← Chapters

အချစ်နှင့်တာအို *

Vol. 18 Ch. 251

အချစ်နှင့်တာအို *

Vol. 18 Ch. 251

အနက်ရောင်စွမ်းအင်များက ကြိုးများသဏ္ဍာန် ဖြစ်တည်လာကာ ထန်တိုက်လင်ကို ချုပ်နှောင်ရန် ဘက်ပေါင်းစုံမှ ဝင်ရောက်လာကြသည်။ သူမက သုံးခွလှံဖြင့် ယမ်းဖယ်တိုက်ခိုက်နေသော်လည်း ကြိုးများကိုချိုးဖျက်ရန် မလွယ်ခဲ့ပေ။

ထန်တိုက်လင်၏ကိုယ်ထက်တွင် အဖြူရောင်ဝတ်စုံတစ်ခု ထွက်ပေါ်လာလာကာ ဝင်ရောက်လာနေသမျှ ကြိုးနက်များကို တဘန်းဘန်း ရိုက်ထုတ်နေသည်။

သုံးခွလှံဖြစ်စေ ဝတ်စုံဖြူဖြစ်စေ အလွန်အဖိုးတန်သော ဝိညာဥ်လက်နက်များဖြစ်သည်။ တစ်ခုက တိုက်ခိုက်ရေးတွင် အစွမ်းထက်ပြီး တစ်ခုက ကာကွယ်ရေးအတွက် အသုံးကျသော​ကြောင့် တွဲဖက်ညီနေခဲ့သည်။

ထိုအချိန်တွင် ရှောင်ရိကိုင်ထားသော ဝိညာဥ်ပုလဲထံမှ အနက်ရောင်အလင်းများ ပြန့်ထွက်လာသည်။ အမှောင်ဝိညာဥ်က ဝိညာဥ်ပုလဲကိုမြင်သောအခါ ကြောက်စိတ်ဖြစ်ပေါ်လာဟန်ဖြင့် လေထဲတွင် ခဏတန့်သွားခဲ့သည်။ ထို့နောက် ၎င်းက ဒေါသတကြီးကြုံးဝါး၍ရု န်းထွက်လိုက်သည်။

အမှောင်ဝိညာဥ်ကိုချုပ်နှောင်ထားသော သံကြိုးများတွင် နောက်ဆုံးကျန်သော နှစ်ချောင်းက ကျယ်လောင်စွာအသံမြည်၍ ပြတ်ထွက်ကုန်သည်။ ၎င်းက ဆိုးယုတ်သောအပြုံးဖြင့် ရှောင်ရိထံ ချဥ်းကပ်လာနေသည်။

"ရှောင်ရိ သတိထား"

ယဲ့ချန်က အလန့်တကြားအော်ဟစ်လိုက်သည်။ သူက သေရေးရှင်ရေးတွင် မည်သည်ကိုမှဂရုမစိုက်အားဘဲ ဝိညာဥ်စစ်သည်တော်ကို ထုတ်ဖော်လိုက်သည်။

"မီးဓားသိုင်း မီးနဂါးနေကိုသတ်"

ဝိညာဥ်စစ်သည်တော်က ခရမ်းရောင်မီးများ တောက်လောင်နေသောဓားဖြင့် အမှောင်ဝိညာဥ်ကို ခုတ်ချလိုက်သည်။ ၎င်း၏ဓားက ကောင်းကင်မှဆင်းသက်လာသော မီးနဂါးကြီးတစ်ကောင်ကဲ့သို့ ကျဆင်းလာခဲ့၏။

"ပိုးစုန်းကြူးက လမင်းကြီးကို အလင်းချင်းယှဥ်ချင်နေတယ်"

အမှောင်ဝိညာဥ်က ခပ်အက်အက်အသံဖြင့် လှောင်ပြောင်ကာ လက်ဝါးဖြင့် ဝိညာဥ်စစ်သည်တော်ကို ရိုက်ချလိုက်သည်။

"ဘုန်း"

ဧရာမလက်ကြီးက ဝိညာဥ်စစ်သည်တော်ကို ထိမှန်သွားသည်။ ဘန်းခနဲမြည်သံနှင့်အတူ ဝိညာဥ်စစ်သည်တော်က ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။ တန်ပြန်ဒဏ်ကြောင့် ယဲ့ချန်၏ရင်ဘတ်က အလွန်နာကျင်သွားကာ မျက်နှာတစ်ခုလုံးဖြူရော်နေသည်။ သူက အဝေးသို့လွင့်ထွက်သွားကာ မြေပြင်တွင် ခွေခွေလေးလဲကျသွားခဲ့သည်။

