့တင်ဝင်ရောက်လာသည်။ သူမ၏မျက်နှာထက်တွင် ခံစားချက်တစ်စုံတစ်ရာ မရှိချေ။ ထန်တိုက်လင်သည် ယဲ့ချန်၏ဝိညာဥ်အသိစိတ်ကို တွေ့ရှိရုံသာမက အသံကိုပါ လွယ်ကူစွာပို့လွှတ်နိုင်သောကြောင့် အလွန်အစွမ်းထက်ကြောင်း သိသာနေခဲ့သည်။ သူမက ခြင်္သေ့ဘုရင်ထုံတန်ထက် လေးငါးဆပို၍အစွမ်းထက်ကြောင်း ရှင်းလင်းပေသည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ အမှောင်ဝိညာဥ်တစ်ကောင် ရှိနေရတာလဲ"

ယဲ့ချန်က ထန်တိုက်လင်၏အမေးကို မဖြေဘဲ ပြန်၍မေးခွန်းထုတ်လိုက်သည်။ ထန်တိုက်လင်က ဤနေရာရှိလူသားရုပ်သေးများကို ဖျက်ဆီးနေသောကြောင့် ဤကိစ္စ၏နောက်ကွယ်မှ လက်သည်နှင့်ဆိုင်စရာ အကြောင်းလုံးဝမရှိပေ။

"ဒီကျွန်းရဲ့အခြေအနေက နင်ဝင်ပါလို့ရတာမျိုး မဟုတ်ဘူး။ မသေချင်ရင် မြန်မြန်ထွက်သွား"

ထန်တိုက်လင်က မျက်ခုံးပင့်လိုက်ပြီး လေသံတင်းတင်းနှင့် ပြန်ပြောလိုက်သည်။

အတိတ်တွင် ယဲ့ချန်က သူမကို တာအို၏အဓိပ္ပါယ်အစစ်မှန်ကို သေချာမပြောပြခဲ့သဖြင့် ထန်တိုက်လင်က ခပ်ပေါ့ပေါ့သာသဘောထားခဲ့သည်။ သို့သော် သူမက မြောက်ပင်လယ်သို့ပြန်ရောက်ပြီးနောက် ယဲ့ချန်၏စကားများကို ပြန်လည်ဆင်ခြင်လိုက်သောအခါ တာအိုကို စတင်ဖမ်းဆုပ်နိုင်ခဲ့သည်။ ထို့ကြောင့် သူမ၏ကျင့်ကြံခြင်းတွင် အထောက်အကူဖြစ်ခဲ့ပြီး ခွန်အားများမြင့်တက်လာခဲ့သည်။ မသိစိတ်တွင် ယဲ့ချန်သည် သူမ၏တိုးတက်ရေးအတွက် ကူညီပေးနိုင်သဖြင့် ဤနေရာတွင် အသက်မဆုံးစေလိုပေ။ သို့ဖြစ်ပါက နှမြောစရာပင်ဖြစ်သည်။

"တစ်ယောက်​ယောက် ငါ့ပိုင်နက်မှာ ဒါမျိုးလာလုပ်ရဲတယ်။ ငါက သူတို့ကိုမသိဘူးလို့များ ထင်နေတာလား"

ထန်တိုက်လင်က အေးစက်စက်ရေရွတ်၍ လူသားရုပ်သေးများကို တစ်ကောင်ပြီးတစ်ကောင် ဖျက်ဆီးနေသည်။ ယဲ့ချန်အတွက် ဤလူသားရုပ်သေးများကိုပင် အနိုင်ယူနိုင်စွမ်းမရှိသောအခါ အမှောင်ဝိညာဥ်ဆိုလျှင် ပြောစရာမရှိချေ။ သို့သော် ထန်တိုက်လင်သာ အမှောင်ဝိညာဥ်နှင့်တိုက်ခိုက်လျှင် ဤနေရာတွင် ကြောက်မက်ဖွယ်တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာနိုင်သည်။

