← Chapters

အင်မော်တယ်ဖြစ်ခြင်း၏အဆုံးသတ်

Vol. 18 Ch. 252

အင်မော်တယ်ဖြစ်ခြင်း၏အဆုံးသတ်

Vol. 18 Ch. 252

ထန်တိုက်လင်သည် ကျောက်တုံးနံရံတစ်ခုပေါ်သို့ ခုန်တက်၍ ထိုင်ချလိုက်သည်။ သူမက အမှောင်ဝိညာဥ်နှင့်တိုက်ပွဲတွင် ပြင်းထန်သော အတွင်းဒဏ်ရာများ ရခဲ့သည်။ အနက်ရောင်စွမ်းအင်များ ခန္ဓာကိုယ်တွင်း ကျူးကျော်လာပြီး သွေးကြောများကို ဒုက္ခပေးနေသည်။ သူမ၏ကျင့်ကြံဆင့်ကသာ လုံလောက်အောင်မြင့်ခြင်းမရှိလျှင် လက်ရှိအချိန်အထိ တောင့်ခံထားနိုင်မည်မဟုတ်ပေ။

ဝိညာဥ်စစ်သည်တော်က ဓားဖြင့် အုတ်ဂူတံခါးကို ဆက်တိုက်ထိုးခုတ်နေသည်။ သို့သော် တံခါးက လုံးဝထိခိုက်မှုမရှိပေ။ ထို့နောက် ရုန်းများက လေပေါ်သို့မြောက်တက်လာပြီး ဝိညာဥ်စစ်သည်တော်ကို တိုက်ခိုက်လိုက်ကြသည်။ ၎င်းက ချက်ချင်းပေါက်ကွဲထွက်သွားပြီး ယဲ့ချန်မှာလည်း တန်ပြန်အားကြောင့် လွင့်ထွက်သွားခဲ့သည်။

"အကျိုးမရှိတာကို မလုပ်နဲ့။ နင်က ဒီတံခါးကို ဘယ်လိုမှဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ ဒီရှေးဟောင်းဂူကို နှစ်ပေါင်းသောင်းချီက တည်ဆောက်ထားခဲ့တာဖြစ်တယ်။ ဘယ်ကျင့်ကြံသူမှ တံခါးကို မဖျက်ဆီးနိုင်ဘူး။ တံခါးပေါ်ကအစီအရင်ရုန်းတွေကလည်း အစွမ်းထက်တယ်။ ငါတောင်မှ မဖျက်ဆီးနိုင်ဘူး"

ထန်တိုက်လင်၏ ကြည်လင်အေးစက်သော စကားသံက ယဲ့ချန်၏နားကို ဝင်ရောက်လာသည်။

"ဒါကိုမဖျက်ဆီးနိုင်ဘူးလို့ ငါ မယုံဘူးကွ"

ဝိညာဥ်စစ်သည်တော်က ဆက်တိုက်ဖျက်ဆီးခံနေရသဖြင့် ယဲ့ချန်၏မျက်လုံးများ နီရဲနေသည်။ သူ၏ဝိညာဥ်က အကန့်အသတ်သို့ရောက်နေပြီဖြစ်သည်။ အနားမယူလျှင် ဝိညာဥ်အပေါ် ထိခိုက်မှုများရှိလာနိုင်သည်။

သို့သော် ယဲ့ချန်က ရပ်တန့်ရန် ဆန္ဒမရှိပေ။ အကယ်၍ သူက တစ်စက္ကန့်နှောင့်နှေးနေလျှင် အမွေးပွလေးနှင့်ရှောင်ရိကို လုံးဝမတွေ့ရခြင်း ဖြစ်သွားနိုင်လေသည်။

"မင်းတို့မသေရဘူး။ ငါ့ကို စောင့်နေကြ"

ယဲ့ချန်၏ညာလက်တွင် ကောင်းကင်ဓားပျံထွက်ပေါ်လာကာ တံခါးကို ပစ်ခတ်လိုက်သည်။ ဘန်းခနဲမြည်သံနှင့်အတူ ကောင်းကင်ဓားပျံက ရုန်းအချို့ကိုဖျက်ဆီးပြီး တံခါးပေါ်တွင် အက်ကြောင်းငယ်တစ်ခု ဖြစ်သွားစေသည်။

