ကျောက်တုံးအခန်း *
Vol. 18 Ch. 253
"အမှောင်ဝိညာဥ်ကို နင်သတ်နိုင်မှာ မဟုတ်ဘူး"
ထန်တိုက်လင်သည် ယဲ့ချန်၏သတ်ဖြတ်လိုစိတ်ကို ခံစားမိသဖြင့် သေချာပေါက် အမှန်တရားတစ်ခုကို ထုတ်ပြောလိုက်၏။
"ဘာကြောင့် ငါတို့ကိုကယ်တာလဲ"
ယဲ့ချန်က မြေပြင်တွင်ထိုင်၍ ကောင်းကင်ချီများ လည်ပတ်နေရာမှ ထန်တိုက်လင်ကိုမကြည့်ဘဲ မေးလိုက်သည်။ သူ၏စိတ်ထဲရှိ အမုန်းတရားက သူ၏ခွန်အားကိုတိုးတက်လာစေရန် အငမ်းမရဆာလောင်စေသည်။ သူ၏စွမ်းအားက အမှောင်ဝိညာဥ်အောက် များစွာနိမ့်ကျနေသဖြင့် လက်ရှိတွင် သွားရောက်ရင်ဆိုင်လျှင်လည်း သတ်သေခြင်းသာဖြစ်ပေမည်။ ထို့အပြင် သူက ကျောက်တုံးတံခါးကိုပင် မထိုးဖောက်နိုင်ပေ။
"အကြောင်းအရင်း မရှိဘူး"
ထန်တိုက်လင်က အေးစက်စက်ဖြေ၍ ပြောလိုက်သည်။ အကြောင်းအရင်းကိုပြောရလျှင် ကံကြမ္မာကြောင့် ဖြစ်နိုင်သည်။ ယဲ့ချန်၏သဘောတရားများက သူမကိုသန်မာလာစေသဖြင့် ယဲ့ချန် မည်မျှဝေးဝေးသွားနိုင်မည်ကို စောင့်ကြည့်လိုခဲ့သည်။ ရှောင်ရိကိုပါ ကယ်ဆယ်ခဲ့ခြင်းအပေါ်၌ မရှင်းလင်းပေ။ ဖြစ်နိုင်သည်မှာ မြေခွေးလေး၏ နောက်ဆုံးလုပ်ရပ်နှင့် ချစ်ခြင်းမေတ္တာကြောင့် ဖြစ်နိုင်သည်။ မြေခွေးလေးက မည်မျှအသက်ရှင်လိုကြောင်း သူမက ခံစားနေရသော်လည်း ယဲ့ချန်ကိုကယ်တင်ရန်အတွက် အမှောင်ဝိညာဥ်ထံ တည့်တည့်ကြီးခုန်ဝင်သွားခဲ့သည်။
မြေခွေးလေးသည် ယဲ့ချန်နှင့်ရှောင်ရိအတွက် အသက်ကိုစွန့်ခဲ့သည်။ ထန်တိုက်လင်က အကြောင်းအရင်းကို သေချာမသိသော်လည်း အချစ်မေတ္တာဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်သည်။ မြေခွေးလေး၏ တည်ငြိမ်သောအပြုံးကလည်း သူမ၏စိတ်ကို လှုပ်ရှားသွားစေသည်။ သံမဏိကဲ့သို့မာကျောသော နှလုံးသားကိုပင် တုန်ခါသွားစေခဲ့လေသည်။
"ချစ်ခြင်းမေတ္တာက တကယ်ရှိတာလား"
ထန်တိုက်လင်သည် သူမ၏ခမည်းတော်ဆုံးပါးသွားချိန်ကို ပြန်လည်သတိရမိလိုက်သည်။ ထိုအချိန်၌ သူမ၏နှလုံးသားက ကွဲကြေသွားသကဲ့သို့ ခံစားခဲ့ရသည်။ သူမက လက်စွဲတော်သုံးခွလှံဖြင့် ရန်သူပေါင်းထောင်သောင်းချီကို ပင်လယ်တစ်ခုလုံး သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့သည်။ နောက်ဆုံးတွင် စစ်ပွဲ၌ သူမတစ်ယောက်တည်းသာ ကျန်ရစ်ပေသည်။