ယဲ့ချန်၏ခွန်အားက အမှောင်ဝိညာဥ်နှင့်ယှဥ်လျှင် မိုးနှင့်မြေပမာ ကွာခြားနေသည်။

အမှောင်ဝိညာဥ်က ရှောင်ရိကို တိုက်ခိုက်လိုက်ပြန်သည်။

"မင်းက အစ်ကိုကြီးကို ထိခိုက်ရဲတယ်။ ငါ မင်းကိုသတ်ပစ်မယ်"

ရှောင်ရိသည် ယဲ့ချန်ဒဏ်ရာရသွားသည်ကို မြင်သောအခါ ဒေါသူပုန်ထသွားခဲ့သည်။ သူက လက်သီးဆုပ်၍ အမှောင်ဝိညာဥ်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

အမှောင်ဝိညာဥ်က ခပ်အက်အက်အသံဖြင့် ရယ်မောလိုက်၏။ အများဆုံး ကောင်းကင်သားရဲအဆင့်သာရှိသော ကလေးတစ်ယောက်က ၎င်းကို လုံးဝယှဥ်နိုင်မည်မဟုတ်ပေ။ ၎င်း၏လက်ကြီးများကြောင့် လေထဲတွင် ဖိအားကြီးတစ်ခု ကျဆင်းလာသည်။ ရှောင်ရိသည် ရန်သူကိုမတိုက်ခိုက်နိုင်ခင် ကီလိုဂရမ်သောင်းချီသော ဖိအားကြောင့် မြေပြင်အတွင်း မြုပ်ဝင်သွားခဲ့၏။ သူ၏ရုပ်ခန္ဓာမှာ ဖိချေခံနေရသကဲ့သို့ နာကျင်နေပုံပေါ်သည်။

အမှောင်ဝိညာဥ်က အလွန်အစွမ်းထက်လွန်းနေသည်။

"အစ်ကိုကြီး ထွက်ပြေးတော့"

ရှောင်ရိက ခက်ခက်ခဲခဲ အော်ဟစ်လိုက်သည်။

သို့သော် ယဲ့ချန်က သူ၏ညီကို ဤအချိန်တွင် မစွန့်ပစ်နိုင်ခဲ့ပေ။ သူက ကောင်းကင်ချီများကိုလည်ပတ်၍ ကောင်းကင်ဓားပျံတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် ဓားပျံဖြင့် အမှောင်ဝိညာဥ်ကို ပစ်ပေါက်လိုက်သည်။

အမွေးပွလေးကလည်း ပုံရိပ်ယောင်ပုလဲကို အန်ချလိုက်သဖြင့် ဂူတစ်ခုလုံး လင်းထိန်သွားသည်။ အလင်းရောင်က ပြင်းထန်လွန်းသဖြင့် မြေအောက်တွင် နေ့ခင်းပမာဖြစ်သွားခဲ့သည်။ အဖြူရောင်အလင်းကြောင့် အမှောင်ဝိညာဥ် ကြောင်အသွားစဥ် ယဲ့ချန်၏ဓားပျံက ၎င်းကိုထိမှန်သွားသည်။

သူတို့က အမှောင်ဝိညာဥ်ကိုတိုက်ခိုက်နေစဥ် ထန်တိုက်လင်က အနက်ရောင်ကြိုးများအားလုံးကို ဖျက်ဆီးလွတ်မြောက်နိုင်ခဲ့သည်။ သူမကလည်း တိုက်ပွဲအတွင်း ဝင်ရောက်လာပြီး သုံးခွလှံနှင့်ထိုးချလိုက်သောကြောင့် အမှောင်ဝိညာဥ်က နောက်ဆုတ်သွားရသည်။

"ပြေးကြ"

ထန်တိုက်လင်က အလောတကြီးသတိပေးလိုက်သည်။ သူမက များစွာသော အနက်ရောင်ကြိုးများကြောင့် ဒဏ်ရာရထားသည်။ ယဲ့ချန်တို့အဖွဲ့ကလည်း အမှောင်ဝိညာဥ်ကို ဒဏ်ရာရုံအထိသာ အများဆုံးတိုက်ခိုက်နိုင်သည်။ ထို့အပြင် အမှောင်ဝိညာဥ်က အချုပ်အနှောင်မှလွတ်မြောက်လာသဖြင့် ပိုမိုအစွမ်းထက်နေသောအခါ အနိုင်ယူရန်မလွယ်ချေ။ ယဲ့ချန်နှင့်အမွေးပွလေးကြောင့် သူမက လွတ်မြောက်နိုင်ခဲ့သဖြင့် ကျေးဇူးတင်စွာ သတိပေးလိုက်ခြင်းဖြစ်ပေသည်။