ကောင်းကင်ဓားပျံတစ်ချောင်းက မလုံလောက်သောအခါ ယဲ့ချန်က ဆက်တိုက်ဖန်တီးပစ်ခတ်နေသည်။ သူက ကျောက်တုံးတံခါးပျက်စီးသွားမှ ရပ်ပေလိမ့်မည်။

အမွေးပွလေးနှင့် ရှောင်ရိကို ကယ်တင်ရန်အတွက် ကောင်းကင်ဓားပျံများ တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာသည်။

"ငါ မြန်မြန်လုပ်ရမယ်"

ယဲ့ချန်၏ကိုယ်တွင်းချီများ လျင်မြန်စွာကုန်ဆုံးနေသဖြင့် မျက်နှာက ဖြူရော်လာသည်။ ရုပ်ခန္ဓာသည်လည်း အကန့်အသတ်သို့ ရောက်လုနီးပါးဖြစ်လာခဲ့သည်။

"ဘန်း ဘန်း ဘန်း"

ယဲ့ချန်က သူကိုယ်တိုင်မသိလိုက်ခင်မှာပင် ဘယ်ညာလက်အစုံ၌ ကောင်းကင်ဓားပျံနှစ်ချောင်း တပြိုင်နက်​ဖြစ်တည်လာသည်။ ဓားပျံများက အုတ်ဂူ၏တံခါးပေါ်တွင် အပေါက်တစ်ခု ဖြစ်ပေါ်လာစေသည်။

"ပျက်စီးစမ်း"

ယဲ့ချန်က စိုးရိမ်တကြီး ဆက်လက်တိုက်ခိုက်နေသည်။ သူ၏နှလုံးသားကို လက်ကြီးတစ်ဖက်ဆုပ်ကိုင်ထားသကဲ့သို့ တင်းကျပ်နေရာ သွေးနှင့်ချီများ ပွက်ပွက်ဆူနေခဲ့သည်။

ထန်တိုက်လင်က ဤဖြစ်ရပ်ကို အစအဆုံးမြင်တွေ့နေရသည်။ ယဲ့ချန်၏ကောင်းကင်ချီမှ ဖြစ်ပေါ်လာသော ဓားပျံများက အုတ်ဂူတံခါးကို အပေါက်ဖောက်နိုင်သောအခါ အလွန်အံ့သြသွားခဲ့သည်။ သူမအတွက် မြေခွေးနှင့် တောင်ပံမြွေနဂါးသေလျှင်လည်း အရေးစိုက်စရာမဟုတ်ပေ။ ယဲ့ချန်၏လျှို့ဝှက်ချက်များက စိတ်ဝင်စားစရာပင်။

"မြေခွေးနဲ့ တောင်ပံမြွေနဂါးက အခုချိန်ဆိုသေနေလောက်ပြီ။ လက်လျှော့လိုက်တော့။ နင်က အုတ်ဂူတံခါးကို ဖျက်ဆီးလိုက်ရင်တောင် သူတို့အလောင်းတွေသာ ပြန်ရလိမ့်မယ်"

ထန်တိုက်လင်က တည်ငြိမ်စွာပြောလိုက်သည်။

"မဖြစ်နိုင်ဘူး။ သူတို့က သေချာပေါက်အသက်ရှင်နေလိမ့်မယ်။ နင် ပါးစပ်ပိတ်ထားစမ်း"

ယဲ့ချန်က ကောင်းကင်ဓားပျံများ ဆက်တိုက်ပစ်ခတ်ရင်း ရူးသွပ်လုနီးပါးဖြစ်လာသည်။ ကျောက်တုံးတံခါးပေါ်တွင် အပေါက်တစ်ခုဖြစ်လာသော်လည်း ရုန်းများဖုံးကွယ်နေသဖြင့် အပြင်ကို မမြင်နိုင်ခဲ့ပေ။

ထန်တိုက်လင်သည် ယဲ့ချန်၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ အတိတ်တွင် မြောက်ပင်လယ်၏အုပ်ချုပ်သူဖြစ်သော သူမကိုစော်ကားလျှင် လက်မနှေးဘဲ သတ်ဖြတ်ခဲ့သည်ချည်းသာဖြစ်သည်။ သို့သော် ယဲ့ချန်၏အကြောင်းအရင်းကို နားလည်နေသဖြင့် သူမက ခွင့်လွှတ်ပေးခဲ့သည်။

ကောင်းကင်ဓားပျံများကို ဖန်တီးရာတွင် ကောင်းကင်ချီကအဓိကဖြစ်၍ ယဲ့ချန်၏ကောင်းကင်ချီများ လျင်မြန်စွာကုန်ခမ်းနေသည်။