"ချစ်ခြင်းမေတ္တာက လူတစ်ယောက်ရဲ့နှလုံးသားကို နာကျင်စေတာလား"
ထန်တိုက်လင်က တွေးမိလိုက်သည်။ ဤအတိတ်နှစ်များအတွင်း သူမက ထိုဖြစ်ရပ်ကိုမေ့ရန် ကျင့်ကြံခြင်းကိုသာ တစိုက်မတ်မတ်လိုက်စားနေခဲ့သည်။ နတ်ဘုရင်အဆင့်မှ မဟာအဆင့်သို့ရောက်ပြီးနောက် မြောက်ပင်လယ်ဘုရင်မ ဖြစ်လာခဲ့သည်။ သူမ၏ခမည်းတော်ကို ပြန်တွေးမိသော အချိန်တိုင်းတွင် စိတ်က တစ်မျိုးတစ်ဖုံခံစားရတတ်သည်။ ဤအရာက အထီးကျန်ခြင်းဖြစ်ပေလိမ့်မည်။
"မင်းက ဝမ်းသာစရာကို တစ်ယောက်ယောက်နဲ့ မဝေမျှဘူးဆိုရင် မင်းဝမ်းနည်းတဲ့အချိန်မှာ ဘယ်သူမှ လာနှစ်သိမ့်ပေးမှာမဟုတ်ဘူး"
မှတ်ဉာဏ်များက ထန်တိုက်လင်၏နှလုံးကို ဖြတ်သန်းစီးဆင်းသွားခဲ့သည်။ ခဏအကြာတွင် သူမက အရာအားလုံးကို အထင်သေးတတ်သော မြောက်ပင်လယ်၏ဘုရင်မ ပြန်ဖြစ်သွားကာ အေးစက်တင်းမာသွားလေသည်။
"ဘာဖြစ်ဖြစ် ငါ နင့်ကိုကျေးဇူးတင်ပါတယ်။ နင်က ငါ့ကိုကယ်ပေးပြီး ရှောင်ရိကိုလည်း ကယ်ဖို့ကြိုးစားပေးခဲ့တယ်"
ယဲ့ချန်က ဝမ်းနည်းမှုကိုမျိုသိပ်ပြီး ပြောလိုက်သည်။ သူက သန်မာလာမည်ဖြစ်ကြောင်း နားလည်ထားသည်။ စိတ်ငြိမ်သွားပြီးနောက် ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကို လွှတ်ပေးခြင်းက အလွန်အဆင်အခြင်မဲ့သော လုပ်ရပ်ဖြစ်ကြောင်း နားလည်သွားခဲ့၏။
ယဲ့ချန်သည် ကိုယ်တွင်းရှိ ကောင်းကင်ချီများကို လည်ပတ်လိုက်သည်။ သူ၏ခွန်အားက အမှောင်ဝိညာဥ်ကို မယှဥ်နိုင်သော်လည်း အမှောင်ဝိညာဥ်ကိုသတ်မည်ဟု ကျိန်ဆိုခဲ့သည်။
ယဲ့ချန်ကို မည်သည့်အရာက မဟာအဆင့်ခွန်အားကိုရစေရန် လုပ်ပေးနိုင်မည်နည်း။ ဓားပျံ၊ ကောင်းကင်ကြယ်တာရာတံဆိပ် သို့မဟုတ် အခြားတစ်ခုခုလား။
"အမှောင်ဝိညာဥ်က ဒီအုတ်ဂူရဲ့ပိုင်ရှင်ဖြစ်တယ်။ အဲ့တာကို တစ်ယောက်ယောက်က ဖမ်းဆီးထားပြီး ဝိညာဥ်စုပ်ယူပညာရပ်နဲ့ ဝိညာဥ်တွေကျွေးပြီး မွေးထားတယ်။ ငါတို့က အုတ်ဂူပိုင်ရှင်ရဲ့ အကြွင်းအကျန်ကိုရပြီး ငါ့ခွန်အားကိုလည်း ပြန်ရမယ်။ ကျောက်တံခါးကိုလည်း ဖျက်ဆီးနိုင်မယ်ဆိုရင် အမှောင်ဝိညာဥ်ကိုသတ်ဖို့ အခွင့်အရေးရှိတယ်"