ထန်တိုက်လင်က ရှေးဟောင်းအုတ်ဂူထံ ပျံသန်းသွားစဥ် ယဲ့ချန်က ရှောင်ရိကိုပွေ့ချီ၊ အမွေးပွလေးကို ပခုံးပေါ်တင်၍ အုတ်ဂူထံ အားကုန်ထုတ်ထွက်ပြေးလိုက်၏။

ဒေါသတကြီးကြုံးဝါးနေသော အမှောင်ဝိညာဥ်က လေးငါးဆအထိ ကြီးမားလာသည်။ ၎င်းက အနက်ရောင်တိမ်တစ်ခုကဲ့သို့ လေထဲမှပျံသန်းရင်း လိုက်ပါလာခဲ့သည်။ အနက်ရောင်ကြိုးများကလည်း ရေဘဝဲလက်တံများကဲ့သို့ ယဲ့ချန်တို့အုပ်စုထံ လျင်မြန်စွာဝင်ရောက်လာနေကြ၏။

ရှေးဟောင်းအုတ်ဝူ၏ ဝင်ပေါက်သို့ ရောက်ခါနီးပြီဖြစ်သည်။ ထန်တိုက်လင်က အုတ်ဂူအတွင်းဝင်လိုက်ပြီး ယဲ့ချန်တို့သုံးယောက်က ဝင်ပေါက်နှင့် ဆယ်မီတာအကွာသို့ ရောက်နေခဲ့သည်။

ထိုအချိန်တွင် ကြိုးနက်နှစ်ချောင်းက ယဲ့ချန်နှင့်ရှောင်ရိ၏ခြေထောက်များကို ရစ်ပတ်သွားကာ နောက်သို့ဆောင့်ဆွဲလိုက်သည်။ အမှောင်ဝိညာဥ်၏ခွန်အားကို နှစ်ယောက်လုံးက မတွန်းလှန်နိုင်ပေ။

"အမွေးပွလေး ပြေးတော့"

ယဲ့ချန်က အော်ဟစ်လိုက်သည်။ သူက လက်ရှိအခြေအနေကို ကောင်းစွာနားလည်ထားသည်။ သူနှင့်ရှောင်ရိက မလွတ်မြောက်နိုင်တော့ပေ။ မည်သည့်နည်းလမ်းကိုသုံးသည်ဖြစ်စေ သူတို့က အမှောင်ဝိညာဥ်ကို မယှဥ်နိုင်ချေ။ အမွေးပွလေးလွတ်မြောက်သွားရန် တစ်ခုသာ ဆုတောင်းလိုက်ကြသည်။

ကြိုးနက်များထံမှ တိုက်စားနိုင်သော အရှိန်အဝါများက ယဲ့ချန်၏ကောင်းကင်ချီများကို တိုက်စားလာကြသည်။

"အမွေးပွလေး ငါ မင်းနဲ့မခွဲချင်ဘူး"

ယဲ့ချန်မှာ သေခြင်းတရားကို ရင်ဆိုင်ရတော့မည်ဖြစ်၍ စိတ်ထဲတွင် ဤအတွေးဖြစ်ပေါ်လာသည်။ သူက ဤလောကသို့ရောက်ပြီးနောက် များစွာကြုံတွေ့ခဲ့ရသည်။ အမွေးပွလေး၊ ဖခင်၊ လော့အာ၊ အဘိုးနှင့်ယဲ့မျိုးနွယ်ဝင်များ၊ ရှောင်ရိနှင့် ဝူစီတို့ကြောင့် သူက အထီးမကျန်ခဲ့ပေ။ အတိတ်ဘဝတွင် သူက မိဘမဲ့ဖြစ်သော်လည်း ဤဘဝတွင် အချစ်မေတ္တာကို ခံစားခဲ့ရလေသည်။

"မင်းတို့ ဘယ်ပြေးကြဦးမှာလဲ"