ထန်တိုက်လင်၏စကားကဲ့သို့ ဤအခြေအနေက ယဲ့ချန်ပါဝင်ပတ်သက်နိုင်သော ကိစ္စမျိုး မဟုတ်ပေ။ သူက အလွန်အားနည်းနေခဲ့သည်။

ယဲ့ချန်သည် ထန်တိုက်လင်နှင့် အမှောင်ဝိညာဥ်ကဲ့သို့ ဖြစ်တည်မှုများကို မယှဥ်နိုင်သော်လည်း တိုက်ပွဲအပေါ် သိလိုစိတ်များပြင်းပျနေသည်။ ဤတိုက်ပွဲက သူ၏တာအိုကို တိုးတက်မှုများ ဖြစ်ပေါ်လာစေနိုင်သည်။

ယဲ့ချန်၏ဝိညာဥ်အသိစိတ် ထွက်မသွားသည်ကို မြင်သောအခါ ထန်တိုက်လင်က ဆက်မပြောတော့ပေ။ သူမ၏အကြည့်က ကျောက်တိုင်များကြား ချုပ်နှောင်ခံထားရသော အမှောင်ဝိညာဥ်ထံ ကျရောက်သွားသည်။ လက်ထဲရှိ သက်တန့်ရောင်သုံးခွလှံကို ကိုင်မြှောက်ကာ တဟုန်ထိုးဝင်ရောက်လိုက်သည်။ ယဲ့ချန်သည် ထန်တိုက်လင်၏ကိုယ်တွင်းမှ တိုက်ပွဲဆာလောင်စိတ်ကို ခံစားမိသဖြင့် ခြေထောက်များပင် တုန်ယင်လုနီးပါးဖြစ်နေသည်။

ထန်တိုက်လင်သည် အစစ်အမှန်သိုင်းလမ်းစဥ်ကို နားလည်ထားသည်။ ထို့ကြောင့် သုံးခွလှံမှာ လက်နက်တစ်ခုအစား သူမ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကဲ့သို့ လိုက်ဖက်ညီနေသည်။

"ဒါက ဒဏ္ဍာရီလာ ကောင်းကင်နှင့်လူ တစ်သားတည်းဖြစ်ခြင်းလား"

ယဲ့ချန်သည် ထန်တိုက်လင်အပေါ် များစွာလျှော့တွက်ထားမိပုံပေါ်သည်။

ထန်တိုက်လင်၏ဖိအားကို ခံစားမိသောအခါ သံကြိုးများကြားရုန်းကန်နေသော အမှောင်ဝိညာဥ်၏ကိုယ်ပေါ်တွင် မျက်နှာများ ဖြစ်တည်စေလိုက်သည်။ မျက်နှာများပေါ်တွင် ကြောက်စိတ် ၊ဒေါသ ၊ရက်စက်မှုစသော ခံစားချက်များ အထင်းသားပေါ်လွင်နေသည်။ မျက်နှာတစ်ခုစီတွင် ခံစားချက်တစ်ခုစီ ထင်ဟပ်နေသဖြင့် အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။

"ငါ လူသတ်ချင်တယ် သတ် သတ် သတ်"

အမှောင်ဝိညာဥ်က အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သောအခါ အနက်ရောင်လေပြင်းများ ပိုမိုပြင်းထန်စွာ တိုက်ခတ်လာသည်။ အချိန်ခဏအတွင်း မြေအောက်ဂူ၏အပူချိန်က ချက်ချင်းထိုးကျသွားသဖြင့် ဂူနံရံများတွင် ရေခဲစများပင် ကပ်ငြိတွယ်ကုန်သည်။