ထန်တိုက်လင်က တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
"အုတ်ဂူပိုင်ရှင်ရဲ့အလောင်းက ဘယ်မှာလဲ"
သူမ၏စကားကြောင့် ယဲ့ချန်၏အကြည့်က ထက်ရှလာသည်။
"ဒီအုတ်ဂူက နှစ်ထပ်ခွဲထားတယ်။ ဒီတစ်ထပ်စီမှာ ယန္တရားတွေရှိတယ်။ အောက်ထပ်ကိုရောက်ဖို့ဆိုရင် ကျောက်တုံးခန်းတစ်ခုကို ကျော်ဖြတ်ရမယ်။ ငါတော့ အဲ့တာကိုမဖျက်ဆီးနိုင်ဘူး။ နင်ရဲ့ဓားပျံက အစွမ်းထက်တော့ လုပ်နိုင်မှာပါ"
ထန်တိုက်လင်၏စကားသံတွင် မောပန်းနေဟန် အရိပ်အယောင်များ ပါဝင်နေသည်။ သူမ၏ကိုယ်တွင်းရှိ အမှောင်စွမ်းအင်များကို ခုခံနေရသဖြင့် အလွန်အမင်းအားနည်းနေခဲ့သည်။
ထန်တိုက်လင်၏စကားကို ကြားသောအခါ ယဲ့ချန်၏မျက်လုံးများက ဝင်းလက်လာသည်။ အကယ်၍ အမှောင်ဝိညာဥ်ကိုသတ်နိုင်လျှင် ဤယန္တရားများကို ကျော်ဖြတ်ရမည့် စိန်ခေါ်မှုက ကိစ္စမရှိချေ။
"ငါက ဂူပိုင်ရှင်ရဲ့အလောင်းကို ဘယ်လိုရှာရမလဲ"
ယဲ့ချန်ကမေးရင်း မတ်တပ်ထရပ်လိုက်သည်။ သူ၏အတွင်းအင်္ဂါများက လက်ရှိတွင် အပြည့်အဝကောင်းမွန်နေပြီဖြစ်သည်။ ကျင့်ကြံခြင်းက ရာနှုန်းပြည့်မဟုတ်သော်လည်း ရှစ်ဆယ်ရာခိုင်နှုန်းအထိ ပြန်ရနေပြီဖြစ်သည်။
ထန်တိုက်လင်သည် ယဲ့ချန်ကိုကြည့်၍ မျက်လုံးပြူးသွားခဲ့သည်။ သူမ၏ရှေ့တွင် ယဲ့ချန်၏ဝိညာဥ်အသိစိတ်က နှစ်ခါပျက်စီးသွားရုံသာမက ကောင်းကင်ချီပမာဏများစွာ ကုန်ခမ်းနေသဖြင့် သွေးကြောများပင် ထိခိုက်နိုင်ချေရှိ၏။
"အဲ့ဒီနေရာကို ငါ သိတယ်။ ငါ့ကိုတွဲထူပေး"
ထန်တိုက်လင်က မြေပြင်တွင်ထောက်ထားသော သုံးခွလှကို ဘယ်လက်ဖြင့်ဆွဲလိုက်သည်။ ထို့နောက် ယဲ့ချန်ထံ ညာလက်ကိုကမ်းပေးကာ အမိန့်ပေးလိုက်၏။
မူလတွင် ယဲ့ချန်သည် ထန်တိုက်လင်ကဲ့သို့ အစွမ်းထက်သူက ပြင်းထန်စွာဒဏ်ရာမည်မဟုတ်ဟု ထင်ထားခဲ့သည်။ လက်ရှိတွင် သူမက အခြေအနေမကောင်းသည့်အပြင် မတ်တပ်ပင်မရပ်နိုင်ချေ။ လက်ရှိတွင် သူက ယောကျ်ားနှင့်မိန်းမ အသားချင်းမထိရဟူသော တလွဲစည်းမျဥ်းများကို ဂရုမစိုက်အားပေ။ ထို့အပြင် ထန်တိုက်လင်ကလည်း ခံစားချက်မရှိသူဖြစ်၍ ပြဿနာမရှိချေ။