အမှောင်ဝိညာဥ်က ရက်စက်စွာပြုံး၍ လှောင်ရယ်လိုက်သည်။

အမွေးပွလေးက ယဲ့ချန်၏မျက်လုံးများကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်သည်။ သူမ၏စိတ်ထဲတွင် ယဲ့ချန်ကို ပြောစရာစကားများစွာ ရှိနေသည်။

"မဟုတ်ဘူး မလုပ်နဲ့"

အမွေးပွလေး၏မျက်ဝန်းထဲမှ အချစ်ကို ယဲ့ချန်က နားလည်လိုက်သည်။ ထို့နောက် သူမ လုပ်တော့မည့်ရည်ရွယ်ချက်ကိုပါ သဘောပေါက်လိုက်သဖြင့် အလန့်တကြားတားမြစ်လိုက်၏။

အမွေးပွလေးက ယဲ့ချန်ကို ချစ်မြတ်နိုးစွာပြုံးပြ၍ အမှောင်ဝိညာဥ်ထံ ချက်ချင်းခုန်ဝင်သွားခဲ့သည်။ သူမ၏ပါးစပ်ထဲမှ ပုံရိပ်ယောင်ပုလဲက ထွက်ပေါ်လာပြီး တောက်ပလင်းလက်သွားသောကြောင့် ယဲ့ချန်၏မျက်လုံးများတွင် အဖြူရောင်တစ်ခုသာ ကြီးစိုးသွားသည်။

ယဲ့ချန်သည် အမွေးပွလေး၏ နောက်ဆုံးအပြုံးကြောင့် နှလုံးသားတစ်ခုလုံး ပဲ့ကြွေသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏မျက်ဝန်းများမှ မျက်ရည်စများ စီးထွက်လာသည်။

"အမ"

ရှောင်ရိက အော်ဟစ်ငိုကြွေးနေခဲ့သည်။

"ခွေးစုတ်လေး သေစမ်း"

အမှောင်ဝိညာဥ်က လက်ကြီးတစ်ဖက်ကိုဖန်တီး၍ အမွေးပွလေးကို ဖြတ်ရိုက်လိုက်သည်။

အုတ်ဂူအတွင်း ရောက်နေပြီဖြစ်သော ထန်တိုက်လင်က ဤမြင်ကွင်းကို အစအဆုံးတွေ့မြင်ခဲ့သည်။ အမွေးပွလေးက အသက်ဘေးမှလွတ်မြောက်နေသည်ကို ထွက်မပြေးဘဲ အမှောင်ဝိညာဥ်ကို ယဲ့ချန်အတွက်ရင်ဆိုင်ပေးရန် အသက်စွန့်ခဲ့၏။ ဤအရာက သတ်သေခြင်းဖြစ်သော်လည်း အမွေးပွလေး၏အချစ်က ထန်တိုက်လင်၏ သံမဏိနှလုံးသားကို အရည်ပျော်သွားစေသည်။ သူမက သက်တန့်ရောင်နတ်အလင်းနှစ်ခုဖြင့် ယဲ့ချန်နှင့်ရှောင်ရိကိုဖမ်းထားသော ကြိုးနက်နှစ်ချောင်းကို ဖျက်ဆီးပစ်လိုက်သည်။ ယဲ့ချန်ရော ရှောင်ရိပါ အုတ်ဂူထံသို့ စွမ်းအားတစ်မျိုးဖြင့် ဆွဲယူခံလိုက်ရ၏။

ယဲ့ချန်နှင့်ရှောင်ရိက အုတ်ဂူဝင်ပေါက်သို့ရောက်ခါနီးတွင် ကြိုးနက်တစ်ချောင်းက ရှောင်ရိ၏လည်ပင်းကို ရစ်ပတ်လာခဲ့ပြန်သည်။

ထန်တိုက်လင်က မျက်မှောင်ကြုတ်၍ ထိုကြိုးကိုဖျက်ဆီးရန် နတ်အလင်းများ ပစ်ခတ်လိုက်သည်။ သို့သော် ကြိုးနက်များ ထပ်မံရောက်ရှိလာပြီး သက်တန့်ရောင်နတ်အလင်းကို ရင်ဆိုင်သွားခဲ့သည်။

နောက်ဆုံးတွင် ထန်တိုက်လင်က ယဲ့ချန်တစ်ယောက်တည်းကိုသာ အုတ်ဂူအတွင်းရောက်အောင် ကယ်ဆယ်နိုင်ခဲ့၏။

"အမွေးပွလေး ရှောင်ရိ"