အနက်ရောင်လေပြင်းများတွင် ပြင်းထန်သော တိုက်စားနိုင်စွမ်းတစ်ခု ပါဝင်နေသဖြင့် အသက်အားလုံးအပေါ် ခြိမ်းခြောက်နိုင်လေသည်။ ထိုလေပြင်းများကြောင့် ယဲ့ချန်၏ဝိညာဥ်အသိစိတ်က နောက်သို့အလျင်အမြန် ဆုတ်ပေးလိုက်ရသည်။ သို့သော် လေပြင်းများနှင့်ထိမိသွားသော ၎င်း၏အစိတ်အပိုင်းအချို့မှာ ဖြည်းညှင်းစွာ တောင့်ခဲသွားလေသည်။

"သမာဓိကောင်စီ မင်းတို့က ဒီလိုဆိုးယုတ်တဲ့အရာကို ငါ့ပိုက်နက်မှာ လာမွေးထားတယ်ပေါ့"

ထန်တိုက်လင်၏ တည်ငြိမ်နေကျမျက်နှာထက်တွင် ဒေါသစိတ်တစ်ခု ဖြစ်ပေါ်လာ၏။ သူမက လက်ထဲရှိသုံးခွလှံကို တဝှီဝှီမြည်အောင်လည်ပတ်ရင်း ဖြတ်ခနဲပျောက်ကွယ်သွားသည်။ သူမပြန်ပေါ်လာသောအခါ လေးငါးမီတာအကွာရှိ အမှောင်ဝိညာဥ်ရှေ့တွင် ပြန်ပေါ်လာကာ သုံးခွလှံဖြင့်ရိုက်ချလိုက်သည်။

ဤရိုက်ချက်က နှေးကွေးပုံပေါ်သော်လည်း အလွန်တရာမြန်ဆန်သည်။ လေရဟတ်ကဲ့သို့ လည်ပတ်နေသော သုံးခွလှံက သက်တန့်ရောင်များတောက်ပနေပြီး အဆုံးအစမဲ့မြင့်မြတ်စွမ်းအင်များ ပါဝင်နေသယောင် ထင်မှတ်ရသည်။ ထန်တိုက်လင်က အစစ်အမှန်သိုင်းလမ်းစဥ်ကို ဤရိုက်ချက်တစ်ချက်တည်းတွင် ပေါင်းစည်းထားခဲ့သည်။

"ဒါဆိုရင် မင်းရဲ့အစစ်အမှန်သိုင်းလမ်းစဥ်က ဒီအဆင့်အထိ ရောက်နေပြီပေါ့"

ယဲ့ချန်က အံ့သြလွန်း၍ မျက်လုံးပြူးသွားခဲ့သည်။ သူ၏နားလည်မှုနှင့်ယှဥ်လျှင် ထန်တိုက်လင်က အဆင့်များစွာသာလွန်နေသည်။ ကျင့်ကြံသူတစ်ယောက်က အစစ်အမှန်သိုင်းလမ်းစဥ်ကို အမြင့်ဆုံးအဆင့်အထိ နားလည်နိုင်လျှင် ၎င်းက လှုပ်ရှားမှုတိုင်းတွင် ပေါင်းစပ်နေမည်ဖြစ်ကာ သာမန်လှုပ်ရှားမှုများပင် မကျန်ပေ။ ယဲ့ချန်အနေဖြင့် တစ်စုံတစ်ရာကို သဘောပေါက်သွားခဲ့သည်။ အတိတ်တွင် ထန်တိုက်လင်သည် ရှောင်ရိနှင့်တိုက်ခိုက်ရာတွင် အစွမ်းကို ရာနှုန်းပြည့်အသုံးမချခဲ့ပေ။ ယခု အမှောင်ဝိညာဥ်နှင့်တိုက်ပွဲတွင် သူမက အစွမ်းကုန်ထုတ် တိုက်ခိုက်နေပြီဖြစ်သည်။

"ဘုန်း"

အဆုံးမဲ့စွမ်းအားများပါဝင်သော သုံးခွလှံက အမှောင်ဝိညာဥ်ကို ဒေါင်လိုက်နှစ်ခြမ်း ခွဲပစ်လိုက်သည်။