ယဲ့ချန်က ထန်တိုက်လင်၏ ညာလက်ကိုဆွဲယူကာ ထူမပေးလိုက်သည်။ သူမ၏အရေပြားက နူးညံ့သော်လည်း နွေးထွေးခြင်းမရှိပေ။ ၎င်းကိုဖော်ပြရလျှင် ရေခဲနှင့်ကျောက်စိမ်း ပေါင်းစပ်ထားသကဲ့သို့ပင်ဖြစ်၏။ သူမကိုကိုင်ထားသော လက်မှတဆင့် ယဲ့ချန်၏ကိုယ်တွင်းသို့ ယင်စွမ်းအင်များ စိမ့်ဝင်လာခဲ့သည်။
ဤအရာများက အမှောင်ဝိညာဥ်ထံမှဖြစ်ကာ အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ အချိန်များစွာကြာသည့်တိုင်အောင် ထန်တိုက်လင်သည် ၎င်းစွမ်းအင်များကို မချေဖျက်နိုင်သေးပေ။ ယဲ့ချန်၏ကောင်းကင်ချီကသာလျှင် အမှောင်စွမ်းအင်ကို ရင်ဆိုင်ရာတွင် အစွမ်းအချို့ရှိနေခဲ့သည်။
ယဲ့ချန်နှင့် ထန်တိုက်လင်က ပြဿနာတက်ဖူးသော်လည်း လက်ရှိတွင် ရန်သူတစ်ယောက်တည်းကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ ထို့ကြောင့် သူက တစ်ကိုယ်ကောင်းမဆန်ဘဲ ကောင်းကင်ချီများကို သူမ၏ခန္ဓာကိုယ်အတွင်း ပို့လွှတ်ပေးလိုက်၏။
ထန်တိုက်လင်သည် ယဲ့ချန်ကို အကျိုးမရှိဟု တားမြစ်ရန်ပြင်လိုက်သော်လည်း ချက်ချင်းတုန်လှုပ်သွားသည်။ ယဲ့ချန်ထည့်ပေးလာသော ကောင်းကင်ချီများက နည်းပါးသော်လည်း အမှောင်စွမ်းအင်နှင့်တွေ့သောအခါ ၎င်းတို့ကို ချက်ချင်းဝါးမျိုးလိုက်သည်။ ဤဖြစ်စဥ်က နှေးကွေးသော်လည်း အလွန်အကျိုးရှိနေခဲ့သည်။
ထန်တိုက်လင်သည် ယဲ့ချန်၏ကောင်းကင်ချီက ဤမျှအစွမ်းထက်ကြောင်း ထင်မထားပေ။ သူမအနေဖြင့် ယဲ့ချန်ကို အထင်သေးမိပုံပေါ်သည်။ ဤကောင်းကင်ချီ၊ ဓားပျံများနှင့် လက်ဝါးမှတံဆိပ်တို့ကို ပေါင်းစပ်တွေးတောလိုက်လျှင် ယဲ့ချန်က ပဟေဠိတစ်ခု ဖြစ်တည်လာခဲ့သည်။
ထန်တိုက်လင်သည် အပြာရောင်အဝတ်အစားကို ဝတ်ဆင်ထားသော်လည်း ၎င်းက ထွင်းဖောက်မြင်ရသည်။ သူမ၏ကိုယ်ပိုင်နေရာများကို အဖြူရောင်အဝတ်စက ဖုံးကွယ်ထားသည်။ ပုံမှန်ဆိုလျှင် သူမက ခန္ဓာကိုယ်ကို ရေချီများဖြင့် အမြဲတမ်းဖုံးကွယ်ထားတတ်သော်လည်း လက်ရှိတွင် ချီများ ကုန်ခမ်းနေခဲ့သည်။ ခန္ဓာကိုယ်နေရာများစွာ ထွက်ပေါ်နေပြီး ရင်သားများအကြားမှ အက်ကြောင်းလေးကိုပင် မြင်နေရသည်။