"မင်းက ဒီတံဆိပ်ကိုဖျက်ဆီးပြီး ငါ့ကိုလွှတ်ပေးရင် ကျောက်တုံးတံခါးကို ဖျက်ဆီးပေးမယ်"

ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းမှ ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြီး၏စကားသံ ထွက်ပေါ်လာသည်။

"ကောင်းပြီ"

ယဲ့ချန်က ခေါင်းညိတ်၍ ဘယ်လက်ဝါးတွင်ရှိသော လက်ထောက်တံဆိပ်ကို ဆင့်ခေါ်လိုက်သည်။

"မင်း ငါ့ကိုလွှတ်ပေးပြီးရင် ငါကတိမတည်မှာကို မစိုးရိမ်ဘူးလား။ မင်းကို ငါသတ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

ယဲ့ချန်၏ဆုံးဖြတ်ချက်က မြန်လွန်းသဖြင့် ခြင်္သေ့ကြီးပင် ကြောင်အမ်းအမ်းဖြစ်သွားရသည်။

"ကိစ္စမရှိဘူး။ ငါ့အတွက် အပြင်ကအမှောင်ဝိညာဥ်ကိုသတ်ပြီး အမွေးပွလေးနဲ့ရှောင်ရိကို ကယ်ပေး။ ဒါဆိုရင် ပျော်ပျော်ကြီးသေလိုက်မယ်"

ယဲ့ချန်ကခြင်္သေ့ကြီးကို ကတိတောင်းလိုက်သည်။

"မင်းပြောတာက မြေခွေးလေးနဲ့ တောင်ပံမြွေနဂါးကိုလား။ ကောင်းပြီ ကတိပေးတယ်။ မင်း ငါ့ကိုလွှတ်ပေးရင် အမှောင်ဝိညာဥ်ကိုသတ်ပေးမယ်"

ခြင်္သေ့ကြီးက အနည်းငယ်တိတ်ဆိတ်သွားပြီး ကတိပေးလိုက်သည်။ သူက လက်ရှိတွင် ယဲ့ချန်၏ကိုယ်ပေါ်တွင် ဖမ်းချုပ်ခံထားရသဖြင့် အမွေးပွလေးနှင့်ရှောင်ရိကို မြင်ဖူးထားသည်။

ယဲ့ချန်သည် ခြင်္သေ့ကြီး၏စကားများက မယုံရကြောင်း သိထားသော်လည်း ရွေးစရာမရှိပေ။ သူ့အသက်ဖြင့် အမွေးပွလေးနှင့်ရှောင်ရိ၏ အသက်ကိုလဲနိုင်လျှင် အနည်းငယ်မျှပင် တုံ့ဆိုင်းနေမည်မဟုတ်ချေ။

ယဲ့ချန်က ဘယ်လက်ကိုဆန့်ထုတ်လိုက်သောအခါ ခရမ်းရောင်မီးများ တောက်လောင်နေသည့် လက်ထောက်တံဆိပ် ထွက်ပေါ်လာ၏။ သူက ညာလက်ဖြင့် ကောင်းကင်ဓားပျံကိုဖန်တီးကာ တံဆိပ်ကိုပစ်ခတ်ရန် ပြင်လိုက်သည်။ ကောင်းကင်ဓားပျံတစ်ခုသာလျှင် ဤတံဆိပ်ကို ဖျက်ဆီးနိုင်စွမ်းရှိပေလိမ့်မည်။

ယဲ့ချန်၏ ကောင်းကင်ကြယ်တာရာတံဆိပ် ထွက်ပေါ်လာချိန်တွင် ထန်တိုက်လင်၏ဝိညာဥ်က တုန်ခါသွားသည်။ တံဆိပ်အတွင်းမှ အရှိန်အဝါသည် ရှေးကျပြင်းထန်သော သားရဲတစ်ကောင်နှင့် သက်ဆိုင်နေသည်။ သူမက ယဲ့ချန်၏ညာလက်မှ ဓားပျံကိုမြင်သောအခါ အခြေအနေကို ချက်ချင်းသဘောပေါက်လိုက်သည်။ ယဲ့ချန်က တံဆိပ်ကိုဖျက်ဆီးပြီး ချိတ်ပိတ်ခံထားရသော ရှေးဟောင်းသားရဲကြီးတစ်ကောင်ကို လွှတ်ပေးတော့မည်ဖြစ်သည်။