ယဲ့ချန်က မြေပြင်ပေါ်ကုန်းရုန်းထပြီး အုတ်ဂူအပြင်သို့ ပြန်ပြေးထွက်လိုက်သည်။ သူ့အနေဖြင့် ကြိုးနက်များကြောင့် သေရမည်ကိုပင် ဂရုမစိုက်အားပေ။ ရုတ်တရက် အုတ်ဂူ၏တံခါးက ပိတ်သွားပြီး အမှောင်ဝိညာဥ်နှင့် ယဲ့ချန်ကို ကမ္ဘာခြားပစ်လိုက်သည်။ ရုန်းများအသက်ဝင်လာသဖြင့် တံခါးပေါ်တွင် အလင်းကွင်းတစ်ခု ဖြစ်တည်လာ၏။

"ဒုန်း"

အရှိန်ဖြင့်ပြေးလာသော ယဲ့ချန်က ရုတ်တရက်ပိတ်သွားသော တံခါးကို ဝင်ဆောင့်မိသဖြင့် နောက်ပြန်လွင့်ထွက်သွားလေသည်။

သူက အပြင်တွင် မည်သို့ဖြစ်ပျက်နေကြောင်း မမြင်ရတော့ပေ။

"ဒီတံခါးက ပိတ်သွားရင် ဘယ်လိုမှဖွင့်မရဘူး။ ငါတောင် တံခါးရဲ့အစီအရင်ကိုကျော်ပြီး မသွားနိုင်ဘူး။ ကြိုးစားနေလို့ အပိုပါပဲဟယ်"

ထန်တိုက်လင်က စိတ်ဓာတ်ကျနေသော အသံဖြင့် ယဲ့ချန်ကို အသိပေးလိုက်သည်။

အနက်ရောင်အုတ်ဂူအတွင်း တံခါးထံမှ အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်နေသည်။ ယဲ့ချန်၏စိတ်က ဗလာဖြစ်နေခဲ့၍ ထန်တိုက်လင်၏စကားများကို မကြားနိုင်ပေ။

"အမွေးပွလေးနဲ့ရှောင်ရိ ဘာဖြစ်သွားပြီလဲ။ သူတို့ သေသွားကြပြီလား။ မဖြစ်နိုင်ဘူး။ အမွေးပွလေးရော ရှောင်ရိပါ မသေရဘူး"

ယဲ့ချန်၏နှလုံးသားက ဟက်တက်ကွဲသွားပြီဖြစ်သည်။ သူ၏စိတ်ထဲတွင် မှတ်ဉာဏ်များက ရုပ်ရှင်ပြသကဲ့သို့ ပြန်လည်ထွက်ပေါ်လာနေသည်။ အမွေးပွလေးနှင့်စတင်တွေ့ပုံ၊ ရှောင်ရိနှင့်တွေ့ခဲ့ပုံမှစတင်၍ အသက်အန္တရာယ်များကြား အတူတူကျော်လွှားခဲ့ပုံများကို အမှတ်ရလိုက်မိသည်။ ယဲ့ချန်သည် အမွေးပွလေးအပေါ် သူ၏စိတ်များက မေတ္တာမှတဆင့် အချစ်အဖြစ်ပြောင်းလဲသွားကြောင်း နားလည်လိုက်သည်။ ရှောင်ရိသည်လည်း သူ၏ညီအရင်းတစ်ယောက်ပမာ ချစ်ခင်သူဖြစ်သည်။

"ငါ ဒီအမှောင်ဝိညာဥ်ကိုသတ်ပြီး သူတို့ကို ကယ်ရမယ်"

ယဲ့ချန်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။ စိတ်အတွင်းရှိဓားပျံက ချက်ချင်းတောက်ပလာ၍ ပြင်းထန်စွာတုန်ခါနေခဲ့သည်။ ကောင်းကင်ချီများက ဒီရေလှိုင်းများပမာ တဝုန်းဝုန်းထွက်ပေါ်လာသည်။ ချီစက်ဝိုင်းကိုးခုကလည်း ကြမ်းကြမ်းတမ်းတမ်းလှုပ်ခါနေပြီး အချင်းချင်းဝင်ဆောင့်နေကြသည်။ ထို့ကြောင့် ကောင်းကင်ချီများက ရေနွေးပမာ ပွက်ပွက်ဆူနေကြသည်။