ကမ္ဘာပေါ်ရှိယောကျ်ားတိုင်းက ထန်တိုက်လင်၏ လက်ရှိပုံရိပ်ကိုမြင်လျှင် နှစ်ခါပြန်ကြည့်မိကြပေလိမ့်မည်။ သို့သော် ယဲ့ချန်၏စိတ်ထဲတွင် ဝမ်းနည်းစိတ်နှင့် လက်စားချေလိုစိတ်များသာ ပြည့်နှက်နေသဖြင့် ထန်တိုက်လင်မည်မျှလှနေပါစေ ဂရုမစိုက်ချေ။
ထန်တိုက်လင်သည်လည်း ယဲ့ချန်ကို အရေးမလုပ်ပေ။ သူမက ခန္ဓာကိုယ်ကိုဖုံးကွယ်ခြင်းက အရေးမကြီးဟု တွေးထင်ထားခဲ့သည်။ သူမ၏အတွေးများက မရှုပ်ထွေးဘဲ ရိုးရိုးရှင်းရှင်းသာဖြစ်သည်။
ထန်တိုက်လင်၏ကိုယ်တွင်းမှ အမှောင်စွမ်းအင်ကို ယဲ့ချန်က ကောင်းကင်ချီဖြင့် ကုသပေးနေသည်။ သို့သော် သူမ၏ဒဏ်ရာများ ပျောက်ကင်းစပြုချိန်ဖြစ်၍ ခွန်အား လုံးဝမရှိချေ။
ယဲ့ချန်၏အကူအညီဖြင့် ထန်တိုက်လင်သည် သုံးခွလှံကိုအားပြုကာ တစ်လှမ်းချင်းရှေ့ဆက်လိုက်သည်။ သူတို့နှစ်ယောက်က ကျဥ်းမြောင်းရှည်လျားသော ဥမင်တစ်ခုကိုဖြတ်ပြီးနောက် ကျောက်တုံးခန်းတစ်ခုထံ ရောက်လာခဲ့သည်။ သူတို့ရောက်လာသော လမ်းမှလွဲလျှင် အခြားလမ်းတိုင်းကို ပိတ်ဆို့ထားပုံပေါ်၏။
ကျောက်တုံးခန်းက ခြောက်မီတာခန့်ကျယ်ဝန်းပြီး အလယ်တွင် စင်မြင့်တစ်ခုရှိသည်။ စင့်မြင့်ပေါ်တွင် ဖယောင်းတိုင်တင်ခွက်များနှင့် ဖယောင်းတိုင်များရှိနေသည်။ နံရံများတွင် ပုလဲများ တပ်ဆင်ထားသောကြောင့် မှောင်နေခြင်းမရှိပေ။ ဤနေရာက လမ်းဆုံးတစ်ခုဖြစ်သောကြောင့် ယဲ့ချန်က စိတ်ရှုပ်သွားသည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးရန် ကြိုးစားသော်လည်း အခန်း၏အပြင်ကို မထိုးဖောက်နိုင်ချေ။
"အောက်ကိုဆင်းတဲ့လမ်းက ဒီအခန်းထဲမှာဆိုတာ တစ်ခုတည်း ငါသိတယ်။ ယန္တရားကို ဘယ်လိုအသက်သွင်းရမလဲ မသိဘူး။ နင်ရဲ့ကောင်းကင်ဓားပျံနဲ့ နံရံတွေကို ဖျက်ဆီးပြီးစမ်းကြည့်"
ထန်တိုက်လင်က အေးစက်စက်ပြောလိုက်သည်။
ယဲ့ချန်က အခန်းကို လှည့်ပတ်ကြည့်ရှု၍ မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ ဤအခန်းအတွင်း ယန္တရားများရှိနေလျှင် သူ၏ဓားပျံက တိုက်ခိုက်ရေးယန္တရားတစ်ခုကို အသက်ဝင်သွားစေမိပါက ပြဿနာတက်ပေလိမ့်မည်။ အကယ်၍ ထန်တိုက်လင်သာ မဟာအဆင့်ခွန်အားရှိနေလျှင် အဆင်ပြေသည်။ သို့သော် လက်ရှိတွင် သူမက ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စွမ်းပင် မရှိချေ။ ယဲ့ချန်၏လက်ရှိခွန်အားကလည်း အစွမ်းထက်ယန္တရားများအောက်တွင် အသက်ရှင်နိုင်မည်ဟု မသေချာပေ။ အုတ်ဂူ၏ပိုင်ရှင်မှာ အသက်ရှင်စဥ်က အစွမ်းထက်ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေခဲ့သည်။