အမှောင်ဝိညာဥ်က နာကျင်စွာဟိန်းဟောက်လိုက်သဖြင့် မြေပြင်တစ်ခုလုံး တုန်ခါနေသည်။ သို့သော် ပြတ်ထွက်သွားသော အပိုင်းတစ်ခုက နောက်တစ်ပိုင်းနှင့် ခဏအတွင်း ပြန်လည်ဆက်သွယ်သွား၍ အကောင်းအတိုင်းဖြစ်သွားခဲ့သည်။

ထိုအချိန်တွင် ထန်တိုက်လင်၏လက်နက်က အမှောင်ဝိညာဥ်၏ခန္ဓာကိုယ်အတွင်း ကျန်ရစ်ခဲ့သည်။ စက္ကန့်တိုင်း အနက်ရောင်စွမ်းအင်များက သုံးခွလှံ၏နတ်စွမ်းအင်များကို တိုက်စားစပြုလာသဖြင့် ခြိမ်းခြောက်မှုကြီးမားလေသည်။

ထန်တိုက်လင်က စိတ်ထဲတွင် အနည်းငယ်ထိတ်လန့်သွားသည်။ သူမက သုံးခွလှံကို ချက်ချင်းဆွဲထုတ်လိုက်သော်လည်း ၎င်းက တင်းကျပ်စွာပိတ်မိနေကြောင်း သဘောပေါက်လိုက်သည်။

"ပေါက်ကွဲစမ်း"

ထန်တိုက်လင်၏အော်သံနှင့်အတူ လှံသွားပေါ်ရှိ စွမ်းအင်များ ပေါက်ကွဲသွားသဖြင့် အမှောင်ဝိညာဥ်က နောက်ပြန်လွင့်ထွက်သွား၏။ ဤအခွင့်အရေးကြောင့် သူမက လက်နက်ကို ပြန်လည်ရယူနိုင်လိုက်သည်။

"သေစမ်း"

အမှောင်ဝိညာဥ်၏ကိုယ်တွင်းမှ ဧရာမလက်ကြီးတစ်ဖက် ဖြစ်ပေါ်လာကာ ထန်တိုက်လင်ကို ကုတ်ချလိုက်သည်။

ထန်တိုက်လင်က သူမ၏လက်နက်ဖြင့် ထိပ်တိုက်ရင်ဆိုင်သည်။

"ဝုန်း"

မိုးချုန်းသံကဲ့သို့ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာ၏။ ထန်တိုက်လင်နှင့် အမှောင်ဝိညာဥ်၏တိုက်ပွဲက ကမ္ဘာတုန်လောက်သော တိုက်ပွဲမျိုးဖြစ်နိုင်သည်။ နတ်အလင်းနှင့် အမှောင်ချီများ ထိပ်တိုက်တွေ့ဆုံလိုက်တိုင်း ပေါက်ကွဲသံများဖြစ်ပေါ်လာကာ ကျွန်းတစ်ခုလုံး လှုပ်ခါသွားသည်။ သို့သော် အမှောင်ဝိညာဥ်က အသာစီးရနေပုံပေါ်သည်။

အကယ်၍ ထန်တိုက်လင်သာ အမှောင်ဝိညာဥ်ကိုမနိုင်လျှင် ပြဿနာတက်နိုင်သည်။ ယဲ့ချန်မှာ ဤမြင်ကွင်းကြောင့် သမာဓိကောင်စီ၏အစွမ်းကို နားလည်စပြုလာ၏။ ပြင်းထန်သောတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသကဲ့သို့ ယဲ့ချန်က ဆက်ကြည့်နေခဲ့သည်။ အစွမ်းထက်ကျင့်ကြံသူတိုင်း၏ တိုက်ကွက်များတွင် အဆင့်မြင့်သဘောတရားများ ပါဝင်နေသဖြင့် သူက နားလည်မှုအသစ်များ ဖြစ်ပေါ်လာသည်။