လက်ရှိတွင် ယဲ့ချန်က စိတ်လွတ်နေသဖြင့် ဘာမဆိုလုပ်နိုင်သည်။ ထန်တိုက်လင်သည် တံဆိပ်အတွင်းမှ သားရဲ၏အမျိုးအစားကိုမသိသော်လည်း အရှိန်အဝါအရ သူမပင်မယှဥ်နိုင်ကြောင်း နားလည်လိုက်ရသည်။ အကယ်၍ ယဲ့ချန်ကြောင့် ဤကောင်ကြီးလွတ်လာလျှင် အားလုံးအတွက် အကျိုးဆက်က မတွေးဝံ့စရာပင်။

ထို့ကြောင့် သူမက တုံ့ဆိုင်းမနေဘဲ အဖြူရောင်အဝတ်စဖြင့် ယဲ့ချန်ကို ခေါင်းအနောက်ဘက်မှ ရိုက်ချလိုက်သည်။

"ဘန်း"

ယဲ့ချန်က ကောင်းကင်ဓားပျံနှင့် လက်ထောက်တံဆိပ်အပေါ် အာရုံစိုက်နေသဖြင့် ဤရိုက်ချက်ကို သတိမထားမိခဲ့ပေ။ သူ၏လက်ထဲမှ ဓားပျံပျောက်ကွယ်သွားပြီး မျက်လုံးများလည်း အမှောင်ကျသွားခဲ့သည်။

"အမွေးပွလေး ရှောင်ရိ အစ်ကိုကြီး မင်းတို့ကိုမကယ်နိုင်တာ တောင်းပန်ပါတယ်"

ယဲ့ချန်က ဤစကားကိုရေရွတ်ရင်း အသိစိတ်ပျောက်ကွယ်ကာ သတိလစ်သွားခဲ့လေသည်။ သူ၏ပါးပြင်ပေါ်တွင် မျက်ရည်စများက ဆက်တိုက်စီးကျလျက်။

ထန်တိုက်လင်သည် ယောကျ်ားတစ်ယောက်၏မျက်ရည်ကို မြင်သော် အေးစက်စက်နှလုံးသားတွင် ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့သည် ။သို့သော် သူမက လူသားများ၏ရှုပ်ထွေးသော ခံစားချက်ကို နားမလည်နိုင်ပေ။

"မြေခွေးနဲ့ တောင်ပံမြွေနဂါးအတွက် မင်းက ကိုယ့်အသက်ကိုယ်စွန့်လွှတ်တယ်။ ပြီးတော့ အရာအားလုံးကိုသုတ်သင်မယ့် ရှေးဟောင်းသားရဲတစ်ကောင်ကို လွှတ်ပေးဖို့လုပ်တယ်။ ထိုက်တန်ရဲ့လား"

ထန်တိုက်လင်က သူမဘာသာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ယဲ့ချန်၏ခံစားချက်နှင့် လုပ်ရပ်များက သူမ၏စိတ်ကို အလွန်ရှုပ်ထွေးသွားစေသည်။

ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်က လေထဲတွင် ပြင်းထန်စွာလှုပ်ခါနေသည်။ အတွင်းမှ တစ်စုံတစ်ယောက်က လွတ်မြောက်ရန် ရုန်းကန်နေပုံရသဖြင့် မရပ်တန့်သွားခဲ့ပေ။ အချိန်ခဏအကြာတွင် ၎င်းက ရုန်းများထွက်ပေါ်လာပြီး အလင်းရောင်တောက်ပလာသည်။ နောက်ဆုံးတွင် တံဆိပ်က ရပ်တန့်သွားပြီး သတိလစ်နေသော ယဲ့ချန်၏ဘယ်လက်ဖဝါးတွင် ပြန်လည်ပေါင်းစပ်သွားခဲ့သည်။

"ဒီယဲ့ချန်က အမှန်တကယ်ဘယ်သူများလဲ"

ယဲ့ချန်၏ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ် ရှေးဟောင်းသားရဲတစ်ကောင်ရှိနေသဖြင့် ထန်တိုက်လင်မှာ စပ်စုလိုစိတ်များ ဖြစ်ပေါ်လာသည်။