ယဲ့ချန်၏ဒန်တန်အတွင်း ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာကာ ကျင့်ကြံဆင့်က မြေဝိဇ္ဇာအလယ်အဆင့်မှ ထိပ်ဆုံးအဆင့်သို့ ဝုန်းခနဲထိုးတက်သွားခဲ့သည်။ ထိုမျှသာမက ကျင့်ကြံဆင့်က ကောင်းကင်ဝိဇ္ဇာအဆင့်သို့ရောက်ရန် ဆံချည်တစ်မျှင်သာ လိုအပ်သည်အထိရောက်မှ ရပ်တန့်သွားခဲ့သည်။ ကိုယ်တွင်းရှိ ကောင်းကင်ချီပမာဏကလည်း ကောင်းကင်ဝိဇ္ဇာစဦးအဆင့်နှင့် တူညီသွားလေသည်။

အာရုံငါးပါးကလည်း ထက်ရှလာပြီး ဝိညာဥ်စစ်သည်တော်လည်း အစွမ်းထက်လာခဲ့သည်။ အမွေးပွလေး၏ထောက်ပံ့မှုမပါလျှင်ပင် ၎င်းက ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့် ခွန်အားကို ပိုင်ဆိုင်နေပြီဖြစ်သည်။ ထို့အပြင် သာမန်ကျင့်ကြံသူများက အဆင့်တူချင်းတွင် ၎င်းကိုမယှဥ်နိုင်ကြပေ။

"အား"

ယဲ့ချန်က နာကျည်းဝမ်းနည်းစွာ ဆက်တိုက်အော်ဟစ်နေသည်။ သူ၏ကိုယ်တွင်းကိုယ်ပ၌ ကောင်းကင်ချီများ တောက်လောင်နေသဖြင့် မီးလူသားပမာ ထင်မှတ်ရသည်။

နောင်တ၊ ဝမ်းနည်းစိတ်၊ အချစ်စသော ခံစားချက်များက ယဲ့ချန်ကို တာအိုအား ဖမ်းဆုပ်မိစေခဲ့သည်။ စွန့်လွှတ်စွန့်စားဝံ့ပြီး တစ်ယောက်အတွက် တစ်ယောက်အသက်ကိုပေးနိုင်သော အချစ်က တာအို၏အ​ခြေတည်ရာ ဖြစ်လာခဲ့သည်။ ယဲ့ချန်၏ မျက်လုံးနှစ်ဖက်တွင် ယင်ယန်ငါးနှစ်ကောင် ထွက်ပေါ်လာသဖြင့် ညအမှောင်တွင် ကြယ်များကဲ့သို့ တောက်ပနေသည်။ ဝိညာဥ်စစ်သည်တော်က ဓားကိုမြှောက်၍ အုတ်ဂူ၏ဝင်ပေါက်ထံ ခုန်ဝင်သွားခဲ့ပေသည်။

ထန်တိုက်လင်သည် ယဲ့ချန်၏ပြောင်းလဲမှုများကြောင့် တုန်လှုပ်နေမိသည်။ သူမပြောနိုင်သည်မှာ ယဲ့ချန်က သူမ၏သိုင်းလမ်းစဥ်ကို ယှဥ်ပြိုင်နိုင်သော လမ်းစဥ်တစ်ခုကို နားလည်သွားကြောင်းသာ ဖြစ်သည်။ ယဲ့ချန်သည် အမွေးပွလေးအပေါ်ထားသော အချစ်ကြောင့် လမ်းစဥ်ပေါ်ခြေချနိုင်သွားကာ ကောင်းကင်ချီများကို လှုံ့ဆော်နိုင်ခြင်းဖြစ်သည်။

ဤလုပ်ရပ်မျိုးကို စိတ်ခွန်အားသက်သက်ဖြင့် စွမ်းဆောင်နိုင်သူမှာ နတ်ဘုရင်များနှင့် နတ်ဝိဇ္ဇာအထက်အဆင့်များသာ ရှိသည်။

"နင့်ရဲ့စိတ်ကို ဘာကများ ဒီအခြေအနေအထိ လှုံ့ဆော်ပေးနိုင်ခဲ့တာလဲ"

ထန်တိုက်လင်၏မျက်လုံးများတွင် သိလိုစိတ်ကြောင့် တောက်ပနေသည်။ သို့သော် သူမ၏ပြစ်မျိုးမှဲ့မထင် မျက်နှာလေးတွင် ခံစားချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိဘဲ ပုံမှန်အတိုင်း ဖြစ်လေသည်။

***

All Chapters