ယဲ့ချန်က တိုက်ပွဲအကြောင်းကို ရှောင်ရိနှင့်အမွေးပွလေးကို ပြောပြခဲ့သည်။

"အစ်ကိုကြီး အမှောင်ဝိညာဥ်က တကယ်အစွမ်းထက်တာလား"

ရှောင်ရိက မယုံနိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။

"ဟုတ်တယ်"

ယဲ့ချန်က ခေါင်းညိတ်သည်။ ၎င်းက သံကြိုးများဖြင့်တုပ်နှောင်ခံထားရသော်လည်း အစွမ်းထက်ခွန်အားကို ထုတ်ဖော်နိုင်နေသည်။ ၎င်းသာ လွတ်​မြောက်သွားလျှင် ကြောက်စရာအလွန်ကောင်းပေလိမ့်မည်။

ကန့်သတ်ဒေသကျွန်း၏ အရှေ့ဘက်ပိုင်းတွင် ဖြစ်သည်။

မင်ဝူ၊ နင်ချင်းယွင်၊ နေမီးတောက်ငှက်၊ နေလင်းယုန်နှင့် မြေဝိဇ္ဇာများက ကျိုးကုန်းရယ်ထံ ပြေးဝင်သွားကြသည်။ သူတို့၏အမြင်တွင် ကျိုးကုန်းရယ်က လမ်းဆုံးရောက်နေပြီး သေချာပေါက်သေရမည်ဖြစ်သည်။ သို့သော် သူတို့က အစီအရင်တစ်ခုအတွင်း ရောက်နေကြောင်းကိုမူ သတိမထားမိခဲ့ပေ။

အလွန်ဗဟုသုတများသော ကျင့်ကြံသူများမဟုတ်လျှင် ဤနေရာက အစီအရင်ဖြစ်သည်ဟု ကျင့်ကြံသူများ သတိပြုမိရန် မလွယ်ချေ။

ကျိုးကုန်းရယ်က အစီအရင်အတွင်းဝင်လာသော မင်ဝူတို့လူစုကိုကြည့်၍ လှောင်ပြုံးပြုံးလိုက်သည်။ သူက အစီအရင်မျက်လုံးဖြစ်သော ကျောက်တုံးကို လက်ဝါးဖြင့် ရိုက်လိုက်သောအခါ နှစ်မီတာရွေ့သွားသည်။

ရှီဝူအင်ပါယာစစ်သည်များ၏အမြင်တွင် ကျိုးကုန်းရယ်က ရုတ်တရက်သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။ ထို့အပြင် ပတ်ဝန်းကျင်တစ်ခုလုံး မြူများဖုံးလွှမ်းကုန်သည်။

"ဘာတွေဖြစ်နေတာလဲ"

မင်ဝူက အလွန်ထိတ်လန့်သွားသည်။ ထို့နောက် သူက အသေအချာစဥ်းစားလိုက်သောအခါ အစီအရင်တစ်ခုအတွင်း ရောက်နေခြင်းဖြစ်နိုင်သည်ဟု တွေးမိလိုက်သည်။

"ဟား ဟား မင်ဝူ နင်ချင်းယွင် မင်းတို့အားလုံး ဒါကို မမျှော်လင့်ထားဘူးလား"

ကျိုးကုန်းရယ်က အော်ဟစ်ရယ်မောလိုက်သည်။ သူက ဒဏ်ရာများရရှိထားသဖြင့် အစီအရင်မျက်လုံးဘေးတွင် ထိုင်ချကာ ပြန်လည်ကုသနေလိုက်၏။

မင်ဝူတို့အဖွဲ့သည် အစီအရင်ကိုချိုးဖျက်ရန် လေးငါးကြိမ်အထိ ကြိုးစားလိုက်သည်။ သို့သော် ရုန်းကန်နေခြင်းက အကျိုးမရှိကြောင်း နားလည်လိုက်ကြသည်။ သူတို့ကမည်မျှကြိုးစားပါစေ အမြဲတမ်းမူလတည်နေရာသို့ ပြန်ရောက်လာကြလေသည်။

***

All Chapters