ထန်တိုက်လင်က အဖြူရောင်အဝတ်စကို ပြန်လည်ရုတ်သိမ်းပြီး သူမ၏ခန္ဓာကိုယ်ပတ်လည်တွင် ခြုံထားလိုက်သည်။ သူမ၏ဆံပင်များက ပခုံးပေါ်တွင်ဖြာကျနေသဖြင့် နတ်မိမယ်လေးပမာ ထင်မှတ်ရသည်။ ထန်တိုက်လင်၏ခန္ဓာကိုယ်က ကောက်ကြောင်းလှပပြီး တောင့်တင်းပြည့်ဝန်းသော ရင်သားအစုံက ဆွဲဆောင်အားပြင်းလှသည်။ သို့သော် သူမ၏အမူအရာတွင် အေးစက်စက်အရိပ်အယောင်များ ပေါင်းစပ်နေသဖြင့် လူများက သူမကိုလေးစားရုံသာတတ်နိုင်ပြီး မကောင်းသောအတွေးများ တွေးရဲကြမည်မဟုတ်ပေ။

ထန်တိုက်လင်က ကျောက်နံရံပေါ်တွင်ထိုင်၍ ကျင့်ကြံနေလိုက်သည်။ ကောင်းကင်ချီများက သူမ၏ပတ်လည်တွင် ကြာပန်းများပွင့်လန်းနေသကဲ့သို့ ရစ်သိုင်းနေကြသည်။ မြေပြင်တွင်စိုက်ထားသော သုံးခွလှံမှလည်း သက်တန့်ရောင်နတ်အလင်းများ တောက်ပနေသည်။

ရှေးဟောင်းအုတ်ဂူအတွင်း ရေချီများ ပြည့်နှက်သွားသဖြင့် သမုဒ္ဒရာကြီးတစ်ခုပမာ ထင်မှတ်ရသည်။

မြေခွေးနှင့်တောင်ပံမြွေနဂါးအတွက် သူမက သနားမိသော်လည်း ခံစားချက်များက အေးစက်စက်မျက်နှာလေးပေါ်တွင် ထင်ဟပ်မနေခဲ့ပေ။ သူမအတွက် ပြင်ပ၌ဖြစ်ပျက်နေသည်များက အရေးမကြီးပေ။ သူမ၏ခွန်အားကို အမြန်ဆုံးပြန်ရအောင်လုပ်ပြီး အမှောင်ဝိညာဥ်ကို အနိုင်ယူရပေလိမ့်မည်။

အချိန်များက တိတ်တဆိတ်ကုန်ဆုံးသွားကာ နှစ်ရက်ကျော်လွန်သွားခဲ့သည်။

ယဲ့ချန်၏မျက်လုံးများ ဖြတ်ခနဲပွင့်လာသည်။ သူက အသက်မဲ့နေသောမျက်ဝန်းများဖြင့် မျက်နှာကျက်ကို ရီဝေစွာစိုက်ကြည့်နေမိသည်။ လက်ရှိတွင် သူက အုတ်ဂူတံခါးကိုဖျက်ဆီးနိုင်လျှင်ပင် နောက်ကျသွားပြီဖြစ်ကြောင်း နားလည်ထားသည်။ သူ့အနေဖြင့် အမွေးပွလေးနှင့်ရှောင်ရိ၏ အလောင်းများကိုကြည့်ရန် မဝံ့ရဲချေ။

ယဲ့ချန်က နာကျင်စွာ အော်ဟစ်နေမိသည်။ သူ၏စိတ်ကဗလာဖြစ်နေပြီး အမွေးပွလေးတို့ကို တစ်ယောက်ယောက်ကယ်တင်သွားပါစေဟု ဆုတောင်းနေမိသည်။

သူက အဖော်နှစ်ယောက်နှင့် မှတ်ဉာဏ်များကို ပြန်တွေးမိနေသဖြင့် နှလုံးခုန်နှေးလာပြီး အသက်ရှူရန်ပင် ခက်ခဲလာသည်။

"ကျင့်ကြံသူတစ်ယောက်အနေနဲ့ စိတ်ဓာတ်ပြတ်သားရမယ်။ ခံစားချက်တွေများရင် သိုင်းပညာနှလုံးသားကို ထိခိုက်နိုင်တယ်။ ခံစားချက်မရှိတဲ့ ကျင့်ကြံသူမှသာ အထွတ်အထိပ်ကိုရောက်နိုင်မယ်။ နင့်လိုလူတစ်ယောက်က သိုင်းပညာလမ်းစဥ်ရဲ့ထိပ်ဆုံးကို ဘယ်တော့မှရောက်မှာမဟုတ်ဘူး"