ယဲ့ချန်က ကျောက်တုံးခန်းကို စတုရန်းသုံးမီတာရှိသော ကျောက်ပြားများနှင့် ချိတ်ပိတ်ထားကြောင်း တွေ့ရှိခဲ့သည်။ ကျောက်ပြားများအပေါ်တွင် ပန်းပုရုပ်များထွင်းထုထားပြီး မိန်းမလှအမျိုးမျိုး၏ ကိုယ်လုံးတီးကိုယ်နေဟန်ထားများ ဖြစ်သည်။ ကျောက်တုံးအခန်း၏ထိပ်တွင် ပုလဲဆယ်လုံးကျော် တပ်ဆင်ထားသဖြင့် အခန်းတစ်ခုလုံး တောက်ပနေခဲ့သည်။
"ယန္တရားကိုဖုံးကွယ်ထားတာ ဖြစ်ရမယ်။ ငါရှာခဲ့ဖူးပေမယ့် မတွေ့ဘူး"
ထန်တိုက်လင်သည် နေရာတိုင်းကို လိုက်လံစစ်ဆေးနေသော ယဲ့ချန်ကို ပြောလိုက်သည်။
ယဲ့ချန်က အခန်း၏အလယ်တွင်ရှိသော ကျောက်စားပွဲထံ အကြည့်ရောက်သွားသည်။ သူကခေါင်းငုံ့၍ ကျောက်စားပွဲကို ရွှေ့နိုင်ချေရှိမရှိနှင့် ယန္တရားများရှိမရှိကို စစ်ဆေးလိုက်သည်။ သို့သော် အားရလောက်သော အဖြေမရှိချေ။ ထန်တိုက်လင်သည် ဤနေရာကိုရှာဖွေပြီးဖြစ်၍ သာမန်နေရာများက သူမ၏အကြည့်အောက်မှ ပြေးလွတ်မည်မဟုတ်ပေ။ ယန္တရားကို အလွန်လျှို့ဝှက်စွာ တပ်ဆင်ထားပုံရသည်။
"ဒီအတိုင်းလျှောက်ကြည့်မနေနဲ့။ အားကုန်တာပဲ အဖတ်တင်မယ်"
ထန်တိုက်လင်က ယဲ့ချန်ကိုကြည့်၍ စိတ်ပျက်လက်ပျက်ပြောလိုက်သည်။
ယဲ့ချန်၏အကြည့်က ဖယောင်းတိုင်ခွက်ထံ ရောက်သွားခဲ့သည်။ ဤခွက်က ဖယောင်းတိုင်သုံးခုအထိထွန်းနိုင်ပြီး ဖယောင်းတိုင်များက စင်မြင့်ပေါ်တွင် ပြန့်ကြဲနေသည်။ စားပွဲပေါ်တွင် ဖယောင်းချပ်များ စွန်းထင်းနေသည်။ သူက ကျောက်တုံးခန်း၏ထိပ်ကို မော့ကြည့်လိုက်မိသောအခါ ပုလဲများထံမှ အလင်းတန်းများ တိုက်ရိုက်ကျဆင်းနေကြောင်း သိလိုက်ရ၏။
စုစုပေါင်းပုလဲ၃၆လုံးရှိပြီး ၎င်းတို့ကိုနေရာချထားပုံက ထူးဆန်းနေသည်။
ယဲ့ချန်က ထိတ်လန့်သွားပြီး ဤပုလဲများက အစီအရင်တစ်ခုဖြစ်ကြောင်း ခန့်မှန်းလိုက်သည်။ သူက အဆင်အခြင်မဲ့ တိုက်ခိုက်ခဲ့ခြင်းမရှိ၍သာ တော်ပေသည်။
***