ထန်တိုက်လင်က အေးတိအေးစက်နှင့် ပြောလိုက်သည်။ သူမ၏စကားလုံးတိုင်းက ရက်စက်ရိုင်းစိုင်းနေသည်။

"သိုင်းလမ်းစဥ်ရဲ့အထွတ်အထိပ်ကို တစ်ယောက်တည်းရောက်သွားတော့ရော ဘာဆက်ဖြစ်မှာလဲ။ မင်းမှာ အသက်ရှင်နေရတဲ့ရည်ရွယ်ချက်၊ တစ်စုံတစ်ယောက် ၊မိသားစုဆိုတာတောင် ရှိလို့လား"

ထန်တိုက်လင်၏စကားကို ကြားသောအခါ ယဲ့ချန်က အော်ဟစ်ရယ်မောလိုက်သည်။ လက်ရှိတွင် သူက သေရမည်ကို လုံးဝမကြောက်တော့သဖြင့် ထန်တိုက်လင်ကိုဂရုမစိုက်ဘဲ ခွန်းတုံ့ပြန်ခဲ့သည်။

"အသက်ရှင်ရတဲ့ အကြောင်းပြချက်"

ထန်တိုက်လင်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

"မင်းဘာသာ ဘယ်နေရာကိုရောက်ရောက် အတူမျှဝေခံစားရမယ့် တစ်စုံတစ်ယောက်မရှိရင် ဘာစောက်အဓိပ္ပါယ်မှမရှိဘူး။ မင်းက အင်မော်တယ်ဖြစ်ရင်တော င်မိသားစုနဲ့ချစ်ခင်ရသူတွေ ဘေးမှာမရှိရင် ထာဝရအထီးကျန်နေရမှာပဲ"

ယဲ့ချန်က စကားပြောနေသော်လည်း နှလုံးသားကို ဓားထက်ထက်ဖြင့်မွှန်းနေသကဲ့သို့ နာကျင်နေမိသည်။ သူ၏စိတ်ထဲတွင် ရှောင်ရိနှင့်အမွေးပွလေးက အလောင်းကောင်များအဖြစ် လဲလျောင်းနေကြသည်။

"အင်မော်တယ်တစ်ယောက်ရဲ့ အဆုံးသတ်က အထီးကျန်ခြင်းလား"

ထန်တိုက်လင်က ထိုစကားကို ထပ်ကာထပ်ကာရေရွတ်နေမိသည်။ သူမသည် ငယ်ရွယ်စဥ်မှစတင်၍ သိုင်းပညာကို ကျင့်ကြံခဲ့သည်။ ခမည်းတော်၏လမ်းညွှန်မှုဖြင့် ကျင့်ကြံရေးလမ်းစဥ်ကို လျှောက်လှမ်းခဲ့သည်။ သူမ၏ခမည်းတော်ဘုရင်ကြီး သေဆုံးသွားသောအခါ သုံးခွလှံဖြင့် သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့သည်။ သူမက ရန်သူပေါင်းသိန်းချီကိုသတ်ဖြတ်ပြီး ခမည်းတော်အတွက် ပူဇော်ခဲ့သည်။ ထန်တိုက်လင်မှာ ဖခင်ဖြစ်သူမရှိတော့ချိန်တွင် ကျင့်ကြံခြင်းတစ်ခုတည်းကိုသာ စိတ်နှစ်ထားသဖြင့် အသက်ရှင်ရသော ရည်ရွယ်ချက်ကို မေ့ပင်မေ့လျော့နေပြီဖြစ်သည်။

ယဲ့ချန်က အမွေးပွလေးနှင့်ရှောင်ရိ၏ ကံကြမ္မာဆိုးကိုတွေးကာ အံတင်းတင်းကြိတ်လိုက်မိသည်။ သူ၏မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်းတောက်နေသည်။ သူက အမှောင်ဝိညာဥ်ကိုသတ်ဖြတ်ပြီး ချစ်သူနှင့်ညီငယ်အတွက် လက်စားချေရပေမည်။ ထို့အပြင် ဤအကောင်ကို မွေးမြူထားသည်မှာ သမာဓိကောင်စီဖြစ်စေ အခြားလူတစ်ယောက်ဖြစ်စေ သတ်ဖြတ်ရှင်းလင်းမည်ဟု သံဓိဋ္ဌာန်ချမှတ်လိုက်လေသည်။

***

All Chapters